← Chapters

နတ်ဆိုးကပ်ဘေး ၆

Vol. 59 Ch. 586

နတ်ဆိုးကပ်ဘေး ၆

Vol. 59 Ch. 586

ထိုယနေ့တွင်တော့ ဝါးမြိုခြင်းမြစ်မြို့တော်သူ မြို့တော်သားများသည် အလွန် ရဲရင့်သော လုပ်ရပ်တခုကို မြင်တွေ့ခွင့်ရလိုက်တော့သည်။ ၎င်းမြင်ကွင်းမှာကား...မိုးကြိုးရေနဂါးလွန်းပျံယာဥ်သည် အလွန်များပြားလှသော သားရဲအုပ်ကြီးအား မျှားခေါ်သွားခြင်းပင်။

သားရဲများသည် အော်ဟစ်သောင်းကျန်းကာ မိုးကြိုးရေနဂါးယာဥ်နောက်သို့ တလကြမ်းလိုက်ပါသွားကြ၏။ ယာဥ်ပျံပေါ်၌ အလွန်အရသာရှိသော အစားအသောက်တမျိုး ပါသည်ဟု သူတို့ ထင်နေပုံရသည်။ ကျန်လူသားများအား လှည့်ပင်မကြည့်တော့ပဲ ယာဥ်ပျံနောက်သို့ လိုက်ပါသွားကြခြင်း ဖြစ်သည်။

ကျန်ချီစွမ်းအားပညာရှင်များသည်ကား မရှက်မကြောက် စုချန်း မြှားခေါ်ထားသော သားရဲများအား နောက်မှ နောက်ပိုးသိပ် လိုက်လံတိုက်ခိုက်နေကြ၏။

မြေပြင်ပေါ်တွင် သားရဲအုပ်ကြီး ​ပြေးလွှားမှုကြောင့် ထွက်ပေါ်လာသည့် ခွာသံများနှင့်အတူ တိုက်ခိုက်သံများ၊ မိုးထစ်ခြုံးသကဲ့သို့ ပေါက်ကွဲသံများသည် စည်းချက်ညီညီ ပေါ်ပေါက်နေသည်။

မိုးကြိုးရေနဂါးလွန်းပျံယာဥ်သည် မြို့တော်၏ အစွန်အဖျားဆီသို့ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာ၏။ စုချန်း၏ ယာဥ်ပျံအား မောင်းနှင်ပျံသန်းပုံမှာ မြင့်လည်းမမြင့်။ မြန်လည်းမမြန်ချေ။

စုချန်းသာ ယာဥ်ပျံကို ခပ်မြင့်မြင့် ပျံသန်းပါက သားရဲများအနေနှင့် လိုက်မီတော့မည်မဟုတ်။ ထိုအခါ လက်လျော့ပြီး မြို့တော်သို့ ပြန်သွားကြပေလိမ့်မည်။ ခပ်မြန်မြန် ပျံသန်းပါကလည်း ယာဥ်ပျံသည် သားရဲညှို့ငင်ဆေးရည်၏ သက်ရောက်မှုအကွာအဝေးကို ကျော်လွန်သွားပေလိမ့်မည်။

ထို့ကြောင့် စုချန်းအနေနှင့် အမြင့်နှင့်အမြန်နှုန်းကို ချိန်ညှိလျက် ယာဥ်ပျံကို မောင်းနှင်ရန် လိုအပ်ပေသည်။ သို့မှသာ သားရဲများအနေနှင့် သူ့ကို မြင်တွေ့နေရသည့်တိုင် လိုက်မမှီပဲ ဖြစ်နေမည် မဟုတ်ပါလား။

လေပြင်းတိုက်ခတ်စဥ် သစ်ရွက်ခြောက်များ တလဟောကြွေသကဲ့သို့ သားရဲများသည် စုချန်းနောက်မှ အုံလိုက်ကျင်းလိုက် ကပ်လျက်ပါလာကြ၏။

သားရဲများဟူသည် အချဥ်မဟုတ်။ အထူးသဖြင့် နတ်ဆိုးသားရဲများသည် လူသားများနှင့် ယှဥ်နိုင်လောက်သည်အထိ ညဏ်ရည်မြင့်မားကြပေသည်။

ထိုအခါ သူတို့သည် မမှီနိုင်သော ယာဥ်ပျံနောက်သို့ လိုက်မနေတော့ပဲ သူတို့ လုပ်နိုင်သည်ကို လုပ်ကြတော့၏။

အုန်း!!!

ဖြူဖွေးသော အလင်းတန်းတခုသည် မိုးကြိုးရေနဂါးယာဥ်ပျံ၏ ကိုယ်ထည်အား ထိမှန်သွား၏။ ထိုအလင်းတန်းသည် အလင်းတန်းမြွေကြီး၏ တိုက်ခိုက်မှုမဟုတ်သည့်တိုင် အတော်ပင် ပြင်းထန်လှသည်။

အကာအကွယ်များ မပျက်စီးသွားသည့်တိုင် ယာဥ်ပျံသည် ယိမ်းထိုးသွားပြီး သစ်ပင်တစ်ပင်နှင့် သွားတိုက်မိ၏။ စုချန်းအနေနှင့် အတော်ပင် ပြန်လည်ထိမ်းသိမ်းလိုက်ရလေသည်။

သိပ်မကြာမီ အနက်ရောင်မြူခိုးများ ယာဥ်ပျံဆီသို့ တိုးဝင်လာပြန်၏။

မြူခိုးများသည် မြေပြင်မှ ပေ၁၀၀ခန့် အမြင့်ပေတွင်သာ ရှိသည်။ သို့သော် ၎င်းတို့တွင် အလွန်ဖျက်ဆီးနိုင်ဟန်ရှိသည့် အငွေ့အသက်များ လွင့်ပျံနေ၏။ မြူခိုးများ ရောက်လာသည်နှင့် ယာဥ်ပျံပေါ်သို့ အဝါရောင်အရည်များ တစက်ပြီးတစက် စီးကျလာသည်။ ထိုအရည်များသည် ယာဥ်ပျံပေါ် ရောက်သည်နှင့် အကာအကွယ်များအား စတင်တိုက်စားတော့သည်။ ယာဥ်ပျံ၏ အကာအကွယ်များ ပြန်လည်ထိမ်းသိမ်းရန် စုချန်းအနေနှင့် မူလကျောက်တုံးများ ပိုမိုဖြည့်သွင်းလိုက်ရ၏။

မိုးကြိုးရေနဂါးယာဥ်ပျံအား မူလကျောက်တုံးများနှင့် စွမ်းအားပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် မူလကျောက်တုံး လုံလောက်နေသရွေ့ ယာဥ်ပျံ ပျက်စီးမသွားနိုင်ဟု သီအိုရီအရ ဆိုနိုင်၏။

သို့သော် သီအိုရီသည် သီအိုရီမျှသာ ဖြစ်သည်။ အလွန်ပြင်းထန်အားကောင်းသော တိုက်ခိုက်မှုနှင့်သာဆိုပါက ထိုသီအိုရီသည်လည်း ကျိုးပေါက်သွားနိုင်သည်သာ။ အရေးအကြီးဆုံးအချက်မှာကား စုချန်းတွင် မူလကျောက်တုံးပမာဏသည် အကန့်အသတ်နှင့်သာ ရှိနေခြင်းပင်။

စုချန်းတွင် မူလကျောက်တုံးအများအပြား ရှိနေည်မှာ မှန်၏။ လက်ရှိအချိန်တွင် စုချန်း၏ လက်ထဲတွင် မူလကျောက်တုံး ၁.၂မီလျံခန့် ကျန်ရှိနေသေးပေသည်။

ပြသနာက ထိုမူလကျောက်တုံးများ အားလုံးအား စုချန်း အိပ်ကပ်ထဲတွင် သိမ်းဆည်းမထားခြင်းပင်။

ထိုမူလကျောက်တုံးများအနက် တချို့မှာ ဘဏ်တွင်ရှိနေ၏။ တချို့မှာ အိပ်မက်နယ်ပယ်ထဲတွင် ရှိနေလေသည်။ အချိန်သာရပါက ၎င်းမှာ ပြသနာမဟုတ်။ အဆိုပါ မူလကျောက်တုံးများအား ငွေပြန်ဖော်၍ စုချန်းအနေနှင့် မကုန်မချင်း သုံးပစ်နိုင်သေးသည်။

ယခုတော့ အခြေအနေမှာ ထိုသို့မဟုတ်။ ထိုအခါ စုချန်း၏ အိက်ကပ်ထဲရှိ မူလကျောက်တုံးများမှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးနေ၏။

"ဒီအတိုင်းဆိုရင်တော့ အနာဂတ်မှာ ငါ ဒီထက်ပိုပြီး ဆေးတွေ အသင့်ပြင်ထားရမယ် မူလကျောက်တုံးတွေ အများကြီး ဆောင်ထားရမယ်"

စုချန်းက အထက်ပါအတိုင်း ပြောဆိုပြီး ရယ်မောလိုက်သည်။ သူ့ရယ်သံမှာ ခါးသီးနာကျင်နေ၏။

ထို့နောက် သူက နောက်သို့ လှည့်ကြည့်လိုက်သည်။ သားရဲအုပ်ကြီးကား သူနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့လေပြီ။

အနက်ရောင်မြူခိုးများသည် စွမ်းအားကုန်ခန်းသွားသည်နှင့်အမျှ တဖြည်းဖြည်း ပါးလျားသွား၏။ ထိုအချိန်တွင် ကြီးမားသော မီးလုံးကြီးတလုံး ယာဥ်ပျံဆီသို့ တိုးဝင်လာပြန်သည်။

အဆိုပါ မီးလုံးကြီးသည် အိမ်ခန့်ပင် ကြီးမား၏။ သံချပ်ကာကြံ့ကြီး၏ ပါးစပ်မှ ထွက်လာသော မီးလုံးကြီးပင်။ မီးလုံးကြီးသည် ဥက္ကာခဲကြီးပမာ နိမ့်ကျလာပြီး ယာဥ်ပျံအား ထိမှန်သွား၏။ ယာဥ်ပျံသည် ချာချာလည်ကာ လေထဲတွင် ဒလိန့်ကောက်ကွေးနှင့် လွင့်စင်သွားလေသည်။ စုချန်းကား ယာဥ်ပျံကို ထိန်းသိမ်းရန် အတော်ပင် ကြိုးစားလိုက်ရ၏။

ပြင်းထန်စွာ ထိခိုက်မိခြင်းကြောင့် ယာဥ်ပျံ၏ စွမ်းအားများ မြန်မြန်ဆန်ဆန်ပင် လျော့ပါးသွားလေသည်။ မျက်စေ့တမှိတ်အတွင်းတွင် နတ်ဆိုးသားရဲနှစ်ကောင် အနီးသို့ ရောက်ရှိလာ၏။

အဖြူရောင်အလင်းတန်းရှစ်ခုခန့် ယာဥ်ပျံပေါ်သို့ ကျရောက်လာ၏။ ယာဥ်ပျံသည် သွက်သွက်ခါနေခဲ့လေပြီ။ ပိုဆိုးသည်မှာ အလင်းတန်းတချို့သည် အကာအကွယ်အား ဖောက်ထွင်းပြီး ယာဥ်ကိုယ်ထည်ကို ထိမှန်သွားခြင်းပင်။ စုချန်း၏ ယာဥ်ကား အတော်ပျက်စီးနေခဲ့ပြီ ဖြစ်သည်။

"သေစမ်း"

တချက်ကျိန်ဆဲရင်း ယာဥ်ကိုပြန်လည်ထိန်းချုပ်ရန် စုချန်း ကြိုးစားလိုက်၏။ ထိုအချိန်တွင် စိတ်ဝိညာဥ်တိုက်ခိုက်မှုတချို့ စုချန်းပေါ်သို့ ကျရောက်လာပြန်သည်။ သို့သော် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားက အတော်ပင် မြင့်မားနေလေရာ အဆိုပါ တိုက်ခိုက်မှုများအား ကျော်လွှားပြီး ယာဥ်ကို ပြန်လည်မောင်းနှင်နိုင်ခဲ့၏။

"စုချန်း မြန်မြန် လေပေါ်ကိုတက်လိုက်"

ကုချိန်းလွှာ၏ စိုးရိမ်ပူပန်သောအသံက စုချန်းနားထဲသို့ တိုးဝင်လာ၏။

သူမသည် စုချန်းဆီသို့ သူမ တတ်နိုင်သမျှသော အမြန်နှုန်းဖြင့် ပျံသန်းလာလေသည်။

သားရဲညှို့ငင်ဆေးရည်၏ အစွမ်းကြောင့် သားရဲများသည် သူမကို အနည်းငယ်မှ ဂရုမစိုက်ကြ။ စုချန်းနောက်သို့သာ သဲကြီးမဲကြီး လိုက်နေကြလေသည်။

ကုချိန်းလွှာကို စိုက်ကြည့်ပြီး စုချန်း ပြုံးလိုက်သည်။

သူ့အတွက် ကုချိန်းလွှာ လာမည်မှန်း သူ သိထားပြီးသားပင် မဟုတ်ပါလား။ သို့သော် သူမ၏ စကားအတိုင်း သူ မလိုက်နာနိုင်။ အပြစ်မဲ့သော ပြည်သူများအား သေဆုံးစေလျက် တမြို့လုံးအား ပျက်စီးစေရန် သူ မည်သို့ ခွင့်ပြုနိုင်ပါအံ့နည်း။

ပြုခဲ့ဖူးသော ကတိသစ္စာကို ယခုအချိန်ထိ စုချန်း မေ့မသွားသေး။

လူသားမျိုးစိတ်များအား ကာကွယ်ရန်ဟူသည် သူ့ကတိသစ္စာ၏ ရည်ရွယ်ချက် ဖြစ်သည်။ သူ့ကတိသစ္စာ၏ အုတ်မြစ်လည်း ဖြစ်သည်။

ထို့ကြောင့် သူက ပြုံးရုံသာပြုံးပြီး ယာဥ်ကို ရှေးနည်းအတိုင်း ဆက်လက်မောင်းနှင်သွားလေသည်။

မရေမတွက်နိုင်သော သားရဲများသည် စုချန်းနောက်မှ အဆက်မပြတ် လိုက်လံတိုက်ခိုက်နေကြ၏။ သို့သော် စုချန်းကား မကြောက်ရေးချ မကြောက်။

သူ့လုပ်ရပ်ကြောင့် လူသားနယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်လာသော သားရဲအုပ်များ လျော့နည်းလာပြီး ချီစွမ်းအားပညာရှင်များဘက်မှ အရေးသားလာကြောင်း သူ မြင်တွေ့နေရသည် မဟုတ်ပါလား။ လူသားများဘက်မှလည်း သေဆုံးသူအရေအတွက် လျော့ကျလာသည် မဟုတ်ပါလား။

သာမာန်ပြည်သူများအနေနှင့် အသက်ချမ်းသာရာရပေတော့မည်။

ဒါတွေအားလုံးသည် သူ့ကြောင့်ပင် မဟုတ်ပါလော။

ထို့ကြောင့် သူ အသက်စွန့်ရစေကာမူ ထိုက်တန်သွားပေပြီ။ လုံလောက်သွားပေပြီ။

စုချန်းမျက်နှာပေါ်မှ အပြုံးသည် ပို၍ တောက်ပကြည်လင်လာ၏။

အုန်း!!!

သားရဲများ၏ ပြင်းထန်သော တိုက်ခိုက်မှုများသည် ယာဥ်ပေါ်သို့ အဆက်မပြတ်ကျရောက်လာ၏။ ယာဥ်သည် ငလျင်လှုပ်သကဲ့သို့ သွက်သွက်ခါသွားသည်။ ယာဥ်၏ အကာအကွယ်မှာလည်း ကျိုးပဲ့ပျက်စီးသွားလေသည်။

စုချန်း၏ လက်ထဲရှိ နောက်ဆုံးမူလကျောက်တုံးအား အသုံးပြုပြီးသွားလေပြီ။ ယာဥ်သည် စွမ်းအင်မရှိတော့။

ထိုအခါ မိုးကြိုးရေနဂါးယာဥ်ပျံသည် အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာ၏။ မြေပြင်တွင်ကား မရေမတွက်နိုင်သော သားရဲများသည် ပါးစပ်ဖြဲလျက် အသင့်စောင့်ကြိုနေကြလေသည်။

ယာဥ်ပျံသည် သားရဲများအား စတင်ရိုက်ခတ်မိသည်နှင့် စုချန်းတယောက် ယာဥ်ပေါ်မှ ခုန်ထွက်လိုက်သည်။ လူတခြား ယာဥ်တခြား ဖြစ်သွားလေပြီ။

ထိုအခါ နတ်ဆိုးသားရဲတကောင်သည် ခုန်ဝင်ကာ ယာဥ်ပျံအား သဲကြီးမဲကြီးနှင့် ကိုက်ခဲလေသည်။ သားရဲညှို့ငင်ဆေးရည်မှာ ယာဥ်ပျံပေါ်တွင် လောင်းချထားခြင်း ဖြစ်သည်။ ထို့ကြောင့် သားရဲများ၏ အဓိကပစ်မှတ်မှာ ယာဥ်ပျံပင်။

သို့သော် စုချန်းနောက်သို့ လိုက်ပါလာသော သားရဲတချို့လည်း အမှန်တကယ် ရှိနေ၏။ စုချန်းသည် ယာဥ်မောင်းသူ ဖြစ်၍ ဆေးနံ့တချို့ သူ့ကိုယ်ပေါ်မှ ပျံ့လွင့်နေသည် မဟုတ်ပါလား။

စုချန်းနောက်သို့လိုက်လာသော သားရဲများမှာ ယာဥ်ပျံအား အုံခဲနေသည့် သားရဲများလောက်တော့ မများ။ သို့သော် သာမာန်လူသားမဆိုထားနှင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးပင် လွတ်​မြောက်ရန် ခက်ခဲသွားနိုင်လောက်သည်အထိတော့ များပြား၏။

"စုချန်း"

၎င်းကိုမြင်သော် ကုချိန်းလွှာတယောက် အော်ဟစ်ငိုကြွေးလိုက်လေသည်။

ကျန်လူများမှာလည်း စုချန်းအတွက် အထူးပင် စိတ်ပူနေကြလေသည်။ စုချန်းကြောင့်သာ သူတို့ သက်သာသွားမှန်း လူတိုင်း သဘောပေါက်ထားသည် မဟုတ်ပါလား။ ထို့ကြောင့် လူတိုင်းလိုလိုသည် အရိုးခံအတိုင်း စုချန်းအား စိတ်ပူနေကြ၏။

စုချန်းသည် ယာဥ်ပျံက်ို ဖြတ်ခနဲ လှမ်းကြည့်ပြီး အခြေအနေကို သဘောပေါက်လိုက်သည်။ မိုးကြိုးရေနဂါးယာဥ်အား သူ ဆုံးရှုံးလိုက်ရပေပြီ။

ထို့နောက် သူသည် လက်တဖက်ကို ဆန့်ထုတ်ပြီး အမိန့်ပေးလိုက်သည်။

"တောင်ခွဲဓား လာခဲ့စမ်း"

တောင်ခွဲဓားသည် စုချန်းဆီသို့ တဟုန်ထိုး ပျံသန်းလာ၏။ ဓားလမ်းကြောင်းတလျှောက်ရှိ သားရဲများကား အတုံးအရုံးပင်။

စုချန်းသည် ဓားကို ဖမ်းဆွဲလိုက်၏။ သူ့ကိုယ်ခန္ဓာမှာ ကြမ်းတမ်းသော အငွေ့အသက်များ ထွက်ပေါ်လာလေသည်။ သူ့နောက်မှ ကမ္ဘာဦးသွေးပုံရိပ်သည်လည်း ပေ၃၀၀ကျော်အထိ ဆန့်ထွက်လာ၏။ တောင်ခွဲဓားသည်လည်း သွေးပုံရိပ်နှင့် လိုက်လျောညီထွေစွာ ကြီးထွားလာတော့သည်။

"မင်းတို့ ငါ့ကို စားချင်တယ် ဟုတ်လား ဟုတ်ပြီ ငါဟာ မင်းတို့ပါးစပ်နဲ့ မဆံ့လောက်အောင် ကြီးတယ်ဆိုတာ မင်းတို့ တွေ့ရလိမ့်မယ်"

စုချန်း၏ စကားဆုံးသည်နှင့် တောင်ခွဲဓားသည် သွက်လက်မြန်ဆန်စွာ စတင်လှုပ်ရှားလာတော့သည်။

စုချန်း၏ ရင်ထဲတွင် တိုက်ပွဲဝင်လိုစိတ်များ အပြင်းအထန် ပေါ်ပေါက်နေခဲ့ပြီ ဖြစ်သည်။ ဓားရောင်သည် ကောင်းကင်ကို ဖြတ်သန်းကာ ရွေ့လျားနေ၏။ သွေးများသည် မိုးဦးကျရေစီးသည့်ပမာ တသွင်သွင် စီးဆင်းနေကြသည်။ သားရဲများ၏ နာကျင်စွာ အော်ဟစ်သံများကို မိုင်ပေါင်းများစွာကပင် ကြားရလောက်၏။

***

All Chapters