ပြသနာဇစ်မြစ်
Vol. 61 Ch. 605
ရန်သူ့နယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်ရန် ကောင်းကင်ဘုံအင်အားတပ်ရင်းအား မည်သူ အမိန့်ပေးလိုက်လေသနည်း။
၎င်းမှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက စုချန်း ရှာဖွေနေသော အဖြေဖြစ်သည်။
လွန်ခဲ့သော နှစ်ထောင်ချီကာလ၊ ရွှေရေခံတပ်ဟူ၍ ဖြစ်လာကတည်းက ရွှေရေခံတပ်မှ ရန်သူ့နယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်ခြင်း၊ တန်ပြန်တိုက်စစ်ဆင်ခြင်းဟူသည်မှာ အလွန်ရှား၏။ သူတို့၏ အဓိကတာဝန်မှာ ကာကွယ်ရန်ပင် မဟုတ်ပါလား။ အကယ်၍ တိုက်စစ်ဆင်သည်ဆိုပါကလည်း ၎င်းသည် ဆုံးရှုံးသွားသောနယ်မြေကို ပြန်လည်သိမ်းပိုက်ရန် ဆောင်ရွက်သည့် တန်ပြန်တိုက်စစ်သာ ဖြစ်ပေလိမ့်မည်။ အဆ််ိုပါ တန်ပြန်တိုက်စစ်များတွင်လည်း တပ်ရင်းတရင်းတည်းအား တာဝန်ယူစေခြင်း မရှိချေ။
ဤအနေအထားမျိုးတွင် တပ်ရင်းတရင်းတည်းအား ထုတ်နှုတ်ပြီး ဟာဗေးလွင်ပြင်သို့ စေလွှတ်လိုက်ခြင်းမှာ စုချန်း၏ အမြင်တွင် အတော်လေး ထူးဆန်းနေ၏။
ထို့အတွက်ကြောင့် စုချန်းက ရှောက်ဖေးနန်အား လာတွေ့ခြင်းပင်။ သူ ဤနေရာသို့ လာရောက်ရခြင်းမှာ စစ်ကူတောင်းရန် မဟုတ်။ ဘာတွေဖြစ်နေမှန်း ဖော်ထုတ်ရန်ပင်။
ထိုမေးခွန်းကြောင့် ရှောက်ဖေးနန် နှုတ်ဆိတ်သွား၏။ အတန်ကြာမှ သူက ဖြေလိုက်သည်။
"ဒုတပ်မှုး လင်းဝမ်ကျွမ်းက အဆိုပြုတယ် ဒါကို တပ်မှုးက အတည်ပြုပေးလိုက်တာပဲ"
"ဒုတပ်မှုးလင်းဝမ်ကျွမ်း ဟုတ်လား"
စုချန်း အတော်လေး အံ့သြသွားသည်။
"သတ်ဖြတ်သူချေမှုန်းရေးတပ်တော်ရဲ့ ဒုတပ်မှုးက ဗိုလ်ချုပ်လောင်ပိုကျွန်း မဟုတ်ဘူးလားဗျ"
လောင်ပိုကျွန်း။
သူကတော့ နောက်ထပ် ခြွင်းချက်ပေးထားရမည့် လူတယောက် ဖြစ်သည်။
အကြောင်းမှာ သူသည် စုချန်းကဲ့သို့ပင် သွေးဗီဇမရှိသည့် သာမာန်လူတယောက်သာ ဖြစ်နေသောကြောင့်ပင်။
သွေးဗီဇမပါသူတယောက် ဖြစ်သော်လည်း လောင်ပိုကျွန်းသည် မရေမတွက်နိုင်သော ဆန်းကြယ်မှုများကို ဖန်တီးနိုင်ခဲ့သူ ဖြစ်သည်။ ဒေသန္တရစစ်ဆေးမှုတွင် သူ ပထမ ချိတ်ခဲ့၏။ မိုးလုံးပြည့်မတတ် အနက်ရောင်မီးလုံးကြီးများနှင့် တိုက်ခတ်တတ်သောကြောင့် အနက်ရောင်နေမင်းဟူသော သူ့နာမည်ပြောင်ကို လောင်စန်းတနိုင်ငံလုံးတွင် မသ်ိသူ မရှိပေ။ ထို့နောက် သူသည် နဂါးကျောင်းတော်တွင် ပညာသင်ကြားခဲ့ပြီး ပြိုင်ဘက်တိုင်းကို အပြတ်အသတ် အနိုင်ယူခဲ့ပြန်၏။ ကျောင်းပြီးတော့လည်း ထိပ်တန်းအဆင့်နှင့် လောင်ပိုကျွန်း ကျောင်းဆင်းနိုင်ခဲ့၏။ ထို့ကြောင့် စုချန်းကိုယ်တိုင် လောင်ပိုကျွန်းကိုအတော်လေး အထင်ကြီးမိလေသည်။ စုချန်းကိုယ်တိုင် တောင်သုံးလုံးစစ်ဆေးမှုတွင် အဆင့်၅သာ ရနိုင်ခဲ့ပြီး နဂါးကျောင်းတော်တွင်လည်း သိပ်ပြီး ထူးချွန်ခဲ့သည်မဟုတ်။ ရွှေရေအပျက်အစီးသိုက်ကျတော့မှ စုချန်း၏ နာမည်ကို လူတိုင်း သတိထားမိလာခြင်းပင်။
ကျောင်းဆင်းပြီးနောက် လောင်ပိုကျွန်း တပ်မတော်ထဲသို့ ဝင်ရောက်သွား၏။ ထို့နောက် သူသည် စစ်သားများအား ဦးဆောင်ပြီး မရေမတွက်နိုင်သော တိုက်ပွဲများအား အနိုင်ရရှိအောင် ဦးဆောင်နိုင်ခဲ့လေသည်။ ခံတပ်မှ စစ်ကူမပါပဲ ရန်သူတိုင်းကို အနိုင်ရရှိအောင် တိုက်ခိုက်နိုင်ခဲ့သူမှာ လောင်ပိုကျွန်းတယောက်သာ ရှိ၏။ သို့သော် လောင်ပိုကျွန်းသည် ရန်သူ့နယ်မြေအတွင်း ကီလိုမီတာတစ်ရာထက်ပို၍ ဝင်ရောက်လေ့မရှိချေ။ ရန်သူ့နယ်မြေအတွင်း နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်မိမည်ကို လောင်ပိုကျွန်း အမြဲတစေ သတိထားလေ့ရှိသည်။
စုချန်း၏ မေးခွန်းကြောင့် ရှောက်ဖေးနန် သက်ပြင်းချလိုက်၏။
"လွန်ခဲ့တဲ့ နှစ်နှစ်က တပ်မှုးလောင် သတ်ဖြတ်သူနောက်လိုက်ရင်း ခြုံခိုခံရပြီး ပျောက်ဆုံးသွားတယ် သူ ပျောက်သွားပြီးသိပ်မကြာဘူး ဗိုလ်ချုပ်လင်းက သူ့နေရာကို ယူလိုက်တာပဲ"
"လင်းဝမ်ကျွမ်း သူ့မျိုးရိုးနာမည်က လင်းပေါ့ ဟုတ်လား"
စုချန်း မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။
"ဟုတ်တယ် အိမ်ရှေ့မင်းသားလေကွာ"
စုချန်း မျက်လုံးပြူးသွား၏။
"စစ်ဖက်ဆိုင်ရာအကြံပေး အိမ်ရှေ့မင်းသားပေါ့ ဟုတ်လား"
စုချန်း နားလည်သွားလေပြီ။
ခုနှစ်ပြည်ထောင်တွင် နယ်စပ်ရေးရာကာကွယ်မှုများအား နားလည်စေရန် ၎င်းတို့၏ အိမ်ရှေ့မင်းသားများအား စစ်ဖက်ရေးရာအကြံပေးခန့်အပ်သည့် အစဥ်အလာ ရှိ၏။ သို့သော် ၎င်းတို့တွင် တကယ့်အုပ်ချုပ်မှုအာဏာ မရှိ။ အကြံပေးပိုင်ခွင့်သာ ရှိကြ၏။
သို့သော် လက်ရှိအခြေအနေမှာကား အတော်ပင် ကွဲပြားသွား၏။
မူလဒုတပ်မှုးသည် ခြုံခိုတိုက်ခိုက်ခံရပြီး ပျောက်ဆုံးသွား၏။ စစ်ဖက်အကြံပေး အိမ်ရှေ့မင်းသားက ဒုတပ်မှုး ဖြစ်လာသည်။ ၎င်း၏ ရာထူးမှာ နိမ့်သွားသည်ဟု ဆိုနိုင်သော်လည်း မြေပြင်တွင်တော့ လုပ်ပ်ိုင်ခွင့်များစွာ တိုးပွားလာလေသည်။
စုချန်းအနေနှင့် ဘာတွေဖြစ်နေမှန်းကတော့ ဝိုးတိုးဝါးတာ မှန်းဆနိုင်စွမ်း ရှိလာပြီ ဖြစ်သည်။
ရှောက်ဖေးနန် သက်ပြင်းချလိုက်၏။
"အိမ်ရှေ့မင်းသားကို ဒုတပ်မှုး ခန့်အပ်လိုက်တာဟာ အတော်ကို လူပြောများတဲ့ကိစ္စပဲ ဒီတော့ သူ့အနေနဲ့လဲ လူတွေ ပါးစပ်ပိတ်သွားအောင် ရလဒ်ကောင်း မြန်မြန်ဆန်ဆန်ရဖို့ လိုအပ်လာတယ်လေ"
"ဒီတော့ သူက လင်းဟွာရဲတိုက်ကို ထိုးဖောက်တိုက်ခိုက်ဖို့ ကောင်းကင်ဘုံအင်အားတပ်ရင်းကိုစေလွှတ်လိုက်တယ်ပေါ့ လင်းဟွာရဲတိုက်ဟာ ရွှေရေခံတပ်နဲ့အပြိုင် ရန်သူ့အခိုင်အမာ ခြေကုပ်စခန်းဖြစ်နေတာ အလကားသက်သက်လို့ သူ ထင်နေတာလား ဒီလိုစခန်းကို အလွယ်တကူ တိုက်လို့ရမယ်များ သူ ထင်နေသလား ရဲတိုက်ကို သိမ်းပိုက်ပြီးရင် ဘယ်လို ဆက်ထိမ်းသိမ်းထားမလဲ သူ လုံးဝ မတွေးဘူးလား"
စုချန်းက မေးလိုက်သည်။ သူ့လေသံမှာ အထူးပင် အေးစက်နေ၏။
"ဒီအချက်တွေက်ိုလဲ ကျုပ်တို့ ထည့်သွင်းစဥ်းစားခဲ့ပါတယ် ဒါပေမဲ့ လင်းဟွာရဲတိုက်ရဲ့ လုံခြုံရေးအစီအမံ ပြီးတော့ သူ့တို့ရဲ့ စစ်သားအင်အားက ကျုပ်တို့ထက် အများကြီး နည်းနေတယ် တဖက်မှာ အနီရောင်မြေခွေးအသိုက်ရဲ့ရှုံးနိမ့်မှုကြောင့် သူတို့စိတ်ဓာတ်ကျဆင်းနေတာကိုပါ ထည့်သွင်းစဥ်းစားလိုက်တဲ့အခါ အိမ်ရှေ့မင်းသားရဲ့ အစီအမံ ဖြစ်နိုင်ဖွယ်ရာရှိတယ်လို့ ကျုပ်တို့အားလုံး ယူဆခဲ့မိကြတယ်"
စုချန်းက ပြောလိုက်ပြန်သည်။
"လင်းဟွာရဲတိုက်ကို သိမ်းဖို့က မခက်ဘူး ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ခံစစ်ပြင်ဆင်မှုမှာ အရမ်းလျော့တိလျော့ရဲ နိုင်လို့ပဲ နှစ်ပေါင်းများစွာကတည်းက သတ်ဖြတ်သူတွေဟာ တိုက်စစ် ကျုပ်တို့က ခံစစ်နဲ့ရင်ဆိုင်တိုက်ခဲ့ကြတယ် ဒါကြောင့် ကျုပ်တို့ ခံတပ်အပြင်ကို ထွက်ပြီး တိုက်ခိုက်လာမှာကို သူတို့ မကြောက်ဘူး ကျုပ်တို့အားလုံး အပြင် ထွက်မလာမှာကိုပဲ သူတို့ ကြောက်တာ ပြီးတော့ တချက်ရှိသေးတယ် လင်းဟွာရဲတိုက်ကို သိမ်းပြီးရင် ဆက်သိမ်းထားဖို့ သိပ်ခက်မယ် ဘာကြောင့်လဲဆိုတော့ သူများနေရာမှာ ခံစစ်ပြင်ရတာဟာ ရွှေရေခံတပ်မှာ ခံစစ်ပြင်ရတာနဲ့ တခြားစီမို့လို့ပဲ"
ရှောက်ဖေးနန် ခေါင်းညိတ်လိုက်၏။
"မင်းပြောတာ သိပ်မှန်ပါတယ် ဒါကြောင့် ကျုပ်တို့ကလဲ လင်းဟွာရဲတိုက်ကို အကြာကြီး ထိမ်းသိမ်းထားဖို့ ဆန္ဒမရှိကြဘူး အခွင့်အရေးရှိတုန်း ဝင်ရောက်ဖျက်ဆီးတဲ့သဘောဆိုတော့ အစီအစဥ်က ဖြစ်နိုင်ချေရှိနေတာပဲလေကွာ"
စုချန်း ပုခုံးတွန့်လိုက်သည်။
"အစီအစဥ်တွေဆိုတာကတော့ ပျက်စီးမသွားခင်ထိ ဖြစ်နိုင်ချေရှိတယ်လို့ ထင်တတ်ကြတာပဲလေဗျာ"
ရှောက်ဖေးနန် သက်ပြင်းချလိုက်၏။
"မင်းပြောတာ မှန်တယ် ခုကိစ္စမှာလဲ ဒီလိုပဲ လင်းဟွာရဲတိုက်ကို သိမ်းပိုက်ပြီးလို့မှ မကြာသေးဘူး ကျောက်တုံးပုတ်သင်အသိုက်ထဲက သတ်ဖြတ်သူတွေ ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ ကောင်းကင်ဘုံအင်အားတပ်ရင်းဟာ ရဲတိုက်ထဲကနေ လွတ်မြောက်ဖို့ အတော်လေး ကြိုးစားလိုက်ရတယ် ဒါပေမဲ့ သူတို့အားလုံး တံငါသည်ရဲ့ ပိုက်ကွန်ထဲကိုရောက်နေတဲ့ ငါးလေးတွေလိုပါပဲကွာ"
"နောက်တော့ ဘာဆက်ဖြစ်သလဲ"
"ဘာဖြစ်ရမတုန်း ဒီကောင်တွေ ကျုပ်တို့လူတွေအပြန်လမ်းမှာ တလျှောက်လုံး ခြုံခိုတိုက်ခိုက်တော့တာပဲပေါ့ နောက်ဆုံးတော့ ကောင်းကင်ဘုံအင်အားတပ်ရင်းက စစ်သည်တွေ ပြန့်ကျဲကုန်တယ် လူစုကွဲကုန်တယ် ခုဆိုရင် သူတို့အားလုံး ရန်သူ့နယ့်မြေထဲကို နက်နက်ရှိုင်းရှိုင်း ရောက်ကုန်ပြီ သူတို့ ဘာတွေဖြစ်ကုန်ပြီလဲ မိုးနတ်မင်းတွေပဲ ပြောနိုင်တော့မယ်"
"ဒီတော့ အိမ်ရှေ့မင်းသား ဒုတပ်မှုးလင်းက ဘာတဲ့လဲ"
စုချန်းက မေးခွန်းထုတ်လိုက်၏။
"အဟက်"
ရှောက်ဖေးနန် လှောင်ရယ်လိုက်သည်။
"သူလား စတုန်းကတော့ သူဟာ သူ့ကိုယ်သူ ဦးနှောက်ကောင်းလှချည်ရဲ့ သူ့လောက်ဘယ်သူမှ မသိဘူးလို့ သွေးနထင်ရောက်နေတာပေါ့ကွာ ဒါပေမဲ့ တကယ်တန်းပြသနာတက်လာတော့ သူ လန့်ဖျားဖျားကုန်တော့တာပဲ ရွှေရေခံတပ်ကနေ တယောက်မှ စစ်ကူမလွှတ်ရဘူးလို့ ကန့်ကွက်နေတာလဲ သူပဲကွ"
"တပ်မှုးက သူ့ကို မလွန်ဆန်နိုင်ဘူးလား"
"သူက နိုင်ငံရဲ့ အိမ်ရှေ့မင်းသားလေကွာ"
ရှောက်ဖေးနန်လေသံက လေးနက်လှသည်။
စုချန်းကိုယ်တိုင်လည်း အိမ်ရှေ့မင်းသားနှင့်ပတ်သက်၍ အကြောင်းအရာတချို့ကို ကြားဖူးထား၏။
အိမ်ရှေ့မင်းသားလင်းဝမ်ကျွမ်းကား လူနုံလူအ လုံးလုံးတော့ မဟုတ်။ သို့သော် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သွေးနထင်ရောက်နေသူ ဖြစ်သည်။ တနည်းအားဖြင့် ၎င်းသည် ကိုယ့်ကိုယ်ကို သက်သေပြလိုစိတ် လွန်ကဲနေသူ ဖြစ်သည်။
ထိုအတွက်ကြောင့်လည်း ၎င်းသည် ကောင်းကင်ဘုံအင်အားတပ်ရင်းအား ရန်သူ့နယ်မြေအတွင်း ထိုးဖောက်ပြီး လင်းဟွာရဲတိုက်အား သိမ်းပိုက်ရန် ဆောလျင်စွာ အမိန့်ပေးခဲ့ခြင်းပင်။ သို့သော် သူသည် ကိုယ့်အမိန့်ကိုယ် ကိုယ်တိုင် တာဝန်မယူရဲ။ ကောင်းကင်ဘုံအင်အားတပ်ရင်းသည် ကိုယ့်သဘောနှင့်ကိုယ် ဟာဗေးလွင်ပြင်အတွင်း နယ်ကျွံသွားခြင်းဖြစ်ကြောင်းသာ သတင်းထုတ်ပြန်ခဲ့၏။ ၎င်း၏လုပ်ရပ်နှင့် အတွေးအခေါ်ကတော့ အတော်ပင် စက်ဆုတ်စရာ ကောင်းလှပေသည်။
သို့သော် လင်းဝမ်ကျွမ်း၏ နောက်ကွယ်တွင် တခြားလူ ရှိမရှိကိုတော့ စုချန်း သေသေချာချာ မသိနိုင်သေး။
မည်သို့ဆိုစေ လက်ရှိပြသနာ၏ အရင်းအမြစ်သည် လင်းဝမ်ကျွမ်းမှန်း သိလိုက်ရပြီဖြစ်တွင် ဘာဆက်လုပ်ရမည်မှန်း စုချန်း ဂဃနဏ သိလိုက်ပေပြီ။
အတန်ကြာစဥ်းစားပြီးနောက် စုချန်းက ပြောလိုက်သည်။
"ဘယ်သူ အမိန့်ပေးသလဲတော့ သိရပြီ ဒါ့အပြင် ကျုပ်မှာ ဗိုလ်ချုပ်နဲ့ လုပ်စရာတခုရှိတယ် ဗိုလ်ချုပ် စိတ်ဝင်စားသလား"
***