အရူးအမူး ဝယ်ယူခြင်း
Vol. 61 Ch. 601
မိုးလင်းသည်နှင့် စုချန်းတယောက် ဝါးမြိုခြင်းမြစ်မြို့တော်မှ ထွက်ခွာလာခဲ့၏။
စုချန်းသည် ပျံသန်းခြင်းကွန်ယက်၏ နဂါးလှေတစင်းကို စီးနင်းလာခြင်းပင်။ တကယ်တော့ သူ့ခရီးစဥ်သည် ကွန်ယက်၏ ပထမဆုံးသော ခရီးစဥ်ပင် ဖြစ်သည်။ ကွန်ယက်ဖန်တီးသူကိုယ်တိုင် ကွန်ယက်၏ ပထမဆုံး ခရီးသည် ဖြစ်နေခြင်းမှာကား စိတ်ဝင်စားစရာပင်။
ခရီးစဥ်၏ လမ်းဆုံးမှာကား ရှည်လျားရစ်ခွေမြို့တော်ပင် ဖြစ်သည်။ ပျံသန်းခြင်းကွန်ယက်၏ ပထမဆုံးသော ခရီးစဥ်သည် နိုင်ငံ၏ မြို့တော် ဖြစ်နေခြင်းမှာ ဘာမှအံ့သြစရာမရှိ။ စုချန်းကိုယ်တိုင်လည်း ရှည်လျားရစ်ခွေမြို့တော်သို့ သွားရန် ရည်ရွယ်ရင်းရှိသဖြင့် အလျင်းသင့်သွားလေသည်။
ရှည်လျားရစ်ခွေမြို့တော်သို့ ရောက်သည်နှင့် စုချန်းသည် လမင်းစန္ဒာအလုပ်ရုံသို့ တည့်တည့်မတ်မတ်ပင် ဦးတည်လာခဲ့၏။
ချွေ့မြှောက်လင်က စုချန်းအား အသင့်ပင် ဆီးကြိုနှုတ်ဆက်နေလေသည်။
နှစ်တချို့ ကြာသွားသည့်တိုင် ချွေ့မြှောက်လင်သည် စုချန်း၏ အိပ်ကပ်များအား အတော်လေး အထင်ကြီးနေဆဲပင်။ စုချန်းအား မြင်သည်နှင့် သူမက ဝမ်းသာအားရပင် နှုတ်ဆက်လိုက်၏။
"မင်းသားလေးစု မတွေ့တာ နှစ်တချို့တောင် ကြာသွားပြီနော်"
စုချန်းက လိုရင်းကို တည့်တည့်ပင် ပြောလ််ိုက်၏။
"ကျုပ် ဒီကိုလာတာ တိမ်တိုက်ထ်ိုးခွဲလွန်းပျံယာဥ်ဝယ်ချင်လို့ပဲ"
"တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ် ဟုတ်လား"
ချွေ့မြှောက်လင် အံ့သြသွား၏။
"နောက်ဆုံး ရှင် ဝယ်သွားတဲ့ တစင်းကရော"
"နတ်ဆိုးသားရဲတွေ စားပစ်လို့ ကုန်ပြီလေဗျာ"
ချွေ့မြှောက်လင် သွေးခုန်နှုန်း မြန်သွား၏။ တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်ဟူသည် မူလကျောက်တုံး သန်းနှင့်ချီ တန်ကြေးရှိသော ယာဥ်ဖြစ်သည်။ ဤမျှ တန်ဖိုးကြီးသော ပစ္စည်းကို လက်လွတ်စပယ် ပြောလိုက်သော စုချန်း၏ ပုံစံကိုလည်း သူမ အံ့သြမိ၏။
စုချန်းကား ချွေ့မြှောက်လင် အံ့သြနေမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း မရှိ။ စကားဆက်လိုက်ပြန်သည်။
"ဒါကြောင့် ဒီတခါ ကျုပ် နှစ်စီး ဝယ်သွားမယ်"
ဖွီး!!!!
ချွေ့မြှောက်လင် ပက်လက်လန်သွားလေပြီ။
သူမက စုချန်းအား မျက်လုံးကြီးပြူးကာ စိုက်ကြည့်ရင်း မေးလိုက်သည်။
"ရှင် ကျွန်မကို လာနောက်နေတာတော့ မဟုတ်ပါဘူးနော်"
"မနောက်ဘူး ကျုပ် အတည်ပြောနေတာ အကောင်းဆုံးဆိုတဲ့ယာဥ်မျိုးကိုမှ ကျုပ် လိုချင်တယ် အနည်းဆုံး မိုးကြိုးရေနဂါးယာဥ်နဲ့ တန်းတူအဆင့်ရှိတဲ့ ယာဥ်မျိုးပေါ့ စိတ်ဝိညာဥ်စွမ်းအားနဲ့ ထိန်းချုပ်လို့ရတဲ့ယာဥ်မျိုးဆိုရင် ပိုကောင်းတယ်ဗျာ"
ချွေ့မြှောက်လင် အသက်ကိုဝအောင် ရှုသွင်းလိုက်၏။
"ဒီလို ရတနာမျိုးဆိုတာ တောင်းချင်တိုင်း တောင်းလို့ရတာမျိုး မဟုတ်ဘူးရှင့် အခွင့်အလမ်းကြုံမှသာ ရတတ်တာမျိုး"
"ဒါဆိုရင်လဲ ပုံမှန် ထိပ်တန်းအဆင့် ယာဥ်တွေထဲက ကြည့်တာပေါ့ဗျာ"
ချွေ့မြှောက်လင် နောက်တကြိမ် ရင်တုန်ပန်းတုန် ဖြစ်သွားပြန်သည်။
ထို့နောက် သူမက ချက်ချင်းပင် လွန်းပျံယာဥ်တစင်းကို ယူပြလိုက်၏။ ထိုယာဥ်သည် လခြမ်းကွေးနှင့်တူပြီး အဖျားနှစ်ဖက်တွင် ချွန်ထက်နေသည်။ ရုတ်တရက်ကြည့်လျင် လှေငယ်တစင်းနှင့်ပင် တူနေသေး၏။
"ဒါ ငွေလယာဥ်ပဲ လမင်းစန္ဒာအလုပ်ရုံဟာ ယာဥ်နဲ့လိုက်အောင် ဒီနာမည်ကို ပေးထားတာရှင့်"
"ငွေလယာဥ်ကို ကျုပ် သိပါတယ်လေ ဒီယာဥ်ဟာ လမင်းစန္ဒာအလုပ်ရုံရဲ့ အထင်ကရ ထုတ်ကုန်ဖြစ်ပြီး နှစ်တိုင်း အစင်းရေအများကြီး ရောင်းရတယ် ဒါပေမဲ့ ကျုပ် လိုချင်တာ ဒီလို လူတိုင်း လက်ထဲမှာ ရှိနေတတ်တဲ့ ယာဥ်မျိုး မဟုတ်ဘူးဗျ"
ချွေ့မြှောက်လင် တခစ်ခစ်နှင့် ရယ်မောလိုက်သည်။
"မင်းသားလေးစုက ကောင်းပေ့ဆိုတဲ့ ထိပ်တန်းပစ္စည်းတွေကိုမှ သုံးတာ ကျွန်မ သိပါတယ်လေ ဒီတော့ ကျွန်မတို့က သာမာန်ပစ္စည်းမျိုးကို ဘယ်ပြရဲပါ့မလဲ ဒီယာဥ်ကို အနီးကပ်လဲ ကြည့်စမ်းပါအုံးရှင် ယာဥ်က အပြင်ပန်းကသာ တခြားယာဥ်တွေနဲ့ ထူးမခြားနားပေမဲ့ အထဲမှာတော့ ကျွန်မတို့က ထိပ်တန်းပစ္စည်းတွေချည်း အစားထိုးထားတာရှင့် ဒီယာဥ်ရဲ့ ခုခံအားကလဲ ၁၃၀ထိ ရှိတယ် အသက်တခါရှုစာမှာ ၃၅ကြိမ်ထိ ခုန်နိုင်တယ် နောက်ပြီးတော့ မူလပုံစံထည့်သွင်းထားတဲ့အတွက် မင်းသားလေးစု စိတ်တိုင်းကျ အရွယ်အစားကို ချုံ့ချဲ့နိုင်တယ်"
နံပါတ်များသည် ဘယ်တော့မှ မညာတတ်ချေ။ ချွေ့မြှောက်လင်၏ စကားကို ကြားသည်နှင့် ဤယာဥ်မှာ မဆိုးလှကြောင်း စုချန်း သဘောပေါက်လ်ိုက်သည်။ ထိုအခါ သူက မေးလိုက်ပြန်၏။
"ဘာအားနည်းချက်တွေ ရှိသလဲ"
"အကြီးမားဆုံး အားနည်းချက်ကတော့ ဒီယာဥ်မှာ ဘာတိုက်ခိုက်ရေးလက်နက်မှ မတပ်ဆင်ထားဘူး မင်းသားလေးစုက ယာဥ်နှစ်စင်းလိုတယ်ဆိုတော့ ကျွန်မထင်တာ တစင်းက ထွက်ပြေးဖို့နဲ့ တစင်းက တိုက်ပွဲဝင်ဖို့ ဖြစ်မယ် ဟုတ်တယ်မလား"
"ဘယ်လောက်လဲ"
စုချန်းက စျေးနှုန်းကို မေးလိုက်၏။
"မူလကျောက်တုံး တစ်မီလျံ"
"တိုက်ခိုက်ရေးယာဥ်ကို ပြစမ်းပါအုံး"
ချွေ့မြှောက်လင်က နောက်ထပ် ယာဥ်တစင်းကို ဆွဲထုတ်လိုက်ပြန်သည်။
"ဒါ နေသူရိန်ယာဥ်ပဲ မင်းသားလေးစု ယာဥ်ရဲ့ခုခံအားက ၁၂၀ ရှိတယ် ခရီးသွားနှုန်း ၂၃ခုန် ရှိတယ် နောက်ပြီး သူ့မှာ လေဟာနယ်မူလပုံစံကွက် နေသူရိန်အမြောက်နဲ့ ထိပ်တန်းအဆင့် တိုက်ခိုက်ရေးမူလပုံစံကွက်တွေ ပါဝင်တယ် တိုက်ခိုက်ရေးမူလပုံစံကွက်ဟာ အသေးစား မူလပုံစံ ၁၂မျိုးနဲ့ ပေါင်းစပ်ထားပြီး မူလစွမ်းရည် သုံးမျိုးထိ ထုတ်လွှတ်ပေးနိုင်တယ် နောက်ဆုံးကုန်ကုန်ပြောရရင် ယာဥ်မောင်းနှင်သူကိုယ်တိုင် ယာဥ်ထဲကနေပြီး မူလစွမ်းရည်တွေ သုံးစွဲတိုက်ခိုက်နိုင်တယ် ဒါပေမဲ့ အနီးကပ် တိုက်ခိုက်ရေးစွမ်းရည်တွေကိုတော့ သုံးလို့မရဘူးပေါ့လေ"
"ဘယ်လောက်လဲ"
စုချန်းက မေးလိုက်ပြန်၏။
"မူလကျောက်တုံး တစ်မီလျံပါပဲ မင်းသားလေးစုသာ နှစ်စင်းလုံး ယူမယ်ဆိုရင် နှစ်စင်းပေါင်း ဆယ်ရာခိုင်နှုန်း ကျွန်မတို့က လျှော့ပေးမယ်"
ယာဥ်နှစ်စင်းအနက် တစင်းသည် ထွက်ပြေးရန် အထူးတည်ဆောက်ထားပြီး အမြန်နှုန်းနှင့် ခံနိုင်ရည်တွင် သာလွန်နေ၏။ ကျန်တစင်းကတော့ တိုက်ပွဲဝင်ရန် တည်ဆောက်ထားပြီး လေထဲရှိ စုချန်း၏ တိုက်ခိုက်နိုင်စွမ်းကို များစွာ တိုးပွားလာစေနိုင်ပေသည်။
သို့သော် ယာဥ်တစင်းလျင် မူလကျောက်တုံး တစ်မီလျံစီ ကျသင့်နေလေရာ စျေးနှုန်းက အတော်ပင် များပြားနေ၏။
သို့သော် စုချန်းအနေနှင့် စျေးဆစ်နေရန် အချိန်မရှိတော့။ သူက ခေါင်းတချက်ညိတ်ရင်း ပြောလိုက်သည်။
"ကောင်းပြီ ကျုပ် ယူမယ်"
မူလကျောက်တုံး မီလျံနှင့်ချီသော အရောင်းအဝယ်သည် အထက်ပါနည်းအတိုင်း မိနစ်ပိုင်းနှင့်ပင် ပြီးမြောက်သွား၏။ ချွေ့မြှောက်လင်မှာ အံ့သြလွန်း၍ ဘာပြောရမှန်းပင် မသိတော့။
"ဒါနဲ့ မိန်းကလေးချွေ့အနေနဲ့ ကျုပ်က်ို အခွင့်အရေးနည်းနည်းလောက် ပေးလို့ရမလား"
စုချန်းက မေးလိုက်၏။
"မင်းသားလေးစု လိုအပ်တာမှန်သမျှ ပြောသာပြောပါရှင်"
ထိုအခိုက်အတန့်ဝယ် စုချန်းက သူမနှင့် အိပ်စက်ရန် တောင်းခံလာလျင်ပင် ချွေ့မြှောက်လင်အနေနှင့် လိုက်လျောရန် ဝန်မလေးတော့။
သို့သော် စုချန်းကား သူမကို အာရုံရှိပုံ မပေါ်။ စာရွက်တရွက်ကိုသာ သူမထံသို့ ကမ်းပေးရင်း ပြောလာ၏။
"ဒီစာရင်းထဲက ပစ္စည်းလေးတွေကို စုပေးနိုင်မလား"
ချွေ့မြှောက်လင် စာရွက်ကိုယူပြီး ဖတ်ကြည့်လိုက်၏။ စာရွက်ပေါ်တွင် ရေးထားသည်များကို မြင်သည်နှင့် သူမ မူးဝေသွားတော့သည်။
"ကောင်းကင်ပုလဲမိုးကြိုးအဆံ တစ်သိန်း...မြတ်စွာဘုရား ဘယ့်နှယ် မင်းသားလေးစု ရှင် ရှည်လျားရစ်ခွေမြို့တော်တခုလုံးကို ဖြိုချဖို့များ ကြံနေတာလား...အိပ်မက်ဆိုးမြွေအဆိပ် ကီလိုဂရမ် တစ်ထောင်...ဟင်...ကီလိုဂရမ် တစ်ထောင်...မင်းသားလေးစု ရှင် ရူးများရူးသွားပြီလား ဒါ ပြင်းသလောက် အင်မတန်ရှားတဲ့ အဆိပ်လေ ဒါကို ကီလိုဂရမ်နဲ့ချီပြီး ဝယ်ဖို့ ရှင် ကြိုးစားနေတာလား...နေပါအုံး ဒါက ဘာလဲ...တိုက်ခိုက်ရေးကျည်ဆံ...ဒါကတော့ ရနိုင်တယ်...ဒါပေမဲ့ တစ်မီလျံတောင်...ဒီလောက်အများကြီး ရှင်က ဘာလုပ်မှာမို့လို့တုန်း"
"ခင်ဗျား မေးခွန်းတွေက များလွန်းတယ် ကျုပ်လိုချင်တာတွေ ရနိုင်မလား ဒါပဲပြော"
ချွေ့မြှောက်လင် စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
ဒီလောက် အများကြီးကို ဘယ်ရှာနိုင်ပါ့မလဲရှင် တမြို့လုံး ပတ်ရှာရင်တောင် အိပ်မက်ဆိုးမြွေဆိပ် ပုလင်း၁၀၀ထက် ပိုမရနိုင်ဘူး မိုးကြိုးအဆံကတော့ ကျွန်မ ၅၀၀လောက် ရှာပေးနိုင်မယ် တိုက်ခိုက်ရေးကျည်ဆံကတော့ ငါးသောင်းလောက်ပေါ့"
စုချန်း ခေါင်းခါလိုက်၏။
"နည်းလွန်းတယ်"
"ဒါဆိုလဲ ကျွန်မ တတ်နိုင်တာ ဘာမှမရှိတော့ဘူးရှင့်"
ချွေ့မြှောက်လင် ခေါင်းတချက်ခါရင်း ပြောလိုက်၏။
စုချန်းတွင် ငွေရှိသည်မှာ မှန်၏။ သို့သော် သူလိုအပ်နေသော ပစ္စည်းများမှာ ရှား၏။ ရှာရခက်၏။ ထို့ကြောင့် ငွေမည်မျှပင် ရှိစေကာမူ အကန့်အသတ်ဖြင့်သာ ရနိုင်ပေလိမ့်မည်။
စုချန်း ခေတ္တ စဥ်းစားလိုက်၏။
"လောလောဆယ် ရန်ိုင်တာတွေ အရင် စုထားလိုက်ဗျာ ပြီးမှ အစားထိုးနိင်မဲ့ တခြားရနိုင်တာလေးတွေ ရှာတာပေါ့ မဟုတ်ဘူးလား"
"အစားထိုးနိုင်မဲ့ဟာတွေ ဟုတ်လား"
ချွေ့မြှောက်လင် အနည်းငယ် စဥ်းစားလိုက်သည်။
"အင်း မဖြစ်နိုင်စရာတော့ မရှိပါဘူးလေ ဒါပေမဲ့ ရှင် တောင်းဆိုထားတာတော့ အများကြီး ပြီးတော့ အဲဒီပစ္စည်းတွေရဲ့ သုံးစွဲပုံကလဲ သိပ်ပြီး ခြားနားနေလို့မရဘူးဆိုတော့ ခက်တော့ခက်သား"
"ဒါက တန်ဖိုးကြီး အရောင်းအဝယ်ပဲလေဗျာ"
စုချန်းက အဓိပ္ပာယ်ပါပါနှင့် ပြောလ်ိုက်၏။
ချွေ့မြှောက်လင်ကလည်း စုချန်း၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်လိုက်သည်။
"မင်းသားလေးစု ဆိုလိုတာကို ကျွန်မ နားလည်ပါတယ်လေ ရန်ိုင်သမျှ လူအားလုံးကို စုပြီး မင်းသားလေးစု လိုအပ်တာတွေကို ကျွန်မ ရှာခိုင်းလိုက်ပါ့မယ် ဒါပေမဲ့ တန်ကြေးကတော့...."
စုချန်း ချက်ချင်းပင် ငွေလွှဲကတ်ပြားတခုက်ို ဆွဲထုတ်ပြီး ချွေ့မြှောက်လင် လက်ထဲသို့ ထည့်ပေးလိုက်သည်။ ကတ်ပြားပေါ်ရှိ နံပါတ်ကို မြင်သည်နှင့် ချွေ့မြှောက်လင် ပြုံးလိုက်၏။
ကြီးကျယ်ခမ်းနားသော အရောင်းအဝယ်များတွင် အသုံးအစွဲကလည်း လက်ဖွာပြဖို့ လိုသည်မဟုတ်ပါလား။
စုချန်းထံမှ ကြီးမားသော ကုန်ပစ္စည်းအမှာကို ရလိုက်သည်နှင့် ချွေ့မြှောက်လင်သည် ယခင်ကဲ့သို့ မိမိလူများအား စေလွှတ်ကာ လိုအပ်သော အရင်းအမြစ်များ လိုက်လံဝယ်ယူခြင်း မပြုတော့။ ထိုအစား သူမက တမြို့လုံးရှိ ကုန်စုံဆိုင်ရှင်များကို ခေါ်ယူပြီး အခြေအနေကို ရှင်းပြကာ တာဝန်များ ခွဲဝေပေးလိုက်၏။
ကုန်ပမာဏကလည်း များ၏။ အမြတ်ကလည်းများ၏။ ထိုအခါ ဆိုင်ရှင်တ်ိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်ကာ သဘောတူလိုက်ကြလေသည်။
ရက်အနည်းငယ်အကြာတွင်တော့ စုချန်း လိုအပ်သော ပစ္စည်းမှန်သမျှကို သူတ်ို့ စုဆောင်းမိတော့၏။ ထိုကုန်ပစ္စည်းများ၏ စျေးနှုန်းမှာလည်း တမုဟုတ်ချင်း မြင့်တက်ကုန်တော့သည်။
ထို့နောက် စုချန်းသည် ထိုကုန်ပစ္စည်းများကို သယ်ဆောင်ကာ ရွှေရေခံတပ်ဆီသ်ို့ ဦးတည်ခရီးနှင်လာခဲ့လေသည်။
***