← Chapters

မူလသားရဲသွေးဗီဇ နိုးထလာခြင်း

Vol. 60 Ch. 593

မူလသားရဲသွေးဗီဇ နိုးထလာခြင်း

Vol. 60 Ch. 593

ထူထည်းသိပ်သည်းလှပြီး အားကောင်းသော စွမ်းအင်လှိုင်းတခုသည် ကုချိန်းလွှာ၏ ကိုယ်တွင်းမှ စတင်လှုပ်ရှားလာ၏။

မူလက ကုတင်ပေါ်တွင် လဲလျောင်းလျက်ရှိသော ကုချိန်းလွှာ၏ ကိုယ်ခန္ဓာသည်လည်း လေပေါ်သို့ အလိုလို ပျံတက်လာသည်။

အနှီအားလှိုင်းများ ရိုက်ခတ်မှုကြောင့် တခန်းလုံး အပူချိန် မြင့်တက်လာ၏။ အပူဒဏ်ကြောင့် အစေခံများပင် မနေနိုင်ပဲ အခန်းပြင်သ်ို့ ကပျာကယာ ပြေးထွက်ကုန်ကြသည်။ နောက်ဆုံးတွင် အခန်းထဲ၌ ကုယောက်ယိတို့သာ အခန်းထဲ၌ ကျန်ရစ်တော့သည်။ ကုချိန်းလွှာ၏ အဝတ်စများမှာ လေပေါ်တွင် တဖြတ်ဖြတ် လွင့်မြောနေလေရာ တောင်ကမ်းပါးတွင် ပေါက်ရောက်နေသော ဝက်သစ်ချပင် လေအတိုးဝယ် လူးလွန့်နေသည်နှင့်ပင် တူနေတော့သည်။

"တကယ်ပဲ...သူ တကယ်ပဲ...နိုးထလာခဲ့ပြီပေါ့"

ကုယောက်ယိ၏ လေသံမှာ တုန်ခါနေလေသည်။

ကုချိန်းလွှာ၏ အ​ဖြစ်အပျက်နှင့် ပတ်သက်၍ သူ့လောက် ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသ်ိနိုင်။

ကုချိန်းလွှာကား အမှန်တကယ် မူလသားရဲသွေးဗီဇ နိုးထလာခဲ့ချေပြီတကား။

ထိုအခါ ကုယောက်ယ်ိက စုချန်းအား လှမ်းကြည့်ပြီး မေးလိုက်သည်။

"မင်း ဘယ်လိုလုပ်လိုက်တာလဲ"

စုချန်း၏ မျက်နှာမှာကား ပြိုတော့မည်မိုးလို ဖြစ်နေခဲ့လေပြီ။

"ရှည်လျားရစ်ခွေမြို့တော်တုန်းက သွေးဗီဇနိုးထဆေးရည်ဖော်စပ်နည်း ရခဲ့လို့ အဲဒီအတိုင်း ဆေးရည်တချို့ ဖော်စပ်ပြီး ဒီပုလင်းထဲမှာ ထည့်ထားခဲ့တယ် ဘယ်တော့မှ အသုံးမလိုခဲ့လို့ ဒီအတိုင်း သိမ်းထားခဲ့တာ ခုတော့..."

စုချန်းဟူသည် အမြဲတီထွင်ကြံဆနေတတ်သူ၊ သုတေသန လုပ်နေတတ်သူ ဖြစ်သည်။ သွေးဗီဇနိုးထဆေးရည်ကိုလည်း သူ့ဗီဇအရ တီထွင်ဖော်စပ်ထားခြင်းပင်။ သို့သော် အသုံးမလို၍ ဤဆေးရည်အား သူ အလေးမထားသလို သုံးလည်းမသုံးခဲ့။ ယခုတော့ ကုချိန်းလွှာအတွက် မမျှော်လင့်ပဲ ဤဆေးရည်အား သူ အသုံးပြုခဲ့မိလေပြီ။

သွေးဗီဇနိုးထဆေးရည်အား တီထွင်ခြင်း။

ကုယောက်ယိ အကြီးအကျယ် အံ့သြသွား၏။ တဆက်တည်းမှာပင် စုချန်း၏ ဖန်တီးမှုအား သူ ကြိတ်၍ ချီးကျူးမိလေသည်။

သို့သော် စုချန်း၏ ပုံစံမှာကား ဝမ်းသာဟန်တစက်ကလေးမျှပင် မရှိ။ သူအမူအရာမှာ လေးလံထိုင်းမှိုင်းနေ၏။ ဝမ်းနည်းကြေကွဲနေ၏။

တကယ်လည်း စုချန်း ခံစားနေရသမျှမှာ ဝမ်းနည်းကြေကွဲမှုသာ ဖြစ်လေသည်။

ကုချိန်းလွှာ၏ မူလသားရဲသွေးဗီဇ နိုးထလာခဲ့ပြီမှန်း စုချန်း ကောင်းကောင်းကြီး သိထား၏။

တချိန်တည်းမှာပင် သူတို့နှစ်ယောက်မှာလည်း ရာသက်ပန် ဝေးကွာသွားရပြီ ဖြစ်သည်။

ကုချိန်းလွှာ၏ မူလသားရဲသွေးဗီဇနိုးထလာချိန်သည် အရာအားလုံး ပြီးဆုံးသွားချိန် ဖြစ်သည်။ သို့သော် စုချန်းတွင် တခြားရွေးချယ်စရာ ရှိမနေခဲ့။ သူ့အနေနှင့် နေရာတွင် အတိုင်းသားထိုင်နေပြီး ကုချိန်းလွှာ သေမည်ကို ထိုင်မကြည့်လိုပါက သူမ၏ မူလသားရဲသွေးဗီဇကို နှိုးဆွပေးရမည့် တနည်းသာ ရှိတော့သည်။

အဖြေမှာ သံသယဖြစ်စရာမလို။ စုချန်းအနေနှင့် ကုချိန်းလွှာ သေဆုံးမည့်အရေးကို ထိုင်မကြည့်နိုင်သည်မှာ သေချာနေ၏။

ထိုအချိန်တွင် ကုချိန်းလွှာထံမှ ထွက်ပေါ်လာသော ဖိအားသည် တဖြည်းဖြည်း လျော့နည်းသွား၏။ သူမ၏ ကိုယ်ခန္ဓာသည်လည်း အိပ်ယာပေါ်သို့ ပြန်လည် နိမ့်ကျလာသည်။ သူမ၏ မျက်လုံးမှာလည်း ပွင့်လာ၏။

သူမက စုချန်းအား လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ရွှဲရွှဲစိုလျက် ရှိနေခဲ့လေပြီ။

သူမ အားလုံးကို သိရှိသွားပြီမှန်း စုချန်း ချက်ချင်းသဘောပေါက်လိုက်သည်။

သွေးဗီဇ နိုးထလာချိန်မှာပင် ဘာတွေဖြစ်ကုန်မှန်း ကုချိန်းလွှာ သိရှိသွားခြင်းပင်။

"ချိန်းလွှာ"

စုချန်းက တုန်ယင်သောအသံနှင့် ခေါ်လိုက်၏။

ကုချိန်းလွှာ ခေါင်းကို မသိမသာ ခါယမ်းလိုက်သည်။ ထိုအချိန်တွင် စုချန်းက ကုချိန်းလွှာအား လှမ်းဖက်ရန် ကြိုးစားလိုက်၏။ ထိုအချိန်မှာပင် ကုချိန်းလွှာသည် စုချန်းကို ရှောင်တိမ်းပြီး ပြတင်းပေါက်အပြင်သို့ လှစ်ခနဲ ခုန်ထွက်သွားတော့သည်။

"ချိန်းလွှာ"

ကုချိန်းလွှာ ဘာလုပ်တော့မည်မှန်း နားလည်လိုက်သော ကုယောက်ယိသည် ကျယ်လောင်စွာ အော်ဟစ်ပြီး သူမအား တားဆီးရန် ကြိုးစားလိုက်သည်။

သူသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင် ဖြစ်နေသည့်တိုင် သူမအား တားဆီးနိုင်ခြင်းမရှိ။ ကုချိန်းလွှာသည် ကုယောက်ယ်ိနှင့် စုချန်းအား နောက်တွင ချန်ထားရစ်ပြီး အပြင်သ်ို့ ရောက်ရှိသွားလေသည်။

"မကောင်းတော့ဘူးဟေ့"

ပြောပြောဆိုဆို ကုယောက်ယ်ိသည် စုချန်းအား သူ့အင်္ကျီလက်မောင်းအိုးနှင့် ရစ်ပတ်ပြီး ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်၏။ ကုချွန်းမြန်သည်လည်း သူတို့နောက်မှ လိုက်ပါလာလေသည်။

ထိုအချိန်တွင် ကုချွန်ယု၊ ကုချွန်ချောက်နှင့် ကျန်လူများလည်း ထိုနေရာသို့ စုရုံးရောက်ရှိလာကြပြီ ဖြစ်သည်။ ကုချိန်းလွှာ ကောင်းကင်ပေါ်တွင် ပျံသန်းနေသည်ကို မြင်သောအခါ သူတို့အားလုံး ပြိုင်တူရေရွတ်လိုက်ကြ၏။

"မူလသားရဲသွေးဗီဇနိုးလာတာပဲ"

ထို့နောက် သူတို့အားလုံးလည်း ကုချိန်းလွှာနောက်သို့ လိုက်ကြလေ၏။

ကုချိန်းလွှာသည် ရှေ့မှ ဦးဆောင်ပျံသန်းနေသည်။ ကုယောက်ယိတို့လူစုက နောက်မှ လိုက်နေကြသည်။

သို့သော် ကုချိန်းလွှာသည် မြန်ဆန်လှပေရာ ကုယောက်ယိတို့မှာ လိုက်လေဝေးလေ ဖြစ်နေတော့၏။

ကုချိန်းလွှာသည် လေပေါ်တွင် လမ်းလျှောက်နေခြင်းပင်။ လွင့်မြောနေသော တိမ်တိုက်များက သူမ၏ ခြေဖဝါးအောက်တွင် ​ကျောက်တုံးများသဖွယ် လမ်းခင်းပေးနေ၏။ အဖြူရောင်တိမ်ထုများက သူမနောက်တွင် ပြတ်ကျန်နေခဲ့၏။ စုချန်းအနေနှင့် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို တတ်ထားသည့်တိုင် ကုချိန်းလွှာကိုတော့ လိုက်မမှီနိုင်။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာကား ကုချိန်းလွှာသည် လမ်းလျှောက်ရုံမျှသာ လျှောက်နေခြင်း ဖြစ်သည်။ သူမ၏ အင်အားကို အပြည့်အဝ ဖော်ထုတ်ခြင်းမရှိသေး။

၎င်းကိုမြင်သော ကုယောက်ယိသည် ခေါင်းတချက် ခါလိုက်၏။

"လက်စသတ်တော့ ဒီလို ဖြစ်သွားတာကိုး သူ့မှာ သွေးဗီဇနိုးထလာမဲ့ အခြေအနေတခု ရှိနေပြီးသားမို့လို့ ဒီလောက် မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားတာပဲ ခုဆိုရင် မူလသားရဲသွေးဗီဇ နိုးထသွားလို့ သူ့အစွမ်းက မယုံနိုင်လောက်အောင် မြင့်မားသွားပြီ"

စကားဆုံးသည်နှင့် ကုယောက်ယိသည် အလင်းတန်းတခုပမာ ရှေ့သို့ တဟုန်ထိုး တိုးထွက်သွား၏။ ထို့နောက် ကုချိန်းလွှာ၏ နောက်နားမှနေ၍ သူက အော်လိုက်သည်။

"ချိန်းလွှာ မင်း စိတ်အေးအေးထားမှရမယ်"

ကုချိန်းလွှာကား နောက်သို့ပင် လှည့်မကြည့်။

"ဘေးတော်ကြီးရှင် ကျွန်မ သိပ်ကို စိတ်အေးအေးထားပါတယ် ခုဆုံးဖြတ်ချက်ကလဲ စိတ်အေးအေးနဲ့ ချလိုက်တဲ့ ဆုံးဖြတ်ချက်ပါပဲ"

ကုယောက်ယိ ကျွဲမြီးတိုသွား၏။

"မင်း ဘာလုပ်ဖို့ကြံနေလဲ ကျုပ် မသ်ိဘူး ထင်လို့လား ခု မင်း ကျုံးမျိုးနွယ်စုဆီသွားမလို့ လုပ်နေတာမလား"

"ဟုတ်ကဲ့ ကျွန်မ အဲဒီကို သွားဖို့ လုပ်နေတာပါ ကျုံးချိန်းကောင်း ကျွန်မကို အကောက်ကြံသွားတယ် ဒီအကြွေးကို သူ ဆပ်ကိုဆပ်ရမယ်"

"အာ ဒီကိစ္စကို မင်းကိုယ်တိုင် လုပ်စရာမလိုပါဘူးကွာ ကျုပ်တို့ ကျုံးချိန်းကောင်းနဲ့ စာရင်းရှင်းမှာပါ"

"ဘေးတော်ကြီးတို့ ရှင်းပေးမှာကို မလိုချင်ဘူးရှင် ဒီကိစ္စကို ကျွန်မကိုယ်တိုင် ရှင်းချင်တယ်"

ကုချိန်းလွှာ၏ အသံမှာ အေးစက်နေ၏။

သို့သော် ကုယောက်ယိက ထပ်မံ နားချရန် ကြိုးစားလိုက်ပြန်၏။

"ဘာပဲပြောပြော ကျုံးမျိုးနွယ်ဟာ နတ်ဆိုးဘုရင်သွေးဗီဇပိုင်ရှင်မျိုးနွယ်စု ဖြစ်နေတုန်းပဲ ပြီးတော့ သူတို့အိမ်မှာ ကျုပ်ထက်တောင် အစွမ်းထက်တဲ့ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တွေ ရှိတယ် မင်းအနေနဲ့ သွားဖို့ မသင့်တော်ဘူး ဒီတော့ မင်းရဲ့ဆုံးဖြတ်ချက်ကို အချိန်ယူပြီး ပြန်စဥ်းစား..."

ချက်ချင်းပင် ကုချိန်းလွှာက ပြန်တုံ့ပြန်လိုက်သည်။

"ကျွန်မအနေအထားအရ အချိန်ရှိသေးလို့လားရှင်"

ကုယောက်ယိ ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။

တကယ်တော့ ကုချိန်းလွှာ၏ စကားက မမှား။

နိုင်ငံကြီး​ခုနှစ်နိုင်ငံသည် ကုမျိုးနွယ်အား အမြဲတစေ စောင့်ကြည့်နေကြသည် မဟုတ်ပါလား။ မျိုးနွယ်စုထဲမှ တယောက်သာ ကမ္ဘာဦးသားရဲ/မူလသားရဲသွေးဗီဇ နိုးထလာပါက ထိုကိစ္စကို ကိုင်တွယ်ရန် တစုံတဦးအား ချက်ချင်းပင် စေလွှတ်တတ်ကြလေသည်။

ထိုအကြောင်းကို သိထားသော ကုချိန်းလွှာသည်လည်း အချိန်မရတော့မှန်း သိ၍ သတိရလာသည်နှင့် ကျုံးချိန်းကောင်းအား ချက်ချင်းလက်တုံ့ပြန်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။

"စုချန်း မင်း သူ့ကို နားချပါအုံး ဘာပဲပြောပြော မင်းဟာ သူ့ရဲ့သတို့သားလောင်းပဲ မင်းပြောတာဆိုရင် သူ နားထောင်မှာပဲ"

ကုယောက်ယိက မတတ်သာတော့ပဲ စုချန်းအား အကူအညီ တောင်းလိုက်ရတော့သည်။

"နားချရမယ် ဟုတ်လား"

စုချန်းက ပြန်ပြောလိုက်သည်။

"ဘာကြောင့် ကျွန်တော်က နားချရမှာလဲခင်ဗျာ ကျုံးချိန်းကောင်းက ကျွန်တော့ရဲ့ သတို့သမီးကို ဒုက္ခပေးတယ် ဒီအတွက် ဖြစ်လာမဲ့အကျိုးဆက်ကို ရင်ဆိုင်ဖို့ သူ အသင့်ပြင်ထားသင့်တာပေါ့"

"ဘာကွ"

ကုယောက်ယိ ပက်လက်လန်သွားလေပြီ။

ထို့နောက် စုချန်းက ကုချိန်းလွှာအား ပြောလိုက်သည်။

"ချိန်းလွှာ မင်း လက်စားချေချင်တယ်ဆိုရင် ဘာကြောင့် မင်းရဲ့ သတို့သားလောင်းဖြစ်တဲ့ ကျုပ်ကိုပါ တပါတည်း ခေါ်မသွားတာလဲ"

"စုချန်း ရှင်"

ကုချိန်းလွှာ မျက်လုံးပြူးသွား၏။

"ဒါမှမဟုတ် မင်းက သွေးဗီဇနိုးထလာတာနဲ့ ကျုပ်ကို မထိုက်တန်တော့ဘူးလို့ ယူဆလို့လား"

ကုချိန်းလွှာ မျက်ရည်ဝဲလာ၏။

"ဒီလိုမဟုတ်မှန်း ရှင် သိပါတယ် ဘာကြောင့် ဒီလို ပြောထွက်ရက်တာလဲ"

စုချန်း ပြုံးလိုက်၏။

"ဒါဆို ဘာများ အဆင်မပြေစရာ ရှိလို့လဲ မင်းမှာ မူလသားရဲသွေးဗီဇနိုးလာတော့ကော ဘာဖြစ်သလဲ ဟာလာဟင်းလင်းတောင်ကို သွားရတော့ကော ဘာဖြစ်သလဲ မင်းဟာ ကျုပ်ရဲ့ သတို့သမီးလောင်း ဖြစ်နေတုန်းပဲလေ ဥပဒေအရ မူလသားရဲသွေးဗီဇ နိုးထလာရင် ဟာလာဟင်းလင်းတောင်ကို သွားရမယ် အနီးကပ်စောင့်ကြပ်မှုနဲ့ နေထိုင်ရမယ် ဒါပေမဲ့ သူတို့ လက်ထပ်တာကိုတော့ တားမြစ်မထားဘူးလေ ဟုတ်သလား ကျုပ်ပြောတာ ဘယ်ဥပဒေမှာမှ မူလသားရဲသွေးဗီဇနိုးလာသူက သွေးဗီဇမပါသူနဲ့ လက်မထပ်ရဘူးလို့ ရေးမထားဘူး ဒီတော့ ဘာများ ဂရုစိုက်နေစရာ လိုသလဲ"

ထိုစကားကြောင့် ကုချိန်းလွှာ မျက်ရည်များ စီးကျလာပြီး အားရပါးရ ရယ်မောလိုက်သည်။

"ဆိုရိုးစကားတခုရှိတယ် ရှင် ကြက်နဲ့လက်ထပ်ရင် ကြက်နောက်လိုက်ရမယ်တဲ့ ခုတော့ ရှင်က ကြက်နေရာမှာ ကျွန်မကို အစားထိုးလိုက်တာပေါ့လေ ဟုတ်လား"

"ဟုတ်တယ် ကျုပ် အဲဒီအတိုင်းပဲ ဆန္ဒရှိတယ် ဒီတော့ ပြောပါအုံး မင်းနဲ့အတူ ကျုပ်ကို ခေါ်သွားမလားဆိုတာကို"

စုချန်း၏ လက်ကို ဆုပ်ကိုင်ရင်း ကုချိန်းလွှာက ပြောလိုက်သည်။

"ဒါပေါ့ရှင် ခေါ်သွားမှာပေါ့"

"သိပ်ကောင်းတာပေါ့ကွာ"

ထိုအချိန်မှာပင် ကျူးရှန်းယောင်၏ အကြောင်းကို တွေးမိပြီး စုချန်း ငူငူကြီး ဖြစ်သွားရှာတော့သည်။

***

All Chapters