← Chapters

လူကောင်းလေး

Vol. 59 Ch. 588

လူကောင်းလေး

Vol. 59 Ch. 588

နှစ်ရက်ခန့်အကြာတွင်မှ စုချန်းတယောက် အိပ်ယာမှ နိုးထလာခဲ့၏။

မျက်လုံးနှစ်လုံးကို ဖွင့်ကြည့်လိုက်သည်နှင့် သူသည် အနီရောင်သစ်သားနှင့် ပြုလုပ်ထားသော ကုတင်ပေါ်တွင် လဲလျောင်းလျက်ရှိကြောင်း စုချန်း တွေ့လိုက်ရသည်။ နူးညံပျော့ပြောင်းသော ခန်းဆီးစသည် ကုတင်ဘေးတွင် တွဲလောင်းကျလျက်ရှိ၏။ အခန်းထဲတွင် သိမ်မွေ့သော မွှေးရနံ့တမျိုး သင်းပျံ့လျက်ရှိသည်။ မွှေးရနံ့၊ ပန်းရောင်အိပ်ယာခင်း၊ အခန်းတွင်းရှိ လှပသောမှန်ကြီး။ ထိုအရာများအားလုံးက စုချန်းရောက်နေသည်မှာ မိန်းကလေးတဦး၏ အခန်းမှန်း ညွှန်ပြလျက်ရှိ၏။

အိပ်ယာပေါ်မှ ကမန်းကတန်း ထထိုင်ပြီး ဘာတွေဖြစ်ခဲ့မှန်း စုချန်း ပြန်တွေးကြည့်သည်။ သို့သော် သူ ဘာမှမမှတ်မိ။ သူ နောက်ဆုံး သတိရမိသောအရာမှာ ကုချိန်းလွှာ၏ ရင်ခွင်ထဲတွင် သူ သတိမေ့သွားခြင်းပင်။

"ချိန်းလွှာ"

ကုချိန်းလွှာ၏ အကြောင်းကို တွေးမိသည်နှင့် စုချန်း ထအော်လိုက်သည်။

အော်သံအဆုံးဝယ် အခန်းထဲသို့ လူတယောက် ပြေးဝင်လာ၏။ ၎င်းက စုချန်းကို ဝမ်းသာအားရနှင့် စိုက်ကြည့်နေလေသည်။ ၎င်းမှာ ကုချိန်းလွှာမှန်း သံသယဖြစ်နေစရာ မလိုတော့။

ထို့နောက် သူမက စုချန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လာလေသည်။

"နောက်ဆုံးတော့ ရှင် နိုးလာပြီပေါ့နော်"

"ကျုပ် သက်သာပါတယ် အရင်ကထက်တောင် အခြေအနေ ကောင်းနေသေးတယ်"

စုချန်းက ကုချိန်းလွှာအား နှစ်သိမ့်လိုက်၏။

စုချန်း ညာနေခြင်းမဟုတ်။ လက်ရှိတွင် သူ့စိတ်အာရုံမှာ အထူးပင် စူးရှထက်မြက်လျက်ရှိသည်။ သူ့တကိုယ်လုံးတွင်လည်း အင်အားပြည့်ဝလျက်ရှိသည်။

"ကျွန်မ သိပါတယ်"

ပြောရင်းနှင့် ကုချိန်းလွှာ၏ မျက်ဝန်းတွင် မျက်ရည်များ စီးကျလာ၏။

"သမားတော်က ပြောတယ် ရှင် အရမ်းပင်ပန်းသွားလို့တဲ့...သက်သာသွားလိမ့်မယ်တဲ့ ဒါပေမဲ့ နှစ်ရက်လုံးလုံး အိပ်ပျော်နေမယ်လို့တော့ ဘယ်သူက ထင်မှာတဲ့လဲ"

"နှစ်ရက်တောင်မှ ဟုတ်လား"

စုချန်း ရေရွတ်လိုက်သည်။

"ဒါဆို ပြီးခဲ့တဲ့ တိုက်ပွဲက ဘယ်လ်ိုဖြစ်သွားတာလဲ"

ကုချိန်းလွှာက ပြန်ဖြေလိုက်၏။

"ဘာမှ စိတ်မပူပါနဲ့ရှင် ကျွန်မတို့ နိုင်လိုက်တယ်လေ အဲတာ ရှင့်ကြောင့်ပေါ့"

"ဒါဆို နတ်ဆိုးဘုရင်နဲ့ နတ်ဆိုးသခင်တို့ကော ဘယ်လိုဖြစ်သွားသေးလဲ"

"မိုးပြာရောင်သားမွေးမြေခွေးက ရှင့်ကြောင့် ဒဏ်ရာရသွားတော့ အဖေနဲ့ ကျန်လူတွေရဲ့ စုပေါင်းတိုက်ခိုက်မှုကို မခံနိုင်တော့ဘူးလေ နောက်ဆုံးတော့ ထွက်ပြေးသွားလေရဲ့ သူက အရမ်းမြန်လွန်းတော့ ဘယ်သူမှ သူ့ကို မတားလိုက်နိုင်ဘူးလေ နတ်ဆိုးဘုရင် မြွေကြီးကတော့ ကံဆိုးသွားတယ် သူက အရမ်းနှေးတော့ ထွက်မပြေးနိုင်ဘူးလေ ဒါပေမဲ့ သူ့တိုက်ခိုက်ပုံက အင်မတန် ကြောက်စရာကောင်းတာပဲ ကျွန်မတို့ပဲဆိုရင် သူ့ကို နိုင်မှာမဟုတ်ဘူး ဒီသတင်းကိုကြားလို့ အနီးအနား မြို့နှစ်မြို့က ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တွေ လာကူကြတော့မှ သူ့ကို ကျွန်မတို့ အပြတ်ရှင်းနိုင်တော့တယ်"

အလင်းတန်းမြွေကြီးအား သတ်နိုင်ရန် အနီးအနားရှိ မြို့များမှ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များ၏ အကူအညီကိုပါ ယူလိုက်ရမှန်း သိသောအခါ နတ်ဆိုးဘုရင်သားရဲများ၏ အင်အားကို တွက်ဆရင်း စုချန်း သက်ပြင်းချလိုက်သည်။

ဤသို့ဆိုလျင် နတ်ဆိုးဧကရာဇ်အဆင့်သားရဲသာ ပေါ်ပေါက်လာပါက မည်သို့ အခြေဆိုက်သွားမည်နည်း။ လောကကြီးဝယ် နတ်ဆိုးဘုရင်သားရဲများနှင့် နတ်ဆိုးဧကရာဇ်သားရဲများ များစွာ ကျန်ရှိနေသေး၏။ လူသားနယ်နိမိတ်အတွင်း သားရဲများ ထိုးဖောက်ဝင်ရောက်လာသည်ကို လူသားများအနေနှင့် အပြည့်အဝ တားဆီးနိုင်စွမ်းမရှိသည်မှာလည်း ပြန်တွေးကြည့်လျင် ဘာမှ အံ့သြစရာမရှိ။ သားရဲများ၏ ရန်စွယ်ကို အပြည့်အဝ ကာကွယ်လိုပါက မျိုးစိတ်များအားလုံး ပူးပေါင်းရန် လိုအပ်သည် မဟုတ်ပါလား။

"ကောင်းပြီလေ ဒါနဲ့ ကျုပ်က ဘယ်ရောက်နေတာတုန်း"

စုချန်းက မေးခွန်းထုတ်လိုက်ပြန်သည်။

"ကျွန်မအခန်းထဲ ရောက်နေတာပေါ့ရှင် မေးစရာ လိုသေးလို့လား"

"မင်း ဆိုလိုတာ ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး မင်းအခန်းထဲမှာ ကျုပ် အိပ်ပျော်နေခဲ့တယ်ပေါ့ ဟုတ်လား"

စုချန်း အံ့သြသွား၏။

"ဟုတ်တယ်လေ အမှန်ပဲ"

ကုချိန်းလွှာကား အတည်ပြောနေဟန်ပင်။

စုချန်း၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

"မကောင်းတော့ဘူး ဒီအတိုင်းဆိုရင် ကျုပ်နဲ့မင်းနဲ့ကြားက ဆက်ဆံရေးကို အကြီးအကဲ သိကုန်တော့မှာပဲ"

စုချန်း၏ အစီအစဥ်အရ ၎င်းကို လူသိရှင်ကြား ဖွင့်ဟရန် အချိန်မကျသေးချေ။

သို့သော် ကုချိန်းလွှာက သူ့အား သူမ၏ အခန်းတွင် အိပ်စက်အနားယူစေခဲ့၏။ ဤအတိုင်းဆိုလျင် သူတို့အကြောင်းကို လူတိုင်း သိကုန်ပေတော့မည်။

________×××_________×××_________

"ဦးရီးတော် ခုထိ နားမလည်သေးဘူးလား ဒါတွေအားလုံး လှည့်ကွက်ပဲဗျ"

ကုမျိုးနွယ်၏ ခန်းမကြီးအတွင်းတွင် ဖြစ်သည်။ ကျုံးချိန်းကောင်းသည် ကုချွန်းမြန်အား ဒေါသတကြီးနှင့် ပြောလိုက်သည်။

ကုချွန်းမြန်ကား လဖက်ရည်သောက်ပင် မပျက်။

"နားလည်ရမှာ ဘာကိုနားလည်ရမှာတုန်းကွ"

"စုချန်းပေါ့ဗျ"

ကျုံးချိန်းကောင်းက ဒေါသတကြီးနှင့် ပြောလိုက်သည်။

"ဒါတွေအားလုံး စုချန်းရဲ့ အကြံအစည်တွေပဲဗျ"

ထို့နောက် သူက ရှေ့သို့နှစ်လှမ်းတိုးရင်း ​ဆက်ပြောလိုက်သည်။

"မြို့ထဲက ရှိသမျှ စီးပွားရေးလုပ်ငန်းတွေကို အငမ်းမရ လိုက်ဝယ်တာ ပြီးတော့ ပျံသန်းရေးကွန်ယက် ဒါတွေအားလုံး အလိမ်အညာတွေ အတုအယောင်တွေပဲဗျ စုချန်းရဲ့ တကယ့်ရည်ရွယ်ချက်က ချိန်းလွှာပဲ ဒီကောင် ကုချိန်းလွှာကို လက်ထပ်ချင်တယ် ဒီတော့ စီးပွားရေးသမားယောင်ဆောင်တယ် အကျိုးအမြတ်တွေနဲ့ ကုမျိုးနွယ်ကို မျှားပြီး မလူးသာမလွန့်သာ ဖြစ်အောင် လုပ်တယ် ကျွန်တော် ဒီကို မလာခင်မှာလဲ မြို့မှာ အနှောင့်အယှက်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့တယ် ဒါတွေအကုန်လုံး စုချန်း လက်ချက်ပဲဗျ"

ကုချွန်းမြန်ကား ခပ်တည်တည်ပင်။

"အိုး အဲဒီလိုလား ဒီတော့ ကျုပ်က မင်းကို မှားယွင်းပြီး ဆက်ဆံမိတယ်ပေါ့လေ"

"ခုထိ နားမလည်သေးဘူးလား ဦးရီးတော် စုချန်းနဲ့ ချိန်းလွှာဟာ အရင်ကတည်းက သိနေတယ် သူတို့ကြား ဆက်ဆံရေးက ဟိုးအရင်တည်းက မရိုးသားဘူး လောင်းရှောက်ယူဟာ စုချန်းရဲ့ လက်အောက်ငယ်သားပဲဗျ ကျုပ် သေသေချာချာ စုံစမ်းခဲ့ပြီ လောင်းရှောက်ယူဟာ ကြည်လင်မြစ်မြို့တော်က စုချန်းက ကြည်လင်မြစ်မြို့တော် အသိပညာအတည်ပြုသူ လုပ်ခဲ့ဖူးတယ် စုချန်းနဲ့ချိန်းလွှာဟာ နဂါးကျောင်းတော်မှာ ကျောင်းနေဘက်တွေ ခုလောက်ဆို ဦးရီးတော် သဘောပေါက်ပြီလား ဒါတွေအားလုံးကို နောက်ကွယ်က ကြိုးကိုင်နေတာ စုချန်းပဲဗျ"

ကုချွန်းမြန်က ကျုံးချိန်းကောင်းအား လှမ်းကြည့်ပြီး ပြုံးစေ့စေ့နှင့် ပြောလိုက်သည်။

"မင်း စုံစမ်းတာ ဒီလောက်ထိ စေ့စပ်လိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး"

"ဘယ်သူ့ကို ရှုံးသွားလို့ ရှုံးသွားမှန်းမသိပဲ အရှုံးပေးလိုက်ရမှာကို ကျွန်တော် မလိုလားဘူး ဦးရီးတော်"

ကျုံးချိန်းကောင်းက ပြန်ဖြေလိုက်၏။ သူ့လေသံမှာ ဒေါသသံပါနေ၏။

"လောင်းရှောက်ယူနဲ့ ပတ်သက်ပြီး ကျွန်တော် ကိုင်တွယ်တာ မှားသွားကြောင်း ဝန်ခံပါတယ် ဒါပေမဲ့ တခုခု လွဲမှားနေတယ်လို့ ခံစားမိလို့ လူလွှတ်ပြီး ကျွန်တော် စုံစမ်းစေခဲ့တယ် ဒီမှာတင် လောင်းရှောက်ယူနဲ့ စုချန်းတို့ရဲ့ ဆက်စပ်မှုကို ကျွန်တော် သတိထားမိသွားတာပဲ ဒီနောက် စုချန်းရဲ့ လုပ်ရပ်တွေကို ဆက်စပ်ကြည့်တော့ ဒီကောင့်ရဲ့ တကယ့်ရည်ရွယ်ချက်ကို ကျွန်တော် သဘောပေါက်လာတယ် အရင်တုန်းကတော့ သိပ်ပြီးမသေချာဘူးပေါ့လေ ဒါပေမဲ့ တနေ့က တိုက်ပွဲမှာ ချိန်းလွှာရဲ့ အပြုအမူကို ကြည့်ပြီး ကျုပ် သဘောပေါက်သွားတယ် သူတို့နှစ်ယောက်ဟာ နဂါးကျောင်းတော်မှာ ကျောင်းနေဖက်တွေဆိုတာ ထပ်သိလိုက်ရတော့ အရာအားလုံးကို ဆက်စပ်ဖို့ လွယ်ကူသွားတော့တာပေါ့"

"ဒါပေမဲ့ မင်း သိထားတာတွေထဲမှာ လွဲနေတာ တခုရှိသေးတယ်ကွ"

ကုချွန်းမြန်က လဖက်ရည်ခွက်ကို အောက်ချရင်း ပြောလိုက်သည်။

"ဗျာ"

ကျုံးချိန်းကောင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"တကယ်တော့ စုချန်းနဲ့ ချိန်းလွှာတို့ ပထမဆုံး ဆုံခဲ့တာ နဂါးကျောင်းတော်မှာ မဟုတ်ဘူးကွ"

"ဟင်"

ကုချွန်းမြန်က စကားဆက်ပြန်၏။

"စုချန်းဟာ တောင်သုံးလုံးနယ်မြေ မြောက်ပိုင်းမြို့တော်ကပဲ သူဟာ အဲဒီနယ်မြေမှာရှိတဲ့ သွေးဗီဇမဲ့ မျိုးနွယ်စုကြီးလေးစုအနက် စုမျိုးနွယ်စုရဲ့ ဆက်ခံသူပဲ ဒါပေမဲ့ မမျှော်လင့်ပဲ မျက်စိကွယ်သွားတော့ သူ အနှိမ်ခံ ဖြစ်သွားတယ် မျက်လုံးပြန်မြင်လာတော့ စုချန်းက သူ့မျိုးနွယ်စုကို လုံးဝ အဆက်အသွယ် ဖြတ်ပစ်လိုက်တယ် အဲဒီတုန်းက ချိန်းလွှာဟာ ကျုပ်အမိန့်နဲ့ အဲဒီမြို့က လင်းမျိုးနွယ်စုဆီကို ရောက်နေတယ် သူတို့နှစ်ယောက် အဲဒီမှာ တွေ့ကြတာပဲ ဒါတင်မကသေးဘူး ချိန်းလွှာဟာ စုချန်းက မြွေခြေလှမ်းကွက်တွေနဲ့ ပန်းပွင့်လက်ချောင်းများကိုပါ သင်ပေးခဲ့သေးတယ်"

ကျုံးချိန်းကောင်း ပါးစပ်ပြဲသွား၏။

"ဒါ...ဒါဆို...ဦးရီးတော်က အကုန်လုံး သိထားပြီးသားပေါ့"

ကုချွန်းမြန် သက်ပြင်းချလိုက်သည်။

"မင်းတောင် တခုခုကို သံသယဖြစ်လာရင် စုံစမ်းဖို့လိုတယ်လို့ သဘောပေါက်သေးရင် ကျုပ်မှာကော ဒီလို အတွေးမျိုး မရှိနိုင်ဘူးလား ဘာပဲပြောပြော မင်းပြောတာ မှန်တယ် စုချန်းဟာ စကတည်းက အကြံအစည်နဲ့ လာတာပဲ မင်း ကြုံခဲ့သမျှပြသနာတွေကလဲ မင်းနဲ့ချိန်းလွှာရဲ့ စေ့စပ်ကြောင်းလမ်းခြင်း ပျက်စီးသွားအောင် သူ ကြံစည်ထားတာပဲ"

ကျုံးချိန်းကောင်း စိတ်လှုပ်ရှားသွား၏။

"ဦးရီးတော် သဘေပေါက်သွားပြီဆိုတော့ သိပ်ကောင်းတာပေါ့ ဒါဆို ကျုပ်တို့ သူ့ကိုဖမ်းပြီး အစိုးရလက် အပ်လိုက်မယ်လေ"

"ဖမ်းမယ် ဟုတ်လား ဘာလို့ သူ့ကို ဖမ်းမှာတုန်း"

"သူ ကျုပ်ကို မကောင်းကြံလို့ပေါ့ ဦးရီးတော်"

ကုချွန်းမြန်သည် ကျုံးချိန်းကောင်းအား အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။

"သူက မင်းကို ဘယ်လို မကောင်းကြံတာတုန်း လောင်းရှောက်ယူကို သုံးပြီးတော့လား မှန်တယ် သူ မင်းကို လောင်းရှောက်ယူနဲ့ မျှားခဲ့တယ် ဒါပေမဲ့ လောင်းရှောက်ယူကို သတ်ပြီး သူ့ပစ္စည်းတွေ လုယူဖို့ သူ မင်းကို တွန်းအားပေးခဲ့သလား"

"ကျွန်တော်....."

"မင်းမှာ ဘာမှ ပြောစရာမရှိဘူးမလား ဒါ မင်းလောဘကြောင့် ဖြစ်တာ မင်း အပြစ်ပဲကွ သူများကို သွားပြီး အပြစ်တင်မနေနဲ့"

"ဒါပေမဲ့ သူတို့နှစ်ယောက် အရင်ကတည်းက သိကြတာကို ဦးရီးတော်မသိအောင် လျှို့ဝှက်ထားခဲ့တယ်လေ"

"စုချန်းက ချိန်းလွှာကို မသ်ိဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူးကွ ကျုပ်တို့ စတွေ့တဲ့နေ့မှာပဲ ချိန်းလွှာနဲ့သူဟာ ကျောင်းနေဘက်လို့ သူက ပြောပြီးသား ဒါပေမဲ့ သူတို့ ဒီထက်ပိုပြီး ရင်းနှီးနေတာကိုတော့ ကျုပ် မသိထားတာ အမှန်ပဲ"

"သူတို့နှစ်ယောက် ဒီလို လျှို့ဝှက်တဲ့ ဆက်ဆံရေးမျိုး ရှိနေတာ အပြစ်ပဲမလား ဦးရီးတော်"

"ဒါကို အပြစ်ဆိုမယ်ဆိုရင် လောကကြီးမှာ အပြစ်သားတွေနဲ့ ပြည့်နှက်နေတော့မှာပေါ့ကွာ"

ကုချွန်းမြန်၏ စကားကြောင့် ကျုံးချိန်းကောင်း အကြီးအကျယ် အံ့သြသွား၏။ ကုချွန်းမြန် စိတ်သဘောထား ပြောင်းလဲလာခြင်းကို မသိရလောက်အောင် သူ အရူးမဟုတ်။

ကုချွန်းမြန်က စကားဆက်ပြန်သည်။

"ချိန်းလွှာဟာ သူနဲ့စုချန်းအကြား ဆက်ဆံရေးကိုကျုပ်ကို မပြောခဲ့ဘူး ဒီတော့ ဘာဖြစ်သလဲ လူငယ်တွေဟာ အချစ်ရေးမှာ စိတ်ကူးယဥ်ဆန်တတ်ကြတာပဲ မဟုတ်ဘူးလား အထူးသဖြင့် မိန်းကလေးတွေက ပိုပြီးတောင် စိတ်ကူးယဥ်တတ်ကြသေးတယ် ချစ်သူ တယောက် နှစ်ယောက် ထားတော့ကော ဘာဖြစ်သလဲကွာ စည်းမကျော်သရွေ့ ကျုပ်ဖြင့် ပြသနာလို့ကို မထင်ဘူး ချိန်းလွှာဟာ ခုထိ အပျိုစင်ဘဝမှာပဲ ရှိသေးတယ် သူ့အတွက်ကျုပ် ချမှတ်ထားတဲ့ စည်းကမ်းကို သူ မဖောက်ဖျက်သေးဘူး ဒီတော့ ကျုပ် သူ့ကို အပြစ်ပေးစရာလဲ မလိုသေးဘူး ပြီးတော့ ထပ်ပြောရရင်ကွာ"

စကားကို ခေတ္တရပ်ပြီးမှ ကုချွန်းမြန်က အရေးကြီးသော လေသံနှင့် ထပ်ပြောလိုက်သည်။

"ထပ်ပြောရရင်ကွာ...စုချန်းကိုယ်တိုင်လဲ လူကောင်းလေးပဲကွ"

***

All Chapters