မိတ်ဆွေဟောင်း တစ်ယောက်နှင့် ပြန်ဆုံခြင်း
Vol. 11 Ch. 1072
ချန်းဖန်သည် ယွင်ဝူတောင်ထိပ်၌ ရက်အနည်းငယ် ဆက်လက် နေထိုင်ခဲ့သည်။ ထိုအတောအတွင်း၌ သူသည် မြောက်ပိုင်းချုံး တပည့်များကို ကျင့်စဥ်များ သင်ကြားပေးခြင်း၊ မိတ်ဆွေများနှင့် တွေ့ဆုံခြင်း အမှုများကို ပြုနေခဲ့၏။
“ဆရာ... ကျွန်မတို့ ကျင့်ကြံတဲ့ ကျင့်စဥ် အများစုက အစစ်အမှန် သိုင်း ဆိုတာနဲ့ စနေတယ်... အစစ်အမှန် သိုင်းဂိုဏ်း ဆိုပြီး ရှိတာလား”
အားရှို့ကား ပါးနပ်သော ကောင်မလေး ဖြစ်ရာ ထိုအရာကို အစောကတည်းက သူမ ခန့်မှန်း မိနေခြင်း ဖြစ်သည်။ နောက်ဆုံး အောင့်မထားနိုင်တော့သော ကြောင့်သာ သူမက ချန်းဖန်အား ထုတ်ဖော် မေးမြန်းခဲ့ခြင်း ဖြစ်၏။
“အင်း ဟုတ်တယ်... ငါက အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း လို့ ခေါ်တဲ့ ကျင့်ကြံခြင်းဂိုဏ်းကြီးကနေ လာတာလေ... အဲဒီဂိုဏ်းက ထာဝရဂိုဏ်းကြီးတွေကို လွယ်လွယ်လေး နင်းချေနိုင်တဲ့ အထိ အစွမ်းထက်တယ်... နင်တို့ကို သင်ပေးသမျှက အဲဒီဂိုဏ်းက ကျင့်စဥ်တွေချည်းပဲ”
ချန်းဖန်က ဖြည်းညင်းစွာ ဖြေလိုက်သည်။
“ဒါဆို အဘိုးချန်းတို့ ပျောက်သွားတဲ့ ကိစ္စက အဲဒီ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းနဲ့များ ပတ်သက် နေမလား”
အားရှို့က အနည်းငယ် စဥ်းစားဟန်ဖြင့် မေးလိုက်၏။
“နင် ဘယ်လိုလုပ် သိတာတုန်း...”
ချန်းဖန်မှာ အံ့အားသင့် သွား၏။
အားရှို့မှာ အနည်းငယ် စိတ်လှုပ်ရှားနေဟန် ရသည်။ သို့သော်လည်း သူမက ဘာမှ မဆန်းကြယ်ဟန် ပုခုံးကို တွန့်ရင်း ဆိုလိုက်သည်။
“ဆရာ့ပုံစံက ရှောင်ချုံး ပျောက်သွားတာကို သိတာတောင် သာသာယာယာပဲလေ စိုးရိမ်နေတဲ့ပုံမှ မရှိတာ... နောက်ပြီး ပျောက်သွားတဲ့ လူတွေက အစစ်အမှန် သိုင်းနတ်ဘုရား ကျင့်စဥ်ကို ကျင့်ထားကြတာ မလား... အဲဒီ နှစ်ခု ဆက်စပ်ပြီး တွေးကြည့်လိုက်တာ”
ချန်းဖန်မှာ စိတ်ထဲမှ နေ၍ အားရှို့အား ချီးကျူးလိုက်မိ၏။
“နင်တွေးတာ တော်တော်လေး နီးစပ်ပါတယ်... ရှောင်ချုံးက အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းက တန်ခိုးရှင်တွေရဲ့ လက်အောက်မှာ ကျင့်ကြံနေတာ... ကျန်တဲ့လူတွေကိုတော့ ငါလည်း သိပ် မသေချာဘူး”
အားရှို့မှာ ချန်းဖန်၏ အဖြေစကားကြောင့် စိတ်လှုပ်ရှားလာ၏။
“ဆရာ... အစစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကို ဘယ်တော့မှ သွားမှာလဲ... ကျွန်မ အဲဒီ တန်ခိုးရှင်တွေကို မြင်ဖူးချင်လို့”
ချန်းဖန်၏ စကားအရ ဆိုလျှင် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းမှာ ထာဝရဂိုဏ်းများကို နင်းချေနိုင်သည် ဟု ဆိုသည်။ ထိုဂိုဏ်းကြီးမှာ ခွန်ရှု့နယ်မြေ၊ ထျန်းဟောင်ဂြိုဟ်တို့ထက် အဆပေါင်းများစွာ ပိုမို ကြီးကျယ် ခမ်းနားလောက်ပေသည်။
“အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း...”
ချန်းဖန်က သက်ပြင်းတစ်ချက် ချကာ ပြတင်းပေါက် အပြင်သို့ ငေးလိုက်၏။ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းမှာ ဗဟို ဂလက်စီ၏ မြောက်ပိုင်း ကောင်းကင်၌ တည်ရှိနေခြင်း ဖြစ်သည်။ ဤကမ္ဘာမှ ဆိုပါက အလင်းနှစ် ဘီလျံ ရာထောင်ချီအောင် ဝေးကွာသည်။ ထိုနေရာသို့ သွားရောက်ရန်မှာ စိတ်ကူးသလောက် လွယ်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ချန်းဖန်မှာ ထိုအကြောင်းအရာများကို အားရှို့အား မပြောပြလိုသေးချေ။ သူက မိန်းကလေး၏ ခေါင်းကိုသာ ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
“နောက်နှစ်တွေ အတွင်းမှာ ဆရာ မင်းကို ခေါ်သွားမှာပါ...”
အချိန် ယန္တရားကား လျှင်မြန်စွာ စီးဆင်းနေ၏။ ချူကျိုးမြို့၌ ရက်အနည်းငယ် ကြာအောင် နေထိုင်ပြီးနောက် ချန်းဖန်၏ ရန်ကျင်း ခရီးစဥ်မှာလည်း စတင်ခဲ့ပြီ ဖြစ်သည်။
ယခုတစ်ကြိမ်၌ ချန်းဖန်သည် ရန်ကျင်းမြို့သို့ လျှို့ဝှက်စွာသာ သွားရောက်ခဲ့သည်။ အားရှို့ပင်လျှင် သူ မည်သည့်နေရာသို့ သွားသည်ကို မသိချေ။
ချန်းဖန်သည် မလိုလားအပ်သော အာရုံစူးစိုက်မှုများကို ရှောင်လွှဲရန် အတွက် သူ၏ ပုံစံကို အနည်းငယ် ပြောင်းလဲထားသည်။ သူသည် ဖက်ရှင်ကျသော အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်ထားကာ ရှည်လျားသော ဆံပင်ကိုပင် ခပ်တိုတို ဖြတ်ထား၏။ အကယ်၍ အနီးကပ် သေချာ မကြည့်ပါက သူ့အား မည်သူမျှ မှတ်မိလိမ့်မည် မဟုတ်ပါချေ။
ရန်ကျင်း ရထား ဘူတာ၌...
ချန်းဖန်သည် အခြားလူများနှင့် အတူ ရောနှောကာ ရထားထဲမှ ထွက်လာခဲ့သည်။ သူသည် မထင်မှတ်ထားလောက်အောင် တိုးတက် ပြောင်းလဲသွားသော ရထား ဘူတာအား ကြည့်ကာ အနည်းငယ် အံ့အားသင့် နေခဲ့သည်။ ထိုရထားဘူတာကား ရန်ကျင်းသို့ သူ နောက်ဆုံး အကြိမ် ရောက်တုန်းကနှင့် ဘာမှ မဆိုင်တော့ချေ။
ရထားပေါ်မှ ဆင်းပြီး မကြာခင်မှာပင် တက္ကစီ ဒရိုင်ဘာ တစ်ယောက်မှာ ချန်းဖန်အနားသို့ ကပ်လာ၏။
“ဒီက အကိုလေး... ဘယ်ကို သွားချင်လို့လဲဗျ... မဟာ တံတိုင်းကြီးကို သွားကြည့်မလား ဒါမှမဟုတ် ရန်တောင်ကို သွားမလား... လူငယ် အများစုကတော့ ရန်ကျင်းကို ရောက်တာနဲ့ ရန်တောင်ကို တန်းသွားကြတာပဲဗျ... အထွတ်အမြတ်မြေတွေကို ဝင်နိုင်မလား ဆိုတဲ့ ရည်ရွယ်ချက်နဲ့လေ... မက်မောမယ် ဆိုလည်း မက်မောစရာကြီးဗျ... အထွတ်အမြတ်မြေ တစ်ခုရဲ့ တပည့် ဖြစ်တာနဲ့ ကမ္ဘာ့ထိပ်ဆုံး နေရာ တစ်ခုကို အလိုအလျောက် ရောက်သွားနိုင်တယ်လေ... ပြောရရင် အထွတ်အမြတ်မြေ တစ်ခုရဲ့ တပည့် ဆိုတဲ့ ဂုဏ်ပုဒ်က ဘုရင်ခေတ်က ကျောင်းတော်သား တစ်ယောက်ထက်တောင် မြင့်မားသေးတယ်”
ဒရိုင်ဘာကား အလွန် စကားပြောကောင်းသူ ဖြစ်သည်။ သူကား ထိုစကေး တစ်ခုတည်းဖြင့်ပင် ကာစတမ်မာများကို ဆွဲဆောင်နိုင်မည်မှာ သေချာပေသည်။
ချန်းဖန် ရန်ကျင်းသို့ လာရသည့် အစီအစဥ် တစ်စိတ်တစ်ပိုင်းမှာ ရန်တောင်ကို သွားရန် ဖြစ်သည်။ သို့ကြောင့်ပင် သူသည် ဒရိုင်ဘာအား ထိုနေရာသို့ မောင်းခိုင်းလိုက်၏။
အတိတ်၌ ရန်တောင်ကား ရဲ့မိသားစု အခြေစိုက်ရာ နေရာတစ်ခု ဖြစ်သည်။ သို့သော်လည်း ခွန်းလွန်သည် သူတို့၏ ကောင်းမွန်သော သဘောထားကို ပြသရန် အတွက် ထိုနေရာကို အထွတ်အမြတ်မြေများထံ ပေးအပ်ခဲ့သည်။ ရန်တောင်၏ မိုင်တစ်ရာ ပတ်လည် ဧရိယာမှာ တားမြစ်နယ်မြေ ဖြစ်၏။ သာမန်လူများမှာ ထိုနေရာသို့ ဝင်ရောက်ခွင့် မရှိချေ။
ချန်းဖန်က ကားစီးရင်း ဒရိုင်ဘာထံ စကားနှိုက်ကြည့်ရန် အကြံရလိုက်၏။ မည်သို့ပင် ဆိုစေ တက္ကစီ ဒရိုင်ဘာများမှာ မရေမတွက်နိုင်သော လူများနှင့် နေ့စဥ် ထိတွေ့ ဆက်ဆံနေရသူများ ဖြစ်သည်။ထို့ကြောင့်ပင် သူတို့မှာ ဗဟုသုတ စုံလင်လှသည်။
“ကျွန်တော် ကြားတာတော့ ကမ္ဘာပေါ်မှာ မြောက်ပိုင်းချုံးက အင်အား အကြီးဆုံးဆိုဗျ... လူတွေတောင် အဲဒီဂိုဏ်းကို ဝင်ဖို့ ချူကျိုးမြို့ကို တဖွဲဖွဲ သွားနေကြတာ... တိုင်ချူ ဘုရားကျောင်းတို့လို အထွတ်အမြတ်မြေတွေက ကမ္ဘာက မဟုတ်ဘူးတဲ့... သူတို့ တပည့်ဖြစ်ရတာ ကောင်းပါ့မလား”
“ဟဟ... အကိုလေးက သေချာ မသိလို့ပါ”
ဒရိုင်ဘာက သဘောကျဟန် ပြုံးလိုက်သည်။
“မြောက်ပိုင်းချုံးက လွန်ခဲ့တဲ့ ခြောက်နှစ်တည်းက ဖျက်ဆီးခံလိုက်ရတာလေ.. အခု ပြန်ဖွင့်နေပြီ ဆိုပေမဲ့လည်း တပည့် နည်းနည်းလောက်ပဲ ရှိသေးတာ... သူတို့မှာ ကောင်းကင်အရှင်ချန်း အပြင် ရွှေအမြုတေ အဆင့်တောင် ရှိလို့လား... မရှိဘူးဗျ... ဆရာ တစ်ယောက်ရဲ့ သင်ပြနိုင်စွမ်းက သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ပေါ်မှာ မူတည်နေတယ်... ချန်းပေ့ရွှမ်း ဘယ်လောက် အစွမ်းထက်ထက် တပည့်ပေါင်း ထောင်ချီကို သူ တစ်ချိန်တည်း သင်ပြပေးနိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ တိုင်ချူ ဘုရားကျောင်းနဲ့ နေနန်းတော်တို့ကတော့ မတူဘူးဗျ... သူတို့က တပည့် တစ်ယောက်ချင်းစီကို မျက်နှာချင်းဆိုင် သင်ပေးကြတာ... ဂိုဏ်းချုပ်တွေရဲ့ တပည့် ဖြစ်လာတဲ့ လူတွေကတော့ သား ရွှေအိုးထမ်းလာတဲ့ ကိန်းပဲဗျ”
“နတ်မိမယ်ကျန်းကို အကိုလေး သိတယ် မလား... အရှေ့ပင်လယ်မှာ နဂါးတစ်ကောင်ကို သတ်ခဲ့တဲ့ ကျန်းချူရန်လေ... သူဆိုရင် တိုင်ချူ ဘုရားကျောင်းကို ဝင်ခွင့်ရတဲ့ အပြင် ဂိုဏ်းချုပ်ရဲ့ တပည့်တောင် ဖြစ်လာတာ... ကျန်းမိသားစု ရန်ကျင်းမှာ ထိပ်တန်း မိသားစု တစ်ခု ဖြစ်လာတာလည်း သူရဲ့ အဖက်တွေပဲပေါ့”
“ဟုတ်လား... ဒါနဲ့ ရန်ကျင်းမှာ ဘယ်မိသားစုတွေက ထိပ်တန်းလဲဗျ”
ချန်းဖန်က ထပ်မံ စပ်စုလိုက်သည်။
ဒရိုင်ဘာက လုံ၊ မန်၊ လဲ့ စသည့် နာမည် အချို့ကို ပြောပြ၏။ သို့သော်လည်း ချန်းဖန်မှာ ထိုနာမည်များကို တစ်ခါမှ မကြားဖူးချေ။ လွန်ခဲ့သော ဆယ်နှစ်က ရန်ကျင်း၏ ထိပ်တန်း မိသားစုများမှာ ရှောင်၊ လီ၊ ချင် နှင့် ဝမ်မိသားစုများသာ ဖြစ်သည်။ ထိုမိသားစုများကား ပျောက်ကွယ်သွားပုံ ပေါ်သည်။
“အချိန်တွေက ပြောင်းလဲသွားပြီ အကိုလေးရဲ့...အတိတ်မှာတုန်းက နောက်ခံကောင်းပြီး ချမ်းသာ ကြွယ်ဝတဲ့ မိသားစုတွေကပဲ ထိပ်တန်း နေရာမှာ ရပ်တည်နိုင်ခဲ့ကြတာ... အခု လူမှု အဖွဲ့အစည်းမှာတော့ ကျင့်ကြံခြင်း မိသားစုတွေက ပိုပြီး အဆင့်အတန်း မြင့်မားလာကြတယ်... ဟန်မိသားစုနဲ့ လီမိသားစုတို့ကတော့ ကျဆင်းသွားပြီ ဆိုပေမဲ့ ဆက်လက် တည်ရှိနေတုန်းပဲ... ရှောင်မိသားစုနဲ့ ချင်မိသားစုတို့ ဆိုရင် သူတို့ မျိုးဆက် အချို့ကို ဝူကျိဂိုဏ်းထဲ သွတ်သွင်းထားနိုင်ခဲ့တယ်လေ... သူတို့ထဲက တစ်ယောက်က ချင်ယန်နာလို့ ခေါ်တဲ့ မိန်းကလေးပဲ... ဒါပေမဲ့ ဝမ်မိသားစုကတော့ အဲဒီလောက် ကံမကောင်းခဲ့ကြဘူး”
ဒရိုင်ဘာက သက်ပြင်းတစ်ချက်ချကာ ဆက်ပြော လိုက်သည်။
“ကျွန်တော် ကြားသလောက် ဆိုရင် ကောင်းကင်အရှင်ချန်းရဲ့ အဘိုးက ဝမ်မိသားစုကတဲ့... ဒါပေမဲ့ သူတို့ ကြားမှာ အဖုအထစ်တွေ ရှိပုံ ရတယ်... မြောက်ပိုင်းချုံး ကောင်းစားတဲ့ အချိန်တွေတုန်းက သူတို့တွေ ဘာအကျိုးအမြတ်မှ မရခဲ့ဘူး... ဒါပေမဲ့ မြောက်ပိုင်းချုံးလည်း ကျဆင်းသွားရော ကောင်းကင်အရှင်ချန်းရဲ့ ရန်သူတွေက ဝမ်မိသားစုကို ပစ်မှတ်ထားတော့တာပဲ... သူတို့လောက် ကံဆိုးတဲ့သူ ရှိပါ့ဦးမလား... ဝမ်မိသားစုရဲ့ အကြီးအကဲပိုင်း ခေါင်းဆောင်ပိုင်းတွေ တစ်ယောက်ပြီး တစ်ယောက် ဒဏ်ရာရပြီး သေကုန်ကြတယ်... ဒုတိယ မျိုးဆက်နဲ့ တတိယ မျိုးဆက် ဂျူနီယာ အချို့ကတော့ တစ်နေရာရာမှာ ပုန်းနေတယ်လို့ ကြားတာပဲ... ဘာပဲဖြစ်ဖြစ် မိသားစု တစ်ခုလုံး လုံးဝ ပျောက်ကွယ်သွားပြီလို့ ဆိုနိုင်ပါပြီ”
ဒရိုင်ဘာက ခေါင်းအား ခါယမ်းလိုက်သည်။
“ဝမ်မိသားစု...”
ထိုမိသားစုကား အတိတ်၌ ချန်းဖန်ကို ဒုက္ခ အပေးဆုံး မိသားစု ဖြစ်သည်။ ထို့ကြောင့်ပင် ချန်းဖန်သည် သူတို့နှင့် စာရင်းရှင်းကာ ဆွေမျိုးစာရင်း ဖြတ်ပစ်ခဲ့သည်။ သို့သော်လည်း ယခု ကဲ့သို့ ကြားရသော အခါတွင်မူ သူ စိတ်မကောင်း ဖြစ်နေမိသည်။
ချန်းဖန်က သက်ပြင်းတစ်ချ ချလိုက်၏။ မည်သို့ပင် ဆိုစေ သူရန်ကျင်းသို့ လာခြင်းမှာ ဝမ်မိသားစု အတွက် မဟုတ်ပါချေ။ ကမ္ဘာနှင့် မြောက်ပိုင်းချုံး၏ ရန်စွယ်များကို ရှင်းလင်းပစ်ရန် ဖြစ်ပေသည်။
ချန်းဖန်သည် ရထားပေါ်မှ ဆင်းသည့် အချိန်မှ စ၍ သူ၏ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ကာ ရန်ကျင်း တစ်မြို့လုံးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ကမ္ဘာပေါ်၌ များစွာသော ဓမ္မ ဥပဒေသများက ပိတ်ပင်ထားသည့်တိုင် ရန်ကျင်းမြို့အား လွှမ်းခြုံရန်မှာမူ အခက်အခဲ မရှိလှချေ။
“တစ် နှစ် သုံး... ရွှေအမြုတေ အဆင့် ငါးယောက်... အမယ် ခွန်းလွန်က မဆိုးပါလား”
ချန်းဖန်က ရေရွတ်လိုက်သည်။ ထို့နောက် သူက ဆက်လက်ကာ အခြားနေရာများကို ကြည့်လိုက်၏။
ရန်ကျင်းကား အလွန် ကျယ်ပြောလှသည်။ ၎င်းသည် မိုင်ရာချီ ကြီးမားကာ လူဦးရေ ငါးသန်းနီးပါး နေထိုင်သည်။ ချန်းဖန်သည် မြို့ထဲ၌ အထပ် ၃၀၀ မှ ၅၀၀ အထိ ရှည်လျာသော အဆောက်အဦများကို တွေ့ရသည်။
ချန်းဖန်သည် အလျင်လိုခြင်း မရှိချေ။ သူသည် ဒရိုင်ဘာနှင့် အေးဆေးစွာ စကားပြောရင်း ဆက်လက် ရှာဖွေနေ၏။
“ဟမ်...”
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ သူ၏ နတ်ဘုရား စိတ်အာရုံကို ကျောက်နံရံကြီး တစ်ခုက ပိတ်ကာ ထားသည့်နှယ် ခံစားလိုက်ရသောကြောင့်ပင်။
ထိုနေရာများ ရန်တောင် တည်ရှိရာ နေရာ ဖြစ်ပေသည်။ ရန်တောင်၏ ပတ်လည်ကို အစီအရင် တစ်ခုက ဝန်းရံ ပိတ်ဆီးထားသည်။ ၎င်းသည် နတ်ဘုရား စိတ်အာရုံများကိုပင် တားဆီးနိုင်ပုံ ရ၏။
ချန်းဖန်က ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်ကို သုံးသင့် မသုံးသင့် စဥ်းစားနေစဥ်မှာပင်...
ရုတ်တရက် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။
“နေဦး... ဒီရင်းနှီးတဲ့ စွမ်းအင်က...”
“ချန်းရှောင်...”
***