← Chapters

အဆိပ်

Vol. 60 Ch. 592

အဆိပ်

Vol. 60 Ch. 592

နီရဲနေသော ပုတီးစေ့လေးတလုံး။

ပုတီးစေ့သည် တည်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှသည့်ဟန်ဖြင့် မျက်နှာပြင်အရောင်ပင် မှိန်လျက်ရှိသည်။ သို့သော် အထဲတွင် ရှိနေသည့် စွမ်းအင်များကတော့ ပေါ့သေးသေးဟုတ်ပုံမရ။ ကြမ်းတမ်းသော မီးလျံစွမ်းအင်များကို အပြင်ဘက်မှပင် ခံစားရနေ၏။

ပုတီးစေ့အပြင်ကာသည် မီးလျံစွမ်းအင်များအား သားလောင်းသဖွယ် ငုံထားပုံရသည်။ အထဲမှ အပူလှိုင်းများ ဖြာထွက်နေကြောင်း စုချန်း ခံစားနေရ၏။

မီးလျံမူလပစ္စည်း။

အမှန်တကယ်ပင် မီးလျံမူလပစ္စည်းပေတကား။

စုချန်း၏ မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက်သွား၏။

"ဒါ အရည်ပျော်ကျောက်သားနတ်ဆိုးသားရဲရဲ့ အတွင်းသားအဆီအနှစ်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀လောက်က သားရဲတွေနဲ့ တိုက်ပွဲမှာ ကျုပ် ရခဲ့တာပေါ့ ကျုပ်ရဲ့ သွေးဗီဇက ဒီပစ္စည်းနဲ့ ဘာမှမဆက်စပ်တော့ တခါမှ သုံးဖို့အခွင့်အရေး မရခဲ့ဘူး ဒီလိုနဲ့ ဒီပစ္စည်းလေးက ခုချိန်ထိ ကျုပ်လက်ထဲမှာ ရှိနေခဲ့တာပဲ ဆိုပါတော့"

စုချန်း အလွန်အမင်း ဝမ်းသာသွားလေသည်။

"ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲဘေးတော်ကြီးခင်ဗျာ"

ထို့နောက် သူက ပုတီးစေ့အား လှမ်းယူရန် ဟန်ပြင်လိုက်သည်။

ထိုစဥ် ကုယောက်ယိက ပြောလိုက်သည်။

"ဒီပစ္စည်းကို အလကားပေးမယ်လို့ မင်းကို ကျုပ် မပြောမိပါဘူး မြို့တော်ကို ကယ်တင်ခဲ့တဲ့အတွက် မိုးကြိုးမူလသလင်းကို ကျုပ် ပေးပြီးပြီ ဒါကိုတော့ အလကား မပေးနိုင်ဘူး ဒီတော့ မင်း ဘာနဲ့ အလှဲအလှယ်လုပ်ချင်သလဲ"

စုချန်း မချိပြုံး ပြုံးလိုက်၏။

"ဘေးတော်ကြီးခင်ဗျာ ကျွန်တော်နဲ့ ချိန်းလွှာဟာ စေ့စပ်တော့မယ်လေ ဒါကို ဒီအတွက် လက်ဆောင်အနေနဲ့ မပေးလိုက်ချင်ဘူးလား"

"ကျုပ် သိပ်ပေးချင်တာပေါ့ကွာ"

ပြောပြောဆိုဆို ကုယောက်ယိက သူထိုင်နေသည့် အေးခဲပန်းပွင့်ကျောက်သားခဲတခဲအား ကောက်ယူပြီး ပြောလိုက်သည်။

"ဒီလက်ဆောင်ဆိုရင်ကောကွာ"

မည်မျှပင် အိုမင်းသွားသည်ဖြစ်ပါစေ မြေခွေးကား မြေခွေးသာ ဖြစ်နေဆဲပေတကား။

အေးခဲပန်းပွင့်ကျောက်သားသည် တန်ဖိုးကြီးမား၏။ ထို့ကြောင့် ၎င်းကို လက်ဆောင်အဖြစ် ပေးလိုက်ခြင်းသည် သိပ်တော့မဆိုးလှဟု ဆိုနိုင်သည်။ သို့သော် ထိုလက်ဆောင်သည် မီးလျံမူလသလင်းနှင့် ယှဥ်ပါက ဘာမှမဟုတ်တော့။

စုချန်း ဘာမှမတတ်နိုင်တော့။

ထိုအခါ သူက အားတင်းရင်း ပြောချလိုက်သည်။

"ကျွန်တော် ဒီမြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှနဲ့ ပျံသန်းခြင်းကွန်ယက်ထဲက ကုမျိုးနွယ်ရှယ်ယာတွေကိုပါ လွှဲပြောင်းပေးမယ်"

ထိုစကားကြောင့် ကုယောက်ယ်ိ မျက်လုံးပြူးသွား၏။

"ငွေတွေ အများကြီးပဲကွ မင်း ဒါတွေအကုန်လုံးကို မီးလျံသလင်းတခုတည်းနဲ့ လှဲမလို့လား"

စုချန်း ပြန်ဖြေလိုက်၏။

"ကျွန်တော့ရဲ့ ရည်ရွယ်ချက်ကိုက စကြာဝဋာကြီးတခုလုံးရဲ့ အဆုံးစွန်သော လျှို့ဝှက်ချက်တွေကို နားလည်ဖို့ပါပဲခင်ဗျာ ငွေကြေးက ကျွန်တော့အတွက် အရေးမကြီးပါဘူး ဒီငွေတွေက ကျွန်တော့ရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ကြားခံတခုအနေနဲ့ သုံးတဲ့သဘောလောက်ပါ ပြီးတော့ ချိန်းလွှာနဲ့ လက်ထပ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံတဲ့သဘောပါ ဒါကြောင့် ရည်ရွယ်ချက်တွေအောင်မြင်ဖို့ ဒါတွေကို စွန့်လွှတ်ရတာ ဘာပြသနာမှ မရှိပါဘူးခင်ဗျာ"

ထိုစကားကို ကြားသည်နှင့် ကုယောက်ယိ၏ မျက်နှာတွင် နှစ်ထောင်းအားရဟန် ပေါ်လာသည်။

"ကောင်းတယ်ဟေ့ သိပ်ကောင်းတယ် ဒါဆိုရင် ကျုပ် သဘောတူပြီ"

စကားဆုံးသည်နှင့် သူက အေးခဲပန်းပွင့်ကျောက်သားနှင့် မီးလျံသလင်းတို့အား စုချန်းလက်ထဲသို့ ထည့်ပေးလိုက်လေသည်။

အထက်ပါအတိုင်း သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြစဥ်မှာပင် အစေခံတစ်ဦး အခန်းတွင်းသို့ ကသောကမြောနှင့် ဝင်လာ၏။

"အကြီးအကဲခင်ဗျ ကြောက်စရာတခုခုတော့ ဖြစ်ကုန်ပြီ"

"ဘာဖြစ်လို့တုန်းကွ"

ကုချွန်းမြန်က စိတ်မသက်မသာဖြစ်ဟန်ဖြင့် မေးလိုက်သည်။

"သခင်မလေးလေ...သူ...သူ"

"ချိန်းလွှာလား"

စုချန်း အထိတ်တလန့် ဖြစ်သွား၏။

"သူ ဘာဖြစ်လို့လဲ"

"သူ သတိလစ်သွားလို့ပါခင်ဗျ"

သူတို့ ရောက်သွားချိန်တွင် ကုချိန်းလွှာတယောက် ကုတင်ပေါ်တွင် လဲလျောင်းနေ၏။ သူမ၏ မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်လျက်ရှိသည်။ သူမ၏ တကိုယ်လုံးမှာကား လှုပ်ရှားမှုကင်းမဲ့နေ၏။

စုချန်းက ကုချိန်းလွှာအနီးသို့ လှစ်ခနဲ ပြေးကပ်ပြီး သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။

"ဘာဖြစ်တာလဲကွ"

ကုချွန်းမြန်၏ ကျယ်လောင်သော ဟိန်းဟောက်သံ ထွက်ပေါ်လာ၏။

အမျိုးသမီးအစေခံတယောက်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး တုန်တုန်ယင်ယင်နှင့် ပြန်​ဖြေလိုက်သည်။

"ခုနကတော့ အကောင်းကြီးပါပဲ သခင်ကြီး ပြီးတော့မှ ကောက်ခါငင်ခါနဲ့ ဒီလို ဖြစ်သွားတာပဲ"

"ဒီလိုမဖြစ်ခင် သူ တခုခုက်ို စားမိသောက်မိသေးလား"

စုချန်းက ဖြတ်မေးလိုက်သည်။

အမျိုးသားအစေခံတယောက်က တွေးတွေးဆဆနှင့် စုချန်း၏ မေးခွန်းအား ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ ခုနက သခင်လေးကျုံး မုန့်တချို့လာပို့တယ် သခင်မလေး တခုတော့ စားမိတယ်"

"ကျုံးချိန်းကောင်း ဟုတ်လား"

ကုချွန်းမြန် ကြက်သေသေသွား၏။

"မုန့် ဟုတ်လား အဲဒီမုန့်တွေ ဘယ်မှာလဲ မြန်မြန်ယူခဲ့စမ်း"

စုချန်းက ထအော်လိုက်လေသည်။

အစေခံသည် မုန့်ပန်းကန်အား ယူလိုက်၏။ တချက်မျှ အနံ့ခံမိသည်နှင့် စုချန်း တကိုယ်လုံး တုန်ခါသွားတော့သည်။

"ဒီမုန့်တွေထဲမှာ အဆိပ်ပါတယ်"

"အဆိပ် ဟုတ်လား"

အဆိပ်ဟူသော အသံကို ကြားသည်နှင့် ကုချွန်းမြန်သည် ပြင်းစွာ ဒေါသထွက်လာ၏။

"ကျုံးချိန်းကောင်း"

ဘယ်လောက်တောင် နုံအလိုက်သည့် သူပေနည်းဟု ကုချွန်းမြန် သူ့ကိုယ်သူ အပြစ်တင်မိတော့သည်။

ကုချိန်းလွှာသည် သူ့ကိုငြင်းပယ်၍ စုချန်းအား ရွေးချယ်လိုက်ခြင်းကြောင့် ကျုံးချိန်းကောင်း မကျေမနပ် ဖြစ်နေ၏။ ထို့ကြောင့် ကုချိန်းလွှာအား လက်စားချေရန် သူ ဆုံးဖြတ်လိုက်ခြင်းပင်။

သို့သော် ကျုံးချိန်းကောင်းအနေနှင့် ကုချိန်းလွှာကို အဆိပ်ခတ်ရဲသည်အထိ သတ္တိရှိလိမ့်မည်ဟုတော့ ကုချွန်းမြန် လုံးဝ မျှော်လင့်မထားမိ။

တကယ်တော့ ကျုံးချိန်းကောင်းသည် မွေးကတည်းက ရွှေပေါ်မြတင်နေလာပြီး ဘဝင်လေဟပ်နေသူ ဖြစ်သည်။ ၎င်း၏ စရိုက်အရ စော်ကားခံရသည်ဟု ယူဆမိချိန်ဝယ် ရူးရူးမိုက်မိုက် လက်တုံ့ပြန်လိမ့်မည်သာ။

"အဲဒီကောင် ခု ဘယ်မှာလဲ"

ကုချွန်းမြန်က ဒေါသတကြီးနှင့် အော်ဟစ်မေးမြန်းလိုက်သည်။

"သခင်လေးကျုံး ဒီမနက်ကပဲ အိမ်ပြန်သွားပါပြီ သခင်ကြီး"

"ဒီခွေးမသားကွာ"

ကုချွန်းမြန် အကြီးအကျယ် ဒေါသထွက်နေခဲ့လေပြီ။ သို့သော် သမီးလုပ်သူ၏ အသက်က အရေးကြီးနေ၍ သူ စိတ်ကိုထိန်းချုပ်လိုက်၏။

"ချန်းအာ မင်းက ဒီမှာနေပြီး ချိန်းလွှာကို ဂရုစိုက်လိုက် ကျုပ် သူ့အတွက် သမားတော်တယောက် သွားရှာလိုက်မယ်"

"မလိုတော့ပါဘူးဗျာ ဒီမှာရှိတဲ့ အတော်ဆုံးသမားတော်က ကျွန်တော်ပါပဲ"

စုချန်းက ခိုင်မာသော လေသံနှင့် ဖြေလိုက်၏။

စကားဆုံးသည်နှင့် သူက သားရဲအရေခွံအား ဆွဲထုတ်လိုက်သည်။ အနှီအရေခွံသည် အဆိပ်ကို စားသုံးလေရာ သီအိုရီအရ မည်သည့်အဆိပ်ကိုမဆို ထိမိသည်နှင့် တပြိုင်နက် စုပ်ယူပေလိမ့်မည်။

သားရဲအရေခွံနှင့် ထိမိသည်နှင့်တပြိုင်နက် ကုချိန်းလွှာ၏ တကိုယ်လုံးတွင် အနက်ရောင်ပူစီဖောင်းများ ထွက်ပေါ်လာ၏။

"ဟာ ခရမ်းရောင်ဖန်သားအမြှုပ်ပါလား"

စုချန်း တအံ့တသြနှင့် ရေရွတ်လ်ိုက်၏။

ခရမ်းရောင်ဖန်သားအမြှုပ်ဟူသည် အလွန်ပြင်းထန်သော အဆိပ်တမျိူးဖြစ်ပြီး လူတယောက်၏ ကိုယ်တွင်းအင်္ဂါများအား ပြင်းထန်စွာ တိုက်စားသွားစေပြီး မူလစွမ်းအင်ပတ်လမ်းများအား ပျက်စီးသွားစေ၏။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ပင် ဤအဆိပ်ဒဏ်ကို မခံနိုင်။ ကျုံးချိန်းကောင်းသည် ကုချိန်းလွှာအပေါ် ဤမျှ ပြင်းထန်သော အဆိပ်ကို သုံးစွဲသည်ကိုကြည့်လျင် ၎င်း မည်မျှ စိတ်ရူးပေါက်နေကြောင်း သိသာနေ၏။

သားရဲအရေခွံသည် ကုချိန်းလွှာကိုယ်တွင်းရှိ အဆိပ်မှန်သမျှအား စုပ်ထုတ်ပစ်လိုက်ပြီ ဖြစ်သည်။ သို့သော် သူမ၏ အခြေအနေမှာကား အနည်းငယ်မှ တိုးတက်လာခြင်းမရှိ။ သူမ၏ တကိုယ်လုံးမှာလည်း အနီရောင်သန်းလာပြီး အသက်ရှုနှုန်းမှာလည်း တဖြည်းဖြည်း နှေးကွေးလာတော့သည်။ သူမ၏ ပါးစပ်မှလည်း သွေးတို့ကို ပွက်ခနဲ အန်ထုတ်လိုက်၏။ သူမ၏ မျက်နှာမှာကား တစ္ဆေတကောင်ပမာ ဖွေးဖွေးဖြူနေတော့သည်။

"ဘာတွေဖြစ်နေတာလဲ"

ကုချွန်းမြန်က တုန်တုန်ယင်ယင်နှင့် မေးလိုက်၏။

စုချန်းက ပြန်ဖြေလိုက်သည်။ သူ့လေသံမှာ ဝမ်းနည်းကြေကွဲနေ၏။

"ခရမ်းရောင်ဖန်သားအမြှုပ်ဟာ သိပ်ပြီး အဆိပ်ပြင်းတယ် သူ့ကိုယ်ထဲမှာ အဆိပ်မရှိတော့ပေမဲ့ ဒဏ်ရာတွေကတော့ ရှိနေတုန်းပဲ သူ့တကိုယ်လုံး ထိန်းချုပ်မှုလွတ်သွားပြီ...ကျုပ်တို့...သိပ်ပြီး နောက်ကျသွားပြီ"

ကုချွန်းမြန်နှင့် ကုယောက်ယိတို့၏ ကိုယ်ခန္ဓာသည် ပြင်းထန်စွာ တုန်ခါသွား၏။ ခရမ်းရောင်ဖန်သားအမြှုပ်ကို သူတို့လည်း ကြားဖူးသည်ဖြစ်၍ စုချန်း အမှန်အတိုင်း ပြောနေကြောင်း သဘောပေါက်ကြလေသည်။

"ဒါဆို ကျုပ်တို့လုပ်နိုင်တာ ဘာမှ မရှိတော့ဘူးပေါ့"

ကုချွန်းမြန်က မေးလိုက်သည်။

"ကျွန်တော် စဥ်းစားနေပါတယ်"

တချိန်တည်းမှာပင် စုချန်းသည် အနာကျက်ဆေးရည်ကို ကုချိန်းလွှာ၏ ပါးစပ်အတွင်း လောင်းထည့်ပြီး မူလစွမ်းအင်များ ဖြည့်သွင်းကာ သူမအား တည်ငြိမ်စေရန် ကြိုးစားနေ၏။

အချိန်တချို့ ကြာသွား၏။ ကုချိန်းလွှာကား ယခုအချိန်ထိ သတိမလည်လာသေး။ စုချန်း၏ ပရမတ်အမြင်တွင်တော့ သူမ၏ တကိုယ်လုံးအနှံ့တွင် သွေးယိုလျက်ရှိပြီး ကိုယ်တွင်းအင်္ဂါများ ပျက်စီးနေကြလေပြီ။ သူမ၏ အခြေအနေမှာကား သေမင်းနှင့် လက်တကမ်းအကွာသို့ ရောက်နေပြီ ဖြစ်သည်။

အလွန်စျေးကြီးလှသည့် အနာကျက်ဆေးရည်သည်ပင် ကုချိန်းလွှာ၏ ဒဏ်ရာကို သက်သာအောင် စွမ်းဆောင်နိုင်စွမ်း မရှိတော့။ ကုချိန်းလွှာ၏ အခြေအနေကို သဘောပေါက်သည်နှင့်အမျှ စုချန်း ရင်တုန်ပန်းတုန် ဖြစ်လာ၏။ ဤအတိုင်းဆိုလျင် ကုချိန်းလွှာ ရေရှည်တောင့်ခံနိုင်စွမ်းမရှိတော့။

ထိုအခိုက်မှာပင် ကုချိန်းလွှာသည် ချောင်းတချက်ဟန့်ပြီး များပြားလှသော သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်၏။

"ချိန်းလွှာ သတိထား"

ပြောပြောဆိုဆို စုချန်းသည် ကုချိန်းလွှာ၏ ရင်ဘတ်အား ဖိပေးပြီး ဆေးရည်များ မြန်မြန်ပျံ့နှံ့စေရန် ကြိုးစားလိုက်၏။ သို့သော် သူ၏ပရမတ်အမြင်တွင် ကုချိန်းလွှာ၏ အသက်ဓာတ်သည် မြန်မြန်ဆန်ဆန်ပင် လျော့ကျနေကြောင်း အတိုင်းသား မြင်တွေ့နေရသည်။

နောက်ဆုံးတော့ သူတို့အားလုံး အတော်ပင် နောက်ကျနေခဲ့ချေပြီတကား။

"ချိန်းလွှာ"

ကျယ်လောင်စွာ အော်ဟစ်ပြီး စုချန်းသည် သွေးရူးသွေးတန်းနှင့် မူလစွမ်းအင်များ ဖြည့်သွင်းလိုက်၏။ သို့သော် ကုချိန်းလွှာဘက်မှ ဘာတုံ့ပြန်မှုမှမရှိ။

သူကြည့်နေစဥ်မှာပင် ကုချိန်းလွှာ၏ မျက်နှာသည် ဖြူသထက်ဖြူလာပြီး သူမ၏ ဒွာရရှစ်ပေါက်မှ သွေးများ စိမ့်ထွက်လာ၏။

စုချန်း တကိုယ်လုံး အေးခဲသွားလေသည်။

"ချိန်းလွှာ"

ကုယောက်ယိ တုန်တုန်ယင်ယင်နှင့် အော်လိုက်သည်။ သူသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင် ဖြစ်သော်လည်း ကုချိန်းလွှာကိုကား ဘာမှမကူညီပဲ အတိုင်းသား ရပ်ကြည့်နေရ၏။

ကုချွန်းမြန်မှာကား ထိုင်မရထမရ ဖြစ်နေရှာသည်။

"ချိန်းလွှာ မင်း မသေရဘူး ဘာပဲဖြစ်ဖြစ် မင်း မသေရဘူး"

စုချန်းသည် ကုချိန်းလွှာအား စိုက်ကြည့်ပြီး နူးညံ့သောအသံနှင့် ပြောလိုက်သည်။ ထို့နောက် သူသည် ဆေးပုလင်းငယ်တလုံးကို ဆွဲထုတ်ပြီး ကုချိန်းလွှာအား တိုက်ကျွေးလိုက်၏။

"အဲတာ ဘာလဲကွ"

ကုယောက်ယိနှင့် ကုချွန်းမြန်တို့က ပြိုင်တူမေးလိုက်သည်။ ထိုသို့ မေးရခြင်းမှာ စုချန်းကို သူတို့ မယုံကြည်၍ မဟုတ်။ ထိုဆေးရည်မှာ ရိုးရိုးဆေးရည်မဟုတ်ကြောင်း သဘောပေါက်လိုက်၍သာ ဖြစ်သည်။

"သူ့ကို မသေအောင် ကူညီပေးမဲ့ ဆေးပေါ့ဗျာ"

စုချန်းက ပြန်ဖြေလိုက်သည်။ သူ့လေသံမှာ အနည်းငယ် တုန်ယင်နေ၏။ သူ့မျက်နှာမှာလည်း ဝမ်းနည်းကြေကွဲလျက် ရှိသည်။

"ဘေးထွက်ဆိုးကျိုးများ ရှိနေလို့လား ဥပမာ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် ပျောက်ဆုံးသွားတာမျိုးပေါ့"

ကုချွန်းမြန်၏ မေးခွန်းထုတ်သံ ဖြစ်သည်။

"မဟုတ်ပါဘူးဗျာ တကယ်တော့ အဲတာရဲ့ ပြောင်းပြန်ပါ"

ထိုစကားကြောင့် ကုယောက်ယ်ိ အံ့သြသွား၏။

"ဒါဆို ဘယ့်နှယ်ကြောင့် မင်း မပျော်နိုင်ပဲ ဖြစ်နေရတာတုန်း"

ပြောနေရင်းမှာပင် တစုံတခုကို ကုယောက်ယိ စဥ်းစားမိသွား၏။

"ဟာ...ဒါဆို"

ထိုအချိန်မှာပင် သတိမေ့နေသော ကုချိန်းလွှာ၏ ကိုယ်ခန္ဓာသည် စတင်ပြောင်းလဲစ ပြုလာ၏။

***

All Chapters