← Chapters

ညွှန်ကြားချက်

Vol. 60 Ch. 595

ညွှန်ကြားချက်

Vol. 60 Ch. 595

သူတို့နှစ်ယောက် အချိန်အတော်ကြာအောင် တိုက်ခိုက်မိကြပြီးနောက် ကျုံးမျိုးနွယ်စုမှ လူများ လမ်းပေါ်သို့ ပုံအောရောက်ရှိလာ၏။ သိပ်မကြာမီ ကုယောက််ယိ ဦးဆောင်သော ကုမျိုးနွယ်စုဝင်များသည်လည်း တိုက်ပွဲဖြစ်ပွားရာ နေရာဆီသို့ စုပြုံရောက်ရှိလာကြလေသည်။

ကျုံးယဲ့ရှန်းနှင့် ကုချိန်းလွှာတို့၏ တိုက်ပွဲကို မြင်သောအခါ ကုချွန်ချောက်က ပြောလိုက်သည်။

"အဖေ ကျုပ် ချိန်းလွှာကို ဖြောင်းဖျဖို့ ကြိုးစားကြည့်အုံးမယ်"

ကုယောက််ယိ သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါကွာ ချိန်းလွှာရဲ့ နှလုံးသားတခုလုံးမှာ ဒေါသတွေနဲ့ ပြည့်နှက်နေပြီ သူ့အနေနဲ့ ဒီဒေါသတွေကို ဖွင့်ထုတ်ပြီး မီးကုန်ယမ်းကုန် တိုက်ခိုက်ဖို့လဲ လိုအပ်နေတယ် ဒါလဲ သူ့အတွက် တနည်းနည်းနဲ့ အကျိုးရှိမှာပါ"

"ဒါပေမဲ့ ကျုံးမျိုးနွယ်စု..."

"ဒီအတွက် ကျုပ်ကိုယ်တိုင် အစ်က်ိုကျုံးနဲ့ သွားပြောမယ် ကုမျိုးနွယ်စုဟာ သခင်အဆင့်နတ်ဆိုးသားရဲသွေးဗီဇပိုင်ရှင်တွေလို့သာ ဆိုပေမဲ့ တကယ်တမ်းကျတော့ ကျုပ်တို့ဟာ တောက်ပခြင်းနဂါးကနေ ဆင်းသက်လာကြတာပဲ ဘယ်သူမှ ကျုပ်တို့ကို အနိုင်လာကျင့် တွန်းအားပေးလို့မရဘူး ကျုံးချိန်းကောင်း ဒီအပြစ်ကို ကျူးလွန်ခဲ့ရိုးမှန်ရင် တန်ကြေးကို သူ ပေးဆပ်ရမယ်"

စကားဆုံးသည်နှင့် ကုယောက်ယ်ိသည် လေထဲသို့ ခုန်တက်လိုက်ရာ ကျုံးခြံဝင်း ကောင်းကင်ယံသို့ ရောက်သွား၏။ သူ့အသံက မြေပြင်သို့ ပျံ့လွင့်လာလေသည်။

"ကျုပ် ကုယောက်ယိ အစ်ကိုယွင်ခန်းဆီကို အလည်လာပါတယ် ကျုပ်အတွက် အချိန်ခနလောက် ပေးနိုင်မလားဗျာ"

ခြံဝင်းဆီမှ အသံတသံကလည်း ကုယောက်ယိထံသို့ ပြန်လည် ပျံ့လွင့်လာလေသည်။

"ပြသနာရဲ့ အကြောင်းရင်းကို ကျုပ် သိပြီးပါပြီး ကျုံးချိန်းကောင်းရဲ့အမှားက တော်တော်ကို ဆိုးတယ် ဒါပေမဲ့ သူဟာ တဦးတည်းသော သန့်စင်တဲ့သွေးဗီဇနိုးထလာသူ မျိုးဆက်ဖြစ်နေတယ် ကျုပ်တို့အနေနဲ့ သူ့ရဲ့အလားအလာကို ထည့်မတွက်လို့ မရဘူး ပြီးတော့ ကုချိန်းလွှာလဲ မသေဘူးဆိုတော့ ကျုပ်မျက်နှာကိုထောက်ပြီး သူ့အသက်ကို ချမ်းသာပေးလိုက်လို့ မရဘူးလား ကျုပ်တို့က မင်းတို့ကို မူလကျောက်တုံး တစ်မီလျံပေးမယ် ပြီးတော့ ကျုံးချိန်းကောင်းကိုလဲ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားလိုက်မယ်"

ကျုံးမျိုးနွယ်စုဘက်မှ ပေးလာသော တန်ကြေးမှာ မနည်းလှ။ သို့သော် ကုယောက်ယ်ိက ခေါင်းပြလိုက်သည်။

"ဒီကိစ္စမှာတော့ ကျုပ် ဆုံးဖြတ်ပေးလို့မရဘူး ခင်ဗျားအနေနဲ့ သူတို့ကို မေးတာ ပိုကောင်းလိမ့်မယ်"

ထို့နောက် သူက ကောင်းကင်ကို လက်ညိုးထိုးပြလိုက်၏။

ထိုအချိန်တွင် ကုချိန်းလွှာသည် လေပေါ်တွင် ပျံဝဲရင်း ကျုံးယဲ့ရှန်းအား လက်သည်းများဖြင့် တချက်ပြီးတချက် တိုက်ခိုက်လျက်ရှိသည်။ ထိုသို့ တိုက်ခိုက်နေရင်းနှင့်ပင် ကျုံးယွင်ခန်း၏ စကားကို သူမ ပြန်လည်တုံ့ပြန်လ်ိုက်သည်။

"ကျုံးချိန်းကောင်း သေကိုသေရမယ် ဒီလိုအခြေအနေမှာ ကျွန်မ နောက်မဆုတ်နိုင်ဘူး"

"ဟင်း"

ကျုံးမျိုးနွယ်ခြံဝင်းအတွင်းမှ နှာခေါင်းရှုံ့သံ ပေါ်လာ၏။ ကျုံးမျိုးနွယ် ဘိုးဘေးတည်ထောင်သူကြီး စိတ်မပျော်ဖြစ်နေသည်ကတော့ သေချာနေခဲ့လေပြီ။

"ဒီမယ် မိန်းကလေး မင်းရဲ့သွေးဗီဇက ခုမှနိုးထလာတာ ဒါကို ဒီလောက်ထိ မာန်မဝင့်သင့်ဘူးလေကွယ် တောက်ပခြင်းနဂါးမျိုးဆက်ဖြစ်တာနဲ့ပဲ မင်း လုပ်ချင်ရာ လုပ်လ်ို့ရပြီလို့ ထင်နေတာလား"

ထိုစကားမှာ ကနဦး ကုယောက်ယိ ပြောလိုက်သည့်စကားများအား တုံ့ပြန်လိုက်သည့် သဘောပင်။

မင်းတို့ တောက်ပခြင်းနဂါးမျိုးဆက်ဖြစ်နေတော့ကော ဘာဖြစ်သလဲဟု ဆိုလိုနေ၏။

တောက်ပခြင်းနဂါးမျိုးဆက်ထဲမှာ သွေးဗီဇ နိုးထလာသူတိုင်းသည် ခုနှစ်ပြည်ထောင်၏ စည်းမျဥ်းများအတိုင်းသာ နေထိုင်သွားရမည် မဟုတ်ပါလော။

ကျုံးယွင်ခန်းသာ ဆန္ဒရှိပါက ကိုယ်တိုင် ဝင်တိုက်ပြီး ကုမျိုးနွယ်စုအား အချိန်ဆွဲထား၍ ရ၏။ ဤပြသနာအား ကိုင်တွယ်ရန် တာဝန်ရှိသည့် လောင်စန်းနိုင်ငံမှလူများ ရောက်လာချိန်တွင် ကုချိန်းလွှာအနေနှင့် ဘာမှမတတ်နိုင်တော့။

သို့သော် တကယ်တမ်းအနေနှင့် ကျုံးယွင်ခန်းသည် ထိုအကြံကို အကောင်အထည် မဖော်လို။ အကြောင်းမှာ မျိုးနွယ်စုနှစ်စုအကြား ဆက်ဆံရေးကို မပျက်စီးစေလို၍သာ ဖြစ်သည်။ ကုမျိုးနွယ်စုအား ကြောက်၍ မဟုတ်ချေ။

"ကျွန်မ သွေးဗီဇ ခုမှ နိုးလာတော့ကော ဘာဖြစ်သလဲ ရှင် ကျုံးချိန်းကောင်းကို ထုတ်မပေးရင် ဒီအတွက် ရှင်တို့မျိုးနွယ်စု တစုလုံး ပြန်ပေးဆပ်ရမယ်"

ကုချိန်းလွှာကလည်း ဒေါသတကြီးနှင့် ပြန်အော်လိုက်သည်။

အချိန်မရှိတော့မှန်း သူမ ကောင်းစွာ သဘောပေါက်ထားသည် မဟုတ်ပါလား။ ဤအချိန်ဆိုလျင် တာဝန်ရှိပုဂ္ဂိုလ်များ လမ်းခုလတ်တွင် ရောက်နေပေရော့မည်။ ထိုပုဂ္ဂိုလ်များတွင် တောက်ပခြင်းနဂါးသွေးဗီဇအား အာရုံခံနိုင်သည့် နည်းစနစ်တရပ်ရှိ၏။ သူမ ဘယ်သွားသွား သူတို့ လိုက်လာမည်သာ။ ထို့ကြောင့် ထွက်ပြေးနေ၍ အလကားသာ ဖြစ်သည်။

ကုချိန်းလွှာအနေနှင့်လည်း ဟာလာဟင်းလင်းတောင်သို့ သွားရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သို့သော် မသွားခင် လက်စားတော့ ချေရမည်။

စကားဆုံးသည်နှင့် လက်သည်းကုပ်ချက်များ အဆက်မပြတ် ပေါ်လာ၏။ မီးလျံများမှာလည်း ပို၍ သိပ်သည်းထူထပ်လာ၏။ ပို၍ ပူပြင်းလာ၏။

အနီရောင်မျက်လုံးကြိုးကြာသွေးဗီဇမှာ အနီးကပ်တိုက်ခိုက်ရာတွင် အားပျော့သော်လည်း ၎င်း၏ အမြန်နှုန်းကတော့ အံ့မခန်းပင်။ ကျုံးယဲ့ရှန်းသည် ကုချိန်းလွှာ၏ အားနည်းချက်ကို သိထား၏။ ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုပဲ အချိန်ဆွဲကာ ရှောင်တိမ်းနေတော့သည်။

"ခွေးကြီး"

၎င်းကို ကောင်းစွာသဘောပေါက်နေသော ကုချိန်းလွှာသည်လည်း ပို၍ စိတ်တိုလာ၏။ ပို၍ ဒေါသကြီးလာ၏။

ဒေါသကြီးလာလေလေ ကုချိန်းလွှာ၏ တိုက်ခိုက်မှုများသည် ပိုမို ကြမ်းလာ၏။ ပိုမို ရက်စက်လာ၏။ သို့သော် ကျုံးယဲ့ရှန်းအပေါ် သက်ရောက်မှုကား နည်းလှသည်။ သူမသည် ယခုအချိန်ထိ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်တွင်သာ ရှိနေသေးသည် မဟုတ်ပါလား။ ထို့ကြောင့်သူမအနေနှင့် ကြာပန်းခုနှစ်ပွင့်အဆင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား အပေါ်စီးမှ တိုက်ခိုက်နိုင်သည့်တိုင် အနိုင်ယူရန်တော့ မလွယ်လှ။

ကျုံးယဲ့ရှန်း၏ နည်းဗျူဟာနှင့် ကုချိန်းလွှာ၏ အခြေအနေကို လူတိုင်း နားလည်ကြပေသည်။ သို့သော် အခြေအနေနှင့် အချိန်အခါအရ မည်သူမှ ဝင်ရောက်စွက်ဖက်ခြင်းမရှိကြချေ။

ကျုံးယဲ့ရှန်းကား အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သည်။ သူတို့၏ တိုက်ပွဲအား မည်သူမှ ဝင်မစွက်ဖက်မှန်း ကောင်းစွာ နားလည်ထား၏။ ထို့ကြောင့် ကုချိန်းလွှာအား ပို၍ ဒေါသထွက်လာစေရန် ရှောင်တိမ်း၍သာပေးနေ၏။ တချို့အခြေအနေများတွင် သူ့အနေနှင့် တန်ပြန်တိုက်စစ်ဆင်ပါက နိုင်ချေပင် ရှိနေသေးသည်။ သို့သော် သူ ပြန်မတိုက်။ အချိန်ဆွဲရန်သာ ကြိုးစားလျက်ရှိသည်။

၎င်းကို ဘေးမှ ရပ်ကြည့်နေသော စုချန်းကလည်း သဘောပေါက်သည်။ ထိုအခါ သူက မျက်မှောင်ကြုတ်ပြီး ရုတ်တရက် ဝင်ပြောလိုက်၏။

"ချိန်းလွှာ ပန်းပွင့်လက်ချောင်းကိုသုံးပြီး ပန်းပိုက်ကွန်တခု ဖန်တီးကြည့်ပါလား"

ထိုအချိန်တွင် ကုချိန်းလွှာအား တခြားသူသာ ဝင်ရောက်အကြံပေးပါက လုပ်ချင်မှလိုက်လုပ်ပေလိမ့်မည်။ ယခုတော့ အကြံပေးသူမှာ စုချန်း ဖြစ်နေ၏။

စုချန်းထံမှ စကားသံထွက်ပေါ်လာသည်နှင့် ကုချိန်းလွှာသည် ချက်ချင်းပင် တိုက်ခိုက်မှုပုံစံကိုပြောင်းလဲလိုက်၏။ စုချန်း၏ စကားအတိုင်း လက်ချောင်းအားကိုသုံးပြီး ထူထည်းသော ပိုက်ကွန်တခုကို သူမ ဖန်တီးလိုက်လေသည်။

"ချိန်းလွှာ ကိုယ်ပျောက်ပိုက်ကွန်"

စုချန်းထံမှ စကားသံ ထပ်မံထွက်ပေါ်လာပြန်၏။

စုချန်းကား ကိုယ်ပျောက်ပိုက်ကွန်နည်းစနစ် ဖန်တီးခဲ့သူ ဖြစ်သည်။ ကုချိန်းလွှာသည်လည်း ထိုနည်းစနစ်ကို နဂါးကျောင်းတော်ကတည်းက စုချန်း ထံမှ သင်ယူထားပြီး ဖြစ်သည်။ ဤတကြိမ်တွင်တော့ စုချန်းက ကိုယ်ပျောက်ပိုက်ကွန်နည်းစနစ်အား ပန်းပွင့်လက်ချောင်းများသုံးကာ ဖော်ထုတ်လိုက်စေခြင်းပင်။ ယခင်ကဆိုလျင် ကုချိန်းလွှာအနေနှင့် စုချန်း ခိုင်းသည့်အတိုင်း မလုပ်နိုင်လောက်။ သို့သော် ယခုအချိန်ကတော့ တောက်ပခြင်းနဂါးသွေးဗီဇနိုးထပြီး မူလစွမ်းအင်များ အကန့်အသတ်မရှိ တိုးပွားနေချိန် ဖြစ်သည်။ ထိုအခါ မမြင်ရသော လေလှိုင်းများသည် လိမ်ယှက်ကာ ပိုက်ကွန်တခုသဖွယ် ဖြစ်ပေါ်လာတော့သည်။

ကျုံးယဲ့ရှန်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်သူ ဖြစ်သည်။ သို့သော် အလွန်မြန်သော ယင်ကောင်သည်ပင် ပင့်ကူမျှင်များကြားမှ ရုန်းထွက်နိုင်သည်မဟုတ်ချေ။ လေထဲသို့ လှစ်ခနဲ ပျံသန်းလိုက်ချိန်မှာပင် လေပိုက်ကွန်ကြီးက သူ့လမ်းကြောင်းတွင် ပေါ်လာပြီး ကျုံးယဲ့ရှန်းအား အုပ်မိသွားတော့သည်။ ဓားသွားသဖွယ် ထက်မြေ့နေသည့် ပိုက်ကွန်မျှင်များက သူ့အရေပြားအား ဖောက်ထွင်းသွား၏။ ရုပ်ပိုင်းဆိုင်ရာအရ အားကောင်းလွန်း၍သာ ကျုံးယဲ့ရှန်း သက်သာသွားခြင်း ဖြစ်သည်။ တခြားလူဆိုပါက တကိုယ်လုံး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။

ထိုစဥ် စုချန်းက ကျယ်လောင်စွာ အော်လိုက်ပြန်၏။

"တီကန်း ယင်ကျောက် ချွမ်းမင် ချီပင်လယ် သွေးပင်လယ်"

စုချန်းသည် မျက်စေ့တမှိတ်အတွင်း သွေးကြောကွက် ဆယ်ကွက်တိတိကို အော်ဟစ်လိုက်၏။ ထိုသွေးကြောကွက်တိုင်းသည် ကျုံးယဲ့ရှန်း၏ အားနည်းချက်များပင်။

ကုချိန်းလွှာကလည်း အနည်းငယ်မှ တွန့်ဆုတ်ခြင်းမရှိပဲ စုချန်းအော်ပေးသော နေရာများကို ပန်းပွင့်လက်ချောင်းများဖြင့် တိုက်ခိုက်လိုက်၏။ တကယ်တော့ သူမ၏ နဂါးလက်သည်းသည် အင်အားကြီးမားသည်မှန်သော်လည်း ကုချိန်းလွှာအဖို့ အသုံးပြုရသည်မှာ အသားမကျသေး။ မရင်းနှီးသေး။ သို့သော် နှစ်ပေါင်းနှစ်ဆယ်ကျော် လေ့ကျင့်လာသော ပန်းပွင့်လက်ချောင်းများကိုတော့ သူမ အလွန် ကျွမ်းကျင်၏။ တဖက်တွင်လည်း တောက်ပခြင်းနဂါးသွေးဗီဇ အသုံးပြု၍ တိုက်ခိုက်လိုက်သော ပန်းပွင့်လက်ချောင်းများသည် အားနည်းသည်ဟု မဆိုသာချေ။

ဤတကွက်တွင်တော့ ကျုံးယဲ့ရှန်း အတော်ပင် ဘေးကျပ်နံကျပ် ဖြစ်သွားရ၏။

ပိုဆိုးသည်မှာ သူ ရှောင်တိမ်းသမျှ လမ်းကြောင်းတွင် လေပိုက်ကွန်များနှင့် တည့်တည့်တိုးနေခြင်းပင်။ ဒဏ်ရာများမှာ သိပ်မပြင်းလှ။ သို့သော် ကျုံးယဲ့ရှန်းကိုတော့ စိတ်မသက်မသာ ဖြစ်စေ၏။

ကျုံးယဲ့ရှန်း အကြီးအကျယ် ဒေါသထွက်လာ၏။ ထိုအခါ သူ မနေနိုင်တော့။ ခံစစ်မှ တိုက်စစ်ကို စတင်ပြောင်းလဲလိုက်တော့သည်။ သူ့နောက်ကျောတွင်လည်း ကြိုးကြာပုံရိပ်ယောင် ပြန်ပေါ်လာ၏။ ကြိုးကြာသည် အတောင်များကို တဖြတ်ဖြတ် ခါလိုက်ရာ အားကောင်းသော လေလှိုင်းများ ထွက်ပေါ်လာပြီး မျက်စေ့တမှိတ်အတွင်း ပိုက်ကွန်မျှင်များ အပိုင်းပိုင်း ပြတ်ကုန်တော့သည်။

"နဂါးလက်သည်း ညာဖက်ကို"

စုချန်းက ထပ်မံ အော်လိုက်ပြန်သည်။

ဤတကြိမ်တွင်တော့ ကျုံးယဲ့ရှန်း လုံးဝ အငိုက်မိသွား၏။ သူ့တိုက်ခိုက်ရေးပုံစံနှင့် ရွေ့လျားရာ လမ်းကြောင်းများကို စုချန်း တွက်ဆနိုင်လိမ့်မည်ဟု သူ လုံးဝထင်မထားလေရာ ကျုံးယဲ့ရှန်းတယောက် ကုချိန်းလွှာ၏ လက်သည်းဒဏ်ကို လှလှကြီး ခံစားလိုက်ရတော့သည်။

လက်သည်းသည် ပစ်မှတ်ကို အုန်းခနဲ ထိမှန်သွား၏။

ကျုံးယဲ့ရှန်းကား မယုံနိုင်လောက်အောင် မြန်ဆန်သူ ဖြစ်သည်။ သို့သော် ထိုသို့ မြန်လွန်း၍ပင် ထိခိုက်မှုအား ပို၍ ပြင်းထန်သွားစေတော့၏။

လက်သည်းဒဏ်ကြောင့် ကျုံးယဲ့ရှန်း၏ ရင်ဘတ်တွင် အပေါက်ကြီးငါးပေါက် ပေါ်လာပြီး သွေးများ ပွက်ခနဲ အန်ထုတ်လိုက်လေသည်။

သို့သော် ကျုံးယဲ့ရှန်းမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး ဖြစ်နေဆဲပင်။ ထိုအခါ သူ့ကြာပန်းအုတ်မြစ်က ဒဏ်ရာများအား လျော့ပါးသွားစေပြီး တောက်ပခြင်းနဂါး၏ကြွင်းကျန်ရစ်သော မူလစွမ်းအင်များအား ပွတ်တိုက်ဆေးကြောပစ်လိုက်၏။

ထိုအချိန်မှာပင် စုချန်းက ကျုံးယဲ့ရှန်းအား ဖြတ်ခနဲ စိုက်ကြည့်လိုက်တော့သည်။

သေစေနိုင်သောစုန်းမပေတည်း။

ကျုံးယဲ့ရှန်း စက္ကန့်ပိုင်းမျှ တွေခနဲ ဖြစ်သွား၏။

ထိုစက္ကန့်ပိုင်းသည် သူ့အတွက် တသက်စာခန့် ကြာသည်ဟု ထင်မှတ်ရ၏။

ထိုအချိန်တွင် ကုချိန်းလွှာက ကျုံးယဲ့ရှန်းအား လက်သည်းနှင့် လှမ်းကုတ်လိုက်၏။

ဤတကြိမ် သူမ၏ လက်သည်းက ကျုံးယဲ့ရှန်း၏ ဦးခေါင်းသို့ ဦးတည်နေလေသည်။

***

All Chapters