မိုးကြိုးမူလပစ္စည်း
Vol. 60 Ch. 591
စုချန်းနှင့် ကုချိန်းလွှာတို့၏ စေ့စပ်ပွဲနေ့ကား ရောက်လာခဲ့ချေပြီ။
ဧည့်ပရိသတ်များစွာသည် ဟိုမှသည်မှ ဝင်ထွက်သွားလာကာ ဂုဏ်ပြုစကား ဆိုနေကြ၏။ ကုအိမ်တော်သည်ကား ဧည့်သည်များအား ဧည့်ခံနေရသဖြင့် အထူးပင် အလုပ်ရှုပ်လျက်ရှိသည်။
သို့သော် ဤနေ့သည် စေ့စပ်ပွဲနေ့သာ ဖြစ်၍ လက်ထပ်ထိမ်းမြားခြင်း မဟုတ်သေးသောကြောင့် ကုအိမ်တော်သည် ရှုပ်ထွေးနေသည်မှန်သော်လည်း ပွဲလမ်းသဘင်ကြီးတခု ကျင်းပနေသည်နှင့်တော့ မတူ။ လူတိုင်း ပျော်နေကြသည်မှန်သော်လည်း အလွန်အမင်း အောင်ပွဲခံနေခြင်းမျိုးတော့ မဟုတ်။ တကယ့် လက်ထပ်ပွဲနှင့် စာလျင် လူတိုင်း၏ စိတ်ထဲတွင် ပို၍ ပေါ့ပါးနေ၏။ ပို၍ လွတ်လပ်နေ၏။
ဤစေ့စပ်ပွဲ၏ တကယ့်ရည်ရွယ်ချက်မှာလည်း ကုမျိုးနွယ်စုအနေနှင့် သူတို့၏ သားမက်အား မိတ်ဆွေအပေါင်းအသင်းရောင်းရင်းများနှင့် မိတ်ဆက်ပေးရန်သာ ဖြစ်သည်။ တော်ဝင်မျိုးနွယ်စုဟူသည် မျိုးနွယ်စုကြီးလေလေ မိတ်ဆွေရောင်းရင်း ပိုမ်ိုများပြားလေပင် မဟုတ်ပါလော။
စုချန်းသည်လည်း ဝါးမြိုခြင်းမြစ်မြို့တော်တွင် ဝန်ဆောင်မှုလုပ်ငန်းအများအပြားကို ပိုင်ဆိုင်ထားသလို ပျံသန်းခြင်းကွန်ယက် တည်ထောင်သူလည်း ဖြစ်သည်။ ထို့ကြောင့် မြို့တော်ရှိ လူအများအပြားကို သူ သိရှိထား၏။ သို့သော် ဧည့်သည်များလွန်း၍ မည်မျှပင် ဦးနှောက်ကောင်းပါစေ လူတိုင်းကိုတော့ သူ မသိချေ။
ထိုအတွက်ကြောင့်လည်း စုချန်းသည် ကုချွန်းမြန်နှင့် တွဲ၍ နေထွက်ချိန်မှစကာ လူတိုင်းအား လိုက်လံနှုတ်ဆက်နေရတော့သည်။
ပထမဆုံး သူ နှုတ်ဆက်ရသည့်သူမှာကား တခြားသူမဟုတ်။ ကုမျိုးနွယ်စု၏ တည်ထောင်သူ ဘိုးဘေးကြီး ကုယောက်ယိပင် ဖြစ်သည်။
ပြီးခဲ့သောတိုက်ပွဲတွင် ကုယောက်ယ်ိနှင့် ကျန်လူများသည် တခြားဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များအကူအညီဖြင့် အလင်းတန်းမြွေကြီးအား အနိုင်ယူခဲ့၏။ သို့သော် သူကိုယ်တိုင်ကမူ ဒဏ်ရာရရှိသွားခဲ့၍ ရဲတိုက်သို့ပြန်လာကာ အနားယူနေခဲ့ရသည်။ ဤတကြိမ်သည် သူနှင့် စုချန်း တိုက်ပွဲပြီးနောက် ပထမဆုံးအကြိမ် ပြန်တွေ့ခြင်းပင်။
စုချန်းနှင့် ကုချွန်းမြန်သည် ခြံဝင်းနောက်ဘက်ရှိ ထီးထီးတည်းရှိနေသော ကျောက်တုံးအခန်းဆီသို့ လျှောက်လာခဲ့ကြ၏။ ကျောက်တုံးအခန်းမှာ သာမာန်ဟုထင်ရသော်လည်း အနီးကပ်ကြည့်မှ မြောက်ပိုင်းမိုးကောင်းကင်တောင်မှ ရသော အေးခဲပန်းပွင့်ကျောက်သားများနှင့် ပုံဖော်ထားကြောင်း တွေ့လိုက်ရသည်။ ထိုကျောက်သားသည် တစုံတယောက်၏ စိတ်ဝိညာဥ်အား စုစည်းပေးနိုင်သောအစွမ်းရှိ၏။ သာမာန်လူတယောက်အနေနှင့် စိတ်အာရုံကို စုစည်းနိုင်ရန် ထိုကျောက်သား အနည်းငယ်မျှသာ လိုပေသည်။ ထို့ကြောင့် ဤကျောက်သားသည် စိတ်ဝိညာဥ်ဆိုင်ရာ ကျင့်ကြံခြင်းနည်းစနစ်များကို ကျင့်ကြံသူအတွက် များစွာ အကျိုးရှိပေသည်။
သူသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်မည်ဆိုပါက စိတ်ဝိညာဥ်စွမ်းအားသည် အရေးအကြီးဆုံး စံသတ်မှတ်ချက် ဖြစ်လာမည်မှန်း စုချန်း ကောင်းကောင်းကြီး နားလည်ထား၏။ တကယ်တော့ စုချန်း၏ ၄၀၀ယူနစ်ဟူသော စိတ်ဝိညာဥ်စွမ်းအားပမာဏက သာမန်ညောင်ညတော့ မဟုတ်။ သို့သော် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်အဆင့်အတန်းနှင့်တော့ များစွာ ဝေးကွာနေသေး၏။
အေးခဲပန်းပွင့်ကျောက်သားဟူသည် အလွန်ရနိုင်ခဲ၏။ မြောက်ပိုင်းမိုးကောင်းကင်တောင်ဟူသည်ကလည်း လောင်စန်းနိုင်ငံ၏ နယ်စပ်တွင် မရှိ။ ထို့ကြောင့် ဤကျောက်သားသည် လွန်စွာ စျေးကြီးလှ၏။ သာမာန်လူများအဖို့ ကျောက်သားအနည်းငယ်မျှပင် ရနိုင်ရန် ခဲယဥ်းလှသည်။ ကုယောက်ယိကတော့ အေးခဲကျောက်သား အသုံးပြု၍ ကျင့်ကြံရေးအခန်းတခန်းပင် တည်ဆောက်ထားချေသည်ပါတကား။
စုချန်း၏ အမြင်အရ အခန်းတခန်းစာ ကျောက်သားများအား ကုယောက်ယိတယောက်တည်း စုဆောင်းထားခြင်းတော့ ဟုတ်ပုံမရ။ ကျန်မျိုးနွယ်စုဝင်များ၏ အကူအညီလည်း ပါပုံရ၏။
မည်သို့ဆိုစေ အေးခဲကျောက်သားအခန်းသည် ကုမျိုးနွယ်စု၏ ရတနာတပါးပင်တည်း။
"ဘာလဲ ဒီအခန်းကို မင်း မျက်စေ့ကျနေတယ်ပေါ့ ဟုတ်လား"
အခန်းတံခါး ရုတ်တရက် ပွင့်လာ၏။ ကျောက်တုံးအခန်းထဲဝယ် ကုယောက်ယိတယောက် တင်ပျဥ်ခွေလျက် ထိုင်နေ၏။ သူ၏ အားကောင်းလှသော စိတ်ဝိညာဥ်စွမ်းအားကြောင့် စုချန်း၏ ခံစားချက်ကို သူ ချက်ချင်း အာရုံခံမိလိုက်လေသည်။
"စုချန်း မျိုးနွယ်စုတည်ထောင်သူဘိုးဘေးကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ ဒီလိုလာတွေ့ရလို့ ဘေးတော်ကြီးဆီက ဘာလက်ဆောင်များ ရမလဲလို့ စုချန်း စဥ်းစားနေတာ ခုတော့ ရှင်းသွားပြီး ကျောက်သားအပိုင်းအစ နည်းနည်းလောက်ရရင်ကို ကျေနပ်ပါပြီ"
စုချန်းက ကုယောက်ယ်ိကို ဖြတ်ခနဲ တွေ့လိုက်ရသော်လည်း အနည်းငယ်မှ ပျာယာမခတ်ပဲ အေးဆေးတည်ငြိမ်သော အမူအရာနှင့် ပြောလိုက်သည်။
ကုယောက်ယိ မသိမသာ ပြုံးလိုက်သည်။
"တွေ့တွေ့ချင်း လက်ဆောင်တောင်းနေရသလားကွ မင်းဟာက တွေ့တဲ့နေရာမှာ ပိုက်ဆံတောင်းနေတဲ့လူနဲ့ တူမနေဘူးလား"
စုချန်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ဒီနေ့ဟာ ရင်းနှီးမြှုပ်နှံမှုကနေ ရလာတဲ့ အကျိုးအမြတ်တွေကို တောင်းခံဖို့ အကောင်းဆုံးနေ့ပဲ မဟုတ်လားခင်ဗျာ"
ကုယောက်ယိ ဝါးလုံးကွဲအောင်ပင် ရယ်မောလိုက်၏။
"ဟုတ်ပါပြီကွာ ကောင်လေး မင်းကို ကြည့်ရတာ ဘာဟန်ဆောင်မှုမှ မထားတော့ဟန်ပေါ်တယ်"
စုချန်းက ပြန်ဖြေလိုက်သည်။
"ဘိုးဘေးတွေရှေ့မှာ ဘယ်သူက ဟန်ဆောင်ဝံ့မှာလဲခင်ဗျာ"
ကုယောက်ယ်ိ ပုခုံးတွန့်လိုက်၏။
"ဒါပေမဲ့ မင်းကို ကြည့်ရတာ လိုချင်တာ တောင်းဖို့ကျတော့ နည်းနည်းမှ မကြောက်ပါလားကွ"
စုချန်း ပြုံးရုံသာ ပြုံးလိုက်၏။ ဘာမှ ပြန်မပြောချေ။
စုချန်း သူ့ကို မကြောက်မှန်း ကုယောက်ယိ သိလိုက်သည်။ သို့သော် သူ စိတ်မဆိုးချေ။ သူက ရယ်မောရင်း ပြောလိုက်လေသည်။
"ကောင်လေး မင်းကိုကြည့်ရတာ တခုခုတော့ တခုခုပဲကွ သားရဲတွေနဲ့ တိုက်ခိုက်တုန်းက မင်းရဲ့ သူရဲကောင်းဆန်တဲ့လုပ်ရပ်ဟာ ကျုပ်တို့ကို ကူညီရာရောက်ရုံတင်မကဘူး မြို့သူမြို့သားတွေရဲ့ အသက်ကိုပါ ကယ်တင်ပေးရာ ရောက်သွားစေတယ် ကျုပ် မှတ်မိတာ မမှားရင် မင်းဟာ မိုးကြိုးရေနဂါးလွန်းပျံယာဥ်ကိုပါ ဒီအတွက် စတေးခဲ့ရတယ် ကျုပ်ပြောတာ ဟုတ်သလား"
"ဟုတ်ကဲ့ အဲဒီယာဥ်ဟာ နတ်ဆိုးဧကရာဇ်သားရဲရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးအရေခွံတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ အတော်လေး စျေးကြီးပါတယ်"
ကုယောက်ယိ ခေါင်းတချက်ခါယမ်းလိုက်၏။ ထို့နောက် သူက ပုလဲတလုံးကို စုချန်းဆီသို့ ပစ်ပေးရင်း ပြောလိုက်သည်။
"အဲဒါ မိုးကြိုးမူလသလင်းပဲ အလင်းတန်းမြွေကြီးရဲ့ ကိုယ်တွင်းအဆီအနှစ်ကနေ ဖြစ်တည်လာတဲ့ သလင်းပဲဆိုပါတော့ နတ်ဆိုးဘုရင်ကိုယ်ထဲကနေ ရတဲ့သလင်းဖြစ်လို့ မင်းရဲ့ယာဥ်နဲ့ နှိုင်းယှဥ်လို့မရပေမဲ့ သူ့အထဲက မိုးကြိုးစွမ်းအားကတော့ အကောင်းတိုင်းကျန်နေသေးလို့ မဆိုးလှဘူးပဲ ဆိုရမယ် ပြီးတော့ မင်းရဲ့ယာဥ်ဟာ အချိန်ကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းသွားမှာပဲမလား ဒီတော့ ဒီသလင်းကို မင်းယာဥ်အစား ကျုပ်က အလျော်ပေးလိုက်မယ်"
စုချန်းက သလင်းအား ဖမ်းယူပြီး စေ့စေ့စပ်စပ်နှင့် ကြည့်ရှုလိုက်သည်။
သလင်းထဲတွင် ပုတီးစေ့လေးများ ရှိနေပြီး အဆိုပါ ပုတီးစေ့ထဲဝယ် အလင်းရောင်များ ရစ်ခွေနေ၏။ ပုတီးစေ့အတွင်းမှ ထွက်လာသော ပြင်းထန်သည့်စွမ်းအားကို လက်ထဲတွင် ကိုင်ထားရုံနှင့်ပင် ခံစားမိနိုင်ပေသည်။
သို့သော် စုချန်း၏ ပရမတ်အမြင်အာရုံထဲတွင်တော့ သလင်းထဲရှိ အရာများမှာ စုပ်ယူနိုင်သောမိုးကြိုးမူလပစ္စည်းများသာ ဖြစ်လေသည်။
စုချန်း၏ ဘဝတွင် မူလသလင်းအတော်များများကို မြင်ဖူး၏။ ၎င်းတို့ကိုယ်စီတွင် မူလပစ္စည်းကိုယ်စီ ရှိကြသော်လည်း ဤမျှ မူလပစ္စည်း သိပ်သည်းစွာ ပြည့်နှက်နေသော သလင်းမျိုးကိုတော့ တကြိမ်မှ မမြင်ဖူးခဲ့။
ပုလဲကို စိုက်ကြည့်ရင်း စုချန်း၏ မျက်လုံးအစုံသည် ပို၍ တောက်ပဝင်းလက်လာ၏။
မိုးကြိုးမူလပစ္စည်းသာ လုံလောက်စွာ ရှိနေပါက ၎င်းကို လက်တွေ့အသုံးချရာတွင် ကြုံတွေ့ရမည့် အခက်အခဲများ များစွာ လျော့ကျသွားမည်မှန်း ယခင်အတွေ့အကြုံများအရ သူ သိထားသည် မဟုတ်ပါလား။
စုချန်း ကိုယ်တိုင်လည်း နတ်ဆိုးဘုရင်အဆင့် မူလသလင်းမျိုးကို တခါမှ မပိုင်ဆိုင်ခဲ့ဖူးချေ။ ထို့ကြောင့် အထဲမှ တိုးထွက်နေသည့် အင်အားကို ခံစားရင်း စုချန်းတယောက် အထူးပင် မှင်သက်နေ၏။
သူ့အတွက်တော့ မိုးကြိုးရေနဂါးယာဥ်အစား ယခု ကုယောက်ယိ အစားပြန်ပေးလိုက်သည့် မူလသလင်းထက် တောင်းခံစရာ တခြားပစ္စည်းမျိုး မရှိနိုင်တော့။ မိုးကြိုးရေနဂါးယာဥ် ဆုံးရှုံးသွားသော်လည်း သူ့အနေနှင့် အချိန်မရွေး အစားပြန်ဝယ်၍ ရ၏။ မိုးကြိုးရေနဂါးယာဥ်သည် တန်ဖိုးကြီးမားသည် မှန်သော်လည်း ပြန်လည်အစားထိုးရန် ခက်ခဲသည့် အရာမျိုး မဟုတ်။ မူလသလင်းကဲ့သို့သော ပစ္စည်းမျိုးသည်သာ စုချန်းအတွက် ပို၍ အသုံးတည့်၏။ အကယ်၍ မူလသလင်းသည် အပင်ပေါက်လေးဆိုပါက စုချန်း၏ ကြိုးစားမှုအောက်ဝယ် ၎င်းသည် ဥယာဥ်ကြီးတခုပင် ဖြစ်လာနိုင်သည် မဟုတ်ပါလား။
မိုးကြိုးမူလပစ္စည်းနှင့်သာ ဆိုပါက စုချန်း၏ မိုးကြိုးမူလစွမ်းရည်များသည် များစွာ တိုးတက်လာပေတော့မည်။
ထို့ကြောင့် စုချန်းမှာ ဟန်မဆောင်နိုင်လောက်အောင်ပင် ဝမ်းသာသွား၏။
"အကြီးအကဲဘိုးဘေးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ"
ကုယောက်ယိ ရယ်မောလိုက်သည်။
"မူလသလင်းဟာ အင်အားကြီးမားတာ မှန်ပေမဲ့ အကန့်အသတ်မဲ့ စွမ်းအင်အရင်းအမြစ်တော့ မဟုတ်သေးဘူးကွ အမြစ်မရှိတဲ့ သစ်ပင်နဲ့တူတဲ့ ဒီလိုပစ္စည်းမျိုးကို လက်ဆောင်ပေးတာဟာ ဖြုန်းတီးပစ်တာနဲ့တော့ တူတယ် ဒါပေမဲ့ မင်းလက်ထဲမှာ ဒီပစ္စည်း ပိုပြီး တန်ဖိုးမြင့်လာမယ်လို့ မျှော်လင့်ရတာပဲ"
ထိုစကားကို ကြားလိုက်သည်နှင့် ကုမျိုးနွယ်သည် သူ့အကြောင်းကို အတော်လေး နှံ့နှံ့စပ်စပ် သိရှိထားပြီမှန်း စုချန်း သဘောပေါက်လ်ိုက်သည်။ ယုတ်စွအဆုံး သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းအား တီထွင်ခဲ့သူများမှာ သူနှင့်ရှီကိုင်းဟွမ်တို့ပင် ဖြစ်ကြောင်း ကုယောက်ယိ သိထားဟန်တူသည်။
စုချန်းကလည်း ၎င်းကို ငြင်းဆန်ခြင်းမပြု။
"အကြီးအကဲဘိုးဘေးက ဒီလို သဘောထားတယ်ဆိုတော့ ဒီလိုပစ္စည်းမျိုး နောင်မှာ နည်းနည်းလောက် ထပ်ရရင် သိပ်ကောင်းသွားမယ်"
ကုယောက်ယိ ပုခုံးတွန့်လိုက်သည်။
"မင်းလဲ အတော်ကို စိတ်ကူးယဥ်နေတာပဲကိုး နတ်ဆိုးဘုရင်သားရဲကို သတ်ရတာ ဘယ်လောက်ခက်သလဲ မင်းလဲ သိနေတာပဲ ဒါမျိုး နောက်တကောင် ထပ်တွေ့ဖို့ ဘယ်နှစ်နှစ်ကြာမလဲ ကျုပ်တို့ မသိနိုင်ဘူး မင်းလက်ထဲမှာ ရှိတာလေးနဲ့ပဲ ကျေနပ်လိုက်စမ်းပါကွာ"
"တော်ဝင်မျိုးနွယ်စုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သားရဲတွေကို အနိုင်ယူလာခဲ့ကြတာပဲလေ သူတို့မှာ နည်းနည်းပါးပါး သိမ်းထားတာများ မရှိနိုင်ဘူးလား ကျွန်တော့အနေနဲ့လဲ အများကြီး မလိုအပ်ပါဘူးခင်ဗျာ သုတေသနအတွက် နည်းနည်းပါးပါးလောက်ဆိုရင် ရပါပြီ"
"ဟေ"
ကုယောက်ယိ နည်းနည်းတော့ စိတ်ဝင်စားသွား၏။
"ပြောစမ်းပါအုံး မင်းက ဘယ်လိုဟာမျိုးကို ရှာနေတာလဲ"
"မီးနဲ့ ဆက်နွယ်တဲ့ တခုခုကိုပါခင်ဗျာ"
စုချန်းကလည်း မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။
လက်ရှိ စုချန်းအသုံးပြုနေသည့် မူလစွမ်းရည်များအနက် အပြင်းထန်ဆုံး မူလစွမ်းရည်များမှာ အရိပ်မီးတောက်အုပ်စုအောက်တွင် ပါဝင်နေ၏။ သို့သော် အရိပ်မီးတောက်အုပ်စုဝင် မူလစွမ်းရည်များ၏ အင်အားသည် မီးလျံအမျိုးအစား မူလပစ္စည်းအပေါ်တွင် တိုက်ရိုက်မှီခိုနေခြင်း မရှိချေ။ ၎င်းစွမ်းရည်များ အင်အားပြင်းထန်ရခြင်းမှာ အကြောင်းနှစ်ချက်နှင့်သာ သက်ဆိုင်နေ၏။ ပထမတချက်မှာ စုချန်းသည် ထိုမူလစွမ်းရည်များကို နှစ်ပေါင်းနှစ်ဆယ်ခန့် အထပ်ထပ်အခါခါ ပြုပြင်မွမ်းမံနေခဲ့သောကြောင့်ပင်။ ဒုတိယတချက်မှာကား အရိပ်မူလပစ္စည်းကြောင့်ပင်။
တနည်းအားဖြင့် အရိပ်မီးတောက်အုပ်စုဝင် မူလစွမ်းရည်များသည် မီးလျံအမျိုးအစားအုပ်စု၏ လမ်းခွဲတခုဟု ဆိုနိုင်ပြီး ဆက်လက်တိုးတက်ရန် အလားအလာကောင်းများစွာ ကျန်ရှိနေသေး၏။
ထိုသို့ တိုးတက်လာစေရန်မှာလည်း စုချန်းအနေနှင့် မီးလျံအမျိုးအစား မူလပစ္စည်းတချို့ကို လက်ဝယ်ပိုင်ပိုင် ရရှိရန် လိုအပ်နေပေသည်။
ထို့ကြောင့် စုချန်းသည် မီးလျံအမျိုးအစား မူလပစ္စည်းများအား စဥ်ဆက်မပြတ် လိုက်ရှာနေခဲ့လေသည်။ သို့သော် သူ ကံဆိုးနေပုံရ၏။ မီးလျံမူလပစ္စည်းများအား ဘယ်နေရာမှာမှ သူ ရှာမတွေ့နိုင်ခဲ့။
ယခုလည်း အခွင့်အရေးရတုန်း ကုယောက်ယ်ိအား စုချန်း သွေးတိုးစမ်းကြည့်လိုက်ခြင်းပင်။
စုချန်းအနေနှင့် မေးသာမေးလိုက်ရသည်။ သိပ်တော့မျှော်လင့်ချက်မထား။ သို့သော် ကုယောက်ယိ၏ အဖြေကြောင့် စုချန်း အံ့သြသွားတော့သည်။
"မီးလျံ အမျိုးအစား ဟုတ်လား နေအုံးက မင်းပြောတာမျိုး ရှိကောင်းရှိနိုင်တယ်လို့ ကျုပ် တွေးမိတယ်"
***