သံမဏိ၏ တာဝန်
Vol. 60 Ch. 600
နောက်တနေ့ မိုးလင်းသော် တန်းလီဖန်း ပြန်ရောက်လာ၏။
ထိုအချိန်တွင် ညားခါစ ဇနီးမောင်နှံမှာ ရန်သတ်ခြင်းမရှိတော့။ ထိုအစား ကုချိန်းလွှာသည် စုချန်း၏ ရင်ခွင်ထဲတွင် မှီနွဲ့ကာ တရှုံ့ရှုံ့နှင့် ငိုယိုလျက်ရှိသည်။
သူမ လုပ်နေသည့် တခုတည်းသော အရာမှာ အဆက်မပြတ် ငိုယ်ိုနေခြင်းပင်။
တခါတရံတွင်တော့ ကုချိန်းလွှာသည် စုချန်းအား ပြင်းပြင်းထန်ထန် ရိုက်ပုတ်တတ်သေးသည်။ စုချန်းကား အံကိုတင်းတင်းကြိတ်ကာ နာကျင်မှုကို ခါးစီးခံလျက်ရှိ၏။
တန်းလီဖန်း ပြန်ရောက်လာသည်နှင့် ဤတကြိမ်တွင်တော့ အချိန်ဆွဲ၍ မရတော့မှန်း ကုချိန်းလွှာ သိလိုက်သည်။ ထိုအခါ သူမက စုချန်းအား မျက်ရည်အရွဲသားနှင့် စိုက်ကြည့်ပြီး အောက်ပါအတိုင်း ပြောလိုက်လေသည်။
"သတ်ဖြတ်သူနယ်မြေက်ို သွားတဲ့အခါ အထူးဂရုစိုက်ပါ သူရဲကောင်းမလုပ်ပါနဲ့ တယောက်ယောက် ရှင့်ကို စောင့်နေတယ်ဆိုတာ အမြဲတမ်း သတိရနေပါ"
"ကောင်းပါပြီကွာ"
စုချန်းလည်း လေးနက်သောဟန်ပန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
ချက်ချင်းဆိုသလိုပင် ကုချိန်းလွှာ၏ လေသံက ပြောင်းလဲသွားသည်။
"မဟုတ်ဘူး စောင့်နေတဲ့လူက နှစ်ယောက်"
သူမ၏ လေသံထဲတွင် ခါးသီးမှုကို အတိုင်းသား မြင်သာနေ၏။
စုချန်း သက်ပြင်းကိုသာ ကြိတ်၍ ချမိတော့သည်။
ကျေးဇူးတင်စရာကောင်းသည်မှာကား အဆိုပါ ခါးသီးမှုသည် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားခြင်းပင်။ ထို့နောက် ကုချိန်းလွှာသည် စုချန်းအား အချိန်အတော်ကြာအောင် ပွေ့ဖက်ထားပြီး နောက်ဆုံးတွင် တန်းလီဖန်းနောက်သို့ လိုက်ပါသွားတော့၏။
ကုချိန်းလွှာသည် စုချန်း၏ နှလုံးသားကိုပါ တပါတည်း ယူငင်၍ ထွက်ခွာသွားသကဲ့သို့ပင်။ သူ့စိတ်ဝိညာဥ်တခုလုံး ပျောက်ဆုံးသွားသကဲ့သို့ စုချန်း ခံစားလိုက်ရ၏။
လူတဦးသည် မိမ်ိ ချစ်ခင်မြတ်နိုးသူနှင့် ခွဲခွာရပါက အနှီ နာကျင်မှုမျိုးကို ခံစားရစမြဲပင် ဖြစ်သည်။ အထူးသဖြင့် တယောက်နှင့်တယောက် ပြန်ဆုံရန် မသေချာပါက ဝေဒနာသည် ပို၍ ပြင်းထန်တတ်၏။
ထိုအခိုက်အတန့်ဝယ် တန်းလီဖန်းအား တိုက်ခိုက်ပြီး ကုချိန်းလွှာအား ပြန်လုယူထားရန်ပင် စုချန်း အတွေးပေါက်လာ၏။
သို့သော် ထိုသို့ လုပ်ဆောင်ရန် သူ မစွမ်းသာ။ ကမ္ဘာကြီးသည် သူ့ကို ဗဟိုပြု၍ လှည့်ပတ်နေခြင်း မဟုတ်။ အရာအားလုံးကို သူ စိတ်ထင်တိုင်း မလုပ်နိုင်။
ထို့ပြင် လက်ရှိအချိန်ထိ သူ့ဆရာ ရှီကိုင်းဟွမ် သေသည်ရှင်သည်ကို မသိရသေး။
နောက်ဆုံးတွင်တော့ စုချန်းသည် သူ့စိတ်ကိုသူ ပြန်လည်ထိန်းချုပ်ပြီး တောင်အောက်သို့ ဆင်းလာခဲ့တော့၏။
ဘယ်လောက်ကြာအောင် လမ်းလျှောက်နေမိသည်မသိ။ဦးတည်ချက်မရှိပဲ လျှောက်လာသောကြောင့် တောင်အခြေသို့ရောက်တော့မှ ဖန်းယန်မြို့ဖက်သို့ သူရောက်နေမှန်း စုချန်း သဘောပေါက်လိုက်သည်။ သူ့ရည်မှန်းချက်ပန်းတိုင်နှင့် သူရောက်နေသော အရပ်မှာကား ဆန့်ကျင်ဘက်ပင်။ သူ့အနေနှင့် ဝါးမြိုခြင်းမြစ်မြို့တော်သို့ ပြန်ရောက်အောင် သုံးရက်ခန့် ခရီးနှင်ရပေတော့မည်။ မည်သ်ို့ဆိုစေ သုံးရက်ဟူသောအချိန်သည် သူ့စိတ်ကို အနည်ထိုင်သွားစေရန် လုံလောက်ကောင်းသည်ဟုသာ စုချန်းအနေနှင့် ယူဆရပေတော့မည်။
သုံးရက်ခန့်အကြာတွင်တော့ စုချန်းတယောက် ဝါးမြိုခြင်းမြစ်မြို့တော်သ်ို့ ပြန်ရောက်လာ၏။ သူ့စိတ်ပိုင်းဆိုင်ရာမှလည်း အတော်ပင် တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ယခင်အတိုင်း အေးဆေးတည်ငြိမ်သော စုချန်း ပြန်ဖြစ်နေခဲ့ပေပြီ။
ပထမဆုံးအနေနှင့် စုချန်းသည် ကုအိမ်တော်သို့ သွားရောက်ပြီး ကုချွန်းမြန်နှင့် ကုယောက်ယိတို့အား နှုတ်ဆက်၏။
ဤတကြိမ်တွင်တော့ စုချန်းအနေနှင့် ယဥ်ကျေးမနေတော့။ ကုချိန်းလွှာနှင့် သူ လက်ထပ်ခဲ့ပြီဖြစ်ကြောင်း ကုမျိုးနွယ်အကြီးအကဲများအား တဲ့တိုးပင် ပြောလိုက်၏။ ကုချိန်းလွှာ မရှိတော့စေကာမူ ကုချွန်းမြန်တို့ကလည်း စုချန်းအား သားမက်အဖြစ် လိုလိုလားလားပင် လက်ခံလိုက်ကြလေသည်။
ထို့နောက် စုချန်းသည် ပျံသန်းခြင်းကွန်ယက်ကြီးတခုလုံးအား ကုမျိုးနွယ်စုလက်ထဲသို့ ထည့်ပေးလိုက်တော့သည်။
စုအိမ်တော်တွင် ဖြစ်သည်။
"ကဲ ကိစ္စတွေအားလုံး နေသားတကျ ဖြစ်ပြီဆိုတော့ ဒီနေ့ကစပြီး မင်းတို့တွေ ပျံသန်းခြင်းကွန်ယက်နဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုတော့ဘူး ပရဆေးအရောင်းဆိုင်တွေကတော့ ပုံမှန်အတိုင်း ဆက်သွားနေမယ် ဒီဆိုင်တွေကို လီရှုနဲ့ ကျူးဟုန်တို့က ဦးစီးလိမ့်မယ် အမြတ်အစွန်းတွေကို ခွဲဝေဖို့ သူတို့ တာဝန်ယူလိမ့်မယ် အိမ်တော်ကိုတော့ မင်ချူးက အုပ်ချုပ်မယ်"
"ဟုတ်ကဲ့ပါ သခင်လေး"
စုအိမ်တော် ငယ်သားများထံမှ အမိန့်နာခံသံများ ပြိုင်တူ ထွက်ပေါ်လာ၏။
"ကျုပ် မနက်ဖြန် ရွှေရေခံတပ်ကို သွားမယ် အချိန်တခုကြာတဲ့အထိ ကျုပ် ပြန်လာနိုင်မှာ မဟုတ်ဘူး"
စုချန်းက စကားဆက်လိုက်ပြန်သည်။
"သခင်လေး ဒီလောက်ထိ အလျင်လ်ိုနေတာလား"
လီရှုက တအံ့တသြနှင့် မေးလိုက်လေသည်။
စုချန်း သက်ပြင်းချလိုက်၏။
"ကျုပ်ဆရာရဲ့အသက်က ကြိုးတန်းပေါ်မှာ လမ်းလျှောက်ရသလို အန္တရာယ်များနေပြီ အလျင်စလိုလုပ်တာဟာ အမှားတွေဖြစ်တတ်ကြောင်း မသ်ိထားရင် ကျုပ် ဒီက ထွက်သွားတာတောင် ကြာရော့ပေါ့"
"သခင်လေး အထူးဂရုစိုက်ပါဗျာ"
လီရှုက အလေးအနက် သတိပေးလိုက်၏။ စုချန်း၏ ခရီးစဥ်သည် အန္တရာယ်များနှင့် ပြည့်နှက်နေကြောင်း သူ ရှင်းရှင်းလင်းလင်း သိထားသည် မဟုတ်ပါလား။
စုချန်း ခေါင်းညိတ်ပြလ်ိုက်၏။ ထို့နောက် သူက အော်ပြောလိုက်လေသည်။
"ကဲ တခြားအထွေအထူး မရှိဘူးဆိုရင် မင်းတို့အားလုံး သွားနိုင်ပြီ သံမဏိကတော့ ခနနေခဲ့"
လူတိုင်း အခန်းတွင်းမှ နှေးကွေးလေးလံသော ခြေလှမ်းများဖြင့် ထွက်ခွာသွားကြ၏။ သံမဏိတယောက်သာ ကျန်ရစ်ခဲ့လေသည်။
"သံမဏိ ဒီတခေါက် ကျုပ် သွားမှာ သတ်ဖြတ်သူနယ်မြေထဲကိုပဲ ကျုပ်အထင် ဒီတခါ မင်းမလိုက်တာ ပိုကောင်းလိမ့်မယ်"
"ဘာကြောင့်များလဲ သခင်"
သံမဏိ မျက်လုံးပြူးသွား၏။
"ဒီတခေါက် ခရီးက အင်မတန် အန္တရာယ်များတယ် အသက်ရှင်ဖို့အတွက် ခွန်အားတခုတည်းကိုပဲ အားကိုးနေလို့ မရဘူး"
စုချန်းက သူ့ဦးခေါင်းကိုသူ လက်ညိုးထိုးပြရင်း စကားဆက်လိုက်သည်။
"ပြီးတော့ ကျုပ်ရဲ့ အဓိကရည်ရွယ်ချက်ကလဲ ဆရာကို ကယ်တင်နိုင်ဖို့ပဲ ဒါကြောင့် မင်းကို ခေါ်သွားလို့ သိပ်ပြီး အသုံးတည့်လှမယ် မထင်ဘူး အမှန်အတိုင်းပြောရရင် မင်းကြောင့် ကျုပ် ခရီးဖင့်သွားဖို့ များတယ်"
စုချန်းသည် စကားလုံး အသုံးအနှုံးများကို ညှာတာနေခြင်းမရှိ။ သံမဏိ အထွန့်မတက်စေရန် တဲ့တိုးပင် ပြောလိုက်၏။
သံမဏိ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ သိပ်မကြာမီ သူ့မျက်နှာတခုလုံး နီရဲလာ၏။ စုချန်း၏ စကားကို မကျေနပ်မှန်း သိသာနေလေသည်။
၎င်းကိုမြင်သော် စုချန်း မသိမသာ ပြုံးလိုက်သည်။
"မင်း သဘောမကျဘူးမလား"
သံမဏိ စိတ်ပျက်လက်ပျက်နှင့် ခေါင်းညိတ်လိုက်လေသည်။
စုချန်းက နှစ်သိမ့်လိုက်၏။
"ကျုပ် သဘောပေါက်ပါတယ် ဒါပေမဲ့ ကျုပ်နဲ့မလိုက်ရလို့ စိတ်ပျက်သွားစရာ မလိုဘူး မင်း ကျုပ်ကို ကူညီနိုင်တာ တခုတော့ရှိတယ်"
စုချန်း ဘာပြောရန် ကြိုးစားနေမှန်း နားမလည်ဟန်ဖြင့် သံမဏိ မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေလေသည်။
"မင်း ထုံးကျောက်တောင်ကြောဆိုတာကို ကြားဖူးသလား"
သံမဏိ ခေါင်းညိတ်ပြလိုက်သည်။
စုချန်းက ထပ်မံ ရှင်းပြလ်ိုက်ပြန်၏။
"ထုံးကျောက်တောင်ကြောဟာ မြောက်ကနေ တောင်အထိ သွယ်တန်းနေပြီး ဟာဗေးလွင်ပြင်ရဲ့ အနားသတ်မျဥ်းပေါ်မှာ တည်ရှိတယ် မင်း တောင်ကြောကို ကျော်လိုက်တာနဲ့ လွင်ပြင်ကို ရောက်သွားမှာပဲ ဒါပေမဲ့ ထုံးကျောက်တောင်ကြောဟာ သားရဲနယ်မြေဆိုတော့ အလွန် အန္တရာယ်များတယ် လူသားတွေနဲ့ သတ်ဖြတ်သူတွေ ဒီနယ်မြေထဲမှာ အလွယ်တကူ မသွားလာနိုင်ဘူး ဒါကြောင့် သူတို့ဟာ လွင်ပြင်နဲ့ သူတို့နယ်မြေ နယ်စပ်မျဥ်းပေါ်မှာ ခံစစ်စခန်းတွေ တည်ဆောက်ထားလေ့ရှိကြတယ်"
သံမဏိ၏ နှလုံးသားသည် ဆတ်ခနဲ တုန်ခါသွား၏။
"သခင် ဆိုလိုတာ"
"ဟုတ်တယ် ကျုပ်လိုချင်တာ မင်း အဲဒီကိုသွားပြီး ကျုပ်အတွက် ပြသနာတခုခု ဖန်တီးပေးဖို့ပဲ"
သံမဏိ ကျယ်လောင်စွာ ကြွေးကြော်လ်ိုက်၏။
"သခင့်အတွက်ဆိုရင် ကျုပ် မီးပင်လယ်ကိုတောင် ဖြတ်ရဲပါတယ်ဗျာ"
စုချန်း ခေါင်းခါလိုက်၏။
"မင်း ကျုပ်အတွက် မီးပင်လယ်ကို ဖြတ်ပေးစရာမလိုဘူး သေပေးစရာလဲ မလိုဘူး ကျုပ်လိုချင်တာ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ပေးဖို့ပဲ မင်းဟာ ကျုပ်ရဲ့ အရန်အစီအစဥ် မင်းကို ထုတ်သုံးစရာမလိုဖို့ ကျုပ် မျှော်လင့်ထားတယ် ဒါပေမဲ့ လိုအပ်လာခဲ့ရင်တော့ ကျုပ်ကို စိတ်မပျက်စေနဲ့"
စုချန်း၏ စကားကြောင့် သံမဏိ ကျောစိမ့်သွား၏။
ထိုအခိုက်အတန့်ဝယ် သူ့အနေနှင့် တာဝန်ကျေပြွန်ရန် ယုံကြည်မှုရှိကြောင်းပင် သံမဏိ ထုတ်မပြောရဲရှာတော့။
သံမဏိ၏ အမူအရာကို ကြည့်ပြီး စုချန်း ပြုံးလိုက်၏။
"မင်း ကျုပ်ကို ရဲရဲတင်းတင်းကြီး ကတိမပေးရဲတာလဲ ကောင်းပါတယ် ယုံကြည်မှု လွန်ကဲတဲ့သူတွေဟာ အမှားကျူးလွန်တတ်ကြတယ်ကွ ယုံကြည်မှုနည်းသူတွေကတော့ တာဝန်ကို ပိုပြီး ဂရုစိုက်လေ့ရှိကြတယ်"
ထို့နောက် စုချန်းက ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်ပြန်၏။
"သံမဏိ မင်း ကျုပ်နောက်လိုက်ခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ရှိပြီ ဟုတ်တယ်မလား"
"နှစ်ဆယ့်သုံးနှစ်နဲ့ လေးလပါ သခင်"
"နှစ်ဆယ့်သုံးနှစ် ဟုတ်လား အချိန်တွေ တယ်ပြီးအကုန်မြန်တာကိုးကွ မင်းစကားအတိုင်းဆိုရင် မင်း ကျုပ်ဘေးနားမှာ ရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာလှပြီပဲ ချိန်းလွှာ ဆရာ ရှန်းယောင် သူတို့အားလုံး မင်းလောက် ဘယ်သူမှ မကြာဘူး ကျုပ် ဘာတွေလုပ်တယ် ကျုပ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိတယ်ဆိုတာ မင်းလောက် ဘယ်သူမှ မသိဘူး မင်းဟာ ကျုပ်အကြောင်းကို အသိဆုံးသူပဲ ဒါပေမဲ့ မင်းကိုယ်တိုင်ရော ဘာတွေ ပြောင်းလဲလာခဲ့သလဲဆိုတာ သတိထားမိရဲ့လား"
စုချန်း၏ စကားကြောင့် သံမဏိ ခေါင်းရှုပ်သွား၏။
စုချန်းက စကားဆက်ပြန်သည်။
"နောက်ဆုံးတခေါက်တုန်းက ကျုံးချိန်းကောင်းကို နှောင့်နှေးအောင်လုပ်ဖို့ မင်းကို ကျုပ် တာဝန်ပေးလိုက်တယ် မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ သာမာန်တောင်ရိုးကမ်းပါးမျိုးစိတ်တယောက်ဆိုရင် ဒီလောက် လှည့်ကွက်တွေအများကြီးကို သုံးနိုင်မယ် ထင်သလား"
သံမဏိ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
တောင်ရိုးကမ်းပါးမျိုးစိတ်များသည် အလွန်ရိုးသားကြသည် မဟုတ်ပါလား။ သူတို့အတွက် ပြသနာဖြေရှင်းသည့် အကောင်းဆုံးနည်းလမ်းမှာ သေသည့်တိုင်အောင် တိုက်ခိုက်ခြင်းသာ။
စုချန်းက စကားဆက်ပြန်၏။
"ဒါကြောင့် မင်းကိုမင်း ယုံကြည်မှရမယ်ကွ မင်းဟာ သာမာန်မဟုတ်တော့ဘူးဆိုတာ ယုံထားလိုက်စမ်းပါ ကျုပ်လိုအပ်တာကလဲ မင်းရဲ့ သာမာန်မဟုတ်တဲ့ အရည်အချင်းတွေကို အမြင့်ဆုံးအတိုင်းအတာထိ ထုတ်သုံးနိုင်ဖို့ပဲ"
သံမဏိ ကျယ်လောင်စွာ ကြွေးကြော်လ်ိုက်လေပြီ။
"သခင် စိတ်ချပါ သံမဏိ ဒီတာဝန်ကို ကျေပြွန်စေရပါမယ်"
"သိပ်ကောင်းတယ်"
စုချန်းက သံမဏိ၏ လက်ထဲသို့ မူလလက်စွပ်ကို ထည့်ပေးရင်း ပြောလိုက်၏။
"ဒီလက်စွပ် မင်းကို ပေးလိုက်မယ် ဒီတာဝန်ကို အောင်မြင်ဖို့ မင်း ဘယ်လိုအရင်းအမြစ်ကိုမဆို သုံးနိုင်တယ် ဘယ်လိုနည်းလမ်းကိုမဆို သုံးနိုင်တယ်"
***