ခွဲခွာခြင်း ၁
Vol. 60 Ch. 596
ဝုန်း!!!
ရုတ်ချည်းဆိုသလိုပင် ကျုံးယဲ့ရှန်း၏ နဖူးပေါ်ရှိ ကြာပန်းများသည် ဝင်းလက်တောက်ပလာပြီး အဖြူရောင်ကြာပန်းကြီးအဖြစ် ပြောင်းလဲကာ ကုချိန်းလွှာ၏ တိုက်ခိုက်မှုအား ခုခံပေးလိုက်၏။
ထိုအချိန်မှာပင် စုချန်း၏ အော်သံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
"ဝမ်းဗိုက်"
ကုချိန်းလွှာ၏ လက်ဝါးက ကျုံးယဲ့ရှန်း၏ ဝမ်းဗိုက်အား တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။
သွေးများ ဖြာခနဲ ထွက်လာပြီး ကျုံးယဲ့ရှန်းတယောက်နောက်ဘက်သို့ လွင့်စင်သွားတော့သည်။ ထိုအချိန်မှာပင် သေးသွယ်ဖြူဖွေးသော လက်ချောင်းများက ၎င်း၏ ကိုယ်ခန္ဓာကို ဖောက်ဝင်သွား၏။ ကြာပန်းခုနှစ်ပွင့်အုတ်မြစ်သည်ပင် လက်ရှိတွင် ၎င်းကို မကူညီနိုင်ရှာတော့။
ချွန်ထက်သော လက်ငါးချောင်းသည် ကျုံးယဲ့ရှန်း၏ ကိုယ်တွင် နက်ရှိုင်းစွာ စိုက်ဝင်နေ၏။ ပြင်းထန်သော မူလစွမ်းအင်များက ဗြောင်းဆန်အောင် လှည့်ပတ်သွားလာနေပြီး ကျုံးယဲ့ရှန်းအား အကြောသေအောင် ဖန်တီးလျက်ရှိသည်။ သူ့အနေနှင့် ပြန်တိုက်နိုင်စွမ်းမရှိတော့။
ကုချန်းလွှာ၏ အသံသည် ကောင်းကင်ယံတွင် ကြည်လင်စွာ ထွက်ပေါ်လာ၏။
"အခြေအနေကတော့ ရှင်းသွားပြီ ရှင်သေမလား ဒါမှမဟုတ် ရှင့်သားကို အသေခံမလား"
"မင်း..."
ကျုံးယဲ့ရှန်း အကြီးအကျယ် ဒေါသထွက်လာ၏။
"ဒါ မတရားဘူးကွ ဒီကောင် ဝင်ရှုပ်လို့သာ..."
"ဒီတော့ စည်းမျဥ်းနဲ့ မကိုက်ဘူးလို့ ရှင် ပြောချင်တာလား"
ပြောပြောဆိုဆို ကုချိန်းလွှာသည် အင်အားကို တိုးမြှင့်လိုက်၏။ ကျုံးယဲ့ရှန်း မျက်လုံးများ ပြာခနဲ ဖြစ်သွားလေသည်။
သို့သော် ကျုံးယဲ့ရှန်းကား ယခုအချိန်ထိ အလျော့မပေးသေးချေ။ ထိုစဥ် ကျုံးယင်ခွန်း၏ အသံ ထွက်ပေါ်လာသည်။
"ထားလိုက်တော့ ဒီပြသနာကို ချိန်းကောင်း စတာပဲ တန်ကြေးကို သူ ကိုယ်တိုင် ပေးဆပ်ရမယ် မင်းအနေနဲ့ သူ့ကို မကာကွယ်နိုင်ဘူးဆိုရင်လဲ ဒါကို ကံတရားလို့သာ သတ်မှတ်လိုက်ပေတော့"
သူ့စကားဆုံးသည်နှင့် ကောင်းကင်ပေါ်သို့ လူတယောက် လွင့်မြောလာ၏။ ထိုလူမှာ ကျုံးချိန်းကောင်းပင်။
ကျုံးချိန်းကောင်းကား သွေးရူးသွေးတန်းနှင့် အော်ဟစ်တောင်းပန်လျက်ရှိသည်။
"အဖေ ကယ်ပါအုံး ကျနော့ကို ကယ်ပါအုံး"
သို့သော် ကျုံးယဲ့ရှန်းကိုယ်တိုင်ပင် ကုချိန်းလွှာ၏ လက်ထဲတွင် အဖမ်းခံနေရလေရာ အဘယ်မှာ ကယ်နိုင်အံ့နည်း။ သူက မျက်စေ့အစုံကို မှိတ်ရင်း ဝမ်းပမ်းတနည်းနှင့် ပြောလိုက်လေသည်။
"မင်း ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် ကိုယ်တိုင် ပေးဆပ်ရတော့မယ်"
ကျုံးယဲ့ရှန်းတယောက် သားဖြစ်သူ၏ အဖြစ်ဆိုးကို မကြည့်ရဲတော့။
ထိုအချိန်တွင် ကျုံးချိန်းကောင်းတယောက် ကုချိန်းလွှာအနီးသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ကုချိန်းလွှာ၏ သွေးဆာနေသော မျက်နှာပေးကို မြင်သောအခါ ကျုံးချိန်းကောင်းတယောက် ကြောက်သေးဖြန်းဖြန်းထွက်သွား၏။
"ချိန်းလွှာ ကျုပ် မှားမှန်း သိပါပြီ ကျုပ် စိတ်ရှုပ်သွားလို့ပါ နောက်တခါ ဒါမျိုး ဘယ်တော့မှ မလုပ်တော့ပါဘူးလို့ ကျုပ် ကတိပေး...."
ကုချိန်းလွှာက စကားဖြတ်ပြောလိုက်သည်။
"ရှင့်အနေနဲ့ နောက်တခါဆိုတာကို စိတ်ပူနေစရာ မလိုတော့ပါဘူးလေ"
ထို့နောက် သူမက စကားဆက်မပြောတော့ပဲ သူမ၏ လက်ဖဝါးကို ကျုံးချိန်းကောင်၏ နဖူးပေါ် တင်လိုက်၏။ အုန်းခနဲ မြည်သံနှင့်အတူ ကျုံးချိန်းကောင်း၏ ဦးခေါင်း ပေါက်ကွဲသွားလေသည်။
ဦးခေါင်းမပါတော့သော အလောင်းကြီးသည် ကျုံးမျိုးနွယ်ခြံဝင်းအတွင်းသို့ ဒလိန့်ကောက်ကွေးနှင့် ပြုတ်ကျသွား၏။
ပြသနာကို ဖြေရှင်းပြီးသွားပြီဖြစ်၍ ကုချိန်းလွှာ စိတ်လျှော့လိုက်သည်။ သူမ တကိုယ်လုံး ဆတ်ဆတ်ခါ တုန်ယင်လာ၏။ ထို့နောက် သူမက ကျုံးယဲ့ရှန်းအား လွှတ်ပေးလိုက်တော့သည်။ ကျုံးယဲ့ရှန်း စကားတခွန်းမှ မပြော။ ကုချိန်းလွှာအား စူးရှစွာ စိုက်ကြည့်ပြီး ခြံဝင်းဆီသို့ ပြန်သွား၏။
စိတ်လျှော့လိုက်သည်နှင့်အမျှ ကုချိန်းလွှာ၏ ကိုယ်ခန္ဓာသည် ပို၍ တုန်ယင်လာသည်။
တိုက်ပွဲအား အောင်နိုင်လိုက်ရခြင်းသည် အရသာရှိပါဘိတောင်း။ သို့သော် အရန်အင်အားပင် ချန်မထားပဲတိုက်ခိုက်မိနေခြင်းဖြစ်ကြောင်း ယခုကျမှ ကုချိန်းလွှာ သဘောပေါက်လာ၏။ သူမ၏ သွေးဗီဇမှာ ယခုမှ နိုးကြားစသာ ရှိနေသေးသည်။ သူမ၏ ဒေါသ၊ စုချန်း၏ အကူအညီ၊ ထိုနှစ်ချက်ကြောင့်သာ မဟုတ်လျင် ကျုံးယဲ့ရှန်းအား သူမ အနိုင်ရနိုင်စရာအကြောင်းမရှိ။
စစ်မှန်သောဒေါသမှ ဆင့်ကားဖြစ်ပေါ်လာသော စွမ်းအားသည် ကြောက်စရာကောင်းလှချေသည်တကား။ ထိုခနဝယ် ကုချိန်းလွှာသည် သူမကိုယ်တွင်းရှိ ငုပ်လျှိုးနေသော အင်အားများကိုပါ ထုတ်ဖော်တိုက်ခိုက်နိုင်စွမ်း ရှိလာ၏။
သို့သော်ငြားလည်း သူမ ဆုံးရှုံးခဲ့ရသည်နှင့် နှိုင်းယှဥ်လျင် ဤစွမ်းအားသည် ဘာမှမဟုတ်ဟု ကုချိန်းလွှာ ခံစားနေရလေသည်။
စုချန်းသည် တောင်ခွဲဓားကိုသုံးပြီး ကုချိန်းလွှာဆီသို့ပျံသန်းလာကာ သူမအား ပွေ့ဖက်လိုက်၏။
ကုချိန်းလွှာက နွမ်းလျသော လေသံနှင့် ပြောလိုက်သည်။
"ကျွန်မတို့ သွားကြရအောင်"
စုချန်းလည်း ကုချိန်းလွှာအား ကျောပိုးကာ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။ လမ်းတလျှောက်တွင် ပိတ်လော့က ပွစိပွစိ လုပ်နေသေး၏။ သူသည် လူနှစ်ယောက်၏ ဝန်ကို ထမ်းနေရသည် မဟုတ်ပါလား။ ကျေးဇူးတင်စရာကောင်းသည်မှာကား ကုယောက်ယိက တိမ်တိုက်တခုကို စုချန်းခြေအောက်သို့ တွန်းပို့ကာ တောင်ခွဲဓား၏ ဝန်ကို လျော့ပေးလိုက်ခြင်းပင်။
သူတို့ အချိန်မည်မျှကြာအောင် ပျံသန်းလာသည်မသိ။ နောက်ဆုံးတွင် တောင်ကြီးတတောင်အနီးသို့ ရောက်ရှိလာ၏။
ထိုအခါ ကုချိန်းလွှာက ပြောလိုက်သည်။
"ဒီနေရာလေးက အရမ်းလှတာပဲရှင် ကျွန်မ လျှောက်ကြည့်ချင်တယ်"
စုချန်းလည်း ကုချိန်းလွှာကို အောက်သို့ချပေးလိုက်၏။
ရှုခင်းမှာ တကယ်ပင် ရင်သပ်ရှုမောစရာကောင်းလောက်အောင် လှပနေ၏။ အဝေးဆီမှ အလိပ်လိပ်ထနေသော တောင်တန်းများကို တွေ့မြင်နေရပြီး တောင်စောင်းများပေါ်တွင်တော့ စိမ်းစိုလှပသော ထင်းရူးပင်များ အစီအရီ ပေါက်ရောက်နေ၏။ တိမ်တိုက်များမှာ တောင်ထွတ်ဖျားများဆီတွင် ရစ်သိုင်းခိုဝဲလျက်ရှိသည်။ အနီးအနားဆီမှ တဝေါဝေါကျနေသော ရေတံခွန်များက ပတ်ဝန်းကျင်၏ အလှတရားကို ပြီးပြည့်စုံနေစေ၏။
စုချန်းနှင့် ကုချိန်းလွှာတို့သည် အနီးရှိ ရေတံခွန်ဆီသို့ ဆင်းလာကြသည်။
ကုချိန်းလွှာသည် စုချန်း၏ ပုခုံးကို မှီနွဲ့ရင်း ပြောလိုက်၏။
"ကျွန်မတို့ စတွေ့တဲ့အချိန်ကို ရှင် မှတ်မိသေးလား"
"သိပ်မှတ်မိတာပေါ့ အဲဒီတုန်းက မင်းဟာ ရေတံခွန်နားက ရေကန်မှ ရေချိုးနေတယ်"
"အဲဒီတုန်းက သိပ်အေးချမ်းတာပဲနော်"
ကုချိန်းလွှာ၏ အသံမှာ နူးညံ့သိမ်မွေ့နေလေသည်။
"ရှင်နဲ့ ခွဲပြီးနောက်ပိုင်း ကျွန်မ စုအိမ်တော်နောက်က တောင်ကြီးအကြောင်းကို အမြဲတမ်း တွေးမိနေခဲ့တယ် တကယ်ကို ပျော်စရာကောင်းခဲ့တာပဲ"
စုချန်းက ကုချိန်းလွှာ၏ ဆံပင်များအား ကြင်နာစွာ သပ်ပေးလိုက်၏။
"ကျုပ်လဲ သတိရတာပါပဲကွာ"
ကုချိန်းလွှာ စကားဆက်ပြန်၏။
"တကယ်တော့ စကတည်းက ကျွန်မ ရှင့်ကို သိပ်သဘောကျခဲ့တာ ဒါပေမဲ့ ကျွန်မခံစားချက်တွေ ဘယ်လောက်ထိ နက်ရှိုင်းမှန်း ကျွန်မ မသိခဲ့ဘူးလေ ရှင်က ကျွန်မကို ဂရုစိုက်တယ် ပျော်အောင်လဲလုပ်ပေးတဲ့အတွက် ရှင်နဲ့နေရတာ ကျွန်မ သဘောကျတယ်လို့ပဲ သိခဲ့တယ် ဒါပေမဲ့ တောင်သုံးလုံးပြိုင်ပွဲနောက်ပိုင်းမှာ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ် ရှင်က ခံစားချက်တွေကို ဖွင့်ဟလာတော့ ကျွန်မ လုံးဝ ကြောက်သွားခဲ့တယ် ဘာဆက်လုပ်ရမှန်းလဲ မသိတော့ဘူး ပြီးတော့ ကျွန်မမျိုးနွယ်စုက ရှင့်ကို သတ်ပစ်မှာ ကျွန်မ စိတ်ပူလာတယ် ဒါကြောင့် ကျွန်မ ထွက်ပြေးလာခဲ့မိတာပဲ"
"ကျုပ် နားလည်ပါတယ်ကွာ"
ကုချိန်းလွှာက စုချန်းအား ပို၍ တင်းကျပ်စွာ ဖက်လိုက်ပြန်၏။
"ဒါပေမဲ့ ကျွန်မ တကယ်တမ်းကျ ရှင်နဲ့ ခွဲမသွားချင်ခဲ့ဘူး ရှင်နဲ့ ခွဲပြီးတဲ့နောက်ပိုင်းမှာ ကျွန်မ ရှင့်ကိုပဲ သတိရနေတော့တာပဲ ဒါပေမဲ့ ကျွန်မ ဒီခံစားချက်တွေကို ချိုးနှိမ်ပြီး နှလုံးသားထဲမှာပဲ ဘယ်သူမှမသိအောင် ဖွက်ထားခဲ့ရတယ်"
ကုချိန်းလွှာ၏ စကားကြောင့် စုချန်း၏ နှလုံးသားထဲတွင် စူးရှနာကျင်စွာ ခံစားလိုက်ရလေသည်။
ထိုအကြောင်းအရာများအား ကုချိန်းလွှာ သူ့ကို တခါမှ မပြောပြဖူး။ သူကလည်း ကုချိန်းလွှာ စိတ်မကောင်းဖြစ်မည်စိုးသဖြင့် တခါမှ မမေးဖူး။
ယခုတော့ ကုချိန်းလွှာက စိတ်လိုလက်ရပင် ပြောပြနေခဲ့လေပြီ။
ကုချိန်းလွှာက စကားဆက်ပြန်သည်။
"ရွှေရေအပျက်အစီးသိုက်မှာ ကျွန်မတို့ ပွင့်ပွင့်လင်းလင်း မဆက်ဆံခင်အချိန်ထိပေါ့လေ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မ သိပ်ကြောက်နေခဲ့တယ် ရှင် ကျွန်မကို ကတိပေးထားသလို မလုပ်နိုင်မှာကိုလဲ စိုးတယ် ဒါကြောင့် လူကြားထဲ ရှင့်ကို လူသိရှင်ကြား ချမပြရဲခဲ့ဘူး ခုကျမှ ဒါဟာ ဘယ်လောက်ထိ အတ္တကြီးရာကျမှန်း တကိုယ်ကောင်းဆန်ရာကျမှန်း ကျွန်မ သိလာတော့တယ်..."
"ဒါ မင်းအပြစ် မဟုတ်ပါဘူး ချိန်းလွှာရယ်"
ကုချိန်းလွှာ ခေါင်းကို သွက်သွက်ခါအောင် ယမ်းလိုက်၏။
"မဟုတ်ဘူး ကျွန်မ အခွင့်အရေးတွေ အများကြီးကို ဖြုန်းတီးပစ်ခဲ့တယ် အချိန်တွေအများကြီးကို အလဟသ ဖြစ်စေခဲ့တယ် ကျွန်မသာ ရှင့်အပေါ် နည်းနည်းလေးပိုပြီး ယုံကြည်ခဲ့ရင် နည်းနည်းလေးပိုပြီး သတ္တိရှိခဲ့ရင် ဒီကနေ့ ကျွန်မတို့ ဒီလို မဖြစ်ဘူး"
စုချန်း မနေနိုင်တော့။ ကုချိန်းလွှာအား နှစ်သိမ့်ရတော့၏။
"ဟာလာဟင်းလင်းတောင်ဟာ တမလွန်အရပ် မဟုတ်ပါဘူးကွာ မင်း ဒီလိုတွေ ပြောနေစရာ မလိုပါဘူး ကျုပ်တို့ ဘယ်တော့မှ မကွဲကွာစေရဘူးလို့ ကျုပ် ကတိပေးတယ်"
"ဒါပေမဲ့ မမြင်ရတဲ့ အင်အားတခုက ကျွန်မတို့ကို ကွဲကွာအောင် လုပ်နေတယ်လို့ ကျွန်မ ခံစားနေရတယ်"
မျက်ရည်များ ရွဲစိုနေသော မျက်ဝန်းအစုံဖြင့် စုချန်းအား စိုက်ကြည့်ရင်း ကုချိန်းလွှာက ပြောလိုက်သည်။
ကုချိန်းလွှာ၏ လက်အစုံသည် ပို၍ တင်းကျပ်လာ၏။
"မမြင်ရတဲ့ ကံကြမ္မာကို ကျွန်မ ကြောက်တယ် ဟာလာဟင်းလင်းတောင်ကို အတူတူ မသွားရမှာကျွန်မ စိုးရိမ်တယ်"
"အရူးမလေး"
စုချန်းက ကုချိန်းလွှာအား ချစ်စနိုးဟန်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒါမျိုး ဖြစ်လာစရာ အကြောင်းမရှိပါဘူးကွာ"
ထိုအခါ သူမ လက်လွှတ်လိုက်သည်နှင့် စုချန်းတယောက် လေထဲတွင် လွင့်မြောပျောက်ကွယ်သွားမည်ကို စိုးရိမ်ဟန်ဖြင့် ကုချိန်းလွှာက စုချန်းအား တင်းကျပ်စွာ ပွေ့ဖက်လိုက်၏။
ထို့နောက် သူမက မေးလိုက်သည်။
"ကျွန်မ ဘယ်နေရာကိုသွားသွား ရှင် သွားမှာလား"
"မင်း ဘယ်နေရာကို သွားသွား ကျုပ် သွားမှာပေါ့ကွာ"
ထိုစဥ် စုချန်း၏ လက်ကောက်ဝတ်သည် ပူခနဲ ဖြစ်သွား၏။
စုချန်း ငုံ့ကြည့်လိုက်သည်။ လက်ကောက်ဝတ်တွင် ထူးဆန်းသော သေင်္ကတတခု ပေါ်နေ၏။
"အဲဒါ ဘာလဲ"
"အိပ်မက်နယ်ပယ်က အရေးပေါ် သတင်းပို့ချက်ပဲ ချိန်းလွှာ"
စုချန်းက ပြန်ဖြေလိုက်သည်။ သူ့မျက်နှာတွင်လည်း ထူးဆန်းသော အရိပ်အယောင်များ ယှက်သန်းနေ၏။
အရေးပေါ်သတင်းပို့ချက်အား အိပ်မက်နယ်ပယ်အရာရှိ သို့မဟုတ် ၎င်းထက်မြင့်သော အဆင့်မြင့်သူများသာလျင် ပေးပို့နိုင်၏။ စုချန်းပင်လျင် ထိုလူမျိုးကို တခါမှ မကြုံဖူး။
ဤအခြေအနေတွင် သူ့ထံသို့ မည်သူက ဤသတင်းပို့ချက်မျိုး ပို့လာလေသနည်း။
***