သွေးနီဥပြိုကွဲဆေးမင်အား လက်ဆင့်ကမ်းခြင်း ၂
Vol. 61 Ch. 607
ရွှေရေခံတပ်မှ အရာရှိများသည် စုချန်းအား ဆွဲဆောင်ရန် ကြိုးပမ်းနေကြ၏။ သို့သော် စုချန်းဟူသည်ကား ဆုံးဖြတ်ချက်အတွက် အသေခံသွားမည့် လူစားမျိုး ဖြစ်သည်။
မည်သို့ပင် ဆွဲဆောင်စေကာမူ ဆွဲဆောင်၍ မရသည့်နောက် အရာရှိများသည် လက်လျှော့လိုက်ကြ၏။
လျို့ဝှက်နည်းစနစ်အား လက်ဝါးကြီးအုပ်ထား၍ မရစေကမူ စစ်သားများအနေနှင့် အင်အားတိုးပွားလာမည်ကတော့ အမှန်ပင်။ ထို့ကြောင့် အသက်ပေါင်းမြောက်များစွာအား သူတို့ ကယ်တင်နိုင်မည်မှာ သေချာနေ၏။ ထိုအခါ စစ်သားအားလုံးသည် စုချန်းအား မလေးစားပဲ မနေနိုင်တော့။ စုချန်းဘက်မှ စစ်သုံးလက်နက်တချို့ ရောင်းပေးရန် အဆိုပြုလာသောအခါ သူတို့ မဆိုင်းမတွပင် သဘောတူလိုက်ကြ၏။
စစ်သုံးလက်နက်များဟူသည်ကား သမာရိုးကျလက်နက်များနှင့် မတူ။ ထိုလက်နက်များသည် လူတယောက်၏ အင်အားကို တိုက်ရိုက် မတိုးပွားစေနိုင်သော်လည်း အများနှင့်တိုက်ခိုက်ရသော တိုက်ပွဲများတွင်တော့ များစွာ အသုံးဝင်လှ၏။
စုချန်းအနေနှင့် ရှီကိုင်းဟွမ်ကို လိုက်ရှာရန် အချိန်လုနေရ၍ လိုအပ်သမျှ ပစ္စည်းတိုင်းကို လိုက်လံစုဆောင်းနေရန် မဖြစ်နိုင်။ သို့သော် မဟာဗျူဟာမြောက်ပစ္စည်းတချို့ကိုတော့ မဖြစ်မနေ စုဆောင်းသွားရန် လိုအပ်နေသေး၏။
အချိန်တခုကြာအောင် ညှိုနှိုင်းပြီးသည့်နောက်တွင်တော့ စုချန်း၏ ပိုက်ဆံအိတ်သည် ပို၍ ထူလာ၏။ သူပိုင်ဆိုင်သော မူလလက်စွပ်အရေအတွက်မှာလည်း ပို၍ များပြားလာတော့သည်။ သူ စုဆောင်းထားသည့် ပစ္စည်းများမှာလည်း မနည်းတော့ပြီဖြစ်၍ မူလလက်စွပ်တကွင်းတည်းနှင့် မလုံလောက်တော့သည်မှာ အမှန်ပင်။
တချိန်တည်းမှာပင် အိပ်မက်နယ်ပယ်အတွင်း ကြီးမားသော သတင်းလှိုင်းကြီးတခုက ရိုက်ခတ်သွားပြန်၏။
၎င်းမှာ လူတိုင်း ရင်းနှီးနေသော နာမည်တခုကြောင့်ပင် ဖြစ်သည်။
တိမ်တိုက်လင်းနို့။
နှစ်တချို့ကြာအောင် ငြိမ်သက်နေပြီးနောက် ထိုနာမည်သည် ဗဟုသုတခန်းမ၏ စာရင်းထဲတွင် ပြန်လည်ပေါ်ပေါက်လာခဲ့ပြန်ချေပြီတည်း။
ထို့နောက် သွေးနီဥပြိုကွဲဆေးမင်ဟူသော နာမည်နှင့်အတူ စစ်သားနှစ်ဦး၏ တိုက်ပွဲကို ဖမ်းယူထားသော ရုပ်သံတခု။
အရပ်ပုပုစစ်သား၏ တကိုယ်လုံးတောက်ပလာပြီး ရုတ်ချည်းတိုးပွားလာသော အင်အားသည် လူတိုင်းကို မှင်သက်သွားစေ၏။ သူတို့အား ပို၍ အံ့သြသွားစေသည်မှာကား နည်းပါးလှသော ကုန်ကျစရိတ်ပင် ဖြစ်သည်။
အိပ်မက်နယ်ပယ်ကား နောက်တတကြိမ် ဆူညံပွက်လောရိုက်သွားပြီမှန်း မေးခွန်းထုတ်နေစရာ မလိုတော့။
ထိုအချိန်တွင် တိမ်တိုက်လင်းနို့ဟူသော နာမည်သည် အိပ်မက်နယ်ပယ်တွင် အတော်လေး နာမည်ကြီးနေခဲ့ပေပြီ။ သူ တကြိမ်ပေါ်လာတိုင်း ကိစ္စကြီးများ ဖြစ်ပျက်လာတတ်သည် မဟုတ်ပါလား။
"သွေးနီဥပြိုကွဲဆေးမင် ဟုတ်လား ဒါ သတ်ဖြတ်သူတွေရဲ့ လျှို့ဝှက်နည်းစနစ်ပဲကွ ဒီကောင် သူများဟာကို ခိုးယူနေတာပဲ"
တချို့က အထက်ပါအတိုင်း မနှစ်မြို့ဟန်ဖြင့် မှတ်ချပြုကြ၏။
"မင်း ဘာမှမသိပါဘူးကွာ သတ်ဖြတ်သူတွေရဲ့နည်းစနစ်က ရုပ်ပိုင်းဆိုင်ရာစွမ်းအင်က်ို အဓိကသုံးတာ ဒီနည်းစနစ်ကတော့ မူလစွမ်းအင်ကို လောင်ကျွမ်းစေတာ ဒါကြောင့် ဒီဟာက လူသားတွေနဲ့ ပိုပြီး သင့်တော်တယ်ကွ"
ဝယ်သူတချို့ကား ထင်ထားသည်ထက် ပို၍ ညဏ်ကောင်းဟန်ရှိ၏။
"ဘာပဲပြောပြော ဒီနည်းစနစ်ဟာ သာမာန်သိုင်းသမားတွေအတွက် အထူးသင့်တော်ပြီး သူတို့အင်အားကို အဆပေါင်းများစွာ တိုးပွားလာစေမှာ သေချာတယ် ချီစုဆောင်းခြင်းနယ်ပယ်နဲ့ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တွေအတွက်လဲ အဆင်ပြေလိမ့်မယ် ဒါပေမဲ့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တွေအတွက်ကတော့ အသုံးတည့်လိမ့်မယ် မထင်ဘူး"
တချို့ကတော့ သွေးနီဥပြိုကွဲဆေးမင်၏ ကန့်သတ်ချက်ကို မှန်ကန်စွာ အကဲဖြတ်နိုင်ကြလေသည်။
"ဘာပဲပြောပြော လူအများကြီးနဲ့ တိုက်ရတဲ့ တိုက်ပွဲကြီးမျိုးအတွက် ဒီနည်းစနစ်က အသုံးဝင်မှာ သေချာတယ်"
"ပြီးတော့ ဒီနည်းစနစ်က လူသားတွေရဲ့ အားနည်းချက်ကိုလဲ ဖာထေးပေးနိုင်သေးတယ်ကွ"
ရွှေရေခံတပ်မှ အရာရှိများကဲ့သို့ပင် ညဏ်ကောင်းပြီး စဥ်းစားတတ်သော ဝယ်သူများသည် သွေးနီဥပြိုကွဲဆေးမင်၏ တန်ဖိုးကို ချက်ချင်းပင် အကဲဖြတ်မိကြကုန်၏။
သွေးနီဥပြိုကွဲဆေးမင်၏ တန်ဖိုးမှာ ယခင် စုချန်းရောင်းချခဲ့သည့် နည်းစနစ်များနှင့်စာလျင် အနည်းငယ် တန်ကြေးမြင့်မားနေ၏။ တိတ််ိကျကျ ဆိုရလျင် မိတ္တူတခုစာအတွက် မူလကျောက်တုံး တစ်ထောင်အထိ ကျသင့်မည်ဖြစ်သည်။
အကြောင်းမှာ သွေးနီဥပြိုကွဲဆေးမင်သည် သွေးဗီဇနှင့် သက်ဆိုင်သည့် နည်းလမ်းမျိုး မဟုတ်။ ထို့ကြောင့် စုချန်းက လိပ်ပြာလုံလုံနှင့်ပင် ဆေးမင်၏ တန်ကြေးကို အနည်းငယ် မြှင့်ထားလိုက်ခြင်းပင်။ မည်သို့ဆိုစေ ဤဆေးမင်ကို အကြောင်းပြု၍ စုချန်းအနေနှင့် အမြတ်အစွန်း အတော်များများ ရရှိမည်ကတော့ သေချာနေခဲ့လေပြီ။
မည်သို့ဆိုစေ မူလကျောက်တုံးတထောင်ဟူသော စျေးနှုန်းသည် မနည်းသည့်တိုင်အောင် လက်လှမ်းမမှီနိုင်သော စျေးနှုန်းမျိုးတော့ မဟုတ်။ ထို့ပြင် ဤဆေးမင်သည် အုပ်စုလိုက်တိုက်ပွဲများတွင် များစွာ အသုံးဝင်၍ အဖွဲ့အစည်းများအနေနှင့် ၎င်းအား သေချာပေါက် ဝယ်ယူကြမည်သာ။
ခုနှစ်ပြည်ထောင်တွင် စစ်တပ်များအပြင် မြောက်များစွာသော မျိုးနွယ်စုများ၊ အဖွဲ့အစည်းများ ရှိနေကြသည် မဟုတ်ပါလား။
ထို့ပြင် အဖွဲ့အစည်းများဟူသည် လူတဦးချင်းစီနှင့် မတူ။ ၎င်းတို့သည် အသေးအဖွဲစရိတ်များကို ဂရုမစိုက်တတ်။ ဥပမာ..ကုချွန်းမြန်သည် ၎င်း၏ လက်အောက်ငယ်သားများအတွက် သွေးနီဥပြိုကွဲဆေးမင်မိတ္တူကို တခြားမျိုးနွယ်စုများထံ တောင်းယူမည့်အစား မူလကျောက်တုံး တထောင်နှင့်သာ ဝယ်ယူမည် ဖြစ်သည်။
အထက်ပါ အကြောင်းပြချက်များကြောင့် သွေးနီဥပြိုကွဲဆေးမင်၏ စျေးနှုန်းက အနည်းငယ် မြင့်မားနေသည့်တိုင် စျေးကြီးလှသည်ဟု မည်သူမှ မဆိုချေ။
ထို့ပြင် ဤလောကကြီးဝယ် ထောင်သောင်းနှင့်ချီသော တော်ဝင်မျိုးနွယ်စုများ ရှိနေကြ၏။ ၎င်းတို့အသီးသီးတွင်လည်း လက်အောက်ငယ်သားအသီးသီး ရှိနေကြလေသည်။ ဤနေရာတွင် ထပ်ဖြည့်ပြောရလျင် အနှီ မျိုးနွယ်စုများ၏ အခြေခံအုတ်မြစ်မှာ ချီစုဆောင်းခြင်းနှင့် သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်များပင် ဖြစ်သည်။ ဆိုလိုသည်မှာ ထိုမျိုးနွယ်စုတိုင်းလိုလိုသည် သွေးနီဥပြိုကွဲဆေးမင် ပေါ်ပေါက်လာခြင်းကြောင့် အကျိုးရှိသွားကြခြင်းပင်။ ထို့ကြောင့် သွေးနီဥပြိုကွဲဆေးမင်၏ ရောင်းအားမှာ စုချန်း၏ ယခင်ကုန်ပစ္စည်းများထက် နိမ့်သည်ဟု မဆိုနိုင်။
ထို့ပြင် တိမ်တိုက်လင်းနို့ဟူသော နာမည်သည် အိပ်မက်နယ်ပယ်အတွင်းတွင် ကြီးမြတ်သော ဂုဏ်သတင်းတရပ်ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ့ကို မည်သူမှ သံသယမဖြစ်။ ထို့ကြောင့် ပထမတရက်နှင့်ပင် သွေးနီဥပြိုကွဲဆေးမင် မိတ္တူ တစ်သိန်းထိ ရောင်းထွက်သွား၏။ နောက်ရက်များတွင် ဝယ်လိုအား အနည်းငယ်ကျဆင်းသွားသည်ဟု ဆိုနိုင်သော်လည်း အချိန်တိုအတွင်းမှာပင် မိတ္တူစောင်ရေ သုံးသိန်းကျော် ရောင်းချနိုင်ခဲ့ပြီ ဖြစ်သည်။
ဤနည်းအားဖြင့် သွေးနီဥပြိုကွဲဆေးမင်သည် လူသားများအကြားဝယ် တောမီးသဖွယ် ပျံ့နှံ့သွားပြီး တိမ်တ်ိုက်လင်းနို့၏ နာမည်ကိုလည်း မသိသူမရှိတော့။
မြောက်များစွာသော လူများသည် တိမ်တိုက်လင်းနို့ မည်သူမည်ဝါမှန်း ခန့်မှန်းရန် ကြိုးစားနေကြ၏။ ဤတကြိမ်တွင်တော့ စုချန်း၏ လျှို့ဝှက်ချက်မှာ ထိမ်းသိမ်းရန် ပိုမို ခက်ခဲလာခဲ့ပြီ ဖြစ်သည်။
အကြောင်းမှာ ရွှေရေခံတပ်ကြောင့်ပင်တည်း။
ရွှေရေခံတပ်မှလူများအဖို့ သွေးနီဥပြိုကွဲဆေးမင် ဖန်တီးသူမှာ စုချန်းဖြစ်ကြောင်း မူလကတည်းက သိထားပြီးသားပင်။ ယခု အိပ်မက်နယ်ပယ်အတွင်း သွေးနီဥပြိုကွဲဆေးမင် ပေါ်ပေါက်လာသောအခါ တိမ်တိုက်လင်းနို့ဟူသည် စုချန်းပင်ဖြစ်ကြောင်း သူတို့အားလုံး သဘောပေါက်သွားကြ၏။ ထိုအခါ ယခင် နည်းစနစ်နှစ်မျိုးကို ဖန်တီးခဲ့သူမှာလည်း စုချန်းပင် ဖြစ်ကြောင်း သူတို့ သိရှိကုန်ကြတော့သည်။
ထိုအခါ ရွှေရေခံတပ်တခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်၏။
လူတိုင်းလိုလို ထိုအကြောင်းကို ပါးစပ်က မချတော့။
ဘူးတရာကိုသာ ပိတ်၍ရသည်။ ပါးစပ်တပေါက်ကို ပိတ်ရန် ခက်သည်ဟူသော စကားအတိုင်းပင်။ သိပ်မကြာမီ တိမ်တိုက်လင်းနို့သည် စုချန်းဖြစ်ကြောင်း အိပ်မက်နယ်ပယ်အတွင်းဝယ် တစထက် တစ သိရှိသူ များပြားလာတော့သည်။
လူအများစုအတွက်တော့ စုချန်းဟူသောနာမည်ကို ပထမဆုံး ကြားဖူးကြခြင်းပင်။
စုချန်း။ သူ ဘယ်သူလဲ။ သူ ဘယ်ကလာသလဲ။ သူ ဘာကြောင့် ဒီလိုတွေ လုပ်နိုင်တာလဲ။
မေးခွန်းတခု၏ နောက်တွင် နောက်ထပ် မေးခွန်းတခုက ထပ်ပေါ်လာ၏။ လူတိုင်းသည် စုချန်း၏ နောက်ခံဇစ်မြစ်အား အထူးပင် စိတ်ဝင်စားနေကြတော့သည်။
စုချန်းနှင့် ပတ်သက်၍ အမျိုးမျိုးအဖုံဖုံသော ဒဏ္ဍာရီများလည်း စတင်ပျံ့နှံ့လာ၏။
တချို့ကမူ စုချန်းသည် အလွန်ဝေးကွာသော ဒေသတခုမှ ပါရမီရှင်ဖြစ်ကြောင်း၊ မွေးကတည်းက အံ့သြစရာများကို ဖန်တီးနိုင်ခဲ့သူဖြစ်ကြောင်း ပြောဆိုကြ၏။
တချို့ကလည်း စုချန်းသည် ကြီးမားသော တော်ဝင်မျိုးနွယ်စုတခုမှ ဆင်းသက်လာသူဖြစ်ကြောင်း၊ မွေးရာပါပါရမီရှင်ဖြစ်ပြီး သဘာဝကို နားလည်သူဖြစ်ကြောင်း စသဖြင့် ပြောဆိုကြ၏။
တချို့ကတော့ စုချန်းသည် တောနက်ထဲဝယ် ဝံပုလွေများနှင့်အတူ ကြီးပြင်းလာသူ မိဘမဲ့တဦးဖြစ်ကြောင်း ယုံကြည်နေကြ၏။
တချို့ကလည်း စုချန်းသည် သဘာဝ၏ လျှို့ဝှက်ချက်များကို နားလည်ပြီး နည်းစနစ်ပေါင်းများစွာကို တီထွင်နိုင်ခဲ့သော အာကင်နာမျိုးစိတ်ဝင်တဦး ဖြစ်ကြောင်း ဆိုကြပြန်၏။ စုချန်း ဖန်တီးခဲ့သည့် နည်းစနစ်များကို ထောက်၍ ထိုသို့ ဆိုကြခြင်းဖြစ်လေရာ ၎င်းမှာ ယုတ္တိယုတ္တာရှိသည်ဟု ဆိုနိုင်ပေသည်။
မည်သို့ဆိုစေ စုချန်းနှင့်ပတ်သက်၍ အမျိုးမျိုးအဖုံဖုံသော ကောလဟလများ၊ ဒဏ္ဍာရီများ ပျံ့လွင့်နေသည်ကတော့ အမှန်ပင်။
တကယ်တော့ စုချန်းသည် တောင်သုံးလုံးနယ်မြေ သာမာန်မိသားစုမှ ဆင်းသက်လာပြီး နှစ်တချို့ကြာအောင် မျက်လုံးကွယ်နေခဲ့ကြောင်း၊ ထို့နောက် နဂါးကျောင်းတော်တွင် ပညာသင်ကြားခဲ့ကြောင်း စသဖြင့် ပြောဆိုသူများလည်း ရှိ၏။
သို့သော် အမှန်တရားနှင့် အနီးစပ်ဆုံးသော အနှီပုံပြင်မျိုးသည် မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွား၏။ စိတ်ဝင်စားစရာမရှိသော ဇာတ်လမ်းမျိုးကို မည်သူမှ အာရုံရှိဟန်မတူ။
ဤနည်းအားဖြင့် အမှန်တရားသည် စိတ်ကူးယဥ်ဇာတ်လမ်းများအောက်တွင် နစ်မြုပ်ပျောက်ကွယ်ကုန်၏။
သို့သော် ၎င်းမှာ စုချန်းအတွက် တမျိုးတော့ ကောင်းသည်။
သူ့အနေနှင့် လူတိုင်း၏ အာရုံစိုက်မှုကို ခံနေစရာ မလိုတော့။
သို့သော် စဥ်းစားညဏ်ရှိသူများအတွက် အမှန်တရားကို ရှာဖွေရန်မှာ ထင်သလောက် ခက်လှသည် မဟုတ်။
တချို့ဆိုလျင် စုချန်း မည်သူမည်ဝါမှန်း သိသွား၍ မိတ်ဆက်ရန် လာသူတချို့ပင် ရှိနေခဲ့ကြလေပြီ။
တချို့ကတော့ စုချန်းအား ရန်သတ္တုပြုရန်၊ ခြိမ်းခြောက်ရန် ကြိုးစားလာကြ၏။
သို့သော် ထ်ိုလူများအားလုံး နောက်ဆုံးတွင် စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသည်။
အကြောင်းမှာ သွေးနီဥပြိုကွဲဆေးမင်အား ဖြန့်ဝေပြီးသည်နှင့် စုချန်းသည် ဟာဗေးလွင်ပြင်ဆီသို့ ခရီးနှင်ခဲ့ပြီ ဖြစ်သောကြောင့်ပင်တည်း။
***