လမ်းခွဲခြင်း ၂
Vol. 60 Ch. 597
ခေတ္တစဥ်းစားပြီး စုချန်းက ပြောလိုက်၏။
"ကျုပ် အိပ်မက်နယ်ပယ်ထဲ ခနဝင်ပြီး ဘာသတင်းပို့ချက်လဲ ကြည့်လိုက်အုံးမယ် ချိန်းလွှာ ကျုပ်ကို ကာကွယ်ပေးထားပါ"
"ကောင်းပြီလေ"
ကုချိန်းလွှာကလည်း ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် စုချန်းသည် အိပ်မက်နယ်ပယ်အတွင်းသို့ ဝင်ရောက်လိုက်၏။
အိပ်မက်နယ်ပယ်အတွင်းသို့ ရောက်သည်နှင့် အိပ်မက်ဝိညာဥ် လုလု သူ့ထံသို့ ဦးတည်ပျံသန်းလာကြောင်း စုချန်း တွေ့လိုက်ရသည်။
"အလို နောက်ဆုံးတော့ ရောက်လာပြီပေါ့ ဒီအထဲကို ခင်ဗျားကြီး မရောက်တာ အတော်တောင်ကြာသွားပြီပဲ"
"ကျုပ် ခုနောက်ပိုင်း အလုပ်ရှုပ်နေလို့ပေါ့ကွာ ဒါနဲ့ ပြသနာတခုခုများ တက်နေသလား"
"ခင်ဗျားကြီး ဆရာနဲ့ပတ်သက်ပြီး မကြားချင်လောက်မဲ့ သတင်းတချို့ ရှိတယ် ကျွန်မ အကြာကြီး စောင့်နေသေးတယ် ဒါပေမဲ့ ခင်ဗျား ပေါ်မလာတော့ ခုလို အချက်ပေးလိုက်ရတာပဲ"
စုချန်း၏ ကိုယ်ရေးအိပ်မက်ဝိညာဥ်ဖြစ်သော လုလုသည် စုချန်းနှင့် ပတ်သက်သော သတင်းများအား စုဆောင်းထိမ်းသိမ်းခွင့် ရှိထား၏။ ထိုသတင်းများထဲမှ စုချန်း စိတ်ဝင်စားလောက်မည်ဟု ယူဆသော သတင်းများအား သူမအနေနှင့် မှတ်တမ်းတင်ထားပြီး စုချန်းအား အကြောင်းကြားရန် သူမတွင် တာဝန်ရှိပေသည်။ အလွန်တရာအရေးကြီးသော သတင်းဆိုပါက သူမအနေနှင့် စုချန်းအား အရေးပေါ်အချက်ပြခွင့်လည်း ရှိနေ၏။
သူ့အတွက် အရေးကြီးသော အသိပညာတချို့ တွေ့ထား၍သာ လုလုအနေနှင့် သူ့ထံသို့ အချက်ပြခြင်း ဖြစ်စေရန် စုချန်း မျှော်လင့်ထားခဲ့၏။ ယခုတော့ သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့လေပြီ။
"ဆရာ ဟုတ်လား ကျုပ် ဆရာ ဘာဖြစ်လို့လဲ"
"သူ ပျောက်ဆုံးသွားလို့"
"ဘာကွ"
စုချန်း ထခုန်မိမတတ် ထိတ်လန့်သွားလေသည်။
"ခင်ဗျားကြီး ဒီလောက်လဲ စိတ်မလှုပ်ရှားနဲ့လေ ခင်ဗျားကြီးဆရာက စာတစောင် ချန်ထားခဲ့တယ် ရော့ ဖတ်ကြည့်ပေတော့"
ပြောပြောဆိုဆို လုလုက စုချန်းလက်ထဲသို့ စာတစောင် ထည့်ပေးလိုက်လေသည်။
စာဖတ်ပြီးသည်နှင့် ဘာတွေ ဖြစ်ပျက်နေမှန်း စုချန်း ချက်ချင်း နားလည်လိုက်လေသည်။
သိပ်မကြာသေးခင်က ရွှေရေခံတပ်တွင် သတ်ဖြတ်သူ(အရိုးအစိုင်းများ)နှင့် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့၏။
တကယ်တော့ လူသားများနှင့် သတ်ဖြတ်သူများဟူသည် မကြာခန တိုက်ပွဲဖြစ်ပွားလေ့ရှိသူများ ဖြစ်သည်။ တိုက်ပွဲဟူသည် မျိုးစိတ်နှစ်စိတ်အကြားတွင် ဘာမှ မဆန်းလှ။ သို့သော် ဤတကြိမ်တိုက်ပွဲကတော့ ယခင်တိုက်ပွဲများနှင့်မတူပဲ အတော်လေး ကွဲပြားနေလေသည်။
သတ်ဖြတ်သူများ၏ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တွန်းလှန်ပြီးနောက် လောင်စန်းနိုင်ငံမှ အရာရှိများသည် တမျိုးတဖုံ စဥ်းစားလာကြ၏။ ၎င်းမှာ ခံစစ်ဆင်ရုံနှင့် မလုံလောက်။ ထို့ကြောင့် တန်ပြန်တိုက်စစ်ဆင်ရန် ဟူ၍ပင်။
စုချန်း၏ ဆရာ ရှီကိုင်းဟွမ်သည်လည်း အဆိုပါ တန်ပြန်တိုက်စစ်ဆင်သော အဖွဲ့တွင် ပါဝင်သွားခဲ့လေသည်။
ရှီကိုင်းဟွမ် ချန်ထားခဲ့သောစာအရာ ရွှေရေခံတပ်မှ လူများသည် ကျယ်ပြန့်သော ကွင်းပြင်တကျောအား ထိန်းချုပ်ရန် လင်းဟွာရဲတိုက်အား ရှေ့တန်းအခြေစိုက်စခန်းအဖြစ် အသုံးပြုလိုနေသည် ဟူ၏။
စာကိုဖတ်ရင်း စုချန်း ဒေါသထွက်လာ၏။
"ဒီစာဟာ လွန်ခဲ့တဲ့သုံးလကပဲ ကျုပ် ဒီမတိုင်ခင်က အိပ်မက်နယ်ပယ်ကို ရောက်ခဲ့သေးတာပဲ ဘာဖြစ်လို့ ကျုပ်လက်ထဲ ဒီစာ စောစောမပေးတာလဲ"
လုလုက ပြန်ဖြေလိုက်သည်။
"ဆရာရှီရဲ့ အမိန့်ကြောင့်ပါ သူ စောစောပြန်လာရင် ဒီစာကို ခင်ဗျားကြီးလက်ထဲ ထည့်ပေးဖို့မလိုတော့ဘူးလို့ သူက ပြောတယ် ဒါဆိုရင် ခင်ဗျားလဲ စိတ်ပူစရာ မလိုတော့ဘူးတဲ့ သုံးလကျော်လို့မှ သူ ပြန်မလာရင်တော့ သူ သေသွားဖို့များတယ် ဒါဆိုရင်တော့ ဒီစာကို ခင်ဗျားကြီးလက်ထဲ ထည့်ပေးလိုက်ပါတဲ့ နဂါးကျောင်းတော်က မူလစွမ်းအင်မျှော်စင်ကိုလဲ ခင်ဗျားကြီးအတွက် သူ ထားရစ်ခဲ့တယ် ခင်ဗျားကြီးအနေနဲ့ ရွေးချယ်ထားတဲ့ လမ်းအတိုင်း ဆက်မလျှောက်တော့မှာကို သူ စိတ်ပူနေတယ်"
အတန်ကြာစဥ်းစားပြီး စုချန်းက မေးလိုက်ပြန်သည်။
"သူတို့အဖွဲ့ ခု ဘယ်နေရာမှရှိသလဲ မင်း သိသလား"
လုလုကား အိပ်မက်ဝိညာဥ်ဖြစ်၍ သတင်းအချက်အလက်ပေါင်းစုံကို ကိုင်တွယ်နေရရာ စုချန်း မေးခွန်း၏ အဖြေကို သိနိုင်ကောင်း၏။
"ကျွန်မ သိသမျှကတော့ သူတို့အကုန် ပျောက်သွားတာပဲ ဘာသတင်းမှ ထပ်မကြားရတော့ဘူး"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ တယောက်တလေ အသက်ရှင်ရင်တောင် အိပ်မက်နယ်ပယ်ထဲ သူတို့ လှမ်းအကြောင်းကြားနိုင်သားပဲ"
"ပြည်ပနယ်မြေကလူတွေရဲ့ သတင်းအချက်အလက်တွေက လျှို့ဝှက်ထားတယ်လေရှင့်"
"ဘာကြောင့်လဲကွ"
"ဒါလဲ ကျွန်မတို့ရဲ့အပြစ်တော့ မဟုတ်ပေဘူး ကွဲပြားခြားနားတဲ့ မျိုးစိတ်အသီးသီးရဲ့ တောင်းဆိုချက်တွေကြောင့် ဒီလို လျှို့ဝှက်ထားရတာပဲ ဘယ်သူကမှတော့ သူတို့ရဲ့ လျှို့ဝှက်ချက်ကို ရန်သူ့သူလျှိုတွေ သိသွားစေချင်မှာ မဟုတ်ဘူးလေ ဒါပေမဲ့ ရှင့်အနေနဲ့ အိပ်မက်နယ်ပယ်ဘုရင်အဆင့် ရောက်လာရင်တော့ စည်းမျဥ်းတခုတလေ ချိုးဖောက်မိလဲ ဘာပြသနာမှ မရှိတော့ဘူးလေ ဒီလိုမှမဟုတ်ရင်တော့ ရှင်တောင်းဆိုသမျှကို ငြင်းပယ်ခံရမှာပဲ"
လုလုက အကွက်ဆိုက်တုန်း စုချန်းအား သွေးဆောင်လိုက်၏။
"ဒီတော့ ဒီလိုသတင်းအချက်အလက်တွေ သိချင်ရင် မင်းတို့ဆီမှာ မူလကျောက်တုံးတွေ မီလျံနဲ့ချီပြီး ဖြုန်းပေးဖို့လိုတာပေါ့လေ"
မျိုးစိတ်အသီးသီး ပိုင်ဆိုင်သော နယ်မြေများအကြား သတင်းအချက်အလက် ပိတ်ဆို့ထားသော အိပ်မက်သခင်၏ ရည်ရွယ်ချက်ကို စုချန်း ချက်ချင်း သဘောပေါက်လိုက်လေသည်။
"မင်းတို့ရဲ့ အိပ်မက်သခင်ဟာ တယ်လဲ စီးပွားရေးအကွက်မြင်တာကိုး"
လုလု ပါးစပ်ကို လက်ဝါးနှင့်အုပ်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။
"အိပ်မက်နယ်ပယ်ကြီး အဓွန့်ရှည်တည်တံ့နိုင်ဖို့ ဒါက လိုအပ်လို့ပါရှင်"
"ဒါကြောင့်မို့လို့ တန်ပြန်တိုက်စစ်အဖွဲ့ ရှင်သလား သေသလာ မင်း သေသေချာချာ မသိဘူးပေါ့ ဟုတ်သလား"
"မှန်ပါတယ်"
လုလုက ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ လူသားတွေဆီက ရထားတဲ့ သတင်းတချို့တော့ ရှိတယ် သတင်းတွေအားလုံးကတော့ ကပ်ဆိုးကြီးကိုပဲ ညွှန်ပြနေတယ် ဖြစ်နိုင်ချေရှိတာကတော့ တန်ပြန်တိုက်စစ်အဖွဲ့ သံနိုင်ငံနဲ့ သွေးနိုင်ငံမှာ ပျောက်ဆုံးသွားတာ ဖြစ်နိုင်တယ်"
သတ်ဖြတ်သူများသည် သူတို့၏ နိုင်ငံအမည်နာမအား သံနိုင်ငံနှင့် သွေးနိုင်ငံဟု နာမည်ပေးထား၏။
"ဒါ ဖြစ်နိုင်တယ်ကွ"
စုချန်းက အသံတိုးတိုးနှင့် ပြောလိုက်သည်။
အချိန်အတော်ကြာအောင် စုချန်း စဥ်းစားနေ၏။ ပြီးမှ သူက ပြောလိုက်ပြန်သည်။
"လုလု ကျုပ်သာ သံနိုင်ငံနဲ့သွေးနိုင်ငံထဲကို ဝင်သွားရင် မင်းကို ဆက်သွယ်လို့ ရပါအုံးမလား"
"ဒီလိုတော့ မဖြစ်နိုင်ဘူး ဒါပေမဲ့ ခင်ဗျားကြီးသာ အိပ်မက်ဘုရင်အဆင့် ဖြစ်သွားရင် ကျွန်မကို ရှင့်ဘေးနား အလိုရှိသလောက် ခေါ်ထားလို့ရတယ် ဒါပေမဲ့ အိပ်မက်ဝိညာဥ်ဟာ ခင်ဗျားကြီးအတွက် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ပေးဖို့ မဖြစ်နိုင်ဘူးဆိုတာတော့ သိတယ်မလား"
"အိပ်မက်နယ်ပယ်ရဲ့ သခင်ကြီးအနေနဲ့ ဒီလို ဟာကွက်မျိုး ထားလိမ့်မယ်မဟုတ်ဘူးဆိုတာတော့ ကျုပ် သိပါတယ်လေ ဒါပေမဲ့ မင်းကိုတော့ ခေါ်သွားလို့ရတယ်မလား"
"ဟုတ်ပါတယ်"
လုလုက ခေါင်းညိတ်လိုက်သည်။ ပြီးမှ တစုံတရာကို တွေးမိသွားဟန်ဖြင့် သူမမျက်နှာ ပြောင်းလဲသွား၏။
"သတ်ဖြတ်သူနယ်မြေထဲ ခင်ဗျားကြီး တကယ်သွားဖို့ စီစဥ်နေတာတော့ မဟုတ်ပါဘူးနော်"
စုချန်း အဖြေပြန်မပေး။ လုလုကိုသာ အမိန့်ပေးလိုက်၏။
"မင်း ပြင်စရာရှိတာ ပြင်ထားလိုက် ကျုပ် အပြင်ကို ခနထွက်လိုက်အုံးမယ်"
စကားဆုံးသည်နှင့် စုချန်း အိပ်မက်နယ်ပယ်အပြင်သို့ ထွက်လာခဲ့၏။
အပြင်သို့ရောက်သည်နှင့် ကုချိန်းလွှာ၏ မျှော်လင့်စောင့်စားနေသော မျက်နှာကိုကြည့်ပြီး စုချန်းရင်ထဲတွင် ကျင်ခနဲခံစားလိုက်ရသည်။ သတင်းဆိုးကို သူ ပြောမထွက်တော့။
"တခုခုများ ဖြစ်လာလို့လား"
ကုချိန်းလွှာကလည်း စုချန်းမျက်နှာပေါ်မှ အပြောင်းအလဲကို ချက်ချင်းပင် ဖတ်မိလိုက်၏။
အနည်းငယ် တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် စုချန်းက ဖြစ်ကြောင်းကုံစင်ကို ကုချိန်းလွှာအား ရှင်းပြလိုက်လေသည်။
ကုချိန်းလွှာလည်း ချက်ချင်းပင် နားလည်လိုက်၏။
"ဒီတော့ ရှင့်ဆရာကို ကယ်ဖို့ ရှင် သွားရမှာပေါ့"
"မင်းနဲ့ ကျုပ်အမေကလွဲရင် သူဟာ ကျုပ်အပေါ်မှာ အကောင်းဆုံးလူပဲ ချိန်းလွှာ"
နားထောင်ကောင်းအောင်သာ ဖြေလိုက်ရသော်လည်း တကယ်တမ်းတွင်တော့ ရှီကိုင်းဟွမ်သည် ကုချိန်းလွှာထက် စုချန်းအပေါ် လွှမ်းမိုးမှုရှိသည်မှာ အမှန်ပင်။
ကုချိန်းလွှာ ခေါင်းညိတ်လိုက်သည်။
"ဒီတော့ ရှင် ကျွန်မနဲ့ ဟာလာဟင်းလင်းတောင်ကို မလိုက်နိုင်တော့ဘူးပေါ့"
"ဒါက အခိုက်အတန့်ပါကွာ ဆရာကို ကယ်ပြီးတာနဲ့ မင်းကို လာရှာမယ်လို့ ကျုပ် ကတိပေးတယ်"
မိုးကောင်းကင်ကို တိုင်တည်ပြီး စုချန်း ကျိန်ပြလိုက်၏။
ကုချိန်းလွှာ၏ မျက်ဝန်းအစုံမှ ပူနွေးသော မျက်ရည်များ စီးကျလာ၏။
"သေမှန်းရှင်မှန်း မသိရတဲ့ လူတယောက်ကို သတ်ဖြတ်သူတွေလက်ထဲက ကယ်ဖို့ဆိုတာ လွယ်မလားတဲ့ရှင် ကျွန်မ သိပါတယ် ကျွန်မ သေသေချာချာကြီးကို သိနေပါတယ် ကံကြမ္မာတရားက ကျွန်မတို့ကို မကွဲကွဲအောင် လုပ်နေတယ်ဆိုတာကို ကျွန်မ သိနေပါတယ်"
"ချိန်းလွှာ"
စုချန်း အော်လိုက်၏။
"မင်း ဒီလို မလုပ်စမ်းပါနဲ့ ကျုပ် မင်းနဲ့ မခွဲချင်ဘူးဆိုတာ မင်း သိပါတယ် ခုက ကျုပ် လုပ်ကိုလုပ်ရမဲ့ ကိစ္စဖြစ်နေလို့ပါ"
ကုချိန်းလွှာသည် စကားတခွန်းမှ မပြောပဲ အလွန် ဝမ်းနည်းကြေကွဲသော အမူအရာနှင့်သာ စုချန်းအား စိုက်ကြည့်နေရှာ၏။
ကုချိန်းလွှာ ယုံကြည်မှုပျက်သုန်းနေပြီမှန်း စုချန်း ကောင်းကောင်းသဘောပေါက်လိုက်လေသည်။ မမြင်ရသော အင်အားတခုက သူတို့အား ဝေးကွာသွားစေရန် စီမံနေသည်ဟု သူမ တထစ်ချယုံကြည်နေပုံရ၏။
ထိုအခါ စုချန်းက ကုချိန်းလွှာ၏ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
"ချိန်းလွှာ မင်း ကျုပ်ကို ယုံကြည်မှရမယ် ကျုပ် မင်းကို လက်ထပ်ဖို့ ဘယ်အရာကမှ မတားဆီးနိုင်ဘူး ကျုပ်တို့ အခု ကြုံနေသမျှဟာ စမ်းသပ်မှု ကျုပ်တို့ ကျော်ဖြတ်ရမဲ့ အတားအဆီးသက်သက်ပဲ"
ထိုစကားကို ကြားသည်နှင့် ကုချိန်းလွှာ မူးမေ့လဲသွားမယောင် ဖြစ်သွား၏။
"ဒါ စမ်းသပ်မှုသက်သက်ပဲ ဟုတ်လား"
"ဟုတ်တယ် ဒါ စမ်းသပ်မှုပဲ"
စုချန်းက အလေးအနက်ပင် ပြန်ဖြေလိုက်သည်။
"ဒီစမ်းသပ်မှုဟာ သွေးဗီဇမပါတဲ့ သာမာန်လူတယောက်နဲ့ မူလသားရဲသွေးဗီဇပါသူတယောက် ပေါင်းစပ်မှုနဲ့ ဆက်နွယ်နေတယ် ကျုပ်တို့မှာ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ရမဲ့ ကံတရားပါလာပုံရတယ် ဒါပေမဲ့ ပြသနာမရှိဘူး ဘယ်အခက်အခဲကိုမဆို ကျုပ် ကျော်ဖြတ်နိုင်တယ်"
"ဒါ...ဒါ..တကယ်ပဲ ဒီလိုဖြစ်နေတာလား"
"ဟုတ်တယ် ဒါပေမဲ့ ဒီအတွက် မင်း လုပ်ရမှာ တခုပဲရှိတယ် အဲဒါကတော့ ကျုပ်ကို ယုံကြည်ဖို့ပဲ"
စုချန်းသည် အရိုးရှင်းဆုံးသော စကားလုံးများသုံးကာ ကုချိန်းလွှာအား နှစ်သိမ့်ရန် ကြိုးစားနေခြင်းပင်။
ကုချိန်းလွှာ တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူမ၏ နှုတ်ခမ်းပေါ်တွင် ချိုမြိန်သော အပြုံးတခု ပေါ်ပေါက်လာလေသည်။
ထိုအခိုက်မှာပင် သက်ပြင်းချသံတသံ ပေါ်ပေါက်လာ၏။
"သိပ်ချစ်ကြတဲ့ ချစ်သူစုံတွဲပဲ ကျုပ်အနေနဲ့ ဖြစ်နိုင်ရင် မင်းတို့ကို ခွဲမပစ်ချင်ပါဘူးကွာ"
***