← Chapters

ပုရွက်ဆိတ်က ဘယ်သူလဲ

Vol. 11 Ch. 1073

ပုရွက်ဆိတ်က ဘယ်သူလဲ

Vol. 11 Ch. 1073

ချန်းဖန်သည် ချန်းရှောင်ကို ရန်ကျင်းသို့ ရောက်ရောက်ချင်း တွေ့ရလိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။ ချန်းရှောင်ကား ချန်းမိသားစု လူငယ် မျိုးဆက်ထဲ၌ မြင့်မားသော အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း နောင်တွင် ချန်းဖန်၏ မြင့်တင်လာမှုနှင့် အတူ ချန်းရှောင်၏ ပုံရိပ်မှာလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ချန်းရှောင်ကား ချန်းမိသားစု၏ အထက်မြက်ဆုံး၊ အတွေ့အကြုံ အရင့်ဆုံး ပါရမီရှင် ဖြစ်ပေသည်။ ထို့ကြောင့်ပင် ချန်းဖန်သည် သူ့အား အစဥ်အမြဲ သဘောကျခဲ့သည်။

“ဗျို့ ဆရာကြီး... ပေ့ထင်း နန်းတော် ဆိုတာ ဘာလဲဗျ”

ချန်းဖန်က မေးလိုက်၏။ ချန်းရှောင်ကား “ပေ့ထင်း နန်းတော်” ဟု ခေါ်သော အဆောက်အဦးထဲ၌ တည်ရှိနေခြင်း ဖြစ်သည်။ သူသည် ဝိုင်ခွက်တစ်ခွက်ကို ကိုင်ကာ အခြား လူတစ်ဦးနှင့် စကားပြောနေ၏။ သူကား ဝိညာဥ်ပင်လယ် အဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။

ချန်းဖန်သည် ချန်းရှောင်အား ဒေါသထွက် နေမိသည်။ သူ၏ လတ်တလော လုပ်‌ဆောင်ချက်များကို ချန်းရှောင် သိမည်ကား သေချာပေသည်။ သို့တိုင်အောင် သူသည် ချူကျိုးသို့ ပြန်မလာခဲ့ချေ။

သူ၏ သမီး ချန်းယို့ယို့မှာ ယွင်ဝူတောင်၌ ရှိနေဆဲ ဖြစ်သည်။ ချန်းယောင်ယောင်သည် နေ့စဥ်နေ့တိုင်း သူမ၏ အဖေကို လွမ်းကာ မျက်ရည်ဝဲ နေတတ်သည်။ ချန်းဖန် ပင်လျှင် သူ့အား ကြည့်ကာ စိတ်မသက်မသာ ခံစားရသည်။

ဒရိုင်ဘာက ပြောလိုက်၏။

“ပေ့ထင်းနန်းတော်... အဲဒါက ရန်ကျင်းရဲ့ အကောင်းဆုံး ပြည့်တန်ဆာအိမ်လေ... အဲဒီ နေရာကို လူတိုင်း ဝင်ခွင့် မရှိဘူး... သူတို့က မိသားစုကြီးတွေနဲ့ အဆင့်မြင့် ကျင့်ကြံသူတွေကိုပဲ ကြိုဆိုကြတာလေ... အကိုလေး အနေနဲ့ အဲဒီကို ဝင်ချင်ရင် အနည်းဆုံး ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို ရောက်နေဖို့ လိုတယ်”

“တကယ်လို့ အဲဒီကို သွားဖို့ စိတ်ကူးနေတယ် ဆိုရင်တော့ မေ့သာ မေ့လိုက်ပါ အကိုလေး... အဲဒီ နေရာက သာမန်လူတွေ အတွက် မဟုတ်ဘူး... ကျွန်တော် ကြားရသလောက် ဆိုရင် အဲဒီ ပြည့်တန်ဆာအိမ် တည်ထောင်တဲ့လူကို အထွတ်အမြတ်မြေတွေက နောက်ကနေ ထောက်ပံ့ပေးထားတာတဲ့ဗျ... သူတို့ကို ဘယ်သူမှ မထိရဲကြဘူး”

“အဲဒီလိုလား...”

ချန်းဖန်မှာ မျက်မှောင်ကြုတ်သွားသည်။ ထိုအရာကား ခွန်းလွန်၏ ပိုင်နက် အတွင်း ဖြစ်သည်။ ရဲ့နန်ထင်းနှင့် အဇူရာ နဂါးတို့က အဘယ်ကြောင့် ထိုကဲ့သို့သော ကိစ္စမျိုးကို ခွင့်ပြုထားရသနည်း။

“အဲ့လိုပဲ အကိုလေးရေ... ကျွန်တော်တို့ လုပ်နိုင်တာ ဘာဆို ဘာမှကို မရှိတာ... ကျင့်ကြံခြင်း အထွတ်အမြတ်မြေတွေက အရမ်းကို အစွမ်းထက်တယ်... သူတို့ အမိန့်ကို ဘယ်သူမဆို နာခံရတာပဲ... ဖီဆန်တဲ့လူကတော့ အသက်နဲ့ကိုယ် အိုးစားကွဲပြီသာ မှတ်”

ဒရိုင်ဘာက ခေါင်းအား ခါယမ်း လိုက်သည်။

“ဒါနဲ့ ချန်းပေ့ရွှမ်း ရှိသေးတယ် မဟုတ်ဘူးလားဗျ”

ချန်းဖန်က မေးလိုက်၏။

“အကိုလေးက အခုမှ ရောက်တာ ဆိုတော့ မသိသေးလို့ပါ... ရန်ကျင်းမြို့က လူတွေပဲ သိတဲ့ သတင်းတွေ ရှိတယ်ဗျ...”

ဒရိုင်ဘာက လေသံအား နှိမ့်ရင်း ဆက်ပြောလိုက်သည်။

“အဲဒီ အမှောင် မျိုးနွယ်တွေ ဆိုတာ ဘာမှ မဟုတ်ဘူးတဲ့... ကောင်းကင်အရှင်ချန်းက အစွမ်းထက်တယ် ဆိုပေမဲ့ အထွတ်အမြတ်တွေက ပိုပြီး ကြောက်ဖို့ကောင်းတယ်... ချူကျိုးမြို့မှာ သွေးမျိုးဆက် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် သေသွားတယ် ဟုတ်တယ်မလား... ဒါပေမဲ့ ကောင်းကင်အရှင်ချန်းက သူကို သတ်ဖို့ ဓားအစီအရင်ကိုတောင် သုံးခဲ့ရတာဗျ... အထွတ်အမြတ်မြေတွေမှာက အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် မကကို ရှိနေတာ... အကိုလေး တွေးကြည့် သူတို့က ပိုပြီး အစွမ်းထက်လား မထက်ဘူးလား”

“အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် မကဘူး...”

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ ထိုဒရိုင်ဘာမှာ သာမန် လူတစ်ယောက်သာ ဖြစ်သည်။ သူက ထိုကဲ့သို့သော ကိစ္စများကို ဘယ်လို သိနေသနည်း။

“အမှန်ပဲ... အချို့ သတင်းတွေ အရဆို အထွတ်အမြတ်မြေ တစ်ခုရဲ့ ဘိုးဘေးက ချန်းပေ့ရွှမ်းကို သူတို့ဂိုဏ်းမှာ လာလေ့ကျင့်ခွင့်တောင် ပြုထားတယ် တဲ့ဗျ... သူတို့ ဘယ်လောက် အင်အားကြီးလဲ ဆိုတာ အဲဒါသာကြည့်... ကောင်းကင်အရှင်ချန်းလိုလူတောင် သူတို့ တပည့် နေရာမှာပဲ ရှိတာ”

ဒရိုင်ဘာ၏ ပုံစံက အထွတ်အမြတ်မြေများကို အလွန် လေးစားနေဟန် ရသည်။ သို့သော်လည်း ချန်းဖန်၏ မျက်လုံးများမှာမူ အေးစက်နေ၏။

အထွတ်အမြတ်မြေများမှာ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှသာ ကမ္ဘာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည့်တိုင် လူများ၏ စိတ်ကို ကောင်းစွာ လွှမ်းမိုးနေနိုင်ဟန် ရသည်။ ချန်းဖန်က ရန်ကျင်းမြို့တော်ကို လှမ်းမျှော်ကြည့်လိုက်၏။

“ငါ ဒီကောင်တွေကို မြန်မြန် သတ်ပစ်မှ ဖြစ်မယ်...”

ချန်းဖန်က ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် ဒရိုင်ဘာဆီမှ ကျန်းချူရန်မှာ ရွှေအမြုတေ အဆင့် တစ်ယောက် ဖြစ်သွားပြီ ဖြစ်ကြောင်း၊ မကြာခင် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာတော့မည် ဖြစ်ကြောင်း စသည်ဖြင့် အကြောင်းအရာများကိုလည်း ကြားသိရသည်။ ယခုရက်ပိုင်း အတွင်း ကျင့်ကြံသူများမှာ နတ်မိမယ်ကျန်းကို တွေ့ခွင့်ရရန် အတွက် ရန်ကျင်းမြို့သို့ တဖွဲဖွဲ ရောက်ရှိလာနေကြသည်ဟု ဆိုသည်။

“ဆရာကြီး ရန်တောင်ကို မသွားနဲ့တော့... ပေ့ထင်း နန်းတော်ကိုပဲ မောင်း”

ချန်းဖန်က ပြောလိုက်၏။ သူ့အနေဖြင့် ချန်းရှောင်ထံသို့ အရင်သွားကာ တွေ့သင့်ပေသည်။

မကြာခင်မှာပင် ကားသည် ပေ့ထင်း နန်းတော်သို့ ရောက်ရှိ လာခဲ့သည်။ ချန်းဖန်က အထပ်  တစ်ရာမြင့်သော အဆောက်အဦကြီးကို မော့ကြည့် လိုက်မိ၏။ မြို့ထဲရှိ ကျင့်ကြံသူ ဆယ်ပုံတစ်ပုံမှ ထိုနေရာ၌ စုစည်း နေကြပေသည်။

“ကြီးလိုက်တဲ့ ပြည့်တန်ဆာအိမ်ကြီး”

ချန်းဖန်က ရေရွတ်ကာ အဆောက်အဦဆီသို့ ဦးတည် လိုက်သည်။

ဝင်ပေါက် အနီး၌ အနက်ရောင် အနောက်တိုင်း ဝတ်စုံ ဝတ်ဆင်ထားသည့် ယောက်ျား တစ်စု ရပ်နေ၏။ သူတို့ တစ်ယောက်ချင်းစီမှာ အနည်းဆုံး ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို ရောက်နေကြသော လူများ ဖြစ်သည်။ ခေါင်းဆောင် နှစ်ယောက်ဆိုလျှင် ဝိညာဥ် ပင်လယ် အဆင့်သို့ပင် ရောက်နေကြသည်။

“ရပ်စမ်း... ဒါက တားမြစ် ဧရိယာပဲ... ကျင့်ကြံသူတွေပဲ ဝင်ခွင့်ရှိတယ်”

အနက်ရောက် ဝတ်စုံဝတ် လူတစ်ယောက်က ချန်းဖန်၏ အ‌ရှေ့၌ ပိတ်ရပ်လိုက်၏။

“ငါ ချန်းရှောင်ကို လာရှာတာ”

ချန်းဖန်က အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

“ဘာချန်းရှောင်လဲ... တစ်ခါမှ မကြားဖူးဘူး... ခုချက်ချင်း ထွက်သွားစမ်း... မဟုတ်ရင် အရိုက်ခံရမယ်”

အနက်ရောင် ဝတ်စုံဝတ်လူက လက်ကို ခါယမ်းရင်း ချန်းဖန်အား နှင်ထုတ် လိုက်သည်။ သူ၏ ပုံစံ ချန်းဖန်ကို လေလွင့်လာသော အမှိုက်တစ်ခုနှယ် သဘောထားနေဟန် ရ၏။

“ဟမ်...”

ချန်းဖန်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားသည်။

“နေပါဦး... မင်းက တိုင်ချူ ဘုရာကျောင်းရဲ့ လက်ထောက် ဝတ်ပြုဆရာ ချန်း‌ရှောင်ကို လာရှာတာလား...”

ရုတ်တရက် ဝိညာဥ် ပင်လယ် အဆင့် အစောင့် ခေါင်းဆောင်က ချန်းဖန်အား မေးလိုက်သည်။ ထို့နောက် သူက တပည့် တစ်ယောက်ကို အမိန့်ပေးလိုက်၏။

“ရှောင်စွန်း... သူ့ကို ကိုးဆယ့် ခုနစ်ထပ်မြောက်ကို ခေါ်သွားလိုက်”

“ချန်းရှောင်က ဘယ်တုန်းက တိုင်ချူ ဘုရားကျောင်းရဲ့ လက်ထောက် ဝတ်ပြုဆရာ ဖြစ်သွားတာပါလိမ့်”

ချန်းဖန်မှာ အနည်းငယ် အံ့အားသင့်နေ၏။

ချန်းရှောင်ကို ရှာဖွေနေကြောင်း ပြောသော အချိန်၌ အစောင့်များ၏ ပုံစံမှာ ထူးဆန်း သွားကြောင်း ချန်းဖန် သတိထားမိလိုက်သည်။ သူတို့၏ မျက်လုံးတွင် သနားသော အငွေ့အသက်များပင် ဖြစ်ပေါ်နေ၏။

သို့သော်လည်း ချန်းဖန်မှာ မည်သည့် အရာကိုမှ ဂရုစိုက်တတ်သူ မဟုတ်ချေ။ သူသည် စွန်းရှောင်၏ လမ်းပြမှု အတိုင်း နောက်မှ အေးဆေးစွာ လိုက်သွားလိုက်၏။

ပေ့ထင်း နန်းတော် အတွင်း ဝင်‌‌ရောက်သည်နှင့် ချန်းဖန်သည် ဝိညာဥ် သစ်သီး ဗန်းများကို သယ်ဆောင်နေကြသည့် မိန်းကလေးများကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးများ အားလုံးမှာ ဥရောပ၊ အမေရိက၊ အာရှ စသည့် အနွယ်ဝင်များ ဖြစ်ကြကာ လှပသော ခန္ဓာကိုယ် အချိုးအစားများကို ပိုင်ဆိုင် ထားကြသည်။

“ဒီမိန်းကလေးတွေ အားလုံးကို မယ်စကြဝဠာပြိုင်ပွဲတွေကနေ ရွေးထုတ်ထားတာ... သူတို့ အားလုံးက အပျိုစင်တွေ ဖြစ်တဲ့အပြင် ပညာတတ်ကြတဲ့ လူတွေချည်းပဲ”

ရှောင်စွန်းက ပြောပြသည်။ ချန်းဖန်က ဘာမှ ပြန်မပြောပဲ ခေါင်းကိုသာ ညိတ်လိုက်၏။

မကြာခင်မှာပင် သူတို့ နှစ်ယောက်သည် ၉၇  ခုမြောက် အလွှာသို့ ‌ရောက်ရှိ လာခဲ့သည်။ ထိုအလွှာကား ပေ့ထင်း နန်းတော်၏ အရေးကြီး နေရာများထဲမှ တစ်ခု ဖြစ်ပေသည်။ လုံခြုံရေး စစ်ဆေးမှုကို ခံယူပြီးနောက် ချန်းဖန်တို့သည် အထဲသို့ ရောက်ရှိ လာခဲ့၏။

“တစ်ယောက်ယောက်က ငါ့ကို လာရှာတယ်... မဖြစ်နိုင်တာ... တိုင်ချူ ဘုရားကျောင်းကများလား”

ချန်းရှောင်မှာ ဝိုင်ခွက်ကို ကိုင်ရင်း ထွက်လာ၏။ သူသည် အနောက်တိုင်း ဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်ထားသည်။

ချန်းရှောင်မှာ ချန်းဖန်ကို တွေ့မြင်ပြီးနောက် လုံးဝ ဆွံ့အ သွား၏။

“မင်း... မင်း ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ”

“ဒါဆို ငါက အိမ်မှာ ချန်းယောင်ယောင် ငိုနေတာကို ဒီအတိုင်း ကြည့်နေရမှာလား”

ချန်းဖန်က ပြောလိုက်သည်။ ချန်းဖန်၏ တစ်ချက် ကြည့်ရုံဖြင့်ပင် သူ၏ အကိုဝမ်းကွဲမှာ လုံးဝ ပြောင်းလဲ သွားကြောင်း သတိထားမိလိုက်၏။ ချန်း‌ရှောင်သည် ဝိညာဥ်ပင်လယ် အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည့်တိုင် သူ၏ အခြေခံမှာမူ သိပ်မခိုင်မာလှချေ။ ထို့အပြင် သူ၏ ဦးခေါင်းမှာ စိတ်ဖိစီးခြင်း၏ အမှတ်သညာ ဖြစ်သော ဆံပင်ဖြူများဖြင့် ပြည့်နှက်နေ၏။

“ဘာတွေ ဖြစ်ခဲ့တာလဲ...”

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

“ဘာမဖြစ်ပါဘူး... မင်း ပြန်လိုက်ပါလား... ငါ အချိန်ရတာနဲ့ သမီးကို လာတွေ့မှာပါ”

ချန်းရှောင်က စိတ်ပူဟန်ဖြင့် ပြောလိုက်သည်။

ထိုအချိန်မှာပင် အခန်း အတွင်းမှ သြဇာပြည့်ဝသော အသံတစ်ခု ထွက်ပေါ်လာ၏။

“ချန်း‌ရှောင်... ဘယ်သူက မင်းကို လာတွေ့တာလဲ... ခေါ်ခဲ့လေ အထဲကို”

“ဟုတ်ကဲ့ပါ သခင်ကြီး...”

ချန်းရှောင်က အစေခံ တစ်ယောက် အလား ရိုရိုကျိုးကျိုးပင် ပြန်ပြောလိုက်သည်။ ထို့နောက် သူက ချန်းဖန်ကို အရိပ်အခြေပြကာ တံခါးအား ဖွင့်ပေးလိုက်၏။

ထိုအရာကား မီတာ ထောင်ဂဏန်းခန့် ကြီးမားသော အခန်းတစ်ခု ဖြစ်သည်။ ထိုအထဲ၌ ကျင့်ကြံသူ အုပ်စုတစ်ခု ရှိနေ၏။ သို့သော်လည်း အခန်း၏ အဓိကကျသော နေရာ၌ ထိုင်နေသည်က တောက်ပသော အော်ရာများ ဝန်းရံနေသည့် လူငယ် အချို့သာလျှင် ဖြစ်ပေသည်။ သူတို့၏ ပုံစံသည် ထင်ရှားစွာပင် အခန်း အတွင်းရှိ အခြားလူများနှင့် လုံးဝ ကွာခြားနေ၏။

ချန်းရှောင်အား လှမ်းခေါ်လိုက်သည်က ခရမ်းရောင် ဆံပင်များကို ပိုင်ဆိုင်ထားသည့် လူငယ် တစ်ယောက် ဖြစ်ပေသည်။ သူ၏ နဖူးထက်၌ မျက်လုံးတစ်လုံး ရှိ၏။ ထိုလူငယ်ကား ရွှေအမြုတေ အဆင့် တစ်ယောက် ဖြစ်ပေသည်။

သူ၏ ဘေးရှိ ငွေရောင် တောင်ပံ တစ်စုံကို ပိုင်ဆိုင်ထားသည့် လူငယ် တစ်ယောက်က နားမလည်သော အမူအရာဖြင့် ဆိုလိုက်၏။

“အကို... အဲဒါက အစေခံ တစ်ယောက်ရဲ့ ဆွေမျိုးမလား... ဘာလို့ သူနဲ့ တွေ့ချင်ရတာလဲ... ပုရွက်ဆိတ် အုပ်စုလေးပဲကို...”

ထို့နောက် သူက တစ်စုံတစ်ခုကို သတိရဟန် ဆက်ပြောလိုက်သည်။

“ဪ... ဒါနဲ့ စကားမစပ် ကျန်းချူရန် မကြာခင် ထွက်လာတော့မယ် လို့ ကြားတယ်.. ဘိုးဘေးယွမ်က သူ့ကို အကိုနဲ့ ပေးစားမလို့ဆို... ဂုဏ်ပြုပါတယ်... အကိုတော့ ဇနီးချော တစ်ယောက် ရတော့မှာပဲ”

“ဟုတ်တယ်ဗျို့... ကျန်းချူရန်က အရမ်း လှသလို ပါရမီလည်း မြင့်မားတယ် တဲ့... သူက ဒီလို အဆင့်နိမ့်ဂြိုဟ်လေးမှာတော့ ရှားပါးတဲ့ ဖြစ်တည်မှု တစ်ခုပဲ... အကိုနဲ့ လိုက်ဖက်ပါတယ်”

အခြားလူများကလည်း ပြောဆို လိုက်ကြသည်။

သူတို့ကား ကမ္ဘာအား အဆင့်နိမ့်ဂြိုဟ် တစ်ခုဟု ပေါ်တင်ပင် နှိမ်ချ ပြောဆို နေခဲ့ခြင်း ဖြစ်သည်။ သို‌သော်လည်း သူတို့၏ ဘေးနားရှိ ရန်ကျင်း ဒေသခံ ကျင့်ကြံသူများမှာ ထိုအရာကို စိတ်ရှိပုံ မရချေ။ သူတို့က မျက်နှာလို မျက်နှာရဖြင့် ပြုံး၍ပင် နေလိုက်သေး၏။

“မတူဘူးကွ... မင်းတို့ မသိလို့... ငါ့အစေခံ ချန်းမိသားစုကကွ... သူက ချန်းပေ့ရွှမ်းရဲ့ အကို တစ်ဝမ်းကွဲလေ... ဒါကြောင့်ပဲ ငါက သူ့ကို လက်ထောက် ဝတ်ပြုဆရာ အနေနဲ့ ရွေးခြယ်ထားတာ”

ယွမ်ရှောင်က ဆိုလိုက်သည်။

“အိုး... ချန်းပေ့ရွှမ်းရဲ့ အကိုဝမ်းကွဲ”

လူတိုင်းမှာ ဆွံ့အ သွားကြ၏။

***

All Chapters