ဘယ်လောက်ကောင်းလိုက်တဲ့လူလဲ
Vol. 020 Ch. 1939
အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၊ ဆေးဖော်စပ်သည့် နေရာတွင် ရီဖူရှင်းသည် ဆေးဖော်စပ်သော ဆေးပေါင်းဖို၏ ရှေ့၌ ခြေထောက်များကို ခွေကာ ထိုင်နေသည်။ သူ၏ ရှည်လျားသော ငွေရောင်ဆံပင်များက တောက်ပသည့် မီးလျှံများအောက်တွင် ခပ်ဖျော့ဖျော့ လင်းလက်နေ၏။ သူ၏ ဆံပင်ပေါ်တွင် တောက်ပနေသော အလင်းတို့ကြောင့် သူ့ကို နတ်ဘုရားတစ်ပါးသဖွယ် ထင်မှတ်ရပေသည်။
ဆေးပေါင်းဖိုက သူ့အရှေ့မှ လေထဲတွင် မျောလွင့်နေသည်။ လမ်းစဥ်မီးလျှံများက ဆေးပေါင်းဖိုကို လွှမ်းခြုံထားပြီး အထဲကို ဝင်သွားကာ မီးတောက်များ ဖြစ်တည်လာသည်။ ဆေးပေါင်းဖိုအတွင်းတွင် ဆေးလုံးမှ ရနံ့လှိုင်းများ ဖြစ်ပေါ်လာ၏။
လမ်းစဥ်မီးလျှံမျှင်များက ဆေးပေါင်းဖိုအတွင်း စိမ့်ဝင်သွားကာ ဆေးပေါင်းဖိုအတွင်း အဆက်မပြတ်ပြောင်းလဲမှုများ ဖြစ်လာစေသည်။ သူ၏ လက်နှစ်ဖက်လုံးက စည်းသင်္ကေတများသဏ္ဌာန်ဖော်ရင်း အလုပ်များနေကာ ဆေးပေါင်းဖိုအတွင်းတွင် ပုံရိပ်တစ်ခုဖြစ်တည်လာ၍ အထဲ၌ ရှိသော အရာအားလုံးကို ထိန်းချုပ်ထားသည်။
ဆေးလုံးသန့်စင်ရာတွင် တစ်စုံတစ်ယောက်က သူ၏ ဝိညာဥ်စွမ်းအားကို ဆေးပေါင်းဖိုအတွင်း ပို့လွှတ်၍ ဂရုတစိုက်ထိန်းချုပ်ပြီး သန့်စင်ခြင်းဖြစ်စဥ်ကို တစ်ဆင့်ချင်း လုပ်ဆောင်ရသည်။ ထို့ကြောင့် အဆင့်နိမ့် ကျင့်ကြံခြင်းမှ တစ်စုံတစ်ယောက်က အစွမ်းထက်ဆေးဝါးကို သန့်စင်ရန် မဖြစ်နိုင်ပေ။
အချိန်တချို့ကြာပြီးနောက် ဆေးပေါင်းဖိုသည် တောက်ပသော မဟာလမ်းစဥ်နတ်အလင်းတို့နှင့် တောက်ပလာပေသည်။ ထူးကဲသော ဆေးလုံးတစ်လုံးက အထဲတွင် ဖြစ်တည်လာပြီး ကျယ်လောင်သော အသံတစ်ခုက ဆေးပေါင်းဖိုအတွင်းမှ ထွက်ပေါ်လာသည်။
"အင်း.. အသင့်ဖြစ်ခါနီးနေပြီ။" ရီဖူရှင်း၏ အဖြူရောင်ဆံပင်က ရုတ်တရက် တဖျတ်ဖျတ်လွင့်လာသည်။ သူက ဆေးပေါင်းဖိုပေါ် လက်ဝါးရိုက်လိုက်ပြီး အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ ဆေးပေါင်းဖိုက ပွင့်ဟလာပြီး ဆေးလုံးတစ်လုံး ပျံသန်းထွက်လာသည်။
ရီဖူရှင်းက ဆေးလုံးကို မြင်သည့်အခါ ခေတ္တမျှ တွေဝေသွားပြီး သူ၏ မျက်နှာအမူအရာက မည်းမှောင်လာသည်။ လေထဲတွင် ပျံနေသော ဆေးလုံးက အလွန် အားကောင်းသော မဟာလမ်းစဥ်အလင်းတန်းများနှင့် အရှိန်အဝါတို့ကို ထုတ်လွှတ်နေသော်လည်း ၎င်း၏ ရုပ်ပိုင်းဆိုင်ရာသွင်ပြင်မှာ ထူးဆန်း၍ အကြည့်ရဆိုးလေသည်။ ၎င်းသည် ဆေးလုံးတစ်လုံးနှင့် မတူဘဲ ပုံပျက်နေသော ကျောက်တုံးတစ်တုံးနှင့် တူလေသည်။
"သေစမ်း..." ရီဖူရှင်းက တီးတိုးရေရွတ်လိုက်သော်လည်း သူ့အနီးအနားမှ လူများက သူ့အား စူးစိုက်ကာ ကြည့်နေကြသည်ကို သတိထားမိလိုက်သည်။ မည်မျှရှက်စရာကောင်းလိုက်သနည်း။ ဤသည်က သူ ပထမဆုံးအကြိမ် ဆေးဖော်စပ်မှုအား လေ့ကျင့်ခြင်းပင် ဖြစ်သည်။ သူသည် ယခင်က အကြိမ်ရေများစွာ ကြိုးစားခဲ့သော်လည်း ယခု သူ ပထမဆုံးအနေနှင့် တရားဝင် သန့်စင်လိုက်သော ဆေးလုံးက ရုပ်ဆိုးနေဆဲပင် ဖြစ်လေသည်။
သူ့ကိုကြည့်ရင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ဆေးလုံးဆရာများ ဆွံ့အကုန်ကြပေသည်။ သူက ကျွန်းသခင်ရှာတွေ့ခဲ့သော ထူးချွန်သည့် ဆေးလုံးဖော်စပ်သူလား။
ကျွန်းသခင်သည် ရီဖူရှင်းအား တစ်နေ့တွင် အစွမ်းထက်ဆုံး ဆေးဝါးဖော်စပ်သူဖြစ်လာစေရန် မျှော်လင့်ချက်နှင့် သူတို့ကို သူ့အား သင်ပြပေးစေလိုခြင်း ဖြစ်နိုင်ပေသည်။
"မိတ်ဆွေလေး... စိတ်မပျက်ပါနဲ့။ ပထမဆုံးကြိုးစားမှုမှာတင် ဆေးလုံးကို အောင်အောင်မြင်မြင် လုပ်နိုင်တာ အရမ်းတော်နေပါပြီ။ ဘယ်လိုပုံဖြစ်နေတယ်ဆိုတာက အရေးမကြီးပါဘူး။" ရန်ဟောင်တစ်ယောက်က အပြုံးနှင့်ပြောလိုက်သည်။
"ဟုတ်တယ်။ အရောင်အဆင်းရော ပုံသဏ္ဌာန်ရောက အရေးမပါပါဘူး။" အခြားတစ်ယောက်က ပြောလိုက်သည်။
ရီဖူရှင်းက ထိုနေရာတွင် ဆက်မနေနိုင်လောက်အောင် ဖြစ်လာသည်။ 'ဒါဆို ဘာက အရေးကြီးတာလဲ။'
"အဟမ်း.. ကျုပ် လုပ်စရာရှိနေတာကို ရုတ်တရက်ကြီး သတိရလာလို့ အရင်ပြန်နှင့်ပါဦးမယ်။" ရီဖူရှင်းက ပြောလိုက်ပြီးနောက် နောက်က ကျားလိုက်သလို တချိုးတည်းပြေးတော့သည်။ ပိုင်မုက သူ့နောက်မှ လိုက်ပါသွား၏။ သူတို့ ထွက်သွားပြီးနောက် အခြားလူများက စတင်၍ ဆွေးနွေးကြတော့သည်။
"ကြည့်ရတာ ကျွန်းသခင်ရွေးခဲ့တဲ့ တစ်ယောက်က ခရီးရှည်ကြီးသွားရဦးမယ့်ပုံပဲ။"
"ဆေးလုံးဖော်စပ်ခြင်းက ဒီလောက်လွယ်တာ မဟုတ်ဘူးလေ။" အဖိုးကြီးတစ်ယောက်က သူ့ မုတ်ဆိတ်ကို သပ်ရင်း ပြောလိုက်သည်။ ကြည့်ရသည်မှာ သူတို့အားလုံးက ရီဖူရှင်းအား ထိုသို့အခြေအနေတွင် မြင်တွေ့ပြီးနောက် ခံစားချက်ကောင်းနေကြပုံရသည်။ ၎င်းက သူတို့မျှော်လင့်ထားခဲ့ထားသလိုပင် ဖြစ်၏။ ကျွန်းသခင်သည် ပိုင်မုကို ရီဖူရှင်းနောက်သို့ လိုက်ပါစေပြီး ဆေးလုံးသန့်စင်ခြင်းကို သူ့လက်နှင့် ကြိုးစားစမ်းသပ်စေကာ သူ အသုံးပြုလိုသမျှအားလုံးကိုလည်း အသုံးပြုခွင့်ပေးသည်။ ထိုသို့သော အလေးပေးဆက်ဆံမှုကြီးမှာ သူတို့အား ထိတ်လန့်တုန်လှုပ်ကာ ဆွံ့အစေသည်။
ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် သန့်စင်ခြင်းဖြစ်သော်လည်း သူက အကောင်းဆုံး ဆေးပင်များကို အသုံးပြုခဲ့သည်။ ရလဒ်က မည်သို့ဖြစ်လာသနည်း။
အကုန်လုံး အမှိုက်ဖြစ်ကုန်လေသည်။
"သူ သန့်စင်လိုက်တဲ့ ဆေးလုံးကို ကြည့်ပါဦး။ ဒီလိုအရောင်နဲ့ ဒါက စားလို့ရောရရဲ့လား။" လူတိုင်းက ရှေ့သို့ လျှောက်လာပြီး ချက်ချင်း အားလုံးက ရယ်မောလာကြသည်။ "ဘယ်သူ စားကြည့်ရဲလဲ။ မင်း စမ်းကြည့်မလား။"
"အိုး... နေပါစေ.. ကျေးဇူးတင်တယ်။ ခင်ဗျားပဲ စမ်းကြည့်လိုက်ပါ။" ဘေးဘက်ရှိ လူများက ငြင်းဆန်လိုက်သည်။
သူတို့က ရှေ့သို့ လျှောက်လာပြီး ဆေးလုံးကို ဆေးပေါင်းဖိုထဲမှ ထုတ်ယူလိုက်သည်။ ချက်ချင်းပင် ပြင်းထန်သော ဆေးလုံးရနံ့က သူတို့ကို ရိုက်ခတ်လာသည်။ ဆေးလုံးက ကြည့်ရသည်မှာ ထူးဆန်းသော်လည်း အရှိန်အဝါက အားမနည်းပေ။ ထိုဆန့်ကျင်ဘက်အဖြစ်က သူတို့ကို ဇဝေဇဝါ ဖြစ်သွားစေ၏။
ဆေးလုံးတွင် ပါဝင်နေသော မဟာလမ်းစဥ်အရှိန်အဝါကို စစ်ဆေးပြီးနောက် အချို့လူများ၏ အမူအရာက ပြောင်းလဲသွားသည်။
"ကြည့်ရတာတော့ အဆင်ပြေပုံပဲ။ ကျုပ် စမ်းကြည့်ပါရစေ။" တစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။
"ဒီလောက် ရုပ်ဆိုးတဲ့ဆေးလုံး။ ကျုပ်ပဲ အားလုံးကိုယ်စား ဆေးစမ်းသပ်သူ လုပ်ပေးပါရစေ။" ဘေးဘက်ရှိ နောက်ထပ်လူတစ်ယောက်ကလည်း ပြောလိုက်သည်။
နောက်ဘက်ရှိ လူများက ပဟေဠိဖြစ်ကုန်ကြသည်။ ဘာတွေဖြစ်နေတာလဲ။
သူတို့ပဲ အခုနက ဆေးလုံးကို မစမ်းသပ်ရဲဟု ပြောခဲ့သည်မဟုတ်ပါလား။
"ကျုပ် စမ်းကြည့်မယ်။" နောက်တစ်ယောက်က ပြောလိုက်သည်။ သို့သော် သူတို့ ပြောဆိုငြင်းခုန်နေစဥ် ဆေးလုံးကိုင်ထားသောတစ်ယောက်က ပါးစပ်ထဲပစ်ထည့်ကာ မြိုချလိုက်တော့သည်။
"...." ထိုအဖြစ်ကို မြင်သည့်အခါ လူတိုင်းက မှင်တက်သွားလေသည်။ မည်မျှ အရှက်မဲ့လိုက်သနည်း။
ဆေးကို မြိုချပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်မှ အသက်စွမ်းအား မဟာလမ်းစဥ်အရှိန်အဝါတို့ ထွက်ပေါ်လာသည်။ သူက မဟာလမ်းစဥ်အသက်စွမ်းအား၌ ကျွမ်းကျင်သူ မဟုတ်လေရာ ယခုဖြစ်သမျှသည် ဆေး၏ သက်ရောက်ခြင်းခံရမှုကြောင့်သာ ဖြစ်ရပေမည်။ ခမ်းနားထည်ဝါသော အသက်စွမ်းအားက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး သူ၏ ခံနိုင်ရည်စွမ်းအားက အဆက်မပြတ် လွှမ်းခြုံထားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပြီး သူ့အရှိန်အဝါက အားကောင်းလာသည်။
ထိုအခိုက်အတန့်တွင် သူ၏ ဆံပင်ဖြူများက အနက်ပြန်ဖြစ်သွားကာ မျက်နှာပေါ်ရှိ အရေးအကြောင်းများလည်း မှိန်ဖျော့လာသည်။ သူ၏ အသားအရေက ချောမွေ့ကာ ပို၍ ငယ်ရွယ်လာသည်။
"ဒါက..." လူတိုင်း၏ မျက်နှာထက်တွင် ထိတ်လန့်သည့်အမူအရာတို့ ဖြစ်ပေါ်လာသည်။ အထူးသဖြင့် ဖြစ်ပေါ်လာသော ပြောင်းလဲခြင်း အသေးစိတ်ကို မြင်လိုက်ရသူများက အံ့သြထိတ်လန့်ကုန်ကြသည်။
အချိန်ခဏကြာပြီးနောက် အလယ်အလတ်ဆင့် ရန်ဟောင်က ပြန်လည်မွေးဖွားလာသကဲ့သို့ ထင်မှတ်ရပေသည်။ သူက ရာစုနှစ်အနည်းငယ်စာ ပြန်ငယ်သွားသလို ထင်မှတ်ရပြီး သူ့အရှိန်အဝါက ပိုအားကောင်းလာသည်။
"ဟားဟားဟား...." လူအိုကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ကို ကြည့်ရသည်မှာ အားအင်ပြည့်ဝနေပုံရလေသည်။ သူ့အသံက ခွန်အားတို့နှင့် ပြည့်ဝနေပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ "ကျွန်းသခင်က တကယ့်ကို အမြင်ကောင်းရှိတာပဲ။ ကျုပ်တို့ မိတ်ဆွေလေးရီက တကယ့်ကို ဆေးဖော်စပ်ရာမှာ ထူးချွန်တဲ့သူပဲ။"
"..." လူတိုင်းက ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေကြသည်။ အစောပိုင်းက ဆေးလုံးကို စားရဲမည့်သူ ရှိမရှိ မည်သူက မေးမြန်းခဲ့သနည်း။
"ဘယ်လောက်ကောက်ကျစ်တဲ့ လူအိုကြီးလဲ။" သူတို့က အလွန် နှေးကွေးစွာပြုမူနေခဲ့သည့်အတွက် သူတို့ကိုယ်သူတို့ ဒေါသထွက်လာသည်။
"ဒါက ပြီးပြည့်စုံတဲ့အဆင့် မဟာလမ်းစဥ် အဆင့်ငါးဆေးလုံးပဲ။" လူအိုကြီးက ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။ အနီးအနားမှ ကြားလိုက်ရသောသူများမှာ သွေးအန်လုနီးပါးပင်ဖြစ်သည်။ ပြီးပြည့်စုံသည့်အဆင့် မဟာလမ်းစဥ် အဆင့်ငါးဆေးလုံးသည် သာမန်အဆင့်ခုနစ်ဆေးလုံး၏ အာနိသင်နှင့် တူညီပေသည်။ သူ့ကို ပြန်လည် ငယ်ရွယ်လာအောင် ထိန်းသိမ်းပေးသည်က အံ့သြစရာမရှိတော့ပေ။
သည်ကောက်ကျစ်သော လူအိုကြီး....
"အရောင်အဆင်းရော ပုံပန်းသဏ္ဌာန်ရောက အရေးမကြီးဘူး။ ဆေးဖော်စပ်ရာမှာ အရေးကြီးဆုံးက ထုတ်လုပ်လိုက်တဲ့ ဆေးအရည်အသွေးပဲ။" လူအိုကြီးက ရယ်မောရင်း ပြောလိုက်သည်။ "ကျုပ်တို့ မိတ်ဆွေလေးရီက တကယ့် ပါရမီရှင်ပဲ။ သူက စည်းမျဥ်းတွေနဲ့ ချည်နှောင်မခံသလို တခြားလူတွေရဲ့ လမ်းကြောင်းအတိုင်းလည်း မလျှောက်ဘဲ သူ့ကိုယ်ပိုင်ပုံစံအတိုင်းပဲ သွားတယ်။ သူက အားထုတ်မှုအားလုံးကို ဆေးလုံးအဆင့်မြှင့်တဲ့နေရာမှာပဲ သုံးခဲ့ပြီးတော့ တခြားလူတွေရဲ့အမြင်ကို ဂရုမစိုက်ဘူး။ အဲဒီလို အားကောင်းတဲ့ဆန္ဒရှိတဲ့သူကို မြင်ရခဲတယ်။ ဒီလူအိုကြီးက သူ့ကို တကယ် လေးစားမိတယ်။"
"…" လူအိုကြီး၏ ကြွားဝါမှုကို ကြားသည့်အခါ လူတိုင်းက ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်လာကြသည်။ ထိုနည်းလမ်းက တကယ့်ကိုပင်.......
"မင်းတို့အားလုံး ဘာကြည့်နေကြတာလဲ။ ဆေးဝါးဖော်စပ်သူတစ်ယောက်အနေနဲ့ မင်းတို့အားလုံးက ရာထူးအဆင့်အတန်းရှိကြပေမယ့် ထိုက်တန်ရဲ့လား။ မင်းတို့က ဆေးလုံးအသွင်အပြင်ကို ဂရုစိုက်ကြပြီး ဆေးလုံးရဲ့ အခြေခံကျတဲ့အချက်တွေကို အာရုံမစိုက်ကြဘူး။ မင်းတို့က ရန်ဟောင်ရီ သန့်စင်ခဲ့တဲ့ ဆေးလုံးကိုတောင် အထင်သေးလိုက်ကြသေးတယ်။ ဒီလူအိုကြီးတစ်ယောက်တည်းသာ သူ့လုပ်အားကို အသိအမှတ်ပြုပြီး ဒီဆေးလုံးကို စားသုံးခဲ့တယ်။ ဒါပေမယ့် ဒီဆေးလုံးရဲ့ ကွဲပြားခြားနားချက်ကို မြင်ပြီးတော့ ကျုပ်တို့ သင့်တင့်လျောက်ပတ်စွာနဲ့ သုံးသပ်သင့်တယ်။ ဆေးဝါးဖော်စပ်ခြင်းလမ်းစဥ်မှာ သူက ကျွမ်းကျင်လိမ္မာမှု ရှိတယ်။ မိတ်ဆွေလေးရီက ဒီလူအိုကြီးရဲ့ တပည့်ဖြစ်ဖို့ သင့်တော်တယ်။ ကျုပ် သူ့ဆီ အခုပဲ သွားလည်တော့မယ်။
သူ ပြောပြီးသွားသည်နှင့် ခြေလှမ်းကျယ်ကြီးများလှမ်းကာ ကြယ်ကြွေသကဲ့သို့ ထိုနေရာမှ ထွက်၍ ရီဖူရှင်းကို ရှာဖွေရန် သွားတော့သည်။
နောက်မှာ ကျန်ခဲ့သော လူအုပ်ကြီးက သူ၏ ပိန်ပါးသော ပုံရိပ်ကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြပေသည်။
"ဒီလူအိုကြီးက ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ။" တစ်ယောက်က သူ၏ ပိန်ပါးသော နောက်ကျောကို ညွှန်ပြရင်း ဒေါသတကြီးဆူပူလိုက်သည်။
"အဲဒီလောက် အရှက်မရှိတဲ့လူ ဒီကမ္ဘာပေါ်မှာ ဘယ်လို ရှိနိုင်တာလဲ" ကျန်သည့်လူများကလည်း ဒေါသထွက်နေကြပေသည်။ ဤသည်က အကြွင်းမဲ့ ရယ်စရာပင်ဖြစ်သည်။ သူက အလွန် အရှက်မဲ့လှသည်။
သူတို့၏ နှလုံးသားထဲမှ ဆူပူပြီးနောက် တစ်စုံတစ်ယောက်က မေးလိုက်သည်။ "ဒါဆို ကျုပ်တို့ရော သွားကြမှာလား။"
"ကျုပ်မှာ လုပ်စရာရှိလို့ အရင်သွားနှင့်မယ်။" တစ်ယောက်က ပြောလိုက်သည်။
"ကျုပ်မှာလည်း လုပ်စရာရှိသေးတာမို့ ကျုပ်လည်း သွားနှင့်တော့မယ်။" နောက်တစ်ယောက်က ပြောလိုက်သည်။ အများဆုံးကျိန်ဆဲခဲ့သူက အပြေးအမြန်ဆုံးတစ်ယောက် ဖြစ်လာခဲ့သည်။
မေးခွန်းထုတ်ခဲ့သူက ယခု အနည်းငယ် မှင်တက်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်းက ပျံသန်းသွားလေသည်။
"အရှက်မရှိလိုက်ကြတာ။" သူက ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက် လူတိုင်း၏ နောက်မှ အလျင်အမြန် လိုက်ပါသွားလေသည်။ လူတိုင်းက လုပ်စရာရှိသည်ဟု ကြွေးကြော်ကာ တူညီသော အရပ်မျက်နှာသို့ ပျံသန်းသွားကြပေသည်။
ထို့ကြောင့် ယခု ရီဖူရှင်းနေထိုင်ရာ အိမ်တော်တွင် သက်ဝင်လှုပ်ရှားနေပေသည်။ ထိုအဖြစ်က လူအများကို အံ့အားတသင့်ဖြစ်သွားစေ၏။ အလွန် မာနကြီးကြသော ဆေးဖော်စပ်သည့်ဆရာကြီးများ အားလုံးက ရီဖူရှင်းကို လာရှာကြပြီး သူတို့၏ သဘောထားက တလေးတစားပင် ဖြစ်နေကြသေးသည်။
စံအိမ်ထဲ၌ ရှိနေသော ပိုင်မုသည်လည်း ဆေးဖော်စပ်သူ ဆရာကြီးများ ရောက်ရှိလာမှုကြောင့် ဆွံ့အသွားခဲ့ရသည်။ ဤလောကကြီး ပြောင်းလဲကုန်ပြီလား။
"ကျုပ်တို့အားလုံးက မိတ်ဆွေလေးရီဆီ လာလည်ကြတာပါ။" တစ်ယောက်က ပြောလိုက်သည်။ "သူ့မှာ အခု အချိန်နည်းနည်းလောက်များ ရှိမလား။"
"အိမ်တော်သခင်ရီက အခုလေးတင် လမ်းလျှောက်ထွက်သွားပါတယ်။" ပိုင်မုက ပြန်ဖြေလိုက်သည်။ "အိမ်တော်သခင်ရီဆီကနေ တစ်ခုခု လိုအပ်တာများ ရှိလို့လား။"
သူမက ဇဝေဇဝါ ဖြစ်နေသည်။ သူတို့က မည်သည့်အတွက် ရောက်လာရသနည်း။
"တကယ်တော့ အရေးတကြီး မဟုတ်ပါဘူး။ ဆေးလုံးသန့်စင်တဲ့အကြောင်း နည်းနည်းပါးပါး ဆွေးနွေးချင်လို့ပါ။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ပိုင်မုက ပို၍ပင် ဇဝေဇဝါဖြစ်လာတော့သည်။ သူတို့က ရီဖူရှင်းနှင့် မည်သည့် ဆေးဝါးဖော်စပ်မှုအကြောင်းကို ဆွေးနွေးချင်နေသနည်း။
အဆင့်နိမ့်ရန်ဟောင်တစ်ယောက်က ပြီးပြည့်စုံသောအဆင့် မဟာလမ်းစဥ် အဆင့်ငါး ဆေးလုံးကို သန့်စင်နိုင်မည်ဟု သူတို့ မည်သို့သိနိုင်ခဲ့မည်နည်း။ သူက သူတို့ထက်ပင် အပြတ်အသတ်သာလွန်ကာ အထင်ကြီးလေးစားဖွယ် စွမ်းဆောင်နိုင်ခဲ့ပေသည်။
ရီဖူရှင်းက ဆေးဖော်စပ်ခြင်းကို အခုမှ စတင်လေ့လာသူ ဖြစ်သည်။ အနာဂတ်တွင် အဆင့်မြင့်ဆေးများ သန့်စင်ရန်မှာ သူ့အတွက် လွယ်ကူမည့်ပုံရလေသည်။ သူ့အတွက် အားစိုက်ရန်ပင် လိုအပ်ချင်မှ လိုအပ်ပေလိမ့်မည်။
သူတို့က ဆေးဖော်စပ်သူများဖြစ်နေလျှင်ပင် ကျင့်ကြံသူများလည်း ဖြစ်နေသေးသည်။ ထို့ကြောင့် ဆေးများက သူတို့အတွက် အလွန်အရေးကြီးသည်။ ယခု လူအိုကြီးက ရီဖူရှင်းလုပ်ဆောင်ခဲ့သော မဟာလမ်းစဥ် ဆေးမှ အကျိုးအမြတ်များစွာ ရခဲ့ပေသည်။
"ခင်ဗျားတို့ လာလည်ကြတာက ကျုပ်ကို အတော်လေး တုန်လှုပ်စေတယ်။" အသံက တစ်နေရာမှ ထွက်ပေါ်လာသည်။ ရီဖူရှင်းက လေထုကို ဖြတ်သန်းကာ သူတို့ ဘေးသို့ ရောက်ရှိလာ၏။
"မိတ်ဆွေလေးရီ မင်းက ဒီလို အံ့သြစရာကောင်းတဲ့ဆေးကို လွယ်လွယ်လေး သန့်စင်နိုင်ခဲ့တယ်။ အဲဒါက ကျုပ်တို့အားလုံးထက်ကို အပြတ်အသတ်သာလွန်ပါတယ်။ ဒါကြောင့် ကျုပ်တို့က မိတ်ဆွေလေးကို ဖိတ်ခေါ်ပြီး ဆေးဖော်စပ်ခြင်းလမ်းစဥ်အကြောင်း ဆွေးနွေးချင်လို့။ ကျုပ်တို့မှာ မေးခွန်းတချို့ရှိတာ မိတ်ဆွေလေး လမ်းညွှန်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
လမ်းညွှန်ဖို့လား..။
နားထောင်နေသော ပိုင်မုက အံ့အားသင့်လွန်းသဖြင့် သူမ၏ မျက်လုံးများ ပြူးကျယ်ကာ ဆွံ့အသွားလေသည်။
ထိုသွေးနားထင်ရောက်နေသော ဆေးဖော်စပ်သူများက ရီဖူရှင်းထံမှ လမ်းညွှန်ချက်ကို လိုချင်နေသည်လား။
ရီဖူရှင်းက ဆေးဖော်စပ်ခြင်းကို ယခုမှစတင်သင်ယူနေဆဲ ဖြစ်သည်။
သူမ၏ အမြင်အရ ဆေးဖော်စပ်ခြင်းက အလွန် ခက်ခဲလှသည်။
ရီဖူရှင်းသည် အစောပိုင်းက အလွန်အစွမ်းထက်သော ဆေးဝါးကို သန့်စင်နိုင်ခဲ့ခြင်းပေလား။
"ကျုပ်က စီနီယာတို့နဲ့ ဆွေးနွေးချင်ပေမယ့် အခွင့်အရေး သိပ်မရတော့မှာကို စိုးမိတယ်။" ရီဖူရှင်းက သက်ပြင်းချလိုက်သည်။ "အခု အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဖွင့်လိုက်ပြီမို့ ကျုပ် ထွက်သွားဖို့ အချိန်ကျနေပြီ။ ကျုပ် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ကျင့်ကြံနေတုန်း ကျုပ်ကို သေစေချင်တဲ့သူတွေက အဆက်မပြတ်လိုက်နေတာကြောင့် ရွေးချယ်စရာမရှိဘဲ ကျွင်းမိသားစုရဲ့ တန်ခိုးရှင်တွေကို ဆန့်ကျင်ခဲ့ရတယ်။ ဒါကြောင့် ဖန်းလိုင်ကုန်းမြေ ကျွင်းမိသားစုက ကျုပ်တို့အဖွဲ့ကို မုန်းနေမှာ အသေအချာပဲ။ ကျုပ်မှာ ရွေးချယ်စရာမရှိဘဲ သူတို့ကို ရင်ဆိုင်ရတော့မှာ။ ဒါကြောင့် ကျုပ် ထွက်သွားတာနဲ့ ပြန်လာနိုင်မယ်လို့ မထင်ဘူး။"
"ဘာ.. ဖန်းလိုင်ကုန်းမြေဆိုတာ အရေးမကြီးပါဘူး။ မိတ်ဆွေလေးရီ၊ ခဏလောက်စောင့်။ ကျုပ် မင်းနဲ့အတူ လိုက်ပြီး ကူညီပေးဖို့ လူတချို့ သွားခေါ်လိုက်ဦးမယ်။"
"ဒါပေါ့။ မိတ်ဆွေလေးရီ၊ စိတ်မပူနဲ့။ ကျုပ်တို့ မင်းနဲ့ အဖော်လုပ်ပေးမယ်။ နေဦး... ကျုပ် ကျွန်းသခင်ကို သွားရှာလိုက်ဦးမယ်။"
"ဒီကိစ္စကို ကျုပ်တို့နဲ့သာ အပ်ထားလိုက်။"
အကူအညီပေးလိုသည်ဟု ပြောသောအသံများက ထွက်ပေါ်လာပြီး ရီဖူရှင်းအား မျက်ရည်လည်လုလု ဖြစ်သွားစေသည်။ ထိုသို့ အံ့သြဖွယ်ကောင်းသော လူတစ်စုက သူ ခံစားနေရသော တရားမမျှတမှုတို့ကို နားလည်ကာ သူ့ကို ကူညီပေးရန် ဆန္ဒရှိကြလေသည်။
ပိုင်မုက ထိုနေရာတွင် ရပ်နေပြီး အလွန် ဦးနှောက်ခြောက်လာသလို ခံစားရပေသည်။
***