နတ်ဆိုးကပ်ဘေး ၇
Vol. 59 Ch. 587
ဓားသည် လျင်မြန်စွာ ရွေ့လျားလာ၏။ ကောင်းကင်တခွင်လုံး လင်းထိန်သွားကြောင်း လူတိုင်းလိုလို မြင်လိုက်ရသည်။
၎င်းမှာ မှောင်မိုက်သော ကောင်းကင်ယံကို နောက်ခံပြုကာ လျပ်စီးလက်ခြင်းကြောင်း ဖြစ်ပေါ်လာသော အလင်းတန်းနှင့်ပင် ခပ်ဆင်ဆင်တူနေ၏။
ထို့နောက် အနီရောင်လှိုင်းတခုသည် ကောင်းကင်ကို ဖြတ်သန်းကာ ကျယ်ပြန့်စပြုလာသည်။
လူပုံစံ အရိပ်ကြီးတရိပ်သည် ဓားကြီးတလက်ကိုကိုင်ကာ သားရဲအုပ်အကြားဝယ် လေပွေတခုသဖွယ် ရှေ့တိုးနောက်ငင် လှုပ်ရှားနေကြောင်း အနီးအနားရှိ လူတိုင်းလိုလို မြင်လိုက်ရ၏။ စွမ်းအင်များ ပြည့်သိပ်နေသည့် ဘလိတ်ဓားကဲ့သို့ အားလှိုင်းကြီးသည် သားရဲအုပ်များအကြား ဖြတ်သန်းသွား၏။ ထိုအခါ ဆူဆူညံညံအသံများ၊ သားရဲများ၏ ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာတော့သည်။
လက်ရှိတွင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များနှင့် ၎င်းအထက် မြင့်မားသော ပညာရှင်တိုင်းလိုလိုသည် ကောင်းကင်ပေါ်တွင် နတ်ဆိုးဘုရင်သားရဲနှင့် နတ်ဆိုးသခင်သားရဲတို့အား တိုက်ခိုက်နေရ၏။ ထို့ကြောင့် မြေပြင်တွင် အဆင့်အမြင့်ဆုံး ပညာရှင်မှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အဆင့်သာလျင် ရှိတော့သည်။
သို့သော်ငြားလည်း ၎င်းတို့အားလုံးသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တမျှ အင်အားကြီးမားပုံရသော တစုံတယောက်က ဖြစ်နိုင်ချေ ကန့်သတ်ချက်မှန်သမျှကို ကျော်လွန်ကာ သားရဲအုပ်ကြီးအား ရက်ရက်စက်စက် သတ်ဖြတ်နေပုံကို ငေးကြည့်ရုံမျှသာ တတ်နိုင်တော့သည်။
အကန့်အသတ်မရှိ ကြောက်စရာ အင်အားသည် စစ်မှန်သော သတ်ဖြတ်ခြင်းစွမ်းရည်အဖြစ် ပြောင်းလဲသွားခဲ့ပုံရ၏။ ကမ္ဘာဦးသွေးပုံရိပ်သည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဆန်းဆန်းပြားပြားသတ္တဝါတကောင်ပမာ သူ့အနီးသို့ ချည်းကပ်လာသမျှ သက်ရှိတိုင်း၏ ဝိညာဥ်များအား ရိပ်သိမ်းနေတော့သည်။
နတ်ဆိုးသားရဲတချို့နှင့် သားရဲရိုင်းတချို့သည် စုချန်းဆီသို့ တဟုန်ထိုး ပြေးဝင်လာကြ၏။
စုချန်းက ဘယ်ဖက်လက်ကို ဝေ့ယမ်းလိုက်ရာ ပန်းပွင့်လှိုင်းများ တလှိုင်းပြီးတလှိုင်း ပေါ်လာပြီး မီးလျံငှက်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ အနှီ မီးလျံငှက်ကြီးသည် တောင်ပံများကို ဖြန့်ကာ ကောင်းကင်ဆီသို့ ပျံတက်သွားပြီး မီးလျံများကို ဖွင့်ထုတ်ကာ သူ့ပတ်ပတ်လည်ရှိ သားရဲများအား စတင်ဝါးမြိုတော့၏။ အလျံတညီးညီး တောက်လောင်နေသော မီးလျံများကြောင့် သားရဲများ တကောင်ပြီးတကောင် ပြာကျကုန်၏။
"ကောင်းလိုက်တာ"
စုချန်းအတွက် စိုးရိမ်နေသော လူများထံမှ ချီးကျူးသံများ အသီးသီး ထွက်ပေါ်လာလေသည်။
မည်မျှပင် သေဆုံးကြစေကာမူ သားရဲများကား အကြောက်အလန့်မရှိ တိုးဝင်လာကြဆဲပင်။
သားရဲညှို့ငင်ဆေးရည်က အဓိကဆွဲဆောင်နေသော ပစ်မှတ်နှစ်ခု ရှိနေ၏။ ၎င်းမှာ မိုးကြိုးရေနဂါးလွန်းပျံယာဥ်နှင့် စုချန်းတို့ပင်။
ပိုမိုအားကောင်းသော နတ်ဆိုးသားရဲများသည် မိုးကြိုးရေနဂါးယာဥ်ပျံအား ဝိုင်းဝန်းကိုက်ခဲနေကြစဥ် အားနည်းသော သားရဲများက ဒုတိယပစ်မှတ်ဖြစ်သော စုချန်းနောက်သို့ လိုက်ပါလာကြ၏။ ထို့ကြောင့် ၎င်းတို့သည် စုချန်းထက် များစွာ အားနည်း၏။ သို့သော် အရေမတွက်မှာကား အဆမတန်သာလွန်နေလေသည်။
ထိုအချိန်တွင် စုချန်းနောက်တွင် ကျန်နေရစ်သည့် ချီစွမ်းအားပညာရှင်များသည် သားရဲများအား လိုက်လံသုတ်သင်နေကြသောကြောင့် သားရဲများများ မကျန်လှတော့။ သိပ်မကြာခင် သားရဲများ ရှင်းလင်းသွားတော့မည် ဖြစ်သည်။
သို့သော် ထိုအခြေအနေမှာ စုချန်းအတွက် ဘာသက်ရောက်ခြင်းမှ မရှိ။
ကျန်သားရဲများအားလုံးသည် စုချန်းနောက်သို့သာလိုက်ပါလာကြသည် မဟုတ်ပါလား။ ထိုသားရဲများအားလုံးကို အနိုင်ယူနိုင်မည်ဟုတော့ စုချန်း ကိုယ့်ကိုယ်ကို မထင်။ ထို့ကြောင့် ကျန်ချီစွမ်းအားပညာရှင်များ လာကူမည့်အချိန်ကို စုချန်းတယောက် စောင့်မျှော်နေရတော့သည်။
လောလောဆယ် သူ တတ်နိုင်သည်မှာ အစွမ်းကုန် တိုက်ခိုက်ရန်ပင်တည်း။
"စုချန်း အားတင်းထား"
ကုချိန်းလွှာ၏ အသံ ထွက်ပေါ်လာ၏။
ထို့နောက် သူမသည် အရူးပမာ သားရဲများအား သဲကြီးမဲကြီးပင် ဝင်တိုက်တော့သည်။ သို့သော် သားရဲများ အထူးများပြားလှပေရာ သူမအနေနှင့် စုချန်းဆီသို့ လမ်းမဖောက်နိုင်ပဲ ဖြစ်နေလေသည်။
ထိုအခါ သူမအနေနှင့် ဆုတောင်းနေရုံသာ တတ်နိုင်ရှာတော့၏။
စုချန်း အချိန်ကြာကြာ ခုခံနိုင်ပါစေ။
အားကောင်းသော သားရဲများ စုချန်းအား ရှာမတွေ့သွားပါစေနှင့်။
သို့သော် တခါတရံတွင် ကံကြမ္မာဟူသည် အညှာအတာ ကင်းမဲ့တတ်လေသည်။
အကြောင်းမှာ သံကွင်းဆက်အမြီးလိပ်ကြီးတကောင် စုချန်းရှိရာသို့ ရောက်လာခြင်းကြောင့်ပင်။
သံကွင်းဆက်အမြီးလိပ်ဟူသည်ကား အလယ်အလတ်အဆင့် နတ်ဆိုးသားရဲတကောင်ဖြစ်ပြီး သူ့နှင့်အဆင့်တူသားရဲများထက်ပင် သန်မာသည်ဟု သတ်မှတ်နိုင်၏။ ၎င်း၏ အင်အားမှာ အဆင့်နိမ့်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးခန့်ပင် ရှိလေသည်။
မူလက ၎င်းသည် မိုးကြိုးရေနဂါးယာဥ်ရှိရာသို့ ဦးတည်နေခြင်း ဖြစ်သည်။ သို့သော် ၎င်းသည် လမ်းခုတ်လတ်မှာပင် စုချန်း၏ ချီစွမ်းအားကို အာရုံခံမိသွားပြီး ဤလူသားကို စားရလျင် သူ့အတွက် အကျိုးရှိနိုင်ဖွယ်ရှိကြောင်း သဘောပေါက်သွားကာ စုချန်းရှိရာသို့ ရောက်လာခြင်းပင်။
လိပ်ကြီးသည် စုချန်းရှိရာသို့ လူးကာလိမ့်ကာနှင့် ဦးတည်လာ၏။ ၎င်း၏ ကြီးမားသော အမြီးသည် လေပေါ်တွင် ကွေးကောက်နေလေသည်။ ၎င်းထံမှ သွေးဆာနေသော အငွေ့အသက်များ ထွက်ပေါ်နေ၏။
စုချန်းသည် လိပ်ကြီးအား တောင်ခွဲဓားနှင့် တုံ့ပြန်လိုက်သည်။ ဓားချက်သည် သံကွင်းဆက်အမြီးအား ထိမှန်သွားပြီး အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာကာ အမြီးအား ပြတ်ထွက်သွားစေ၏။ လိပ်ကြီး နာကျင်စွာ ငြီးငြူပြီး အခွံတွင်း ခေါင်းပြန်သွင်းကာ နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ ထိုအချိန်မှာပင် စုချန်း၏ ဒုတိယဓားချက်က မာကျောလှသော လိပ်ခွံအား ထက်ခြမ်းကွဲသွားစေရုံမက လိပ်ကြီးကိုပါ နှစ်ခြမ်းခွဲပစ်လိုက်၏။ အလတ်အလတ်အဆင့် နတ်ဆိုးသားရဲကား စုချန်း၏ ဓားနှစ်ချက်တည်းနှင့် အသက်ပျောက်သွားရှာလေပြီ။
ထိုမြင်ကွင်းသည် လူတိုင်းအား ထိတ်လန့်တုန်လှုပ်သွားစေသည်ကတော့ အမှန်ပင်။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးနှင့် ညီမျှသော နတ်ဆိုးသားရဲတကောင်အား စုချန်းက တချီတည်းနှင့် ရှင်းပစ်လိုက်နိုင်သည် မဟုတ်ပါလား။
လိပ်ကြီးအား သုတ်သင်ပြီးသည်နှင့် စုချန်း၏ မျက်နှာသည်လည်း ဖွေးခနဲ ဖြစ်သွား၏။
ဤမျှ ပြင်းထန်သော ဓားချက်မျိုးကို ဖော်ထုတ်နိုင်လိမ့်မည်ဟု စုချန်းကိုယ်တိုင်လည်း မျှော်လင့်မထားမိ။
"သေရေးရှင်ရေးအခြေအနေမျိုးရောက်ရင် ဒီလိုဓားချက်မျိုးကိုတောင် ငါ ဖော်ထုတ်နိုင်ပါကလား"
အထက်ပါအတိုင်း တီးတိုးရေရွတ်ရင်း တစုံတခုကို စုချန်း သဘောပေါက်သွားလေသည်။
သူသည် သေရေးရှင်ရေး အခြေအနေမျိုးတွင် ပေါ်ထွက်လာတတ်သည့် အင်အားကို ခံစားဖူးမိစေရန် အမြဲတန်း မျှော်လင့်နေခဲ့၏။ ယခုတော့ သူ့ဆန္ဒ ပြည့်ဝသွားခဲ့လေပြီ။
တဆက်တည်းမှာပင် သူ့ကိုယ်တွင်း၌ ငုပ်လျှိုးနေသော အင်အားများ ရှိနေပြီး ၎င်းသည် သူ၏ စစ်မှန်သော အင်အားပင်ဖြစ်ကြောင်း သူ သဘောပေါက်သွားတော့သည်။ ထို့နောက် လက်ရှိခေတ်သုံး မူလစွမ်းရည်များသည် အဘယ်ကြောင့် ရှေးဟောင်းအာကင်နာနည်းစနစ်များကို ကျော်လွန်၍ ရှေ့သို့ရောက်လာခဲ့မှန်း သူ နားလည်လာ၏။
အကြောင်းမှာ လက်ရှိခေတ်သုံးမူလစွမ်းရည်များသည် လူတယောက်၏ ပုန်းကွယ်နေသော အင်အားများကို ဖော်ထုတ်ပေးနိုင်ချေအရှိဆုံးနည်းစနစ်များ ဖြစ်နေသောကြောင့်ပင်။ ဤအတိုင်းဆိုလျင် ရှေးဟောင်းအာကင်နာနည်းစနစ်များအနေနှင့် နောင်တွင် ရေပန်းစားလာစရာအကြောင်းမရှိတော့။
"ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီး တိုက်ခိုက်ရတာ သိပ်ကောင်းတာပဲကိုး"
စုချန်း နှစ်ထောင်းအားရစွာ ရေရွတ်လိုက်၏။
နောက်ဆုံးတော့ လူသားမျိုးစိတ်များ၏ အင်အားကို ဖြစ်စေသော အခြေခံအုတ်မြစ်အား စုချန်း သိရှိသွားလေပြီ။
ထိုအတွေးပေါ်လာသည်နှင့် စုချန်း ဝမ်းသာအားရ ရယ်မောလိုက်သည်။
တောင်ခွဲဓားသည် နောက်တကြိမ် ပြန်လည်တောက်ပလာပြန်၏။
ကြမ်းတမ်းလှသော အားလှိုင်းများ အရပ်ရှစ်မျက်နှာကို ရိုက်ခတ်သွားပြီး နေရာတခုလုံး သွေးများနှင့် ရဲခနဲ ဖြစ်သွားလေသည်။
စုချန်းကား သူ့တကိုယ်လုံးရှိ အင်အားများအား ဖွင့်ထုတ်လိုက်ပြီ ဖြစ်သည်။ သွေးကိုပြင်းပြစွာ ဆာလောင်မှု၊ ဒေါသ စသောခံစားချက်များသည် သူ့အား ခေါင်းထဲပေါ်လာသမျှ နည်းစနစ်များကို ထုတ်သုံးစေရန် တွန်းအားပေးနေ၏။ ဤတကြိမ် စုချန်း၏ တိုက်ခိုက်ပုံတွင် မည်သည့်ကြိုတင်တွက်ချက်ခြင်း၊ အစီအမံများမှ မပါဝင်တော့။ သူ ခံစားနေရသည့် တခုတည်းသော ခံစားချက်မှာ သူ့တကိုယ်လုံးရှိ သွေးများ ပွက်ပွက်ဆူနေခြင်းပင်။
တိုက်ပြီ။
စုချန်း မီးကုန်ယမ်းကုန် တိုက်လေပြီ။ တောင်ခွဲဓားမှ ထွက်လာသော ချီအားလှိုင်းများကြောင့် သားရဲများအား တကောင်ပြီးတကောင် မြေကြီးပေါ်သို့ ပစ်လဲသွားလေသည်။
ဘေးမှကြည့်နေသူများအဖို့ကား စုချန်းသည် သားရဲအုပ်များအကြားတွင် လမ်းလျှောက်ပြီး အသက်တချောင်းပြီးတချောင်း နှုတ်ယူနေသည့် သေမင်းသဖွယ်သာ ထင်မြင်မိကြလေသည်။ တောင်ခွဲဓားသည် တရွှီရွှီနှင့် လေက်ိုခွင်းကာ လှုပ်ရှားနေပြီး မြေကြီးပေါ်တွင် အက်ကွဲကြောင်းများကို ဖြစ်ပေါ်လာစေ၏။
တောင်ကုန်းများသည် ကွင်းခေါင်ခေါင် ဖြစ်ကုန်၏။ မြေပြန့်များတွင် တောင်ပူစာငယ်များ ပေါ်လာကြကုန်၏။
ဤလူငယ်သည် အဘယ်မှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ဖြစ်နိုင်အံ့နည်း။ အနည်းဆုံး အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အဆင့်တော့ ရှိပေလိမ့်မည်။
ဒါသည်ပင်လျင် ဟုတ်ချင်မှ ဟုတ်အုံးမည်။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည်ပင် ဤလူငယ်ကဲ့သို့ နည်းစနစ်ပေါင်းများစွာနှင့် မတိုက်ခိုက်နိုင်။ ဤမျှ ကြောက်စရာအဟုန်ဖြင့် မတိုက်ခိုက်နိုင်။
ဓားသွားမှ ထွက်ပေါ်လာသော ချီအားလှိုင်းများကြောင့် မီးတောက်မီးလျံများသည် လေထုတခုလုံးအား ဟုန်းဟုန်းတောက်သွားစေ၏။ ကမ္ဘာဦးသွေးပုံရိပ်သည် စကြာဝဠာကြီးတခုလုံး၏ စစ်မှန်သော အင်အားကို ထုတ်ယူသုံးစွဲနိုင်ပုံရနေချေသည်တကား။
ထိုအခိုက်အတန့်တွင် စုချန်းသည် မသေနိုင်သော နတ်ဘုရားတပါးနှင့်ပင် တူနေတော့၏။
စုချန်းသည် ထိုအချိန်တွင် ဓားကို ဘယ်နှစ်ခါ ဝေ့ယမ်းလိုက်မှန်း မသိတော့သလို မည်သည့်မူလစွမ်းရည်များကို မည်သို့မည်ပုံ သုံးစွဲလိုက်မှန်း မသိတော့။ သူသိရှိသည့် တခုတည်းသောအရာမှာ သူ ကြာကြာတိုက်ခိုက်နိုင်လေ သားရဲများအရေအတွက် ပိုမ်ိုလျော့နည်းလာလေလေဟူသောအချက်ပင်။
အချိန်ကြာလာသည်နှင့်အမျှ စုချန်း ပို၍ မောပန်းလာ၏။ နောက်ဆုံးတွင် သူ စုဆောင်းထားသမျှ မူလစွမ်းရည်များ တစက်မကျန်အောင် ကုန်ခန်းသွားတော့သည်။ ထ်ိုအခိုက်အတန့်ဝယ် သူ မည်သည့် မူလစွမ်းရည်ကိုမှ မသုံးနိုင်တော့။ ဓားကို ဝေ့ယမ်းနေရုံမျှသာ တတ်နိုင်တော့သည်။ သို့တိုင်အောင် သားရဲများသည် စုချန်းအနီးသို့ အလွယ်တကူနှင့် ကပ်မလာရဲတော့။
ညဏ်ရည်အနိမ့်ဆုံးသော သားရဲများသည်ပင် သေရမည်ကိုတော့ ကြောက်တတ်ကြ၏။ သားရဲညှို့ငင်ဆေးရည်၏ အစွမ်း မည်မျှပင် ကြီးမားပါစေ အကြောက်တရားကိုတော့ ကျော်လွန်နိုင်ရန် ခဲယဥ်းပေသည်။
တဖြည်းဖြည်းနှင့် သားရဲအုပ်ကြီးသည် စုချန်းအနီးတွင် ဝိုင်းနေရာမှ နောက်သို့တဖြည်းဖြည်း ဆုတ်သွားကြတော့သည်။
၎င်းမှာ တဖက်တွင် ချီစွမ်းအားပညာရှင်များ ရောက်ရှိလာသောကြောင့်လည်း ပါဝင်ပေသည်။ သူတို့သည် ရှေ့တွင်ပိတ်ဆို့နေသော သားရဲများအား အပြီးသတ်ရှင်းလင်းကာ စုချန်းအနီးသို့ ရောက်ရှိလာနိုင်ခဲ့လေပြီ။ ခေါင်းသုံးလုံးသိမ်းငှက်၊ ခြေထောက်ရှစ်ချောင်းပင့်ကူ၊ လမ်းလျှောက်သစ်ပင် အစရှိသည်တို့အားလုံးသည် လူသားများလက်ချက်နှင့် အသက်ပျောက်သွားခဲ့ကြပြီ ဖြစ်သည်။ သားရဲများထဲမှ တချို့မှာ မိုးကြိုးရေနဂါးယာဥ်၏ ခံတွင်းဝဝယ် အသက်ပျောက်သွားကြခြင်းပင်။
နောက်ဆုံးတော့ သားရဲတပ်ဖွဲ့ကြီး တပ်ဆုတ်သွားပြီ ဖြစ်သည်။
စုချန်းကား ၎င်းကိုမသ်ိ။ တောင်ခွဲဓားကို ရက်စက်ကြမ်းတမ်းစွာ ဝေ့ယမ်းလျက်သာ ရှိလေ၏။
ကုချိန်းလွှာ ရောက်လာသည်က်ိုပင် စုချန်း ခမျာ မသိရှာ။ ဓားနှင့် ခုတ်ပိုင်းမ်ိ၏။
ကုချိန်းလွှာ ငယ်သံပါအောင် အော်လိုက်မိ၏။
"စုချန်း ကျွန်မလေ"
"အော် ချိန်းလွှာ မင်း ရောက်လာပြီဆိုတော့ ကျုပ်တို့ နိုင်သွားတဲ့သဘောပေါ့ ဟုတ်လား"
စုချန်းက ယဲ့ယဲ့မျှ ပြုံးရင်း ပြောလိုက်သည်။
"ဟုတ်တယ် ကျွန်မတို့ နိုင်သွားပြီရှင့်"
ကုချိန်းလွှာ၏ စကားကို ကြားသည်နှင့် စုချန်း စိတ်ကိုလျှော့ချလိုက်သည်။
သူ မြေကြီးပေါ်သို့ ပုံလျက်သား လဲကျသွားရှာတော့၏။
***