← Chapters

ရှောက်ဖေးနန်

Vol. 61 Ch. 604

ရှောက်ဖေးနန်

Vol. 61 Ch. 604

သွေးနီဥပြိုကွဲဆေးမင်သည် စုချန်း၏ လက်တွေ့အကျဆုံး တီထွင်မှု ဖြစ်သည်။

ဤဆေးမင်၏ အကောင်းဆုံးအကျိုးကျေးဇူးမှာ လူတယောက်၏ အင်အားကို အရိုးရှင်းဆုံးနည်းလမ်း သုံးကာ တိုးပွားလာစေခြင်းပင်။ ၎င်း၏ အကြီးမားဆုံး အားနည်းချက်မှာ တကြိမ်သုံးပြီးပါက ထပ်မံတိုးတက်လာနိုင်စရာနည်းလမ်း မရှိတော့။ ထိုလူသည် နောက်နောင်တွင် ကိုယ်တွင်းစွမ်းအင်အဆင့် တိုးမြင့်လာသည်နှင့်အမျှ သွေးနီဥပြိုကွဲဆေးမင်သည် အသုံးမတည့်နိုင်တော့ချေ။ ထို့ကြောင့် ဤဆေးမင်သည် အဆင့်နိမ့်ကျင့်ကြံသူများနှင့်သာ သင့်တော်၏။ စုချန်းကိုယ်တိုင် ဤဆေးမင်အား သူ့အတွက်သူ တကြိမ်မှ မသုံးဖူးခဲ့။ မူလလျပ်ကူးကိရိယာများအား ဖန်တီးရာတွင်သာ ဤဆေးမင်ကို အသုံးပြုခဲ့၏။

မည်သို့ဆိုစေ ဤဆေးမင်သည် တစုံတဦး၏ အင်အားကို ရုတ်ချည်းတိုးပွားလာစေနိုင်သည်ကတော့ အမှန်ပင်။ ပို၍ အရေးကြီးသည့်အချက်မှာ ၎င်းသည် စျေးချို၏။ ဖန်တီးရလွယ်ကူ၏။

စျေးချို၍လည်း စုချန်းအနေနှင့် အရေအတွက် အများအပြား ဖန်တီးနိုင်ခြင်းပင်။

ထိုအချက်သည်လည်း လူအများအပြားနှင့် တိုက်ခိုက်ရသော တိုက်ပွဲများတွင် အရေးပါလာတော့၏။

အဆင့်နိမ်ကျင့်ကြံသူတ်ိုင်းကို အင်အား ၂၀မှ ၁၀၀ရာခိုင်နှုန်းထိ ပြိုင်တူ တိုးမြှင့်ပေးနိုင်ခဲ့လျင် ဘာတွေ ဖြစ်လာနိုင်သနည်း။ ၎င်းတို့သည် ရန်သူများအား လက်စတုံး ချေမှုန်းနိုင်မည်မှာ ဧကန်ပင်။

သို့သော် ရှင်သန်ခြင်းကျောင်းတော်ကား သွေးနီဥပြိုကွဲဆေးမင်ကို သိပ်မမက်မောလှ။

အကြောင်းပြချက်ကား ရိုးရှင်း၏။ အကြောင်းမှာ သူတို့တွင် စစ်တပ်မရှိသောကြောင့်ပင်။

မြေအောက်အဖွဲ့အစည်းတရပ်အနေနှင့် အဘယ်မှာ နောက်လိုက်ဗိုလ်ပါ များများစားစား ရှိမည်နည်း။ နောက်လိုက်များများစားစား မရှိက သွေးနီဥပြိုကွဲဆေးမင်၏ စွမ်းရည်ကို အပြည့်အဝ ဖော်ထုတ်နိုင်ဖွယ်ရာ မရှိ။ ထို့ကြောင့် သူတို့အနေနှင့် သွေးနီဥပြိုကွဲဆေးမင်ထက်စာလျင် ကမ္ဘာဦးသွေးပုံရိပ်နှင့် ဝိညာဥ်လက်နက်ကိုသာ ပို၍ မက်မောကြလေသည်။

သို့သော် စုချန်းကား ထိုနည်းစနစ်နှစ်မျိုးကို လက်လွှဲမပေးနိုင်။ သွေးနီဥပြိုကွဲဆေးမင်ကို သူ လက်လွှဲပေးနိုင်ရသည့် အကြောင်းပြချက်ကလည်း ရှင်းနေသည်။ ဤဆေးမင်သည် တစုံတယောက်၏ အင်အားကို တိုးပွားလာနိုင်စေရုံ သက်သက်မဟုတ်ပဲ လူသားမျိုးစိတ်တခုလုံးအပေါ် သက်ရောက်နိုင်စွမ်းရှိသည်ဟု သူ ယူဆထားသောကြောင့်ပင်။

ထို့နောက် စုချန်းက ပြောလိုက်၏။

"ဒါပေမဲ့ ဒီနည်းစနစ်ကို ခင်ဗျားတို့လက်ထဲ ကျုပ် တိုက်ရိုက်ထည့်ပေးမှာ မဟုတ်ဘူး ဒီနည်းစနစ်ကို အိပ်မက်နယ်ပယ်ထဲမှာ လူသိရှင်ကြား ဖြန့်ဝေဖို့ ကျုပ် စိတ်ကူးထားတယ်"

"ဟင် ဒါဆို ဒီနည်းစနစ်ကို ရလို့ ကျုပ်တို့ ဘာအသုံးဝင်တော့မှာလဲ"

ချီမင်းဖန်က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

လူတိုင်းတွင် ရှိနှင့်နေပြီးသော နည်းစနစ်တခုအပေါ် သူတို့ မည်သို့ အမြတ်ထုတ်တော့မည်နည်း။

စုချန်းက ရှင်းပြလိုက်၏။

"သွေးနီဥပြိုကွဲဆေးမင် နှစ်မျိုးရှိတယ်ဗျ ပထမတမျိုးကတော့ မူလစွမ်းရည်တွေက်ို လက်ခံနိုင်တယ် ဒုတိယတမျိုးကတော့ မူလပစ္စည်းတွေကို လက်ခံနိုင်တယ် ဒီနှစ်မျိုးမှာ အဓိက ကွာခြားချက်က ပထမတမျိုးက တိုးတက်လာစရာ လမ်းမရှိတော့ဘူး ဒုတိယတမျိုးကတော့ ရှေ့လျောက် အများကြီး တိုးတက်လာနိုင်သေးတယ်"

ရှိရင်းစွဲ သွေးနီဥပြိုကွဲဆေးမင်မှာ တိုးတက်လာစရာအကြောင်း မရှိတော့။ သို့သော် မူလပစ္စည်းများ၏ စွမ်းအားကိုတော့ ဆပွားနိုင်ပြီး အသစ် အသစ်သော မူလစွမ်းရည်များ အသုံးပြုလာနိုင်မည် ဖြစ်သည်။

စုချန်း၏ ကနဦး အရိပ်အစေခံများသည် အရိပ်မူလပစ္စည်းများကို ပိုင်ဆိုင်ထားပြီး အရိပ်လက်သည်းစွမ်းရည်ကို အသုံးပြုနိုင်ကြပြီ ဖြစ်သည်။

စုချန်းအနေနှင့် သွေးနီဥပြိုကွဲဆေးမင်ကို လူထုကြားသို့ ချပြမည်ဖြစ်သော်လည်း မူလပစ္စည်းများ ထုတ်ယူသည့်နည်းလမ်းကိုတော့ လျှို့ဝှက်ထားရန် စဥ်းစားထား၏။

"ကျုပ်က ခင်ဗျားကို မူလပစ္စည်းတွေ ဘယ်လိုထုတ်ယူရမယ် ဘယ်လိုအသုံးချရမယ်ဆိုတာကို သင်ပေးပါ့မယ်"

"ဘာ..ဘာမူလပစ္စည်းကို ပြောတာလဲကွ"

"နဂါးငါးလေဗျာ ခင်ဗျား မှတ်မိသလား"

ချီမင်းဖန် ခေတ္တ စဥ်းစားလိုက်၏။

"မင်း ဟိုတခါက ပင်လယ်ဓားပြတွေကို ရှင်းပစ်ခဲ့တဲ့ နည်းလမ်းကို ပြောနေတာလား"

"ဟုတ်တယ်"

"ဒီနည်းစနစ်က ရေကြောင်းတိုက်ပွဲတွေမှာ တကယ်အသုံးတည့်ပါတယ် ဒါပေမဲ့ မြေပေါ်မှာတော့ အသုံးမဝင်ဘူး ဒါကြီးကို ကျုပ်တို့က ဘယ်နေရာမှာ သွားသုံးမှာတုန်း"

"ခင်ဗျား တွေးနေတာနဲ့ ဆန့်ကျင်ဘက်ပဲ ဒီနည်းလမ်းက သိပ်ပြီးအသုံးဝင်တာပေါ့"

စုချန်းက ပြန်ဖြေလိုက်သည်။

"ရှင်သန်ခြင်း​ကျောင်းတော်အနေနဲ့ တိုက်ပွဲမှန်သမျှကို မြေပေါ်မှာပဲ တိုက်ခိုက်ရမယ်လို့ ဘယ်သူက ပြောသတုန်း ​လောင်စန်းနိုင်ငံအပြင်ဘက်မှာကော ခင်ဗျားတို့ ဒုက္ခမတွေ့နိုင်တော့ဘူးလား မြေအောက်အဖွဲ့အစည်းတရပ်မှာ ရှင်သန်နိုင်စွမ်းဟာ အရေးအကြီးဆုံးပဲ ဟုတ်တယ်မလား နဂါးငါးမူလပစ္စည်းဟာ ခင်ဗျားတို့ကို ရေထဲမှာ ငါးတကောင်လို ဖြစ်လာစေလိမ့်မယ် ရေရှိတဲ့နေရာမှန်သမျှဟာ ခင်ဗျားတို့ရဲ့ ကစားကွင်း ဖြစ်လာလိမ့်မယ် ဒီကမ္ဘာကြီးမှာ ရေမရှိတဲ့နေရာရယ်လို့ ရှိလို့လား ဒီတော့ ရေရှိတဲ့နေရာမှန်သမျှကို ခင်ဗျားတို့ စိတ်တိုင်းကျ သွားလာနိုင်လာမယ် ဒီမူလပစ္စည်းကြောင့် ခင်ဗျားတို့ရဲ့ တိုက်စွမ်းအား တိုးပွားလာမှာ မဟုတ်ဘူး ဒါပေမဲ့ ခင်ဗျားတို့လူတွေရဲ့ ရှင်သန်နိုင်စွမ်းကတော့အများကြီး မြင့်မားလာမယ်"

"အရိပ်မူလပစ္စည်းကို ပေးပြီး ဒီစကားကို ပြောတာကမှ ပိုပြီး အဓိပ္ပာယ်ရှိအုံးမယ်ကွာ အရိပ်မူလပစ္စည်းနဲ့ဆို ကျုပ်တို့လူတွေ ကိုယ့်ကိုယ်ကို ပိုပြီးတောင် စောင့်ရှောက်လာနိုင်အုံးမယ်"

"ဒါပေမဲ့ အရိပ်မူလပစ္စည်းနဲ့ဆိုရင် ခင်ဗျားတို့ လူသတ်မှုတွေ ကျူးလွန်နိုင်မယ် မကောင်းမှုတွေ လုပ်နိုင်မယ် ကျုပ် ပေးတဲ့ ပစ္စည်းကိုသုံးပြီး ခင်ဗျားတို့ မကောင်းမှုကျူးလွန်မှာကို ကျုပ် မလိုလားဘူး ဝိညာဥ်မြှုပ်နှံခြင်းတံခါးပေါက်တုန်းက ကျုပ် ဒီအတိုင်း ပြောခဲ့ဖူးတယ် ခုလဲ ကျုပ်စိတ်က ပြောင်းမသွားသေးဘူး"

"မင်းအသက်က သေမလား ရှင်မလားတောင်မသိဘူး ဒါကို မင်းက ဒီဟာတွေ စိတ်ပူနေရသေးသလား"

"ဒီတော့ ကျုပ် အသက် ကြိုးတန်းပေါ်ရောက်နေတာနဲ့ပဲ ဘာကိုမှ စိတ်မပူရတော့ဘူးပေါ့ ဟုတ်လား ကျုပ် သေလုမြောပါဖြစ်နေရင်တော့ ကိုယ်ချမှတ်ထားတဲ့ စည်းမျဥ်းတွေက်ိုတော့ လိုက်နာရမှာပဲ ဒီစည်းမျဥ်းတွေက််ို လွယ်လွယ်နဲ့ စွန့်လွှတ်လိုက်ရင် ကျုပ် ဘယ်လိုလူစားမျိုး ဖြစ်သွားမလဲ"

ချီမင်းဖန် ဘာပြောရမှန်းပင် မသ်ိတော့။

"မဟုတ်သေးပါဘူးကွာ မင်းအနေနဲ့ ကျုပ်တို့ဖက်ကို နည်းနည်းတော့ ငဲ့သင့်တယ် ဒီအလှဲအလှယ်မှာ ကျုပ်တို့ဘက်က ပြန်ရတာအရမ်းနည်းနေတယ်"

"ဒါပေမဲ့ အနက်ရောင်မီးတောက်အဖွဲ့ကတော့ ဒီလိုပြောမှာ မဟုတ်ဘူးဗျ"

"အနက်ရောင်မီးတောက် ဟုတ်လား"

ချီမင်းဖန် အံ့သြသွား၏။

အနက်ရောင်မီးတောက်အဖွဲ့ဟူသည် ပင်လယ်လူသားနယ်မြေတွင် အခြေစိုက်သော အာကင်နာအကြွင်းအကျန်အဖွဲ့ ဖြစ်သည်။ ထိုနယ်မြေတွင် ရေများနှင့်သာ ပြည့်နှက်နေ၏။ ထို့ကြောင့် အာကင်နာများအဖို့ ထိုနယ်မြေတွင် ရှင်သန်နိုင်ရန် အတော်ပင် ရုန်းကန်ရလေသည်။ ထို့ကြောင့် သူတို့သည် ထိုနယ်မြေရှိ ကျွန်းတကျွန်းပေါ်တွင် အခြေပြုထားကြ၏။ သူတို့အနေနှင့် ရေအောက်တွင် အသက်ရှုနိုင်မည့် သွေးနီဥပြိုကွဲဆေးမင်ကိုသာ ရရှိပါက မည်မျှဝမ်းသာမည်ကို တွေးကြည့်နိုင်ပေသည်။

သွေးနီဥပြိုကွဲဆေးမင်အတွက် အနက်ရောင်မီးတောက်အဖွဲ့ထံမှ စုချန်း ပြန်ရနိုင်မည့် တန်ရာတန်ကြေးကို ချီမင်းဖန် ချက်ချင်း တွေးတောမိ၏။

ပင်လယ်လူသားနယ်မြေသည် ရှင်သန်နိုင်ရန် ခက်ခဲသော်လည်း အမျိုးမျိုးသော ရတနာများ ပေါကြွယ်ဝလှသည် မဟုတ်ပါလား။

ထိုအခါ ချီမင်းဖန်က သက်ပြင်းချရင်း ပြောလိုက်သည်။

"မင်းသားလေးစု တကယ်ကို ပရိယာယ်များပါပေတယ် ဒါနဲ့ မင်းက ဒီဆေးမင်က််ို ဒီလိုပုံစံနဲ့ ဝေငှပစ်ဖို့ တကယ်ပဲ တွေးနေတာလား"

"ဒါကို တီထွင်ရတဲ့ အကြောင်းရင်းကိုက လူသားတွေကို အင်အားကြီးမားလာစေဖို့ပဲလေဗျာ ပြီးတော့ ဒါကြောင့် ကျုပ်အတွက် တဖက်တလမ်းကနေ ဖိအားတချို့ လျော့နည်းသွားစေလိမ့်မယ်"

"ဒါပဲလား ဒီလောက်ပဲလား မင်းလိုချင်တာ ဒီလောက်ပဲလား"

ချီမင်းဖန် ကိုယ့်နားကိုယ် ကိုယ်တိုင်မယုံနိုင်ပဲ ဖြစ်နေ၏။

"ကျုပ် ငွေကြေးကို မနှမြောတော့ဘူးဗျ ခုနောက်ပိုင်း ကျုပ် ငွေအများကြီး သုံးဖြစ်နေတယ်"

"ဒါဆိုလဲ ကောင်းပါပြီကွာ"

ဆုံးဖြတ်ချက်ကား အတည်ဖြစ်သွားပေပြီ။

ထို့နောက် စုချန်းသည် ချီမင်းဖန်အား ကျောခိုင်းကာ ကောင်းကင်ဘုံလက်သီးတပ်ရင်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့လေသည်။

ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ အုပ်ချုပ်မှုအဆောက်အဦးများမှာကား မြို့တောင်ဘက်တွင် ရှိလေသည်။ ထိုနေရာသို့ ရောက်သည်နှင့် စုချန်းက အစောင့််များကို ဝေ့ကြည့်ပြီး ပြောလိုက်၏။

"တွန့်ကျန့်ချန်းနဲ့ တွန့်ချူးခန်းတို့ကို ပြောလိုက်ပါ ကျုပ် စုချန်း ရောက်နေတယ်လို့"

ရှောက်ဖေးနန်သည် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ ခေါင်းဆောင်ဖြစ်၍ လွယ်လင့်တကူ တွေ့ဆုံရန် မလွယ်လှ။ ထို့ကြောင့် စုချန်းက တွန့်ကျန့်ချန်းနှင့် အရင်တွေ့ဆုံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

တွန့်ကျန့်ချန်းသည် ရှောက်ဖေးနန် သဘောကျသူဖြစ်ကြောင်း စုချန်း ကောင်းကောင်းသိထားသည် မဟုတ်ပါလား။ ယခုဆိုလျင် တွန့်ကျန့်ချန်းသည် စစ်သားသုံးရာကို ကွပ်ကဲရသည့် ပထမဗိုလ်ပင် ဖြစ်နေခဲ့ပေပြီ။ ၎င်း၏ ရာထူးတိုးတက်နှုန်းမှာ မြန်ဆန်လှသည်။

ပြောပြောဆိုဆို စုချန်းသည် မူလကျောက်တုံးတချို့အား အစောင့်လက်ထဲသို့ ထည့်ပေးလိုက်၏။

သိပ်မကြာမီ တွန့်ကျန့်ချန်း ရောက်လာ၏။

တွန့်ကျန့်ချန်းကား ယခင်အတိုင်း သိပ်မပြောင်းလဲသေးချေ။ စုချန်းကို မြင်သည်နှင့် အဝေးမှ လှမ်းအော်နှုတ်ဆက်လာ၏။

"စုချန်း ကျုပ်ကိုလာတွေ့တယ်လို့ကြားတုန်းက ယုံတောင်မယုံဘူး ခုတော့ ခင်ဗျားက တကယ်ကြီးရောက်နေတာကိုး ပြောစမ်းပါအုံး ဘယ်လေတိုက်လို့ ရောက်လာတာလဲ"

"သတ်ဖြတ်သူမုန်တိုင်း မြောက်အရပ်ကနေ ရောက်လာတဲ့ သတ်ဖြတ်သူမုန်တိုင်းကြောင့်ပေါ့ကွာ"

တွန့်ကျန့်ချန်း ချက်ချင်းပင် နားလည်သွား၏။

"ရှီကိုင်းဟွမ်ကြောင့်ပေါ့"

စုချန်း ခေါင်းညိတ်ပြလိုက်သည်။

တွန့်ကျန့်ချန်းက စုချန်း၏ပုခုံးပေါ် လက်တင်ပြီး ပြောလိုက်၏။

"ကျုပ် ခင်ဗျားကို အကုန် မပြောပြန်ိုင်ဘူး ဒါကြောင့် ဘားတိုက်ထဲကို လိုက်ပြီး ခေါင်းဆောင်ရှောက်နဲ့ တွေ့လိုက်ဗျာ သူ ပြောပြလိမ့်မယ် ခေါင်းဆောင်ရှောက် ခင်ဗျားကို ဘယ်လောက် အထင်ကြီးသလဲဆိုတာ ခင်ဗျားလဲ သိနေတာပဲ ခင်ဗျား ဒီရောက်နေတာတွေ့ရင် သူ ​ပျော်သွားလိမ့်မယ်"

နာရီဝက်ခန့်အကြာတွင်တော့ စုချန်းတယောက် ရှောက်ဖေးနန်အား နှုတ်ခွန်းဆက်လျက် ရှိလေပြီ။

ရှောက်ဖေးနန်ကား ခရီးမှ ပြန်လာပုံရသည်။ သူ့မျက်နှာပေါ်တွင် မောပန်းနွမ်းနယ်သော အရိပ်အယောင်များ ယှက်သန်းနေ၏။ စုချန်းကို မြင်သည်နှင့် သူက နှုတ်ဆက်လိုက်သည်။

"မင်း ဘာကြောင့် ဒီကိုလာသလဲ ကျုပ် သိပြီးပြီ ဒါပေမဲ့ မင်းကို ကျုပ် မကူညီနိုင်ဘူး ကောင်းကင်ဘုံအင်အားတပ်ရင်း ပျောက်ဆုံးသွားတော့ ကျုပ် စစ်ကူပေးဖို့ အကြိမ်ပေါင်းများစွာ တင်ပြပြီးပြီ ဒါပေမဲ့ အကြိမ်တိုင်းလိုလိုမှာ ကျုပ် ငြင်းပယ်ခံခဲ့ရတယ်..."

စုချန်းက ပြန်ဖြေလိုက်သည်။

"ဗိုလ်ချုပ်ရှောက် ကျုပ်ကို နားလည်မှုလွဲနေပြီ ကျုပ် ဒီကိုလာတာ စစ်ကူတောင်းဖို့ မဟုတ်ဘူး ဒီလိုအခြေအနေမှာ ရွှေရေခံတပ်ကနေ စစ်ကူထုတ်ဖို့ သိပ်ခက်မှန်း ကျုပ် နားလည်ပါတယ်"

"အိုး ဒါဆို မင်း ဘာလာလုပ်တာတုန်း"

ရှောက်ဖေးနန် အံ့သြသွား၏။

"ကောင်းကင်ဘုံအင်အားတပ်ရင်းကို ရန်သူ့နယ်မြေထဲ ထိုးဖောက်ဖို့ ဘယ်သူများ အမိန့်ပေးလိုက်သလဲ သိချင်လို့ ကျုပ် ဒီကိုလာတာပါ"

***

All Chapters