← Chapters

ကိရိယာတခုပေါ်တွင် ပျံသန်းခြင်း

Vol. 60 Ch. 594

ကိရိယာတခုပေါ်တွင် ပျံသန်းခြင်း

Vol. 60 Ch. 594

အချိန်တချို့ကြာအောင် ပျံသန်းပြီးနောက် သူတို့နှစ်ယောက်လုံး ကြိုးကြာမြို့တော်အပေါ်ရှိ ကောင်းကင်ယံသို့ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာခဲ့လေသည်။

ထိုအခါ ကုချိန်းလွှာက ခြံဝင်းကျယ်ကြီးတခုကို လက်ညိုးထိုးပြရင်း ပြောလိုက်သည်။

"အဲတာ ကျုံးမျိုးနွယ်ခြံဝင်းပဲ"

"ကျုပ် သွားလိုက်မယ်"

စုချန်းက ပြောလိုက်သည်။ သို့သော် ကုချိန်းလွှာကား လက်မခံ။

"မလိုပါဘူးရှင် ကျွန်မပဲ လုပ်လိုက်မယ်"

​

ပြောပြောဆိုဆို ကုချိန်းလွှာသည် လက်တဖက်ကို ဆန့်ထုတ်လိုက်ရာ တိမ်တိုက်များနှင့် ဖန်တီးထားသော လက်ကြီးတဖက်သည် မြေပြင်သို့ နိမ့်ဆင်းသွားလေသည်။

ကုချိန်းလွှာ၏ ​ကြောက်မက်ဖွယ်အင်အားကိုကြည့်ပြီး စုချန်းပင် အတော်လေး ထိတ်လန့်သွား၏။

တော်ရုံတန်ရုံ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များပင် စွမ်းဆောင်ရန် မလွယ်လှသည့် လုပ်ရပ်အား ကုချိန်းလွှာက အလွယ်တကူပင် လုပ်ပြလိုက်သည် မဟုတ်ပါလား။ မူလသားရဲသွေးဗီဇကား တခုခု ထူးခြားနေသည်ကတော့ အမှန်ပင်။

ကုချိန်းလွှာ၏ လက်ဝါးရိုက်ချက်ကြောင့် ကျုံးခြံဝင်းတခုလုံး ပြားပြားဝပ်သွားတော့မည်ဟု ထင်ရသည်။ သို့သော် မြေပြင်ဆီမှ တုံ့ပြန်မှုကြောင့် သူမ၏ လက်ဝါးပုံသဏ္ဍာန်က်ို ဖြစ်ပေါ်စေသော တိမ်ထုကြီးသည် ပြန့်ကျဲပြီး ရေခိုးရေငွေ့များအဖြစ် ပြောင်းလဲသွား၏။

ထို့နောက် အသံတသံ ထွက်ပေါ်လာလေသည်။

"ဒီကို ရောက်လာတဲ့ ဧည့်သည်က ဘယ်သူပါလိမ့် ကျုပ် ကျုံးယဲ့ရှန်း နှုတ်ခွမ်းဆက်ပါတယ် ဧည့်သည်အနေနဲ့ ပြောစရာရှိတာကို အေးအေးဆေးဆေး ပြောလို့ရပါတယ်လေ ဒီလို လုပ်စရာမလိုပါဘူး"

"ဒီလို လုပ်တော့ကော ဘာဖြစ်သလဲ"

ကုချိန်းလွှာက အားရပါးရ ရယ်မောပြီး တုံ့ပြန်လိုက်သည်။

"ကျုံးယဲ့ရှန်း ရှင် ကျွန်မကို တားဆီးနိုင်မယ် ထင်နေတာလား"

ကုချိန်းလွှာ၏ အသံကိုကြားသည်နှင့် ကျုံးယဲ့ရှန်း အံ့သြသင့်သွားသည်မှာ မေးခွန်းထုတ်နေစရာမလို။

ချက်ချင်းပင် ကောင်းကင်ပေါ်သို့ လူတယောက် ပျံတက်လာ၏။ ထိုလူ၏ မျက်နှာတခုလုံးမှာ ပါးသိုင်းမွှေးများနှင့် ပြည့်နှက်နေပြီး မသေနိုင်သော နတ်ဘုရားတပါးနှင့်ပင် ခပ်ဆင်ဆင် တူနေလေသည်။ ထိုလူသည် ကုချိန်းလွှာကို မြင်သော် အလွန် အံ့သြသွား၏။

"ဟာ ချိန်းလွှာ မင်းပါလား မင်း ဘယ်လိုလုပ်ပြီး ဒီကို...."

ကျုံးယဲ့ရှန်းသည် ကုချိန်းလွှာအား ယခင်ကပင် မြင်ဖူးသည်ဖြစ်လေရာ မြင်ရုံနှင့် ချက်ချင်းပင် မှတ်မိလိုက်လေသည်။ သူ့စိတ်ထဲတွင် ပထမ လက်ဝါးရိုက်ချက်အား ထုတ်လွှတ်လိုက်သူမှာ ကုချိန်းလွှာဟု လုံးဝ ထင်မထား။ ထိုလက်ဝါးရိုက်ချက်သည် အင်အားကြီးမားလှပေရာ သူကိုယ်တိုင်ပင် အတော်လေး ချေဖျက်လိုက်ရသည် မဟုတ်ပါလား။

ယခုတော့ မမျှော်လင့်ပဲ ထိုလက်ဝါးရိုက်ချက်ကို ဖော်ထုတ်လိုက်သူမှာ ကုချိန်းလွှာ ဖြစ်နေ၏။ ထိုအခါ ကျုံးယဲ့ရှန်းက တစုံတခုကို ချက်ချင်း သဘောပေါက်သွားတော့သည်။

"မင်းရဲ့ မူလသားရဲသွေးဗီဇ နိုးထလာပြီပေါ့ ဟုတ်လား ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ကုချိန်းလွှာကလည်း ခပ်ပြတ်ပြတ်ပင်။

"ကျွန်မ ရှင်နဲ့ အချိန်မဖြုန်းချင်ဘူး ကျုံးချိန်းကောင်းကို ကျွန်မလက်ထဲ အပ်ပါ"

"ချိန်းကောင်း ဟုတ်လား"

ကျုံးယဲ့ရှန်း၏ မျက်နှာ တမျိုးဖြစ်သွားသည်။

"သူနဲ့ဘာကိစ္စရှိလို့လဲ ပြီးတော့ သူက လက်ထပ်ဖို့ကိစ္စအတွက် မင်းတို့ဆီ သွားနေတာ မဟုတ်ဘူးလား"

ကုချိန်းလွှာ၏ မျက်နှာပေါ်တွင် သွေးဆာဟန်ပေါ်လာ၏။

"အချိန်မဖြုန်းနဲ့ သူ့ကို ကျွန်မလက်ထဲ ချက်ချင်းအပ်ပါ"

နောက်ဆုံးတော့ ကျုံးယဲ့ရှန်း တစုံတခုကို သဘောပေါက်သွား၏။

"ကျုပ်သား ပြသနာရှာခဲ့ပြီပေါ့ ဟုတ်လား ဒီအတွက် ကျုပ်ကိုယ်တိုင် နတ်မိမယ်ကု ကျေနပ်အောင် ဆောင်ရွက်ပေးပါမယ်လေ"

ဝါစဥ်သဘောအရ ကျုံးယဲ့ရှန်းသည် ကုချိန်းလွှာထက် ဝါစဥ်ကြီး၏။ သို့သော် သူက ကုချိန်းလွှာအား နတ်မိမယ်ဟု သုံးလိုက်ရာ တန်းတူရည်တူ သဘောထားမှန်း သိသာနေသည်။

သို့သော် ကုချိန်းလွှာ၏ စိတ်အခြေအနေမှာ အထူးပင် ထိလွယ်ရှလွယ် ဖြစ်နေ၏။ ပေါက်ကွဲထွက်နေ၏။ သူမအနေနှင့် ကျုံးယဲ့ရှန်းနှင့် စကားဆက်ပြောလိုက်စိတ် မရှိတော့။

"ကျွန်မ ရှင် ကျေနပ်အောင် ဆောင်ရွက်ပေးတာကို မလိုချင်ဘူး သူ့အသက်ကိုပဲ လိုချင်တယ်"

ကျုံးယဲ့ရှန်း မျက်နှာ ကွက်ခနဲ ပျက်သွားသည်။

"နတ်မိမယ်ကု မင်းရဲ့ မူလသားရဲသွေးဗီဇ နိုးထလာတယ်ဆိုတာနဲ့ ကျုံးမျိုးနွယ်ကို ဒီလို ဆက်ဆံလို့တော့ မရဘူးလေ သွေးဗီဇ နိုးထလာတာနဲ့ပဲ အနှိုင်းမဲ့ ဖြစ်သွားပြီလို့ မင်း ထင်နေတာလား"

ထိုစဥ် စုချန်းက ဝင်ပြောလိုက်သည်။

"အကြီးအကဲကျုံး အကြီးအကဲရဲ့သားဟာ ချိန်းလွှာကို အဆိပ်ခတ်ဖို့ ကြိုးစားခဲ့တယ် သူ့ရဲ့ မူလသားရဲသွေးဗီဇသာ နိုးထမလာခဲ့ရင် ချိန်းလွှာ သေပြီးနေပြီ"

"ဘာ"

ကျုံးယဲ့ရှန်း မျက်လုံးပြူးသွား၏။

"ကျုပ်တို့အနေနဲ့ အကြောင်းပြချက်ကို ရှင်းပြပြီးပြီ ဒီတော့ အကြီးအကဲကျုံးအနေနဲ့ ကျုံးချိန်းကောင်းကို ကျုပ်တို့လက် အပ်နိုင်ပြီလား"

"ဒါ"

ကျုံးယဲ့ရှန်း အနည်းငယ် တွန့်ဆုတ်ဆုတ် ဖြစ်သွားသည်။

"ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူး ကျုပ်ကို အချိန်နည်းနည်းလောက်ပေးပါ သေသေချာချာ စစ်ဆေးပြီးရင် နတ်မိမယ်ကုကို ကျုပ် အဖြေပြန်ပေးမယ် ဖြစ်မလား"

ကျုံးယဲ့ရှန်း၏ စကားမှာ လက်သင့်ခံဖွယ်ရာပင်။ အကြောင်းအကျိုးလည်း သင့်နေ၏။ သို့သော် ကုချိန်းလွှာအတွက်တော့ ၎င်းမှာ အချိန်ဆွဲရန် ကြိုးပမ်းနေခြင်းပင်။

လက်ရှိတွင် ကုချိန်းလွှာအတွက် မလုံမလောက် ဖြစ်နေသည်ကလည်း အချိန်ပင်။

ထိုအခါ ကုချိန်းလွှာ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်ဟန်များ ပေါ်လာ၏။

"ကျွန်မမှာ အချိန်မရှိတော့ဘူး ဒီတော့ ရှင် ကျုံးချိန်းကောင်းကို ကျွန်မလက်ထဲ အပ်ရင်အပ် မဟုတ်ရင် ရှင် သေရမယ်"

စကားဆုံးသည်နှင့် သူမက လက်ဝါးရိုက်ချက်တချက် ထုတ်လွှတ်လိုက်သည်။

ထိုလက်ဝါးရိုက်ချက်သည် သာမာန်ဟု ထင်ရ၏။ သို့သော် သူမ၏ လက်ဝါးမှ အကန့်အသတ်မဲ့ အားလှိုင်းများ ထွက်ပေါ်လာပြီး လေထုသည် ဟူးခနဲ ရှေ့သို့တိုးထွက်သွားသည်။ အနှီ လေထုသည် ခြစ်ခြစ်တောက်ပူလောင်နေ၏။

တောက်ပခြင်းနဂါးဟူသည်ကား မီးလျံအမျိုးအစား မူလဘူတသားရဲကြီး ဖြစ်သည်။ ထို့ကြောင့် ကုချိန်းလွှာ အသုံးပြုသမျှ မူလစွမ်းရည်များသည်လည်း မီးလျံအမျိုးအစားစွမ်းရည်များအဖြစ် ကူးပြောင်းကုန်ကြပြီ ဖြစ်သည်။ သူမ တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်းတွင် သူမရှေ့ရှိ လေထုသည် ကြောက်စရာကောင်းလောက်အောင် ပူလောင်နေ၏။ မြင်ရုံနှင့် ကုချိန်းလွှာသည် မူလစွမ်းရည်တွဲ အသစ် တတွဲကို ပိုင်ဆိုင်သွားပြီမှန်း သိသာနေပေသည်။

ကုချိန်းလွှာကား တောက်ပခြင်းနဂါးသွေးဗီဇ၏ မသေနိုင်သောမီးလျံများကို အသုံးပြုနေခြင်းပင်တည်း။

မီးပင်လယ်ကြီး သူ့ထံသို့ ဦးတည်လာကြောင်း မြင်သည်နှင့် ကျုံးယဲ့ရှန်းသည် လက်ဝါးရိုက်ချက်နှင့် တုံ့ပြန်လိုက်၏။ အုံးခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကျုံးယဲ့ရှန်း နောက်သို့ လန်ကျသွားလေသည်။ ကုချိန်းလွှာ၏ အင်အားကြောင့် သူ အတော်လေး ထိတ်လန့်သွား၏။

သူသည် မျိုးနွယ်စု၏ အကြီးအကဲဖြစ်ပြီး ကြာပန်းခုနှစ်ပွင့်အဆင့် ပညာရှင် ဖြစ်သည်။ သို့တိုင်အောင် ကုချိန်းလွှာသည် သူနှင့် လက်ရည်တူ တိုက်ခိုက်နိုင်ရုံမက သူ့ထက်ပင် အင်အားကြီးမားနေသေးသည်။ သူမကြောက်ပဲ အဘယ်မှာ ရှိအံ့နည်း။

မူလသားရဲသွေးဗီဇသည် နားလည်ရန် ခက်ခဲကြောင်း ဤတချက်နှင့်ပင် သိသာနေ၏။ ကျင့်ကြံခြင်းနယ်ပယ် အလွှာ တလွှာတိတိ ကွာခြားနေသည့်တိုင်း ထိုကွာခြားမှုသည် မူလသားရဲသွေးဗီဇကို ဖိနှိပ်နိုင်စွမ်း မရှိချေတကား။

ကုချိန်းလွှာသည် ဆက်တိုက်ဆိုသလို တိုက်ခိုက်နေရာ ကျုံးယဲ့ရှန်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာ၏။ နောက်ဆုံးတွင် သူက အဝေးဆီသို့ လှစ်ခနဲ ခုန်ထွက်သွားတော့သည်။

ကျုံးမျိုးနွယ်၏ အနီရောင်မျက်လုံးကြိုးကြာသွေးဗီဇကား ရွေ့လျားရာတွင် လွန်စွာ မြန်ဆန်လှပေရာ ထွက်ပြေးရာတွင် အသုံးဝင်လှ၏။

ထိုအခါ ကုချိန်းလွှာက လက်ဝါးရိုက်ချက် လေးငါးချက်ခန့်ဆင့်၍ ရိုက်ချလိုက်ပြန်ရာ ပို၍ ထူထဲသော မီးပင်လယ်ကြီးက ကျုံးယဲ့ရှန်းထံသ်ို့ ရွေ့လျားသွားပြန်သည်။ မြင်ကွင်းကိုကြည့်ရင်း စုချန်းပင် အံ့သြထိတ်လန့်သွား၏။

"မူလသားရဲသွေးဗီဇ နိုးထလာတာနဲ့ပဲ မင်း လုပ်ချင်ရာ လုပ်လို့ရပြီလို့ တကယ်ပဲ ထင်နေတာလား"

ကျုံးယဲ့ရှန်းက အေးစက်သော လေသံနှင့် ပြောလိုက်သည်။ သူ့နောက်ကျောတွင်လည်း အဖြူရောင်ကြိုးကြာတကောင်၏ ပုံရိပ် ထွက်ပေါ်လာသည်။ ကြိုးကြာသည် အတောင်များ တဖြတ်ဖြတ်ခါလိုက်ရာ လေထဲတွင် ငှက်တောင်များ အတန်းလိုက် ပေါ်ပေါက်လာ၏။ ငှက်တောင်များ၏ ထိပ်ဖျားတွင် ပြင်းထန်သော အားလှိုင်းများ တိုးထွက်နေလေသည်။

ကုချိန်းလွှာသည် စုချန်းကို လက်ဆွဲထားရလေရာ အင်အားကို အပြည့်အဝ ဖော်ထုတ်နိုင်စွမ်း မရှိပဲ ဖြစ်နေ၏။ ကျုံးယဲ့ရှန်း၏ တိုက်ခိုက်မှုကို မြင်သောအခါ စုချန်းက ပြောလိုက်သည်။

"ချိန်းလွှာ ကျုပ်ကို လွှတ်လိုက်"

"အို ဘယ်ဖြစ်မလဲ ရှင် ပြုတ်ကျသွားမှာပေါ့"

ကုချိန်းလွှာက ပြန်အော်လိုက်၏။

စုချန်း ရယ်မောလိုက်လေသည်။

"ရပါတယ်ကွ ကျုပ်ဟာ မင်းကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရလောက်တဲ့အထိ အားမနည်းသေးပါဘူးလေ"

စကားဆုံးသည်နှင့် စုချန်းသည် တောင်ခွဲဓားအား လေထဲသို့ ပစ်လွှတ်လိုက်လေသည်။ တောင်ခွဲဓားသည် လေထဲတွင် လေးငါးခေါက်ခန့် လှည့်ပတ်ပျံသန်းပြီး စုချန်း၏ ခြေဖဝါးအောက်တွင် လာရပ်၏။ စုချန်းက ၎င်းအပေါ်သို့ လှမ်းတက်လိုက်လေသည်။

စုချန်း၏ နည်းလမ်းကို မြင်သောအခါ ကုချိန်းလွှာ အံ့သြသွားသည်။ ပြီးမှ သူမက ရယ်မောရင်း ပြောလိုက်၏။

"ကောင်းလိုက်တာ"

"ဒါ ကျုပ် ပထမဆုံးအကြိမ် ကြိုးစားကြည့်တာပဲ"

စုချန်းက ပြုံးရယ်ရင်း ပြောလိုက်သည်။

ဝိညာဥ်လက်နက်များကို သုံး၍ လေပေါ်တွင် ပျံသန်းနိုင်ရန် စုချန်း ယခင်ရက်တချို့ကပင် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ဤနည်းလမ်းကို ပထမဆုံးအကြိမ် သူအသုံးချခဲ့ရလေပြီ။

ထို့နောက် စုချန်းသည် တောင်ခွဲဓားကို ထိန်းချုပ်ကာ ကုချိန်းလွှာနောက်သို့ လိုက်လာခဲ့၏။

စုချန်းအား ကူညီပေးစရာမလိုတော့ပြီဖြစ်၍ ကုချိန်းလွှာသည် စိတ်ရှိလက်ရှိ တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။ သူမ၏ လက်ဝါးမှ မီးတောက်မီးလျံများ ထွက်ပေါ်လာ၏။ တဆက်တည်းမှာပင် နဂါးလက်သည်းကြီးက ကျုံးယဲ့ရှန်းအား ဆွဲကုပ်လာတော့သည်။

၎င်းမှာ တောက်ပခြင်းနဂါးသွေးဗီဇ၏ တိမ်တိုက်နဂါးလက်သည်းမှန်း ကျုံးယဲ့ရှန်း သိလိုက်သည်။ ကုချိန်းလွှာ၏ သွေးဗီဇသည် ကနဦးအဆင့်သာ ရှိသေးသော်လည်း နဂါးလက်သည်းထံမှ နဂါးကြီးတကောင်၏ အရှိန်အဝါများ ထွက်ပေါ်နေ၏။ ဆန်းကြယ်သော အင်အားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရခြင်းကြောင့် ကျုံးယဲ့ရှန်း၏ နှလုံးသားသည် ဆတ်ခနဲ တုန်ခါသွားသည်။ သို့သော် သူသည် ကြာပန်းခုနှစ်ပွင့်အဆင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဖြစ်လေရာ သူ့နဖူးပေါ်တွင် ကြာခုနှစ်ပွင့် အရောင်များတောက်ပလျက် ပေါ်ပေါက်လာ၏။

အားကောင်းသော အားလှိုင်းများနှင့်အတူ ကြိုးကြာငှက်မွှေးများသည်လည်း ပို၍ ကျစ်လျစ်မာကျောလာသည်။ ထို့နောက် ကြီးမားသော ငှက်နှုတ်သီးကြီးက ကုချိန်းလွှာအား ဆွဲကုတ်လိုက်တော့၏။

ကြိုးကြာနှုတ်သီးနှင့် နဂါးလက်သည်း ထိတွေ့မိချိန်ဝယ် အုန်းခနဲ အသံနက်ကြီး ထွက်ပေါ်လာပြီး ကောင်းကင်တခုလုံး မဲမဲမှောင်သွားတော့သည်။

ထိုအချိန်တွင် ကျုံးယဲ့ရှန်း၏ နဖူးပေါ်ရှိ ကြာပန်းများသည် အဆက်မပြတ် လည်ပတ်နေ၏။ ကုချိန်းလွှာ၏ နဖူးပေါ်တွင်လည်း နဂါးပုံစံ အမှတ်တံဆိပ်တခု ပေါ်လာပြီး အရောင်များ တောင်ပလျက်ရှိသည်။ အရောင်တောက်လာသည်နှင့်အမျှ ကုချိန်းလွှာ၏ နဂါးလက်သည်းသည် ပို၍ အားကောင်းလာ၏။

စုချန်းကား ဖြစ်ပျက်သမျှ အရာတိုင်းကို ပရမတ်မျက်လုံးများနှင့် စူးစိုက်ကြည့်ရှုလျက်ရှိသည်။ထိုအခိုက်အတန့်ဝယ် သူသည် ကုချိန်းလွှာနှင့်ကျုံယဲ့ရှန်းတို့၏ နည်းစနစ်တိုင်းကို လေ့လာမှတ်သားထားလိုက်၏။

နှစ်ပေါင်းနှစ်ဆယ်ခန့် တစိုက်မတ်မတ် သုံးလာခြင်းကြောင့် စုချန်း၏ အမြင်အာရုံသည် များစွာ သန်စွန်းနေခဲ့ပြီ ဖြစ်ပြီး တိုက်ခိုက်မှုများကိုပါ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိလာ၏။ သို့သော် ဤအတောအတွင်းဝယ် မည်သည့်တိုက်ပွဲမှ သူ လေ့လာခွင့်မရခဲ့။ ရှားရှားပါးပါး တိုက်ပွဲဖြစ်သည့် သားရဲများနှင့် တိုက်ပွဲတွင်လည်း မြို့သူမြို့သားများအား ကယ်တင်ရန် အာရုံစိုက်နေခဲ့ရ၍ ထိုအခွင့်အရေးကို စုချန်း မရခဲ့။

ယခုတော့ ထိပ်တန်းအဆင့် တိုက်ပွဲကြီးတပွဲအား စုချန်းတယောက် ဘေးမှ ရပ်ကြည့်ခွင့်ရခဲ့လေပြီ။

***

All Chapters