← Chapters

ရန်ကျင်း တစ်မြို့လုံး အံ့အားသင့် ကုန်ကြခြင်း

Vol. 11 Ch. 1075

ရန်ကျင်း တစ်မြို့လုံး အံ့အားသင့် ကုန်ကြခြင်း

Vol. 11 Ch. 1075

ရန်ကျင်း...

ထိုမြို့အိုကြီးကား အနှစ် သုံးထောင် သမိုင်းကြောင်းကို ပိုင်ဆိုင်ထားကာ လူဦးရေ ငါးသန်းခန့် မှီတင်း နေထိုင်ကြ၏။ ၎င်းကား တရုတ်၏ အချက်အချာ အကျဆုံးမြို့ ဖြစ်လေရာ မရေမတွက်နိုင်သော မီဒီယာများ၊ ကော်ပိုရေးရှင်းများ၊ ဆယ်လီများမှာ ထိုနေရာ၌ အခြေစိုက်ကြလေသည်။

မြို့တော် အတွင်းရှိ အဆောက်အဦများမှာ မီတာ ထောင်ချီ ရှည်လျား၏။ ကျင့်ကြံခြင်း အထွတ်အမြတ်မြေများ အပြင် တရုတ်၏ ထိပ်တန်း မိသားစု အများစုနှင့် ထိပ်တန်း ကျင့်ကြံသူများစွာမှာလည်း ထိုမြို့တော်၌ စုစည်း နေထိုင်ကြသည်။

ထိုနေ့၌ ချင်တုန်းမူသည် ချင်မိသားစု ဥယျာဥ်ထဲမှ လမ်းလျှောက်ကာ ထွက်လာခဲ့၏။ သူ၏ လက်တွင်မူ တောက်ပသော ကျောက်စိမ်းစက်လုံး နှစ်လုံး ရှိပေသည်။ ထိုအရာများသည် အဆင့်မြင့် ဓမ္မ ရတနာများ ဖြစ်ကာ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်ချီ ညီမျှမှုကို ထိန်းချုပ် ပေးနိုင်ပေသည်။

“မင်္ဂလာ နံနက်ခင်းပါ အရှင်ချင်...”

“နေကောင်းလားဗျ...”

“ဒါနဲ့ မိန်းကလေးချင်က မူလ အဆင့်ကို ချိုးဖျက်သွားပြီဆို... ဂုဏ်ပြုပွဲ အခမ်းအနား လုပ်ရင် ကျုပ်လာခဲ့ဦးမယ်”

လမ်းတစ်လျှောက်၌ များစွာ‌သော လူများမှာ ချင်တုန်းမူကို ဖော်ရွေစွာ နှုတ်ဆက် နေကြ၏။ ချင်တုန်းမူ ကမူ အပြုံးဖြင့် ခေါင်းကိုသာ ညိတ်ပြသည်။

“ချင်တုန်းမူက ကံကောင်းတာပဲ... ချန်းပေ့ရွှမ်းက သူ့သမီးကို ချင်ယန်နာကို လက်ထပ်ဖို့ ငြင်းဆန်ခဲ့တယ်... ဒါပေမဲ့ သူ ကမ္ဘာမှ ထွက်သွားပြီးတဲ့နောက်မှာ ချင်ယန်နာက ဝူကျိဂိုဏ်းရဲ့ တပည့် တစ်ယောက် ဖြစ်လာခဲ့တယ်... သူ့ကြောင့်ပဲ ချင်မိသားစုက ရန်ကျင်းရဲ့ ထိပ်တန်း မိသားစု တစ်ခု အနေနဲ့ ဆက်ရပ်တည် နိုင်ခဲ့တာ”

“ဟုတ်ပါ့... အခြား ထိပ်တန်း မိသားစုတွေနဲ့ ယှဥ်ရင် ချင်မိသားစုက အများကြီး ကံကောင်းတယ်... ‌ရှောင်မိသားစုက ဆက်ပြီး တည်ရှိနေပေမဲ့ ဝမ်မိသားစုနဲ့ လီမိသားစုတို့ကတော့ ပျောက်ကွယ်တောင် သွားခဲ့ရတာ”

“ဟုတ်ပါ့... အောင်မြင်ချင်ရင် ရှောင်မိသားစုလိုပဲ အထွတ်အမြတ်မြေတွေကို ကပ်သင့်တယ်... ချန်းပေ့ရွှမ်းက မသေချာဘူး... သူ ဘယ်အချိန် ပြန်ပျောက်သွားမလဲ ဆိုတာ ဘယ်သူမှ မသိဘူး”

“ငါကြားသလောက်ဆို အထွတ်အမြတ်မြေတွေက ချန်းပေ့ရွှမ်းကို သူတို့ တပည့် အဖြစ် လက်ခံဖို့ ကမ်းလှမ်းထားတယ် ဆိုပဲ”

များစွာသော လူများမှာ ချင်တုန်းမူ ထွက်ခွာသွားပြီးနောက် တီးတိုး ပြောဆို နေကြ၏။ သူတို့ကား ရန်ကျင်း၏ ထိပ်တန်း ခရိုင် တစ်ခုတွင် နေထိုင်ကြခြင်း ဖြစ်သည်။ ထိုနေရာရှိ ဝိညာဥ်ချီမှာ အလွန် ထူထပ်ကာ ကျင့်ကြံခြင်း အတွက် အလွန် ကောင်းမွန်၏။ ထိုနေရာ၌ နေထိုင်ကြသော လူများမှာ နိုင်ငံ တစ်ခုလုံးအား ဖြန့်ကျက် ကြည့်ရှု နိုင်ကြပေသည်။

“ငါတော့ ဖြစ်နိုင်မယ် မထင်ဘူး... ချန်းပေ့ရွှမ်က ကမ္ဘာရဲ့ ထိပ်တန်း ကျင့်ကြံသူလေ... သူက မျိုးနွယ်စု ရှစ်ခုကိုတောင် ရှင်းပစ်ခဲ့တာ မလား”

“ဟဟ... သူက ကံကောင်းသွားလို့ပါကွာ... အမှောင်မျိုးနွယ်တွေရဲ့ ထိပ်တန်း အရှင်သခင်တွေက နတ်ဘုရား ကုန်းမြေ ဆိုတဲ့ နေရာကို ရောက်နေကြတာ တဲ့... နောက်ပြီး ကျင့်ကြံခြင်း အထွတ်အမြတ်မြေတွေက အမှောင် မျိုးနွယ်တွေထက် အများကြီး ပို အစွမ်းထက်တယ်”

“ချန်းပေ့ရွှမ်းသာ ဉာဏ်ကောင်းမယ် ဆိုရင် အထွတ်အမြတ်မြေ တစ်ခုခုကို ဝင်မှာပဲ... အဲဒါဆို နှစ် ဒါဇင် ဂဏန်းလောက် ကြာရင် မြောက်ပိုင်းချုံးတောင် အထွတ်အမြတ်မြေ တစ်ခု ဖြစ်လာနိုင်တယ်”

သို့သော်လည်း ချင်တုန်းမူမှာမူ ထိုကဲ့သို့ မတွေးချေ။

“ဟမ့်... ကောင်လေး... မင်းက ယန်နာကို လက်ထပ်ဖို့ ငြင်းခဲ့တယ်... ဒါပေမဲ့ အခု သူက ဝူကျိဂိုဏ်းရဲ့ တပည့် တစ်ယောက် ဖြစ်နေပြီ ဖြစ်တဲ့ အပြင် လူငယ် သခင်လေး တစ်ယောက်နဲ့တောင် လက်ထပ်တော့မယ်... သူ့မှာသာ ကလေး တစ်ယောက် ရလာခဲ့ရင် ချင်မိသားစုက အခြားဂြိုဟ်တွေရဲ့ ထောက်ပံ့ပေးမှုကို ရလာမှာ... အဲဒီ အခါကျရင် ငါတို့ မိသားစုက ကြယ်ပင်လယ်ထဲကို ရွှေ့ချင် ရွှေ့လာနိုင်မှာ... မင်းကတော့ ဒီကမ္ဘာမှာပဲ နေပြီး အထွတ်အမြတ်တွေရဲ့ သုတ်သင်တာကို ခံပေါ့ကွာ”

ချင်တုန်းမူက နှာခေါင်းရှုံ့ လိုက်သည်။ ချင်မိသားစု အပြင် ရှောင်မိသားစု၊ လဲ့မိသားစု၊ မန်မိသားစု၊ လုံမိသားစု တို့ကဲ့သော ရန်ကျင်း၏ ထိပ်တန်း မိသားစု အချို့မှာလည်း ကျင့်ကြံခြင်း အထွတ်အမြတ်မြေများနှင့် ဆက်ဆံရေးကောင်း တစ်ခုကို တည်ဆောက်ထားနိုင်ခဲ့သည်။ သူတို့ မိသားစုများ၏ အဖိုးတန် သမီးလေးများမှာ ထိုဂိုဏ်းများ၏ လူငယ် သခင်လေး အချို့နှင့် လက်ဆက်ခဲ့ပြီး ဖြစ်သည်။

ထိုလူငယ် သခင်လေးများမှာ ပေါ့သေးသေးများ မဟုတ်ကြချေ။ ကြယ်ပင်လယ် အတွင်းရှိ ဂိုဏ်းကြီးများ၏ အဖိုးတန် ဆက်ခံသူများ ဖြစ်သည်။ သူတို့၌ တစ်ဦးထက် ပိုသည့် ဇနီးများ ရှိပြီးသား ဖြစ်သော်လည်း  ရန်ကျင်း မိသားစုများမှာ အသေးစိတ်ကို ဂရု မစိုက်ကြချေ။ သူတို့ သမီးများ ထိုလူငယ်များနှင့် လက်ထပ် နိုင်ခြင်းကပင် သူတို့ အတွက် အခွင့်အရေးကောင်း တစ်ခု ဖြစ်နေခဲ့ပြီ ဖြဟ်သည်။

“ယန်နာ အနေနဲ့ ရင်လန်းကို ဘယ်လို ကျေနပ်စေမလဲ ဆိုတာ သေချာ စဥ်းစားသင့်တယ်... ငါကြားသလောက်ဆို သူက ဝူကျိဂိုဏ်းရဲ့ ဆက်ခံသူ တစ်ယောက်တဲ့”

ချင်တုန်းမူက တွေးလိုက်သည်။ ထိုငွေရောင် အတောင်ပံ ပိုင်ရှင် လူငယ်မှာ ချန်းဖန်၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရပြီ ဖြစ်ကြောင်းကိုမူ သူတွေးပင် မတွေးခဲ့မိချေ။

ချင်တုန်းမူ ကျေနပ်စွာ တွေးတော နေစဥ်မှာပင် မိုးကြိုးကဲ့သို့ ထစ်ချုန်းသံ တစ်ခုမှာ ကောင်းကင်ကို ပဲ့တင်ရိုက်လျှက် ပျံ့လွင့်လာလေ၏။

“မြောက်ပိုင်းချုံးရဲ့ ချန်းပေ့ရွှမ်း လာတယ်... အားလုံး ထွက်လာကြစမ်း”

ချန်းဖန်၏ အသံမှာ ကျယ်လောင်ခြင်း မရှိသည့်တိုင် မိုင်တစ်ရာ ပတ်လည် အတွင်းရှိ လူတိုင်းမှာ ရှင်းရှင်းလင်းလင်း ပီပီသသပင် ကြားလိုက်ကြရသည်။

“ချန်းပေ့ရွှမ်း...”

ရန်ကျင်းတစ်မြို့လုံးရှိ လူများမှာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။

“ဘုရားရေ...ဘယ်သူလဲဟ”

“စောက်ရူး နားပင်းနေလား... မြောက်ပိုင်းချုံးရဲ့ ချန်းပေ့ရွှမ်း ဆိုနေခါမှ”

“ကောင်းကင်အရှင်ချန်းက ရန်ကျင်းကို ရောက်လာပြီဟေ့... သူက ကျင့်ကြံခြင်း အထွတ်အမြတ်မြေတွေကို စပြီး စိန်ခေါ်နေပြီ”

ချန်းပေ့ရွှမ်း၏ ပေါ်ထွက်လာမှု သတင်းသည် ချက်ချင်း ဆိုသလိုပင် အင်တာနက်မှ တစ်ဆင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားလေသည်။

မ‌‌ရေမတွက်နိုင်သော လူများမှာ ထိုသတင်းကို ကြားရသော အခါ ဆွံ့အ သွားကြ၏။ ချန်းပေ့ရွှမ်းကား မကြာသေးခင်ကပင် အမှောင်မျိုးနွယ်များကို အနိုင်ယူခဲ့သည်။ ယခု၌ သူသည် အထွတ်အမြတ်မြေများကိုပါ သွားရောက် စိန်ခေါ်နေခဲ့ပြီ ဖြစ်သည်။

များစွာသော လူများမှာ ခေါင်းခါ နေကြသည်။ အမှောင် မျိုးနွယ်များသည် အစွမ်းထက်သည် ဆိုသော်လည်း အထွတ်အမြတ်မြေများမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းသည်။ သူတို့ကား ကမ္ဘာ၏ အစစ်အမှန် လွှမ်းမိုးသူများ ဖြစ်ကြပေသည်။

“ချန်းပေ့ရွှမ်းက မစဥ်းစားဘူးလား... အထွတ်အမြတ်မြေတွေ တစ်ယောက်ထက် ပိုတဲ့ အခြေတည် ဝိညာဥ် အဆင့်တွေကို ပိုင်ဆိုင်ထားတာ... သူတို့မှာ ကောင်းကင် အမြုတေကို ပိုင်ဆိုင်ထားတဲ့ နတ်ဘုရား မင်းသားတွေတောင် ရှိတယ်... ချန်းပေ့ရွှမ်းက သွေးမျိုးဆက် ဘိုးဘေးကို သတ်လိုက်နိုင်တယ် ဆိုပေမဲ့ အဲဒါက ဓားအစီအရင်ရဲ့ အကူအညီနဲ့လေ... သူက အဲဒီ မွန်းစတားတွေကို ဘယ်လို ယှဥ်နိုင်မှာလဲ”

စီအိုင်အေ အန်ဒါဂရောင်း ဖိုရမ်၌ တစ်ယောက်က ရေးတင်၏။ သို့သော်လည်း အများစုမှာမူ ချန်းပေ့ရွှမ်း အပေါ် ယုံကြည်ချက် ရှိနေကြသည်။ သူကား မဖြစ်နိုင်သည့် အရာများကိုသာ လုပ်ပြတတ်သူ ဖြစ်သည်။ ယခု တစ်ကြိမ်၌လည်း သူ မည်သည့် လျှို့ဝှက်ချက်များ ထုတ်ပြလာမည်ကို ဘယ်သူမှ မသိနိုင်ချေ။

“ရှောင်ဖန်က အမြဲ စိတ်မြန်တာပဲ...”

ချန်းရှောင်က ဖြူရော်စွာ ပြုံးကာ ခေါင်းအား ခါယမ်း လိုက်သည်။ ထို့နောက် သူက လေပေါ်သို့ ခုန်တက်၍ ချန်းဖန် နောက်သို့ လိုက်လံ ပျံသန်းသွားတော့၏။

ပေ့ထင်း နန်းတော် အတွင်းတွင်မူ ရန်ကျင်း၏ ကျင့်ကြံသူများစွာမှာ ငေးငိုင် နေကြသည်။ သူတို့၏ ရှေ့တွင်မူ အလောင်းများမှာ ရုပ်ပျက်ဆင်းပျက် ပျံ့ကြဲနေ၏။

“ရင်လန်း၊ ကျင်းယောင်တို့ သေသွားပြီ... ယွမ်ရှောင်ကိုလည်း ချန်းပေ့ရွှမ်းက ဖမ်းသွားပြီ... ငါတို့ ဘာလုပ်ရမှာလဲ”

မူလ အဆင့် ကျင့်ကြံသူ တစ်ယောက်က တုန်ရီစွာဖြင့် မေးလိုက်သည်။ အစိမ်းရောင် ဝတ်စုံဝတ် မိန်းမလှလေးမှာ မြေပြင်တွင် လဲပြိုကျနေ၏။

ထိုအချိန်၌ ချန်းဖန်မှာမူ ယွမ်ရှောင်၏ လက်ကို ဆွဲကိုင်ကာ ရန်တောင်ထိပ် ကောင်းကင်၌ ရပ်နေခဲ့သည်။ သူ၏ မျက်လုံးသည် ရွှေရောင် အလင်းဖြင့် တဖျပ်ဖျပ်လက်ကာ အစီအရင် အလွှာများကို ဖောက်ထွင်းနေ၏။ တောင်ထိပ်ပေါ်ရှိ များစွာသော ကျင့်ကြံသူများမှာ ချန်းဖန်၏ အမြင်အာရုံမှ မည်သူမျှ ပြေးမလွတ်ခဲ့ချေ။

“မင်းက သေချင်တာပဲ... မင်း အခု ဆန့်ကျင်နေတာ ဘယ်သူလဲ သိလား... ငါတို့ အထွတ်အမြတ်မြေတွေက မင်းလိုကောင်ကို လက်တစ်ချောင်းတည်းနဲ့ သတ်ပစ်နိုင်တယ်”

ရှောင်ရွှမ်ကား မျက်နှာတစ်ခုလုံး ဖြူရော်နေသည့်တိုင် လေကြီးနေနိုင်တုန်း ဖြစ်သည်။

“တကယ်ပေါ့...”

ချန်းဖန်က တည်ငြိမ်စွာပင် ပြန်ပြေလိုက်၏။

ရှောင်ရွှမ်က ပိုင်နိုင်သော အသံဖြင့် ရယ်မောလိုက်သည်။

“ဟဟ... ဝူကျိဂိုဏ်းရဲ့ နောက်မှာ ကြယ်ပင်လယ်က ဝူကျိဂိုဏ်း ရှိတယ်... တိုင်ချူ ဘုရားကျောင်းရဲ့ နောက်မှာ တိုင်ချူ နတ်ဘုရား နယ်မြေ ရှိတယ်... ရွှမ်ကုန်းဂိုဏ်းရဲ့ နောက်မှာ နဲ့ကုန်းဂိုဏ်း ရှိတယ်... မင်း သတ်လိုက်တဲ့ ရွှေရောင် မျက်လုံးနဲ့ လူငယ် ဆိုရင် အပိုလို နန်းတော်ရဲ့ တပည့်ပေါ့”

“အဲဒီတော့ ငါက ဘာလုပ်ရမှာလဲ...”

ချန်းဖန်၏ အသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

“ငါ့ကို လွှတ်ပေးပြီး အထွတ်အမြတ်မြေတွေဆီမှာ အညံ့ခံလိုက်... မင်း အသက်ကို ချမ်းသာပေးဖို့ ငါ အကြီးအကဲတွေဆီမှာ တောင်းဆိုပေးမယ်”

ယွမ်ရှောင်က ပြောလိုက်သည်။

“တကယ်ပေါ့... ငါက ရင်လန်း၊ ကျင်းယောင်နဲ့ အခြားလူတွေကို‌ သတ်ထားတာတောင် မင်းကို လွှတ်ပေးရုံနဲ့ အခြား အကြီးအကဲတွေက အသက် ချမ်းသာပေးမယ်ပေါ့ ဟုတ်လား”

ချန်းဖန်က ယွမ်ရှောင်ကို ကြည့်ကာ မေးလိုက်သည်။

“နောက်ပြီးတော့ မင်းပြောတဲ့ အပိုလို နန်းတော် ဝူကျိဂိုဏ်းနဲ့ နဲ့ကုန်းဂိုဏ်းတွေ ဆိုတာကလည်း တောင်ပိုင်း ဒေသငယ်တွေမှာပဲ ဗိုလ်လုပ်လို့ ရတာပါ... ဗဟို ဂလက်စီက ဂိုဏ်းတွေနဲ့ ယှဥ်ရင် ပုရွက်ဆိတ်လောက်ပဲ ရှိတယ်”

“မင်းက တောင်ပိုင်း ဒေသငယ်နဲ့ ဗဟို ဂလက်စီကို သိတယ်ပေါ့ ဟုတ်လား...”

ယွမ်ရှောင်၏ မျက်လုံးများမှာ ပြူးကျယ် သွားသည်။ ထိုအရာများကား ကြယ်ပင်လယ် အတွင်းရှိ လူများသာ သိသော အရာများ ဖြစ်သည်။ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခု၏ ကျင့်ကြံသူက မည်ကဲ့သို့ သိနေရသနည်း။

“ဘုန်း...”

ရုတ်တရက် ရန်တောင်ထိပ်ရှိ အစီအရင်များမှာ ပွင့်ဟလာ၏။ များစွာသော မူလ အဆင့် ကျင့်ကြံသူများမှာ ကောင်းကင်သို့ ပျံတက်လာကြကာ ဝင်္ကပါ လေးခုကို ဖွဲ့စည်း လိုက်ကြ၏။ ထို့နောက် ရွှေရောင် ဝတ်စုံ၊ ‌ငွေရောင် ဝတ်စုံနှင့် သံချပ်ကာများ ဝတ်ဆင်ထားသည့် အကြီးအကဲများမှာလည်း ထွက်ပေါ် လာကြသည်။ သူတို့ တစ်ယောက်ချင်းစီကား အမှောင် မျိုးနွယ်များထက် ပိုမို အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်ကြပေသည်။

နောက်ဆုံးတွင်မှ လူငယ် ရှစ်ယောက်မှာ ပျင်းရိပျင်းတွဲ ထွက်ပေါ် လာကြသည်။ သူတို့သည် ရွှေအမြုတေ ထိပ်ဆုံး အဆင့်များ ဖြစ်ကာ သာမန် ကောင်းကင်အရှင် တစ်ပိုင်းများထက် ပို၍ အစွမ်းထက်ကြပေသည်။ သူတို့၏ ခေါင်းဆောင်မှာ ခရမ်းရောင် မျက်လုံးနှင့် ရွှေရောင် ဆံပင်ကို ပိုင်ဆိုင်ထားသည့် လူငယ် တစ်ယောက် ဖြစ်သည်။

သူက ချန်းဖန်ကို စူးစိုက်ကြည့်လိုက်၏။

“ငါတို့ကို စိန်ခေါ်တာမင်းလား...”

***

All Chapters