← Chapters

နတ်ဘုရား မင်းသားလောင်း

Vol. 11 Ch. 1076

နတ်ဘုရား မင်းသားလောင်း

Vol. 11 Ch. 1076

ခရမ်းရောင် မျက်လုံး ရွှေရောင် ဆံပင်ပိုင်ရှင် လူငယ် ပေါ်လာသည်နှင့် ရှောင်ရွှမ်၏ မျက်နှာမှာ ဝင်းလက် သွား၏။ သူက ချန်းဖန်အား ကြည့်ကာ ပြုံးလိုက်သည်။

“သူက ဝူကျိဂိုဏ်းရဲ့ နတ်ဘုရား မင်းသားလောင်း အကို ဝူကွေ့ပဲ... သူက ကောင်းကင် အဆင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားပြီးတော့ အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်... အဆင့် ချိုးဖျက်နိုင်တာနဲ့ သူက ဝူကျိဂိုဏ်းရဲ့ အစစ်အမှန် နတ်ဘုရား မင်းသား ဖြစ်လာတော့မှာ... အကို ဝူ‌ကွေ့က မင်းတို့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေရဲ့ အခြေတည် ဝိညာဥ် အဆင့် အတုတွေထက် အများကြီး ပိုအစွမ်းထက်တယ်”

ဝူကျိဂိုဏ်း...

ထိုဂိုဏ်းကား တောင်ပိုင်း ဒေသငယ်၏ ထိပ်တန်း ထာဝရဂိုဏ်း ဆယ်ခု အနက် တစ်ခု ဖြစ်သည်။ ထိုဂိုဏ်းကား ချန်ရှန်းဂိုဏ်း ကဲ့သို့ အင်အားကြီးပေသည်။

“ချန်းပေ့ရွှမ်း... မင်းက ကိုယ်တိုင် ရောက်လာတယ် ဆိုတော့ ငါတို့က မင်းကို လိုက်ရှာနေစရာ မလိုတော့ဘူးပေါ့”

လူငယ် တစ်ယောက်က ပြုံးရင်း ပြောလိုက်သည်။

“ဟမ့်... ဘိုးဘေးတွေက မင်းကို တိုင်ချူဘုရားကျောင်းရဲ့ တပည့် ဖြစ်ခွင့်ပေးဖို့တောင် စဥ်းစားထားတာ... ဒါပေမဲ့ မင်းက အဲဒါကို တန်ဖိုးထားပုံ မရဘူး... ငါတို့ကိုတောင် လာပြီး စိန်ခေါ်လိုက်သေးတယ်”

အခြား လူငယ် တစ်ယောက်ကလည်း နှာခေါင်းရှုံ့ လိုက်၏။

“ချန်းပေ့ရွှမ်း... ဒူးထောက်ပြီး တောင်းပန်လိုက်... ငါ မင်းကို ဝူကျိဂိုဏ်းရဲ့ အပြင်စည်း တပည့် အနေနဲ့ လက်ခံပေးမယ်”

နတ်ဘုရား မင်းသားလောင်း ဝူကွေ့က ချန်းဖန်ကို တည်ငြိမ်စွာ ကြည့်ရင်း ပြောလိုက်သည်။

“ဟဟ...”

ချန်းဖန်က အနည်းငယ် ရယ်မောရင်း အောက်သို့ ငုံ့ကြည့်လိုက်၏။

“ငါ ခုနကပဲ ရင်လန်း၊ ကျင်းယောင် အဲ့လို နာမည်တွေ ရှိတဲ့ မင်းတို့လူတွေကို သတ်လာတာ... ကဲ ဘယ်လိုသဘောရသေးလဲ... ငါ့ကို တပည့် အဖြစ် ဝင်ခွင့်ပေးဦးမှာလား”

“ဘာ...”

“အတင့်ရဲလိုက်တာ...”

“သေချင်နေတာပဲ...

ရန်တောင်၏ ကျင့်ကြံသူများမှာ ဒေါသ ထွက်သွားကြသည်။ ကြယ်ပင်လယ် အတွင်းရှိ ဂိုဏ်းကြီးများသည် အာကာသ ခရီးစဥ်များ၌ တပည့်များများစားစားကို စေလွှတ်လေ့ မရှိချေ။ အကြီးအကဲများ၊ နတ်ဘုရား မင်းသားများနှင့် ရွှေအမြုတေ အဆင့် မျိုးဆက် အချို့ကိုသာ ‌ခွင့်ပြုတတ်ကြသည်။ ဝတ်ပြုဆရာဟု ခေါ်သော လူများနှင့် မူလ အဆင့်များမှာ စွန့်ပစ်ခံဂြိုဟ်နယ်မြေသို့ ရောက်ခါမှ ဖမ်းဆီးထားသည့် အစေခံများသာ ဖြစ်ပေသည်။

ကြယ်ပင်လယ်ထဲမှ လာသည့် လူတိုင်း၏ အသက်များမှာ အလွန် အဖိုးတန်ပေသည်။ သို့တိုင်အောင် ချန်းဖန်က ထိုအထဲမှ ခုနစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သို့ဖြစ်ရာ သူတို့ မည်ကဲ့သို့ ဒေါသမထွက်ပဲ နေပါမည်နည်း။

“ယွမ်ရှောင်ကို လွှတ်ပေးလိုက်... ငါတို့ မင်းအသက်ကို ချမ်းသာပေးမယ်”

နတ်ဘုရား မင်းသားလောင်း ဝူကွေ့က အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

ရင်လန်းကား သူ၏ ညီဖြစ်သည်။ သူသည် နတ်ဘုရား မင်းသား ဖြစ်သည့်နှင့် ရင်လန်းကို သူ၏ အဖွဲ့အတွင်း သွတ်သွင်းရန် အစီအစဥ် ဆွဲထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်းမှာ ထိုကလေးကို သတ်ဖြတ် ပစ်ခဲ့သည်။ အကယ်၍ ချန်းဖန်မှ ယွမ်ရှောင်ကို လွှတ်ပေးလျှင်ပင် သူ့တွင် အသက်ချမ်းသာပေးရန် အစီအစဥ် မရှိချေ။

ချန်းဖန်မှာလည်း ထိုအရာကို သိရှိထား၏။ သို့ဖြစ်ရာ သူက ဆက်လက် စကားများခြင်းဖြင့် အချိန်ဖြုန်း မနေမတော့ချေ။

“ဘုန်း...”

ချန်းဖန်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ယွမ်ရှောင်၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်ကာ သေဆုံးသွား၏။ သူကား လက်အား ဓားသဖွယ် အသုံးပြုကာ သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်ပေသည်။

“သတ်...”

ဝူကွေ့က အေးစက်စွာဖြင့် အမိန့်ပေး လိုက်သည်။ မူလ အဆင့်များနှင့် ရွှေအမြုတေ အဆင့်များမှာ ချက်ချင်းပင် ချန်းဖန်ထံ တိုးဝင် သွားကြတော့၏။

သို့သော်လည်း ချန်းဖန်က ထူးမခြားနားစွာပင် လက်ကိုသာ ခါယမ်း လိုက်သည်။

“ကလန့်...”

ရွှေရောင် အလင်းမှ တောက်ပသွား၏။ အစစ်အမှန်ချီသည် ကြောက်မက်ဖွယ် ကောင်းသော လက်နက် တစ်ခု အသွင် ပြောင်းလဲသွားသည်။ ၎င်းသည် မူလ အဆင့် ကျင့်ကြံသူများ၊ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများနှင့် ၎င်းတို့၏ ဝိညာဥ် ရတနာများကိုပါ ထက်ပိုင်းဖြတ်သွား၏။

တိုက်ခိုက်မှု တစ်ခု အတွင်းမှာပင် တိုင်ချူ ဘုရားကျောင်း၏ ဒါဇင်ပေါင်းများစွာသော တပည့်များမှာ သေဆုံး သွားကြပြီ ဖြစ်သည်။

“အတင့်ရဲလှချည်လား...”

လူငယ် ကျင့်ကြံသူ တစ်ယောက်က အော်ဟစ်ကာ ရှေ့သို့ တက်လာ၏။ သူကား ကြယ်ပင်လယ် တိုင်ချူ ဘုရားကျောင်း၏ မျိုးဆက် ဖြစ်ကာ အဆင့်မြင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားသည်။ သူ၏ စွမ်းအားသည် ကောင်းကင်အရှင် တစ်ပိုင်းများနှင့်ပင် နှိုင်းယှဥ်နိုင်၏။

“အား...”

သို့သော်လည်း စက္ကန့်ပိုင်း အတွင်းမှာပင် ထိုလူငယ်မှာ ထက်ပိုင်းပြတ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျ သွား၏။ သူကား ရွှေအမြုတေ‌ရော နတ်ဘုရား စိတ်ဝိညာဥ်ပါ ဖျက်ဆီးခံရကာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

“ဟမ်...”

အခြား လူငယ်များ၏ မျက်နှာများမှာ မည်းမှောင် သွားကြသည်။

“ဘုန်း...”

အပိုလို နန်းတော်၏ မျိုးဆက်က ရွှေရောင်ထီး တစ်ချောင်းကို ထုတ်ယူလိုက်၏။ အစစ်အမှန် နေမီးတောက်သည် တောက်လောင်လာကာ မီးနဂါး အသွင် ပြောင်းလဲ၍ ကောင်းကင်ကို ဖြန့်ကျက်သည်။ ထိုအရာကား အခြေတည် ဝိညာဥ် အဆင့်၏ စွမ်းအားကို ထုတ်ဖော်နိုင်သည့် ကောင်းကင် ရတနာ တစ်ခု ဖြစ်ပေသည်။

“ကလန့်...”

ချန်းဖန်က လက်အား ကန့်လန့် ခုတ်ပိုင်းလိုက်ပြန်၏။

“ဘုန်း...”

ရွှေရောင် အလင်း တောက်ပလာသည်နှင့် ကောင်းကင်ရှိ နဂါးမှာ ပြိုပျက်သွား၏။ လူငယ်မှာလည်း ရွှေရောင်ထီးနှင့် အတူ ထက်ပိုင်းပြတ်ကာ မြေသို့ ပြုတ်ကျသည်။

“သူက...”

အခြား လူငယ်များကား ဒေါသများ ကွယ်ပျောက်ကာ စတင် ကြောက်ရွံ့လာကြပြီ ဖြစ်သည်။

သူတို့သည် ရွှေရောင်ထီများကို ကောင်းစွာ သိကြ၏။ ထိုအရာကား “ကောင်းကင်ထီး” ဟု အမည်ရသော ထိပ်တန်း ကောင်းကင် ရတနာ တစ်ခု ဖြစ်သည်။ သို့တိုင်အောင် ထိုအရာသည် ချန်းပေ့ရွှမ်း လက်တစ်ဖက်ကို ခါယမ်းရာ၌ ထက်ပိုင်းပြတ်ခဲ့ရသည်။

“ခွေးမသား...”

ဝူကွေ့က အော်ဆဲ လိုက်၏။

ဝတ်ပြုဆရာများနှင့် မူလ အဆင့် ကျင့်ကြံသူများ သေဆုံးသွားခြင်းကား ကိစ္စ မရှိလှချေ။ သူတို့ကား ကျေးကျွန်များသာ ဖြစ်သည်။ သို့သော်လည်း လူငယ်များမှာမူ ကြယ်ပင်လယ်မှ လာသည့် အဖိုးတန် ရတနာများ ဖြစ်သည်။ ယနေ့၌ ချန်းပေ့ရွှမ်းသည် လူငယ် များစွာကို သတ်ဖြတ်ခဲ့သည်။ ထိုအရာက အကြီးအကဲများကိုပင် ရှင်းပြရန် ခက်ခဲသော ပြဿနာ ဖြစ်၏။

“ချန်းပေ့ရွှမ်း... မင်က ကောင်းကင် အဆင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားတယ် ဆိုပြီးတော့ ဘဝင်မြင့် နေတယ်ပေါ့... အစစ်အမှန် ကောင်းကင် ရွှေအမြုတေ ပိုင်ရှင်က ဘယ်လိုလဲ ဆိုတာ ငါမင်းကို ပြမယ်”

ဝူကွေ့က လက်တစ်ဖက်ကို ခါယမ်းလိုက်ရာ ကောင်းကင်၌ ပေတစ်ရာ အရှည်ရှိသော စာလိပ် တစ်ခု ပေါ်လာခဲ့၏။ ထိုစာလိပ်ပေါ်၌ များစွာသော ဂြိုဟ်များကို ရေးခြယ်ထားကာ  ယင်းဂြိုဟ် တစ်ခုချင်းစီမှာ ရွှေအမြုတေ အဆင့်၏ စွမ်းအားကို သယ်ဆောင်ထားကြသည်။ ဂြိုဟ်တစ်ရာ အတူ တကွ ပူးပေါင်းသော အခါ တောက်ပသော ရောင်ခြည်များမှာ မိုင်တစ်ရာကို ဖုံးလွှမ်းသွား၏။

“ဝူကျိ စကြဝဠာ ပန်းချီ...”

ဝူကွေ့သည် ထိုနတ်ဘုရား စွမ်းအားကို ကောင်းကင် အဆင့် ရွှေအမြုတေ ကပ်ဘေးအား ဖြတ်ကျော်ရာ၌ ရရှိထားခြင်း ဖြစ်သည်။ ထိုအရာပေါ်၌ ဂြိုဟ်တစ်ခုကို ဖန်တီးနိုင်တိုင်း ဝူကွေ့၏ စွမ်းအားမှာ တိုးတက် လာခဲ့သည်။ အကယ်၍ ဂြိုဟ်ပေါင်းတစ်ထောင်သာ ပြည့်မြောက်ပါက ဝူကွေ့မှာ လက်ဖျောက်တစ်ချက် တီးရုံဖြင့် ဂြိုဟ်တစ်ခုကို ဖျက်ဆီး လာနိုင်လိမ့်မည် ဖြစ်ပေသည်။

“ဘုန်း...”

ရန်ကျင်း တစ်မြို့လုံးမှာ အလင်း စွမ်းအား၏ သက်ရောက်ခြင်းကို ခံရရာ အားလုံးမှာ ကြောက်လန့်ကုန်ကြတော့၏။

***

All Chapters