← Chapters

မှန်ကန်သော ဆုံးဖြတ်ချက်

Vol. 59 Ch. 589

မှန်ကန်သော ဆုံးဖြတ်ချက်

Vol. 59 Ch. 589

လူကောင်းလေးပါ!!!

ထိုစကားကို ကြားလိုက်သည်နှင့် ကျုံးချိန်းကောင်း၏ နှလုံးသားသည် ပြင်းစွာ တုန်ခါသွား၏။ သူ အသည်းအသန် တိုက်နေရသော တိုက်ပွဲကား အပြီးသတ် ရှုံးနိမ့်သွားချေပြီတကား။

ကုချွန်းမြန်က လေးလေးနှင့်မှန်မှန် စကားဆက်ပြန်သည်။

"ဒီအဖြေကို မင်း သဘောမတွေ့မှန်း ကျုပ် သိတယ် ဒါပေမဲ့ မြို့တော်ကို သားရဲတွေ ဝင်တိုက်တော့ သူ ဘာလုပ်ခဲ့သလဲ ပြန်စဥ်းစားကြည့် သူသာ မကယ်ခဲ့ရင် ဝါးမြိုခြင်းမြစ်မြို့တော်တခုလုံး သားရဲတွေ ဖျက်ဆီးတာကို ခံရမှာ ဧကန်ပဲ ခု ကျုပ်တို့ ဒီအကြောင်း ပြောနေတာမဟုတ်တာတော့ မှန်တယ် ဒါပေမဲ့ မင်း စဥ်းစားကြည့်စမ်း သူဟာ ကုမျိုးနွယ်စု ကျုပ်တို့ ဘိုးဘေးတည်ထောင်သူ ကျုပ်အပါအဝင် မြို့သူမြို့သားတွေအကုန်လုံးကို ကယ်တင်ခဲ့တယ် သူ အသက်စွန့်ပြီး သူတပါးကို ကူညီနေချိန်မှာ မင်း ဘယ်ရောက်နေသတုန်း"

"ကျွန်တော်...."

ကျုံးချိန်းကောင်း ဆွံ့အသွား၏။

သားရဲများ ကျူးကျော်လာချိန်ဝယ် ချီစွမ်းအားပညာရှင်များသည် မြို့တော်အား ဝိုင်းဝန်းကာကွယ်ခဲ့ကြ၏။ သို့သော် လူတိုင်းတော့ မဟုတ်ချေ။

သာမာန်လူများ၏ မျှော်လင့်ချက်ကို သစ္စာဖောက်ခဲ့သည့် ချီစွမ်းအားပညာရှင်တချို့လည်း အမှန်တကယ်ပင် ရှိနေခဲ့၏။

ကျုံးချိန်းကောင်းကား ထိုအထဲမှ တယောက်ပင်။ သားရဲများ ဝင်တိုက်ချိန်တွင် သူသည် အထုပ်အပိုးများ သိမ်းဆည်းကာ မြို့ပြင်တွင် သွားရောက်ပုန်းအောင်းနေခဲ့၏။ မြို့ထဲရှိ ပြည်သူများ၏ အသက်ကို သူ အနည်းငယ်မှ ဂရုမစိုက်ခဲ့ချေ။

ကုချွန်းမြန်ကလည်း ထိုအကြောင်းကို ကောင်းကောင်း သိထား၏။

ကျုံးချိန်းကောင်းက ဒေါသတကြီးနှင့် ပြန်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ ဒီမြို့ကမှ မဟုတ်တာပဲ ပြီးတော့ ဦးရီးတော်က စေ့စပ်ကြောင်းလမ်းတာကို ဖျက်လိုက်တော့ ကျွန်တော့အနေနဲ့ မတရားဘူးလို့ ခံစားနေရတယ် ဒီမြို့အတွက်လဲ တိုက်ခိုက်ပေးချင်စိတ် မရှိတော့ဘူးလေ ဒီကိစ္စမှာ ကျွန်တော် နည်းနည်းမှားသွားတယ်လို့တော့ ဝန်ခံပါတယ် ဒါပေမဲ့ ခွင့်လွှတ်ထိုက်ပါတယ် ဦးရီးတော်"

"ခွင့်လွှတ်ထိုက် မထိုက်ဆိုတာ မင်း ဆုံးဖြတ်ရမှာ မဟုတ်ဘူးကွ မြို့သူမြို့သားတွေ ဆုံးဖြတ်ရမှာ "

ကုချွန်းမြန်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

"မင်း ဘာမှ ဆင်ခြေပေးနေစရာ မလိုတော့ဘူး မင်း ပြောသလိုပဲလေ မင်းဟာ ဒီမြို့ကမှ မဟုတ်တာပဲ ဒါကြောင့် ဒီမြို့သားတွေအတွက် မင်း အသက်ပေးပြီး တိုက်ခိုက်နေစရာ မလိုဘူး ဒါနဲ့များ ဘယ့်နှယ်ကြောင့် ဒီမြို့သူတယောက်ကို မင်း လက်ထပ်ချင်နေရတာတုန်း"

"ဒီတော့ စုချန်းဆိုတဲ့ လူလိမ်က ဒီမြို့သူတယောက်နဲ့ လက်ထပ်ဖို့ သင့်တော်တယ်ပေါ့လေ ဦးရီးတော် ဟုတ်လား"

ကျုံးချိန်းကောင်းက အက်ကွဲသော လေသံနှင့် မေးလိုက်သည်။

"လူလိမ် ဟုတ်လားကွ"

ကုချွန်းမြန်၏ မျက်ခုံးအစုံ အပေါ်သို့ မြင့်တက်သွား၏။

"သူ့ရည်ရွယ်ချက်ဟာ ပျံသန်းခြင်းကွန်ယက် တည်ဆောက်ဖို့မဟုတ်ပဲ သူနဲ့ ကုမျိုးနွယ်အကြား နီးကပ်စေဖို့ ပြီးရင် သူနဲ့ချိန်းလွှာ နီးစပ်လာစေဖို့ ဆိုတာကိုတော့ ကျုပ် လက်ခံတယ် ဒါနဲ့ပဲ ပျံသန်းခြင်းကွန်ယက်ကြီးတခုလုံးဟာ အလိမ်အညာလို့တော့ ပြောလို့မရဘူးကွ ဒီလုပ်ငန်းကတော့ တကယ့် အစစ်အမှန်ပဲ ခုဆိုရင် ဒီလုပ်ငန်းက ကောင်းကောင်းကြီး အလုပ်ဖြစ်နေပြီ တိုးတက်ထွန်းကားနေပြီ ခု ကျုပ်တ်ို့လုပ်ရမှာဆိုလို့ အကျိုးအမြတ်တွေ ပြန်ဝင်လာမှာကို ထိုင်စောင့်နေရုံပဲ ရှိတော့တယ် ဒါကြောင့် ဒီစီးပွားရေးဟာ အလိမ်အညာတခုထက် အများကြီးပိုတယ် ဒါတင်မကသေးဘူး ဒီလုပ်ငန်းထဲမှာ ဒီမြို့က မျိုးနွယ်စုကြီးလေးစုပါ ရင်းနှီးမြုပ်နှံထားကြသေးတယ် ဒါကြောင့် ကျုပ်တို့ ဒီအချိန်ကြီးကျမှ အလွယ်တကူတော့ နောက်ဆုတ်လို့ မရတော့ဘူး"

"ဒီတော့ ဦးရီးတော်က စိတ်ပြောင်းသွားပြီပေါ့လေ စုချန်း လိမ်နေတာ သိထားတာတောင်မှလေ ဦးရီးတော် သူ့ကို လက်ခံတော့မှာပေါ့လေ ဟုတ်လား သူ့မှာ သွေးဗီဇမရှိမှန်း သိနေတာတောင်လေ ဒီအတွက် တလောကလုံးက ကုမျိုးနွယ်ကို ဝိုင်းရယ်ကြလိမ့်မယ်ဗျ"

ကျုံးချိန်းကောင်းက တင်းမာသော လေသံနှင့် ပြောလိုက်၏။

ဘုန်း!!!

ကျယ်လောင်သော အသံတချက် ထွက်ပေါ်လာပြီး ကျုံးချိန်းကောင်း နောက်သို့လွင့်စင်သွား၏။

ပြီးမှ ကုချွန်းမြန်က သူ့လက်က်ို ဖြေးညှင်းစွာ ရုတ်သိမ်းပြီး ပြောလိုက်သည်။

"ဒီတချက်ဟာ ကိုယ့်ထက်ကြီးတဲ့လူတွေက်ို အရိုအသေတန်လို့ မင်းကို သင်ခန်းစာပေးလိုက်တဲ့ သဘောပဲကွ ဒါပေမဲ့ မင်းဟာ ငယ်သေးတယ် မင်းအဖေနဲ့ ကျုပ်ကြားမှာလဲ သမိုင်းကြောင်းတွေ မျက်နှာထောက်စရာတွေ ရှိခဲ့ဖူးတယ် ဒါကြောင်း မင်းရဲ့မေးခွန်းကို ကျုပ် ဖြေပေးလိုက်မယ် ဟုတ်တယ် စုချန်းနဲ့ ပတ်သက်လို့ အကြီးကျယ်ဆုံး ပြောစရာက သူ့နောက်ခံမျိုးရိုးပဲ သူ့မှာ သွေးဗီဇ မရှိဘူး ဒါပေမဲ့ သူနဲ့ပတ်သက်လို့ အရေးကြီးတဲ့ နှစ်ချက်ကိုတော့ မင်း မမေ့လိုက်လေနဲ့"

ကုချွန်းမြန်က လက်ညိုးတချောင်းထောင်ပြပြီး စကားဆက်ပြန်၏။

"ပထမဆုံးတချက်အနေနဲ့ စုချန်းဟာ သွေးဗီဇမရှိပေမဲ့ သူ့အင်အားဟာ အဆင့်နိမ့်အလွှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်နီးပါးလောက်ရှိတယ်ဆိုတာ သက်သေပြခဲ့ပြီးပြီ သားရဲတွေနဲ့ တိုက်ပွဲတုန်းက သူ့ရဲ့တိုက်စွမ်းအားဟာ ဒီအတွက် သက်သေပဲကွ ဒါကြောင့် သူ့ကို လူတွေကြားထဲက နဂါးလို့ ခေါ်ရင်တောင် လွန်မယ်မထင်ဘူး ဘယ်လိုလုပ်ပြီး သွေးဗီဇမရှိတဲ့ သာမာန်ချီစွမ်းအားပညာရှင်တယောက်က သွေးဗီဇပိုင်ရှင်တွေထက် အင်အားကောင်းနေရတာလဲ ဒါ အံ့သြစရာမကောင်းဘူးလား"

ကုချွန်းမြန်က နောက်ထပ် လက်တချောင်းထပ်ထောင်ပြီး စကားဆက်၏။

"ဒုတိယအနေနဲ့ စုချန်းဟာ မြို့သားတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ် ဒီတချက်နဲ့တင်ပဲ သူဟာ မြို့သူမြို့သားတွေရဲ့ လေးစားမှုကို ရသွားခဲ့ပြီ လူတိုင်းရဲ့ နှလုံးသားကို သူ သိမ်းကျုံးယူငင်နိုင်သွားခဲ့ပြီ သူ့ကို ဘယ်သူမှ မလေးမစား မလုပ်ရဲတော့ဘူး သူဟာ သွေးဗီဇမရှိမှန်း လူတိုင်းသိတယ် ဒါပေမဲ့ မယုံကြည်လောက်စရာ တိုက်ခိုက်ရေးစွမ်းရည်​ကြောင့် လူတွေ အိပ်မက်တောင်မက်ဖို့ ခဲယဥ်းတဲ့အရာကို လုပ်နိုင်ခဲ့မှန်း လူတိုင်း သိသွားပြီ ပြီးတော့ ဒီသတင်းကလဲ တောမီးလိုပဲ ပျံ့နှံ့သွားပြီကွ ဒီလိုအနေအထားမျိုးမှာ ချိန်းလွှာက သူ့ကိုလက်ထပ်လိုက်လို့ ကုမျိုးနွယ်အဖို့ သိက္ခာကျစရာဖြစ်နေအုံးမယ်လို့ မင်း တကယ်ပဲ ထင်နေသေးတာလား"

ကျုံးချိန်းကောင်း ဘာပြောရမှန်းပင် မသိတော့။

တကယ်တော့ စုချန်းနှင့် ကုချိန်းလွှာတို့၏ လက်ထပ်ထိမ်းမြားခြင်းအတွက် အဓိက အတားအဆီးမှာ ဂုဏ်သိက္ခာပင် ဖြစ်သည်။ မျိုးနွယ်စုအဖွဲ့သည်လည်း ဂုဏ်သိက္ခာကို တန်ဖိုးထားကြ၏။ တော်ဝင်မျိုးနွယ်စုဝင်တယောက်အဖို့ သွေးဗီဇမပါသူ သာမာန်လူတယောက်နှင့် လက်ထပ်ခြင်းသည် သိက္ခာကျစရာပင် မဟုတ်ပါလား။ တော်ဝင်မျိုးနွယ်စုများအနေနှင့် ဤလက်ထပ်ခွင့်မျိုးကို ဘယ်တုန်းကမှ အလွယ်တကူ ခွင့်ပြုလေ့မရှိချေ။

သို့သော် သွေးဗီဇမပါသူသည် မိမိ၏ အရည်အချင်း၊ အဆင့်အတန်း၊ ဂုဏ်ဒြပ်ကို သက်သေပြနိုင်ခဲ့ပြီး လူအများ၏ အသိအမှတ်ပြုလေးစားမှု၊ ကြည်ညိုမှုတို့ကို လက်ခံရရှိခဲ့ပါက ၎င်းတို့၏ လက်ထပ်ထိမ်းမြားခြင်းသည် အရှက်ရလာစရာ အကြောင်းမရှိတော့။

အထက်ပါ အကြောင်းပြချက်များကြောင့် စုချန်းနှင့် ကုချိန်းလွှာတို့အား ကုချွန်းမြန်နှင့် မျိုးနွယ်စုအဖွဲ့တို့က သဘောတူလိုက်ခြင်းပင်။

ကုချွန်းမြန်က စကားဆက်ပြန်၏။

"မင်းအနေနဲ့ စုချန်း ကုမျိုးနွယ်စုအပေါ် ဒီလို နည်းလမ်းတွေနဲ့ ချည်းကပ်လာတာကို သဘောမကျလို့ ရတယ် မနှစ်မြို့လို့ရတယ် ဒါပေမဲ့ အဖေတယောက်အနေနဲ့ ကျုပ်ဟာ သူရဲကောင်းဆန်တဲ့ လူငယ်တယောက် ကျုပ်သမီးကို နှစ်နှစ်ကာကာ ချစ်လို့ လက်ထပ်ချင်လို့ ဒီလို ကြိုးကြိုးစားစား အားထုတ်တာကို ဒေါသထွက်နေစရာ ဘာအကြောင်းမှ မရှိဘူးကွ ကျုပ်ကို လှည့်စားနိုင်တယ်ဆိုတာကိုက သူ့စွမ်းရည်ကို ပြနေသလိုပဲ သူ့အသက်အရွယ်နဲ့ ဒီလောက်ထိ လိမ္မာပါးနပ်နေတာကို ကျုပ်ဖြင့် မချီးကျူးပဲကို မနေနိုင်ဘူး သူဟာ အခြေအနေတခုလုံးကို စေ့စေ့စပ်စပ် တွေးတတ်တယ် ရည်မှန်းချက် ကြီးမားတယ် ဒါ့အပြင် သူဟာ ဥပဒေကို လိုက်နာတယ် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိတယ် ဒီလိုလူစားမျိုးကိုမှ ကျုပ် သဘောမကျရင် ကျုပ် ရူးနေလို့ပေါ့ကွာ"

ကျုံးချိန်းကောင်း အကြီးအကျယ် အံ့သြသွား၏။

"ကိုယ့်ကိုယ် လာလိမ်နေတာတောင် ဦးရီးတော်က စိတ်မဆိုးဘူးပေါ့"

"မဆိုးဘူး မဆိုးရုံအပြင် သဘောတောင်ကျနေသေးသဟေ့"

ကုချွန်းမြန်က ပြန်ဖြေလိုက်သည်။

"ပြီးတော့ ဒီလို သဘောကျတာ ကျုပ်တယောက်တည်း မဟုတ်ဘူး မျိုးနွယ်စုဝင်တွေ အကုန်လုံးပဲ သူတို့ ကျုပ်ကိုတောင် မနာလိုဖြစ်နေကြတယ် ကျုပ်သာ စုချန်းကို သမက်အဖြစ် လက်မခံရင် သူတို့တွေ ကျုပ်ကိုတောင် ပြသနာရှာကြလိမ့်မယ်"

ကျုံးချိန်းကောင်း၏ တကိုယ်လုံးသည် ပြင်းထန်စွာ တုန်ခါသွား၏။

ထိုအဖြေကို သူ လုံးဝ လက်သင့်မခံနိုင်။

သို့သော် အမှန်တရားဟူသည် တခါတရံတွင် ခါးသီးနေတတ်လေသည်။

"ကောင်းတယ် သိပ်ကောင်းတယ် ကျုပ် ဒါကို ကောင်းကောင်းကြီး မှတ်ထားတယ်"

ကျုံးချိန်းကောင်းသည် အက်ကွဲသံကြီးနှင့် ဟားတိုက်ရယ်မောလိုက်ပြီး နောက်သို့ ဆုတ်သွား၏။

"ခင်ဗျားတို့ ကုမျိုးနွယ်တွေဟာ အကုန်လုံး လူလိမ်တွေပဲ တယောက်ယောက်ကို နည်းနည်းလေး အထင်ကြီးလိုက်တာနဲ့ အကျင့်စာရိတ္တကို အမှိုက်ပုံထဲ ပစ်ချလိုက်ဖို့ ဝန်မလေးတဲ့ လူတွေ"

အကြီးအကျယ် ဒေါသထွက်နေပြီ ဖြစ်လေရာ ကျုံးချိန်းကောင်း၏ စကားတို့မှာ အထိန်းအကွပ်မရှိတော့။

ကုချွန်းမြန် ခေါင်းခါလိုက်သည်။

"ကျုပ် မင်းရဲ့ ခံစားချက်ကို နားလည်တယ် ဒါနဲ့ပဲ ကျုပ်ရဲ့မျိုးနွယ်စုကို မင်း စော်ကားလို့တော့ မရဘူးကွ မင်းအဖေမျက်နှာကို ထောက်ပြီး ဒီတကြိမ် ကျုပ် ခွင့်လွှတ်ပေးလိုက်မယ် မင်းပါးစပ်က နောက်တကြိမ် ဒီလို ပေါက်လွှတ်ပဲစားတွေ ထွက်လာရင် ကျုပ်ကို မယဥ်ကျေးဘူးလို့ အပြစ်မတင်နဲ့ ဟုတ်ပြီလား စုချန်း နိုးလာတာနဲ့ ကျုပ်တို့ စေ့စပ်ပွဲသတင်း ဖြန့်မယ် ခုနှစ်ရက်ပြည့်ရက် သူတို့နှစ်ယောက်ကို စေ့စပ်ပေးမယ် ဒီတော့ ကျုပ် အကြံပေးချင်တာက မင်းနဲ့ပါလာတဲ့ လက်ဆောင်တွေကို ပြန်ယူပြီး မင်းအနေနဲ့ ဒီကနေ အမြန်ဆုံး ပြန်သွားတာ ကောင်းလိမ့်မယ်"

၎င်းကိုကြားသည်နှင့် အခြေအနေတခုလုံးကို ပြန်ပြင်၍ မရတော့မှန်း ကျုံးချိန်းကောင်း သဘောပေါက်သွား၏။

ထိုအခါ သူက သက်ပြင်းချရင်း ပြောလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ ဦးရီးတော် ကျွန်တော် ဘာမှထပ်ပြီး မတောင်းဆိုတော့ပါဘူး ချိန်းလွာလဲ စေ့စပ်တော့မယ် ကျွန်တော်လဲ ဒီရောက်နေတုန်းဆိုတော့ ဒီပွဲကို ကျွန်တော် တက်သင့်တယ်ထင်တယ် ကျွန်တော့ကို ဒီအခွင့်အရေး ပေးနိုင်မလား ဦးရီးတော်"

ထိုစကားကြောင့် ကုချွန်းမြန် မျက်မှောင်ကုတ်သွားသည်။

သူ့စိတ်ရင်းအရကတော့ ကျုံးချိန်းကောင်းကို စေ့စပ်ပွဲတွင် မရှိစေလို။ သို့သော် ၎င်းသည် ကျုံးမျိုးနွယ်ဝင် သခင်လေး ဖြစ်နေ၏။ ကျုံးနှင့် ကုမျိုးနွယ်အကြားဝယ် မျက်နှာထောက်စရာများကလည်း ရှိနေသေးသည်။

အတန်ကြာအောင် စဥ်းစားပြီးနောက် ကုချွန်းမြန်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ အဲဒါဆိုလဲ မင်း ဆက်နေပေါ့"

"ကျေဇူးတင်ပါတယ်ဗျာ"

စကားဆုံးသည်နှင့် ကျုံးချိန်းကောင်းသည် ကုချွန်းမြန်အား ဦးညွတ်ကာ နေရာမှ ထွက်ခွာသွားလေသည်။

ကျုံးချိန်းကောင်း ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးမှ ကုချွန်းမြန်က ပြောလိုက်သည်။

"ကျုံးချိန်းကောင်းကို မျက်ချေမပြတ် စောင့်ကြည့်နေဖို့ ငယ်သားတွေအကုန်လုံးကို သတိပေးလိုက်စမ်း အခမ်းအနားကို ပျက်ပြားစေမဲ့ ဘယ်ကိစ္စကိုမှ သူ မလုပ်မိစေနဲ့"

"ကောင်းပါပြီသခင်ကြီး"

အမှောင်ထုအတွင်းမှ အသံတသံက ပြန်ဖြေလိုက်သည်။

***

All Chapters