← Chapters

ပျော်စရာနေ့ရက်များ

Vol. 59 Ch. 590

ပျော်စရာနေ့ရက်များ

Vol. 59 Ch. 590

"ဒီတော့ ကုမျိုးနွယ်စုက ကျုပ်တို့အကြောင်းကို သိသွားပြီပေါ့ သူတို့ သဘောတူလိုက်ပြီပေါ့"

စုချန်းက ကုချိန်းလွှာ၏ ပေါင်ပေါ်တွင် ခေါင်းမှီရင်း မေးလိုက်သည်။

"ဟုတ်တာပေါ့"

ကုချိန်းလွှာက တခစ်ခစ် ရယ်မောရင်း ပြန်ဖြေလိုက်၏။

"ရှင် သိပ်ကံကောင်းတယ် သားရဲတွေ ဝင်တိုက်တာနဲ့ ပြသနာတွေအားလုံးကို တခါတည်းရှင်းပြီးဖြစ်သွားတာပဲ တကယ်လို့ အလင်းတန်းမြွေကြီးသာ နှစ်ဝက်လောက် စောပြီးရောက်လာရင် ရှင် ဒီလို အစွမ်းပြဖို့ အခွင့်အရေး ရလိုက်မှာမဟုတ်ဘူး"

"အိုး အဲဒီလိုဆိုရင်လဲ အားလုံးကို စွန့်လွှတ်ပြီး မင်းကို အဝေးကြီး ခေါ်သွားရတော့မှာပေါ့ ကုမျိုးနွယ်တွေအနေနဲ့ အဲဒီအချိန်မှာ အလုပ်ရှုပ်နေလို့ ကျုပ်တို့ကို တားနိုင်မှာ မဟုတ်ဘူးလေ"

ကုချိန်းလွှာက မျက်စောင်းထိုးပြီး စုချန်း၏ ပုခုံးအား ရိုက်ပုတ်လိုက်၏။ ထိုအခိုက်မှာပင် စုချန်းသည် အဝေးဆီသို့ငေးနေပြီး ငိုင်တိုင်တိုင်ဖြစ်နေကြောင်း သူမ သတိပြုမိလိုက်သည်။

"ရှင့်ကိုကြည့်ရတာ ပျော်ပုံလဲ မပေါ်ပါလား"

သူမက မေးခွန်းထုတ်လိုက်၏။

"ကျုပ် ပျော်တာပေါ့ကွာ"

စုချန်းက အားယူပြုံးရင်း ဖြေလိုက်သည်။

ပြောသာပြောလိုက်ရသည်။ စုချန်း မည်သို့ ပျော်နိုင်အံ့နည်း။ လက်ရှိအချိန်ထိ ကျူးရှန်းယောင်၏ ပြသနာအား သူ မဖြေရှင်းရသေး။

သူသည် ဝါးမြိုခြင်းမြစ်မြို့တော်ကို ရောက်ကတည်းက ကုမျိုးနွယ်စုဘက်မှ ပြသနာများကို ကိုင်တွယ်နိုင်ရန်သာ အားသွန်ခွန်စိုက် ကြိုးစားနေခဲ့၏။ ကျူးရှန်းယောင်ကိစ္စအား သူ အာရုံမစိုက်နိုင်ခဲ့။

လက်ရှိအချိန်တွင် ကျူးရှန်းယောင်နှင့် သူ့အကြားမှ ကိစ္စများအား ဖွင့်ချလိုက်ပါက ဘာတွေဖြစ်လာမည်ကို စုချန်း သေချာ မပြောနိုင်။ သို့သော် ပြသနာများ အလုံးစုံ မရှင်းလင်းသေး၍ အချိန်အနည်းငယ် ထပ်စောင့်လိုက်မည်ဟု သူက ဆုံးဖြတ်လိုက်လေသည်။

၎င်းမှာ တကိုယ်ကောင်းဆန်ရာကျမှန်း၊ ကုချိန်းလွှာအပေါ် မတရားရာကျမှန်း စုချန်း ကောင်းကောင်းသိသည်သာ။ သို့သော် အနှီ မိန်းကလေးနှစ်ယောက်လုံးကို သူ မစွန့်လွှတ်နိုင်ပဲ ဖြစ်နေ၏။ ထို့ကြောင့် ဤအတိုင်းသာ သူ လုပ်ရပေလိမ့်မည်။

နေပါအုံး...ဒါကို မစွန့်လွှတ်နိုင်ဘူးလို့ တကယ်ပဲ ခေါ်လို့ရသတဲ့လား...

သေစမ်း....

တွေးရင်းနှင့် စုချန်း ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်မိ၏။

နောက်ဆုံးတော့ အတွင်းစိတ်ထဲတွင် သူသည် တကိုယ်ကောင်းဆန်သူတယောက် ဖြစ်နေဆဲပေတကား။

ထိုအခါ စုချန်း၏ စိတ်သည် ပဋိပက္ခ ဖြစ်လာ၏။ ဝေခွဲမရ ဖြစ်လာတော့၏။

တဖက်တွင် သူသည် လူပေါင်းများစွာ၏ အသက်ကို ကိုယ်ကျိုးစွန့်၍ ကယ်တင်ခဲ့သည်။ တဖက်တွင်တော့ သူသည် တကိုယ်ကောင်းဆန်သူတယောက် ဖြစ်နေပြန်၏။

သို့သော် ဤသည်ပင်လျင် လူ့သဘာဝ မဟုတ်တုံလော။

တကယ်တော့ ၎င်းမှာ ပဋိပက္ခဟုပင် မဆိုနိုင်။ ၎င်းမှာ ကိုယ်ကျင့်တရားနှင့် လူ့သဘာဝတို့၏ ယှဥ်တွဲတည်ရှိမှုသာ ဖြစ်ည်။

မြို့သူမြို့သားများ၏ အသက်ကို ကယ်တင်ခြင်းမှာ လူသားဖြစ်တည်ရခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သော ကိုယ်ကျင့်တရား၏ ကိစ္စ ဖြစ်သည်။ အခြားတဖက်ဖြစ်သော မိမိအကျိုးအမြတ်အတွက် ကိုယ်ကျိုးကြည့်မ်ိခြင်း ဟူသည်ကား သက်ရှိများ၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်ခြင်းမှ ဆင်းသက်လာသော သဘာဝတခုပင်။

ထို့ကြောင့် ကိုယ်ကျင့်တရားနှင့် လူသားသဘာဝသည် ပူးတွဲတည်ရှိနေကြပြီး အချင်းချင်းလည်း ဆန့်ကျင်ဘက် ဖြစ်နေကြသော သဘောကို ဆောင်ပေသည်။

သို့သော် လက်ရှိတွင် ခေါင်းရှုပ်စရာကိစ္စများကို စဥ်းစားနေ၍ စုချန်းအတွက် ဘာအကျိုးရှိမည်နည်း။

ပျော်ရမည့်အချိန်တွင် ပျော်ပျော်နေလိုက်ရုံသာ မဟုတ်တုံလော။

ထိုအခါ သူက ကုချိန်းလွှာကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဒီတော့ လာမဲ့ ရက်အနည်းငယ်အတွင်း မင်းနဲ့ကျုပ် လက်ထပ်ကြတော့မှာပေါ့ ဟုတ်လား"

"ဟုတ်တယ်လေ ဘာလဲ ရှင်က မပျော်ဘူးလား"

ကုချိန်းလွှာက ပြန်မေးလိုက်သည်။

"မဟုတ်ဘူး ဒီအတွက် ကျုပ်က လက်တွေ့အကျိူးကျေးဇူးလေး ခံစားကြည့်ချင်လို့ပါကွာ"

စုချန်းက ရယ်မောရင်း ပြောလိုက်၏။

"ဘာလဲ ဘာအကျိုးကျေးဇူးလဲ ရှင့်"

ကုချိန်းလွှာက မသိဟန်ပြု၍ ပြန်မေးလိုက်သည်။

စသလိုနောက်သလို အမူအရာလုပ်သောအခါ သူမသည် ညတစ္ဆေနှင့် တူလှ၏။

စုချန်းက သူ့နှုတ်ခမ်းအစုံက်ို စုပြလ်ိုက်လေသည်။ ကုချိန်းလွှာက သဘောပေါက်ဟန်ဖြင့် မျက်စောင်းထိုးလိုက်၏။

စုချန်း အနည်းငယ် စိတ်ပျက်သွား၏။ သို့သော် သူက ကုချိန်းလွှာအား ထပ်မံ မစနောက်တော့။ ကျူးရှန်းယောင်ပြသနာကြောင့် သူ့ခေါင်းတခုလုံး ရှုပ်ထွေးနောက်ကျိနေသည် မဟုတ်ပါလား။

၎င်းကို မသိသော ကုချိန်းလွှာက စုချန်း၏ အမူအရာကို ကြည့်ပြီး သနားသွားဟန်တူသည်။ စုချန်းအား ဇိုးခနဲ ဇတ်ခနဲ နမ်းရှုပ်လိုက်တော့၏။ သူမ၏ လှုပ်ရှားမှုမှာ မြန်ဆန်လှသည်။ စုချန်းပင် ဘာမှ လုပ်ချိန်မရလိုက်။

ထို့နောက် ကုချိန်းလွှာက မေးလိုက်၏။

"ကဲ ကျေနပ်ပြီလား"

"ထိရုံလေးနဲ့တော့ ဘယ်ကျေနပ်မှာတုန်းကွ"

"ဒီတော့ ရှင်က ဘယ်လိုမှ ကျေနပ်မှာလဲ"

"ကြာကြာလေးနဲ့ နက်နက်ရှိုင်းရှိုင်းလေးပေါ့ကွာ"

ကုချိန်းလွှာ၏ အထိအတွေ့ကြောင့် စုချန်း၏ စိတ်သည် တမျိုးတဖုံ ပြောင်းလဲလာပြီ ဖြစ်သည်။ ထို့ကြောင့် သူ့စကားလုံးများမှာလည်း ပို၍ ညစ်ညမ်းလာ၏။

ထိုအချိန်မှာပင် စုချန်း၏ ဝမ်းဗိုက်သည် စူးခနဲ နာကျင်သွား၏။

"အိုး"

စုချန်း ကမန်းကတန်း မတ်တပ်ရပ်လိုက်သည်။

လက်စသတ်တော့ ကုချိန်းလွှာက စုချန်း၏ ဝမ်းဗိုက်အား အညိုအမဲစွဲသွားအောင် ကိုက်ခဲလိုက်ခြင်းပင်။

ကုချိန်းလွှာ တခစ်ခစ် ရယ်မောလိုက်သည်။

"ဒီလောက်ဆိုရင် ရပြီလား နက်နက်လေးလေ ဒီထက် နက်ပေးရအုံးမှာလား"

"နေပါစေတော့ကွာ"

ပြောပြောဆိုဆို စုချန်းက အိပ်ယာ၏ တဖက်ခြမ်းသို့ လှိမ့်ထွက်လိုက်လေသည်။

"ဘာလဲ ရှင်က စိတ်ဆိုးသွားတာလား"

ကုချိန်းလွှာက နှုတ်ခမ်းစူရင်း မေးလိုက်၏။

"မဆိုးရပါဘူးကွာ"

စုချန်းက ပျင်းရိငြီးငွေ့ဟန်ဖြင့် ပြန်ဖြေလိုက်၏။

"အံမလေး ရှင့်လေသံကို နားထောင်တာနဲ့ စိတ်ကောက်သွားမှန်း ကျွန်မ သိပါတယ်နော် ကျွန်မက စနေတာပါရှင့်"

ထို့နောက် သူမက စုချန်းအနီးသို့ တိုးကပ်လာ၏။ ထိုအချိန်မှာပင် စုချန်းက ကုချိန်းလွှာအား ဖြတ်ခနဲ ဆွဲပွေ့ပြီး အားရပါးရကြီး နမ်းရှုပ်လိုက်တော့သည်။

ကုချိန်းလွှာ လုံးဝ အငိုက်မိသွားရှာ၏။

နောက်နေ့ရက်များတွင်တော့ စုချန်းနှင့် ကုချိန်းလွှာတို့သည် ညားခါစ ဇနီးမောင်နှံသဖွယ် တပူးပူးတတွဲတွဲ ရှိနေကြလေ၏။

သို့သော်ငြားလည်း ရှိရှိသမျှ အချိန်တိုင်းကိုတော့ ဤနည်းအတိုင်း သူတို့ ဖြုန်းတီးနေကြသည်တော့ မဟုတ်ချေ။

အားလပ်ချိန်များတွင် စုချန်းသည် စီးပွားရေးလုပ်ငန်းများအား ပြန်လည်အာရုံစိုက်လာ၏။ သို့သော် အပြည့်အဝ အာရုံစိုက်ထားခြင်းမျိုးတော့မဟုတ်။ သူ့အနေနှင့် အဆိုပါ စီးပွားရေးလုပ်ငန်းများအား ကုမျိုးနွယ်စုထံသို့ လက်လွှဲပြီး သူကတော့ နောက်ကွယ်မှသာ ကြိုးကိုင်ရန် စတင်ပြင်ဆင်နေခဲ့လေပြီ။

တော်ဝင်မျိုးနွယ်စုများဟူသည်လည်း ရှိရှိသမျှ စီးပွားရေးလုပ်ငန်းတိုင်းကို ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်လေ့ မရှိကြပေ။ ထူးချွန်ထက်မြက်ပြီး စိတ်ချရသော လက်အောက်ငယ်သားများအား ဦးဆောင်လုပ်ကိုင်စေလေ့ရှိကြပြီး ၎င်းတို့ကတော့ နောက်ကွယ်မှသာ လမ်းညွှန်လေ့ရှိကြသည်။

စုချန်းလည်း ထိုနည်းအတိုင်းပင်။ သူ့အနေနှင့် သုတေသနလုပ်ငန်းများနှင့် လေ့ကျင့်ရေးပိုင်းကို ပိုမို အာရုံစိုက်နိုင်ရန် စီးပွားရေးလုပ်ငန်းများ စိတ်ချရသူများနှင့် လက်လွှဲထားရပေလိမ့်မည်။

သားရဲများနှင့် ပြင်းထန်သော တိုက်ပွဲကြီးဆင်နွှဲအပြီးဝယ် သူသည် ယခင်နှင့် မတူတော့ကြောင်း စုချန်း သတိထားမိလာ၏။

မူလစွမ်းအင်များသည် သူ့ကိုယ်တွင်းဝယ် အတာအဆီးမရှိ လွတ်လပ်စွာ လှည့်ပတ်စီးဆင်းနေ၏။ ကြည့်ရသလောက် ကျင့်ကြံခြင်းဆိုင်ရာ လမ်းကြောင်းအား ပိတ်ဆို့နေသော အတားအဆီးများ ကျိုးပြတ်သွားပြီး အင်အားများ အကန့်အသတ်မရှိ တိုးပွားလာပုံပေါ်နေ၏။ ထို့ပြင် စုချန်း၏ တိုက်ပွဲအပေါ် အာရုံခံနိုင်စွမ်းမှာလည်း များစွာ တိုးပွားလာခဲ့၏။ ယခင်က ပြင်းထန်သော တိုက်ပွဲများတွင် စုချန်းသည် ကြိုတင်ပြင်ဆင်မှုများ၊ အကြံအစည်များကို အားကိုးခဲ့ရသည်။ ယခုတွင် သူသည် ဗီဇသိနှင့်ပင် တိုက်ပွဲဝင်နိုင်လာခဲ့လေပြီ။

တဖက်တွင်လည်း ကုချွန်းမြန်က စုချန်းကို ​လေ့ကျင့်ပေးနေ၏။

ကုချွန်းမြန်ကား ကြာပန်းခုနှစ်ပွင့်အဆင့် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင် ဖြစ်သည်။ စုချန်းသည် သာမာန်အားဖြင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးအား အန်တုဖက်ပြိုင်နိုင်သည်ဆိုသော်ငြား ၎င်းမှာ အကန့်အသတ်နှင့်သာ ဖြစ်သည်။ အဆင့်မြင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များအား စုချန်းအနေနှင့် မည်သို့မှ မယှဥ်နိင်။

သို့သော် ကုချွန်းမြန်၏ လေ့ကျင့်ပေးမှုအောက်ဝယ် စုချန်းသည် ယခင်ကထက် များစွာ တိုးတက်လာခဲ့၏။ သူ့အား ကုချွန်းမြန်ကိုယ်တိုင် ချီးကျူးရလေသည်။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တဦးသည် သူတို့နှင့်အချီနှစ်ဆယ်ကျော်ခန့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်ပြီး တချို့အချီများတွင် ပြန်လည်တိုက်စစ်ဆင်နိုင်ကြစွမ်းရှိသည်ကို မြင်လျင် ကုချွန်းမြန်သာမဟုတ် မည်သည့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မဆို ချီးကျူးကြမည်သာ။

လေ့ကျင့်နေစဥ်အတွင်းတွင် ကုချွန်းမြန်သည် တိုက်ပွဲစဥ်များနှင့် ပတ်သက်၍ အရေးကြီးသော အချက်အလက်များအား စုချန်းကို ရှင်းပြခဲ့လေသည်။ ၎င်းသည်လည်း စုချန်းအတွက် များစွာ အကျိုးရှိသည်မှာ အမှန်ပင်။

ရှီကိုင်းဟွမ်သည် ဆရာကောင်းတဦး ဖြစ်သည်မှာ မှန်၏။ သို့သော် သူက စုချန်းအား ကွန်ချက်ကိုသာ ပြခဲ့၍ ဟင်းစားကိုတော့ ကိုယ်တိုင် ရှာစေခဲ့၏။

ကုချွန်းမြန်ကတော့ ရှီကိုင်းဟွမ်နှင့် ပြောင်းပြန်ပင်။ သူသည် စုချန်းအား တိုက်ခိုက်ရေးနည်းစနစ်များကို ပွင့်ပွင့်လင်းလင်းပင် သင်ကြားပေးခဲ့၏။ အဆိုပါ နည်းစနစ်များသည် စုချန်း၏ လက်ရှိအင်အားကို တိုးပွားလာစေရန်တော့ မတတ်နိုင်။ သို့သော် တိုက်ရည်ခိုက်ရည်ကိုတော့ များစွာ တိုးတက်လာစေ၏။

၎င်းမှာ စုချန်း၏ ပင်ကိုယ်အုတ်မြစ် ခိုင်မာလွန်းသောကြောင့်လည်း ပါနိုင်ပေသည်။ မည်သို့ဆိုစေ ရက်အနည်းငယ်အတွင်း စုချန်း သိသိသာသာ တိုးတက်လာသည်ကတော့ အမှန်ပင်။

ပျော်ရွှင်ဖွယ် နေ့ရက်တို့သည် မြန်မြန်ဆန်ဆန်နှင့် ကုန်ဆုံးသွားတတ်၏။ ခြောက်ရက်ဟူသောအချိန်မှာ ဘာမှပင် မကြာလိုက်ချေ။

မနက်ဖြန်သည် စေ့စပ်ပွဲနေ့ပေတည်း။

ကုမျိုးနွယ်ခြံဝင်းပတ်ပတ်လည်တွင် ရောင်စုံမီးပုံးများ ထွန်းညှိထား၏။ ဧည့်သည်များ တဖွဲဖွဲ ရောက်ရှိလာကြလေသည်။

တမြို့လုံးလိုလိုသည် စုချန်းအတွက် အထူးပင် စိတ်လှုပ်ရှားနေကြ၏။

သို့သော် အမှောင်ထဲမှ မျက်လုံးတစုံသည် စုချန်းအား အလွန်မုန်းတီးဟန်ဖြင့် စိုက်ကြည့်နေသည်ကိုတော့ မည်သူမှ သတိမထားမိချေ။

***

All Chapters