ဂိုဏ်းဖွင့်ပွဲ
Vol. 11 Ch. 1071
ချန်းဖန်သည် ယွင်ဝူတောင်သို့ ပြန်လည် ရောက်ရှိပြီးနောက် ဂိုဏ်းနှင့် ဆက်စပ်ခြင်း မရှိသူများကို ထွက်ခွာကြရန် ပြောဆိုလိုက်သည်။ ထို့နောက် သူသည် အားရှို့၊ အန်တီထန်တို့နှင့် တိုင်ပင်ကာ မြောက်ပိုင်းချုံး ဖွင့်ပွဲ အခမ်းအနား အတွက် စတင် ပြင်ဆင်သည်။
ထို့အပြင် မြောက်ပိုင်းချုံး နန်းတော်ကို ပြန်လည် ဆောက်လုပ်ခြင်း၊ ခိုင်မာသော ဂိုဏ်းအဖွဲ့အစည်း စနစ် တစ်ခု ထူထောင်ခြင်းတို့မှာ အခြေခံ အကျဆုံး လုပ်ငန်းများ ဖြစ်သည်။ ချန်းဖန်သည် ထိုကိစ္စများနှင့် အလုပ်များရပြန်သည်။
နောက်ဆုံး ဂိုဏ်းဖွင့်ပွဲ အခမ်းအနားနေ့သို့ ရောက်မှသာ ချန်းဖန်မှာ ဧည့်သည်များနှင့် လက်ခံ တွေ့ဆုံနိုင်တော့သည်။
ဂိုဏ်းဖွင့်ပွဲ အခမ်းအနား၏ အစီအစဥ် ပထမပိုင်း၌ ချန်းဖန်သည် မြောက်ပိုင်းချုံး တပည့်များနှင့် သီးသန့် တွေ့ဆုံသည်။ သူသည် တပည့်များအား ဆေးများ၊ စာအုပ်များကို ဝေငှပေးကာ မြောက်ပိုင်းချုံး၏ စည်းကမ်း အသစ်များ အကြောင်း ပြောပြခဲ့သည်။
မြောက်ပိုင်းချုံး၌ တပည့် များများစားစား မရှိချေ။ အဆင့်မြင့် ကျင့်ကြံသူ ဟူ၍ အားရှို့နှင့် မူလ အဆင့် အကြီးအကဲ နှစ်ယောက်သာ ရှိသည်။ သူတို့သည် ကမ္ဘာ့ အင်အား အကြီးဆုံး ဂိုဏ်းနေရာသို့ ပြန်လည် တက်လှမ်းရန် အလှမ်းဝေးကွာနေဆဲ ဖြစ်သည်။
တပည့်များအား ဆုံးမ သြဝါဒ ပေးပြီးနောက် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား၏ ဒုတိယ အစီအစဥ် အနေဖြင့် ချန်းဖန်သည် အဇူရာ နဂါး အမှူးပြုသော အထူး ဧည့်သည်တော်များနှင့် လက်ခံ တွေ့ဆုံသည်။ သူတို့သည် ချန်းဖန်နှင့် တွေ့ဆုံ စကားပြောခွင့် ရရန် ဂိုဏ်းဖွင့်ပွဲ အခမ်းအနားနေ့ အထိ ရောက်အောင် စိတ်ရှည်ရှည် စောင့်ဆိုင်း နေခဲ့ကြခြင်း ဖြစ်ပေသည်။
“ကောင်းကင်အရှင်ချန်းက မျိုးနွယ်စု ရှစ်ခုကို တစ်ပြိုင်နက်တည်း ရှင်းလင်း ပစ်လိုက်နိုင်တာပဲ... အခုဆိုရင် တိုင်ချူ ဘုရားကျောင်းနဲ့ ဝူကျိဂိုဏ်းတို့လို အထွတ်အမြတ်မြေတွေတောင် ကမ္ဘာသားတွေကို အထင်သေးရဲမှာ မဟုတ်တော့ဘူး”
ချန်းချူရန်က မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ယှက်ရင်း ဂုဏ်ပြုလိုက်၏။
ချန်းဖန်မှာ ပြုံး၍သာ နေလိုက်သည်။ လက်ရှိ အသုံးပြုနေသည့် ကောင်းကင် အရှင်၊ မြေကမ္ဘာ နတ်ဘုရား စသဖြင့် အသုံးအနှုန်းများမှာ စွန့်ပစ်ခံဂြိုဟ်နယ်မြေ ဒေသခံများ၏ အသုံးအနှုန်းများသာ ဖြစ်သည်။
အပြောကျယ်သော ကြယ်ပင်လယ်နှင့် ဗဟို ဂလက်စီ အတွင်းတွင်မူ ထိုကဲ့သို့သော ဂုဏ်ထူးများမှာ တာအို ပေါင်းစည်းခြင်း အဆင့် တန်ခိုးရှင်ကြီးများ အတွက်သာ ဖြစ်ပေသည်။ ကြယ်ပင်လယ် ကျင့်ကြံခြင်း လောက၌ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်က မိမိကိုယ်ကို ကောင်းကင်အရှင် ဟု ခံယူခြင်းကား ရှက်ရွံ့ဖွယ် ကောင်းသော ကိစ္စ ဖြစ်ပေသည်။
သို့သော်လည်း ချန်းဖန်က ထိုဂုဏ်ထူးကို မငြင်းပဲ လက်ခံလိုက်၏။ အကယ်၍ စကြဝဠာ အတွင်း၌ “ကောင်းကင်အရှင်” ဟူသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်သူ တစ်ယောက်ရှိပါက ထိုတစ်ယောက်မှာ သူ သာလျှင် ဖြစ်ပေလိမ့်မည်။
အတိဒုက္ခ အဆင့်သို့ ရောက်ရှိခဲ့သော ကျင့်ကြံသူ တစ်ယောက်သည် “နတ်ဘုရား ဧကရာဇ်” ကဲ့သို့သော ဂုဏ်ထူးနှင့် မထိုက်တန် သေးသည့်တိုင် အလွန် အစွမ်းထက်ကြပေသည်။ အတိတ်ဘဝ၌ ချန်းဖန်သည် “မြောက်ပိုင်း ကောင်းကင်အရှင်” ဘွဲ့ထူးကို လက်ခံ ရရှိခဲ့သည်။ ထို့ကြောင့်ပင် “ကောင်းကင်အရှင်” ဟူသော ဂုဏ်ပုဒ်မှာ သူနှင့် မစိမ်းဟု ဆိုရပေမည်။
ထို့နောက် အဇူရာ နဂါးနှင့် ဝမ်ရှင်း တန်ခိုးရှင်လီတို့ကလည်း ပျော်ရွှင်စွာ ရယ်မောရင်း ချန်းဖန်အား ဂုဏ်ပြုစကားများ ပြောဆိုကြသည်။ သူတို့သည် ချန်းဖန် အမှောင် မျိုးနွယ်များအား ရှင်းလင်းလိုက်ခြင်း အပေါ် အလွန် အားရ နေကြသည်။ သူတို့သည် ချန်းဖန်၏ အကူအညီဖြင့် ဆိုပါက တိုင်ချူ ဘုရားကျောင်း၊ ဝူကျိဂိုဏ်းတို့ကိုပင် ကြောက်လန့်စရာ မလိုတော့ဟု ယူဆနေကြလေသည်။
သို့သော်လည်း ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်၏။
“ခင်ဗျားတို့ အထင်မှားနေပြီ... နေနန်းတော်၊ ဝူကျိဂိုဏ်းတို့လို အထွတ်အမြတ်မြေတွေနဲ့ ယှဥ်ရင် အမှောင် မျိုးနွယ်တွေက ဘာမှ မဟုတ်သေးဘူး”
“ဟမ်...”
လူတိုင်းမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
“အမှောင်မျိုးနွယ်တွေက အစွမ်း မထက်ဘူးလား...”
တန့်ရီဖေးက မေးလိုက်၏။
ရာချီသော ရွှေအမြုတေ အဆင့်များ၊ ထောင်ချီသော မူလ အဆင့်များမှာ ထိုအမှောင်မျိုးနွယ်များ၏ အင်အား တစ်စိတ်တစ်ပိုင်းသာလျှင် ဖြစ်သည်။ သူတို့၏ ဘိုးဘေးများမှာ ကမ္ဘာ၏ အတွင်းပိုင်း နေရာ တစ်ခုခု သို့မဟုတ် သူတို့၏ မွေးရပ်မြေဂြိုဟ်များ၌ ရှိနေကြဆဲ ဖြစ်သည်။ သူတို့သည် နတ်ဘုရား ကုန်းမြေ ဆိုသော အရာကို ရှာဖွေ နေကြခြင်း ဖြစ်သည်။
သို့တိုင်အောင် ချန်းဖန်က အမှောင် မျိုးနွယ်များမှာ အထွတ်အမြတ်မြေများနှင့် ယှဥ်ပါက ဘာမဟုတ် ဟု ပြောနေခဲ့သည်။ ဤသို့ဆိုလျှင် အထွတ်အမြတ်မြေများမှာ မည်မျှအထိ အစွမ်းထက်နေသနည်း။
အဇူရာ နဂါးက မျက်မှောင်ကြုတ်ရင်း ဖြည်းညင်းစွာ ပြောလိုက်၏။
“ကျုပ်တို့ စုံစမ်းရသလောက် ဆိုရင် အထွတ်အမြတ်မြေတွေကို အခြားဂြိုဟ်တွေက လာတဲ့ ကျင့်ကြံသူတွေက တည်ထောင်ထားတာပဲ... နောက်ပြီး သူတို့က အမှောင်မျိုးနွယ်တွေထက် ပိုပြီး အစွမ်းထက်တယ် ဆိုတာလည်း မှန်ပါတယ်... ဒါပေမဲ့ အမှောင်မျိုးနွယ်တွေနဲ့ အပြတ်အသတ် မကွာလာက်ဘူး လို့တော့ ကျုပ်ထင်တယ်”
အဇူရာ နဂါးကား နေနန်းတော်နှင့် တိုက်ခိုက်ခဲ့ဖူးသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ထို့ကြောင့်ပင် အထွတ်အမြတ်မြေများ၏ အင်အားကို အခြားလူများထက် သူ ပိုမို နားလည်ပေသည်။
“ဟုတ်တယ်... အထွတ်အမြတ်မြေတွေနဲ့ အမှောင်မျိုးနွယ်တွေ အားလုံးက အာကာသထဲက လာကြတာလေ... သူတို့ ပိုင်ဆိုင်ထားတဲ့ အင်အားက ကွာခြားမယ် ဆိုရင်တောင် ပိုးစုန်းကြူးနဲ့ နေလုံးကြီးလောက်တော့ မဖြစ်သင့်ဘူး မဟုတ်ဘူးမလား”
ချန်းချူရန်နှင့် တန့်ယွမ်ချင်းတို့ကလည်း ခေါင်းညိတ် လိုက်ကြသည်။
“ဟ ...”
ချန်းဖန်က တစ်ချက် ပြုံးကာ ငြိမ်နေ လိုက်၏။
ထိုလူများမှာ “အာကာသထဲမှ” ဆိုသော အသုံးအနှုန်းအား ပုံသေ သတ်မှတ်ထားပုံ ပေါ်သည်။ ထိုအာကာသထဲရှိ အင်အားစုများ မည်မျှ ကွာခြားသည်ကိုမူ သူတို့ နားမလည်ကြချေ။ ချန်းဖန် ကမ္ဘာသို့ ပြန်လာခဲ့ခြင်းမှာ ချန်ရှန်းဂိုဏ်း၊ အပိုလို နန်းတော် တို့ကဲ့သို့သော ဂိုဏ်းကြီးများ အတွက်သာ ဖြစ်သည်။ နိမ့်ကျသော အမှောင်မျိုးနွယ်များ အတွက် မဟုတ်ချေ။
စားသောက်ပွဲ ပြီးဆုံးကာ ဧည့်သည်များ ထွက်ခွာသွားပြီးနောက်...
“ဝှစ်... ဝှစ်...”
ချန်းဖန်က အခန်းတစ်ခုထဲသို့ ဝင်ကာ သူ ဖမ်းခေါ်လာသည့် သွေးမျိုးဆက် အရှင်သခင် အချို့ကို အပြင်သို့ ထုတ်လိုက်သည်။
“မင်းတို့ရဲ့ အခြေတည် ဝိညာဥ် အဆင့် ဘိုးဘေးတွေ ဘယ်ကို သွားသလဲ ဆိုတာ ပြောစမ်း”
ချန်းဖန်သည် ထိုရည်ရွယ်ချက်ကြောင့်သာ သူတို့အား ယခုအချိန်ထိ အသက်ရှင်ခွင့် ပြုထားခြင်း ဖြစ်သည်။ ထိုသတ္တဝါများ ကျူးလွန်ထားသည့် အပြစ်များကား ဆယ်ခါပြန် သေသင့်ပေသည်။
“ဟမ့်...”
သွေးမျိုးဆက်များမှာ နှာခေါင်းရှုံ့ကာ ခေါင်းအား အခြားဘက်သို့ လှည့်လိုက်ကြ၏။ သူတို့၏ ပါးစပ်များမှာမူ ပွင့်ဟ မလာခဲ့ချေ။
“မင်းတို့က ခေါင်းမာနေတယ်ပေါ့ ဟုတ်လား”
ချန်းဖန်က တည်ငြိမ်စွာ ပြောကာ လက်ညိုးအား မြှောက်လိုက်၏။
“ဝှစ်...”
အဇူရာ အလင်း တစ်ခုမှာ ထွက်ပေါ်လာကာ သွေးမျိုးဆက် အရှင်သခင် တစ်ယောက်၏ ဦးခေါင်းအား ဖြတ်ပိုင်းသွား၏။ နီရဲသော သွေးများသည် လျှံတက် ထွက်ပေါ်လာကာ နေရာ အနှံ့ ဖုံးလွှမ်းသွားသည်။
“မပြောသေးဘူးလား...”
ချန်းဖန်က ဒုတိယမြောက် တစ်ယောက်အား လက်ညိုး ထိုးလိုက်ပြန်၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဒုတိယမြောက် တစ်ယောက်မှာ အသတ်ခံလိုက်ရပြန်သည်။
ထို့နောက် တတိယမြောက်၊ စတုတ္တမြောက်၊ ပဥ္စမမြောက်...
ချန်းဖန်ကား မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သွေးမျိုးဆက် ကျင့်ကြံသူ ငါးယောက်ကို ဆက်တိုက် သတ်ဖြတ် ပစ်လိုက်ပြီ ဖြစ်သည်။ အခန်းကြမ်းပြင်၌ သွေးများမှာ ချောင်းငယ်လေး တစ်ခု အသွင်ပင် စီးဆင်းနေလေ၏။
ချန်းဖန်က ထပ်မံ သတ်ဖြန်ရန် ပြင်လိုက်သော အခါ၌ ဆဌမမြောက် အကြီးအကဲမှာ ခေါင်းမမာရဲတော့ချေ။ သူက တုန်တုန်ရီရီဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်၏။
“ကျုပ်... ကျုပ်ကို အသက်ချမ်းသာပေးပါ ကောင်းကင်အရှင်... ကျုပ်... ကျုပ်သိသမျှ အကုန်လုံး ပြောပြပါ့မယ်”
သွေးမျိုးဆက်များကား အလွန် သွေးဆာကာ ရက်စက်ကြမ်းကြုတ် သကဲ့သို့ သေရမည်ကိုလည်း အလွန် ကြောက်ရွံ့ကြသည့် မျိုးနွယ်များ ဖြစ်သည်။ သူတို့သည် သေခြင်းမှ လွဲ၍ မည်သည့် အရာကိုမှ မကြောက်ကြချေ။
မကြာခင်မှာပင် ချန်းဖန်သည် သူ သိလိုသမျှ အရာ အားလုံးကို သွေးမျိုးဆက် အကြီးအကဲထံမှ နှိုက်ထုတ် နိုင်ခဲ့သည်။ သူ၏ ပြောစကားများ အရ ဆိုလျှင် သွေးမျိုးဆက်များသည် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ ရာဂဏန်း အပြင် အခြေတည် ဝိညာဥ် အဆင့် အနည်းငယ်ဖြင့် ကမ္ဘာသို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့ထဲမှ အများစုမှ နတ်ဘုရား မင်းသားများနှင့် အတူ ကမ္ဘာ၏ အမြုတေ၌ ရောက်ရှိ နေကြသည်။ ချန်းဖန် သတ်လိုက်သည့် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်သာလျှင် အပြင်၌ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ၏ မျက်နှာပြင်သည် ထျန်းဟောင်ဂြိုဟ်နှင့် ယှဥ်ပါက အပုံ တစ်ထောင်ပုံ တစ်ပုံသာ ရှိသော်လည်း ၎င်း၏ အမြုတေကမူ အလွန် ကြီးမားလှသည်။ သွေးမျိုးဆက်၏ စကား အရ ဆိုလျှင် နတ်ဘုရာ ကုန်းမြေနှင့် မဟာ အခွင့်အရေး ဆိုသော အရာမှာ ထိုနေရာ၌ တည်ရှိနေခြင်း ဖြစ်ပေသည်။
ကြယ်ပင်လယ် အတွင်းမှ နတ်ဘုရား မင်းသားများသည် ကမ္ဘာအား ထိုအရာ အတွက် လာခဲ့ကြခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် နတ်ဘုရား ကုန်းမြေ ဝင်ပေါက်များမှာ ကောင်းကင်နယ်မြေများ၊ တောင်တန်းများ သမုဒ္ဒရာများ၌ တည်ရှိ တတ်ပေသည်။ အပိုလို နန်းတော်၏ နတ်ဘုရား ဗိုလ်ချုပ်သည် ထိုဝင်ပေါက်ကို ရှာဖွေရန် တစ်ခုတည်း အတွက် မြောက်ပိုင်းချုံးအား ဖျက်ဆီး ပစ်ခဲ့ခြင်း ဖြစ်ပေသည်။
“မဟာ အခွင့်အရေးက ဘာလဲ”
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်၏။ ထျန်းဟောင်ဂြိုဟ်၊ ကျဲ့ယွမ်ဂြိုဟ်တို့ရှိ မဟာ အခွင့်အရေး ဆိုသော အရာများမှာ တာအို သစ်သီး၊ သစ်သား နတ်ဘုရား နှလုံးသား တို့ကဲ့သို့သော ကျင့်ကြံခြင်း အရင်းအမြစ်များသာ ဖြစ်ပေသည်။ ထိုအရာများမှာ နတ်ဘုရား ဂိုဏ်းကြီးများမှ သူတို့၏ တပည့်များ အတွက် ပျိုးထောင်ထားသည့် အရာများသာ ဖြစ်သည်။
“ကျုပ်လည်း သေချာ မသိပါဘူး... နတ်ဘုရား မင်းသားဆိုတဲ့ လူတွေက အရမ်း အစွမ်းထက်ကြတယ်... အခြေတည် ဝိညာဥ် အဆင့် ဘိုးဘေးတွေတောင် သူတို့ရှေ့ဆို အစေခံတွေလိုမျိုး နေကြရတာ... ဒီတော့ သူတို့ ရှာနေတဲ့ မဟာ အခွင့်အရေး ဆိုတာ ဘာလဲ လို့ ကျုပ်တို့ ဘယ်မေးရဲပါ့မလဲ”
သွေးမျိုးဆက် အကြီးအကဲက တစ်ချက် ရပ်ကာ ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ကျုပ်ကြားရသလောက် ဆိုရင် နတ်ဘုရား ကုန်းမြေ ဆိုတာက ကမ္ဘာ့ အတွင်းပိုင်းမှာ ရှိနေတာတဲ့... သူတို့က အဲဒါကို လွန်ခဲ့တဲ့ ခြောက်နှစ်တည်းက ရှာနေတာ... ကြည့်ရတာ အခြေအနေကတော့ တိုးတက်လာပုံ ရတယ်... ဒါကြောင့်ပဲ နတ်ဘုရား မင်းသား အားလုံး ထွက်သွားကြတာပေါ့”
“တိုင်ချူ ဘုရားကျောင်းနဲ့ ဝူကျိဂိုဏ်းတို့ကရော...”
ချန်းဖန်က အခြားမေးခွန်း တစ်ခုကို မေးလိုက်၏။
သို့သော်လည်း သွေးမျိုးဆက် အကြီးအကဲမှာ များများစားစား မသိပါချေ။ ထိုဂိုဏ်းများမှာ ကြယ်ပင်လယ် အတွင်းရှိ ထိပ်သီးဂိုဏ်းကြီးများ တည်ထောင်ထားသည့် ကျင့်ကြံခြင်း အထွတ်အမြတ်မြေများ ဖြစ်သည်။ သို့သော်လည်း ထိုထိပ်သီးဂိုဏ်းများ၏ နာမည် အတိအကျကိုမူ သူ မသိချေ။ “နေနန်းတော်” တစ်ခုသာလျှင် အပိုလို နတ်ဘုရား မင်းသား၏ အစေခံ တည်ထောင်ထားခြင်း ဖြစ်ကြောင်း သူသိပေသည်။
“အပိုလို နန်းတော်...”
ချန်းဖန်၏ မျက်လုံးများမှာ လင်းလက်သွား၏။ ကြည့်ရသည်က အပိုလို နန်းတော်မှာ ကြယ်ပင်လယ် အတွင်းရှိ ဂိုဏ်းများကို ဦးဆောင်ကာ ကမ္ဘာပေါ် ရောက်ရှိလာပုံ ရသည်။ သွေးမျိုးဆက် အကြီးအကဲ၏ စကားအရ ဆိုလျှင် အခြား အင်အားစုများပင် အပိုလို နန်းတော်၏ အမိန့်အား နာခံရသည်ဟု ဆိုသည်။
“ဟမ့်... ပထမဆုံး အပြင်မှာ ကျန်ခဲ့တဲ့ မင်းတို့ရဲ့ အင်အားစုတွေ အကုန်လုံးကို ရှင်းပစ်မယ်... ပြီးမှ နတ်ဘုရား ကုန်းမြေကို ဝင်ပြီး မင်းတို့ကို ဆက်ရှာတာပေါ့”
ချန်းဖန်က နှာခေါင်းတစ်ချက် ရှုံ့ကာ သွေးမျိုးဆက် အကြီးအကဲကို သတ်ဖြတ် လိုက်သည်။ ထို့နောက် သူက ထိုင်ရာမှ ထကာ မျှော်စင် အတွင်းမှ အပြင်သို့ ထွက်လာခဲ့၏။
သွေးစာရင်း ရှင်းရမည့် အချိန်ကား မကြာခင် ရောက်ရှိတော့မည် ဖြစ်သည်။
***