Chapter 21
Vol. 3 Ch. 21
ကျန်းကျန်းအနေနဲ့ ဒီရက်တွေမှာ ဝမ်စုဖန်းတစ်ယောက် အလွန်အမင်းပန်ပန်းနေလိမ့်မယ်ဆိုတာကို သိထားတာကြောင့် သူမက ခန်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ရင်း တိတ်တဆိတ်စားနေခဲ့တယ်။ ချိုချိုချဥ်ချဥ်စပျစ်သီးတွေရဲ့ အရသာက သူမရဲ့မျက်ဝန်းတွေကို မှေးကျဉ်းသွားစေတယ်။ ဝမ်စုဖန်း ခဏလောက်အိပ်ပြီး ဘေးနားကိုလှည့်ကြည့်လိုက်တော့ သူမရဲ့သမီးဖြစ်သူက စားနေတုန်းပဲဆိုတာကိုမြင်လိုက်ရတယ်။
ဝမ်စုဖန်း အကူအညီမဲ့စွာ ထထိုင်လိုက်ပြီး ကလေးရဲ့ ဗိုက်ကို ပွတ်သပ်ရင်း ပြောလိုက်မိတယ်။
“မင်း အများကြီးစားလို့မရဘူးလေ.. ဗိုက်နာနေလိမ့်မယ်”
ကျန်းကျန်းက ပြုံးလိုက်ပြီး ဘလူးဘယ်ရီသီးတစ်လုံးကို ကောက်ယူလိုက်ကာ ဝမ်စုဖန်းရဲ့ ပါးစပ်အနားသို့ တိုးပေးလိုက်တယာ။
“မား.. စား!”
ဝမ်စုဖန်း အလွန်စိတ်လှုပ်ရှားသွားရပြီး ကျန်းကျန်းကို သူမရဲ့ရင်ခွင်ထဲသို့ အလျင်အမြန်ဆွဲထည့်လိုက်ကာ အကြိမ်အနည်းငယ် နမ်းရှိုက်လိုက်တယ်။ သူမရဲ့မျက်နှာပေါ်မှာတော့ အပြုံးတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
“မားက မစားချင်ပါဘူး.. ဒါတွေကို သမီးအတွက် သိမ်းထားလိုက်မယ်နော်”
ကျန်းကျန်းက ခေါင်းမာစွာနဲ့ ဝမ်စုဖန်းရဲ့ပါးစပ်ထဲသို့ ထည့်ပေးလိုက်တယ်။
“စား!”
ဝမ်စုဖန်းက ကျန်းကျန်းရဲ့ လေးနက်တဲ့မျက်နှာလေးကို ကြည့်ပြီး ဘလူးဘယ်ရီသီးကိုငုံစားလိုက်ကာကာ ကျန်းကျန်းရဲ့ ခေါင်းပေါ်မှပျော့ပျောင်းနူးညံ့တဲ့ အနက်ရောင် ဆံပင်တိိ့ကို စိတ်ကျေနပ်စွာ ပွတ်သတ်လိုက်တယ်။
“ငါတို့ မိသားစုရဲ့ ကျန်းကျန်းက ဥာဏ်ကောင်းလိုက်တာ.. ရက်နည်းနည်းလောက်နဲ့ စကားပြောဖို့ကို သင်ယူပြီးနေပြီ”
ကျန်းကျန်းက အစောပိုင်းကတည်းက စကားဘယ်လိုပြောရမလဲဆိုတာကိုသိထားတယ်။ သို့ပေမယ့် မိသားစုဝင်တွေက တောင်ပေါ်မှ ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းရင်းနဲ့ အလုပ်ရှုပ်နေကြပြီး အိမ်မှာရှိနေတဲ့ မိသားစုဝင်တွေကလည်း ကလေးကို ထိန်းကျောင်းရင်း တစ်ဖက်မှ အိမ်မှ ပစ္စည်းတွေကို သိမ်းဆည်းသန့်ရှင်းမှုတွေ လုပ်နေခဲ့ရတာကြောင့် သူမကို စကားသင်ပေးဖို့အတွက် ဘယ်သူကမှ မအားလပ်ခဲ့ကြဘူး။
ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ကွေ့ဟွားက ကျန်းကျန်းကို ထိန်းရင်းနဲ့လွယ်ကူရိုးရှင်းတဲ့ စကားလုံးအနည်းငယ်ကိုသင်ကြားပေးခဲ့ရတယ်။ ကျန်းကျန်းက လျှာလေးချင်ယေောင်ဟန်ဆောင်ပြီး စကားလုံးမပီမသ အနည်းငယ်ပြောခဲ့ကာ ရက်အနည်းငယ်သင်ယူပြီးနောက်မှာ တစ်လုံးချင်းဆီ ကျော်ပြီးပြောဆိုလာခဲ့တယ်။
ဝမ်စုဖန်းက ကျန်းကျန်းရဲ့လှည့်ကွက်တွေကို မသိသော်လည်း သူမရဲ့သမီးဖြစ်သူက အလွန်ထက်မြက်တယ်လို့ ထင်ခဲ့တယ်။ သူမက ဒီနှစ်ရက်တာ အနားယူချိန်ကို အခွင့်ကောင်းယူပြီး စကားဘယ်လိုပြောရမလဲဆိုတာကို စတင်သင်ကြားပေးခဲ့တယ်။
အမေနှင့်သမီးနှစ်ယောက်က စကားပြောဆိုနည်းတွေကိုသင်နေခဲ့ကြရင်းနဲ့ တစ်ခါတစ်ရံမှာ ရယ်မောသံတွေကလည်း ခိုးခိုးခစ်ခစ်နဲ့ပျံ့လွင့်လာတတ်သေးတယ်။ မဒမ်လီကတော့ ဘေးအခန်းဆီမှာ လှဲလျောင်းရင်းနဲ့ ပျင်းရိသလိုခံစားရလာတယ်။
တံခါးဖွင့်သံကြားလိုက်ရတာကြောင့် ကျန်းကျန်း ခေါင်းကိုမော့ကြည့်လိုက်ပြီး ဝင်လာတဲ့သူကိုတွေ့လိုက်ရချိန်မှာ သူမရဲ့မျက်လုံးတွေက လခြမ်းကွေးလေးတွေလို ပြောင်းလဲသွားခဲ့တယ်။
“အဖွား!”
“အိုး.. ဘယ်လိုပေါင်ပေ့လေးလဲ!”
မဒမ်လီက ခန်ဆီသို့ လျှောက်လာကာ ကျန်းကျန်းရဲ့ဘေးမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး ကျန်ရှိနေသေးတဲ့ အသီးအနှံတွေကိုမြင်တော့ လှမ်းမေးလိုက်တယ်။
“မင်း ဘာလို့အများကြီးမစားတာလဲ”
ဝမ်စုဖန်းက အပြောင်းအလဲမရှိစွာပြောလိုက်တယ်။
“သူမက အသီးအနှံတွေကို အချိန်အကြာကြီးစားနိုင်တယ်.. ဒါပေမယ့် အစာအိမ်ကသေးသေးလေးပဲရှိတော့ အများကြီးမစားနိုင်ဘူးလေ”
ကျန်းကျန်း အပြစ်ရှိစိတ်ကြောင့် သူမရဲ့နှာခေါင်းကို ထိလိုက်မိကာ မျက်လုံးတွေကို မြေပြင်ဘက်ဆီသို့လှမ်းကြည့်လိုက်ချိန်မှာ သေးငယ်လွန်းတဲ့ အစိမ်းရောင် ပျိုးပင်ပေါက်အနည်းငယ်ကို ဝေဝေဝါးဝါးနဲ့လှမ်းမြင်လိုက်ရတယ် ။
အခုချိန် ပေရှားရဲ့ဧရိယာအတွင်းမှာ အိမ်တိုင်းက သစ်သားဖြင့်ပြုလုပ်ထားကြပြီး အပြင်ဘက်မှ ထူထဲတဲ့ ရွံ့တွေဖြင့် ထပ်မံဖုံးအုပ်ထားကြတယ်။ နောက်ပြီး အိမ်အတွင်းပိုင်းမှာရှိတဲ့ရှိမြေတွေက ခြံအပြင်ဘက်မှာရှိတဲ့မြေတွေနဲ့ ခြားနားခြင်းမရှိဘူး။ အများအားဖြင့် မြေကြီးတွေကို ရေအနည်းငယ်ဖြန်းပြီး အပေါ်မှသစ်ဆွေးပြာတွေ ထပ်ဖိပြီးရင် အပင်တချို့ပေါက်လာနိုင်တယ်။
သူမရဲ့မြေးကို ခဏလောက် စနောက်ကျီစယ်ပြီးနောက် မဒမ်လီက ဝမ်စုဖန်းနဲ့ စတင်စကားပြောလာပြန်တယ်။
“ဒီနှစ်မှာ ငါတို့မိသားစုက ကောက်ပဲသီးနှံတွေကို အချိန်မီ ရိတ်သိမ်းလိုက်နိုင်ပြီး အထွက်နှုန်းကလည်း အတော်ကောင်းတယ်.. ပြောင်းနှံတွေကိုအခြောက်လှမ်း၊ ကြိတ်ချေပြီးရင် ဆောင်းရာသီအတွက် လုံလောက်လုနီးပါးရနိုင်တယ်”
ဝမ်စုဖန်းက ဆောင်းရာသီအတွင်းမှာ နှင်းတွေနဲ့ဖုံးလွှမ်းနေမဲ့ တောင်တွေအကြောင်းကို တွေးတောမိတော့ အနည်းငယ်လောက် ဝမ်းနည်းသွားမိတယ်။
“အခုလို နွေရာသီထက်တော့ ဘယ်လိုလုပ်ပြီး ပိုကောင်းနိုင်ပါ့မလဲ.. အခုချိန်က အိမ်မှာ စားစရာမရှိရင်တောင် တောင်ပေါ်မှာ ခူးဆွတ်နိုင်တဲ့ မှိုတွေနဲ့ တောရိုင်းအသီးအရွက်တွေကို အားကိုးပြီး အသက်ရှင်နိုင်တယ်လေ.. ဗိုက်ပြည့်အောင် မစားနိုင်ဘူးဆိုပေမယ့် ငတ်မသေနိုင်ဘူး..
နောက်နှစ်လလောက်ကြာပြီးရင် ရာသီဥတုအေးလာပြီး တောင်ပေါ်မှာရှိတဲ့ အသီးအရွက်တွေနဲ့ မှိုတွေ ပျောက်ကုန်တော့မှာ.. အစာမရှိတဲ့သူတွေဆိုရင် ဘယ်လို ရှင်သန်နိုင်တော့မှာလဲ”
မဒမ်လီလည်း အကူအညီမဲ့စွာ သက်ပြင်းချလိုက်တယ်။
“သူတို့တွေမှာလည်း နွေရာသီမှာ မှိုတွေရရှိနိုင်တယ်မလား.. အပြင်ဘက်မှာလည်း ကောက်ပဲသီးနှံတွေ စိုက်ကြပါတယ်.. ဒီနှစ်က မိုးခေါင်လို့ မပေါများဘူးဆိုပေမဲ့ ဆောင်းရာသီကို ဖြတ်ကျော်နိုင်ဖို့တော့ တတ်နိုင်ကြမှာပါ.. အဲလောက်ဆိုရင် ကောင်းပြီလို့ပြောလို့ရတယ်လေ..
ငါ တုန်ဇီဆီကနေကြားခဲ့တာတော့ ဟေးခရိုင်မှာဆို လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက မိုးခေါင်ခဲ့တာတဲ့.. ငါတို့က တောင်တန်းတွေဘက်မှာဖြစ်နေလို့ စိုက်ပျိုးမြေတွေ နည်းပါးတယ်ဆိုပေမဲ့ တော််တန်းတွေကို အားကိုးလို့ရသေးတယ် .. စိုက်ပျိုးရေးကို အမှီပြုနေရတဲ့နေရာတွေမှာဆို သေလုနီးပါးဖြစ်နေလောက်မယ်လို့မထင်ဘူးလား”
ဝမ်စုဖန်းက သူမရဲ့ ဖိနပ်ကို အမြန်စီးလိုက်ပြီး အပြင်ကို ထွက်သွားလေတယ် :
“ ကျွန်မ ကွေ့ဟွားကို သွားပြောထားလိုက်ဦးမယ်.. အခုက လုပ်စရာတွေမရှိတော့ဘူးဆိုတော့ အစာခြောက်တွေလုပ်ထားမှဖြစ်မယ်.. ဒီနှစ်အတွက် စားနပ်ရိက္ခာအထောက်အပံ့ရောက်လာမဲ့အချိန်ကို အားကိုးလို့ မရလောက်ဘူး “
ကျန်းကျန်းက လွန်ခဲ့တဲ့ ခုနစ်လခန့်ကစပြီး ဒီနေရာကို ရောက်လာခဲ့တာဖြစ်ပြီး ဒီဘက်ရဲ့အချိန်ကာလကို တွက်ချက်နိုင်ခဲ့တယ်။ သူမ 1961 ခုနှစ်ထဲမှာရောက်နေခဲ့တာပဲ။ သူမ သေသချာချာမသိပေမဲ့လည်း အိမ်မှာရှိနေတဲ့ လူကြီးတွေရဲ့ ပြောစရာကို ကြားနေရတယ်လေ။
ကျန်းကျန်း သူမရဲ့လက်ထဲမှ အသီးအနှံတွေကိုအောက်သို့ပြန်ချလိုက်ကာ ပြတင်းပေါက်ဘောင်နားသို့သွားပြီး ခေါင်းကိုအပြင်သို့ထုတ်ကာ လှမ်းကြည့်လိုက်တယ်။
အရှေ့ဘက်အိမ်နဲ့ အနောက်ဘက်အိမ်ကြားမှ နေရာလွတ်မှာ ပြောင်းပင်ပေါက်ပြည့်နေပြီး အိမ်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာတော့ ကန်စွန်းဥပင်တွေကို မြင်တွေ့နိုင်တယ်။ ဒါတွေက ပေရှားမှလူတွေရဲ့အကြိုက်ဆုံး စားစရာတွေပဲ။ အရသာမရှိပေမယ့် ဆာလောင်မှုကိုတော့ အများကြီး ကာကွယ်ပေးနိုင်တယ်။ အိမ်တိုင်းမှာ အိမ်ရှေ့ နဲ့ နောက်ဖေးတွေမှာ အများကြီးစိုက်ကြလေ့ရှိတယ်။
‘တစ်ခုခုတော့ ရအောင်လုပ်သင့်တယ်.. တောင်ပေါ်မှာတုန်းကလိုမျိုး ကြောက်စရာကောင်းလောက်တဲ့အရာမျိုး မဖြစ်စေပဲနဲ့ ဘယ်သူမှ မသိစေလောက်တဲ့ လှုပ်ရှားမှုသေးသေးလောက်ဆိုရင်တော့ အဆင်ပြေလောက်မှာပါ.. ဒါပေမယ့် ငါ့ရဲ့အတိုင်းအတာနဲ့ဆို ကောက်ပဲသီးနှံတွေ ဘယ်လောက်အထိ ထိန်းထားနိုင်မလဲဆိုတာ မသိသေးဘူး’
ကျန်းကျန်းရဲ့ မျက်နှာလေးက သူမရဲ့အသက်အရွယ်နှင့် မလိုက်ဖက်တဲ့ တွေးတောစဥ်းစားမှုတွေကိုပြသလာတယ်။ ကျန်းကျန်း ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြတင်းပေါက်ပေါ်မှ ဆင်းကာ သူ့ရဲ့ကိုယ်ပိုင်အိပ်ယာလေးပေါ်သို့ ပြန်သွားကာ သူမရဲ့ မျက်လုံးတွေကိုပိတ်ပြီး လှဲလျောင်းလိုက်တယ်။
“အိပ်ငိုက်လာပြီလား”
မဒမ်လီက ပျော်ရွှင်စွာနဲ့ သူမရဲ့ဘေးနားမှ စောင်ကိုကျန်းကျန်းဆီကိုခြုံပေးလိုက်တယ်။
“လိမ္မာတဲ့ပေါင်ပေ့ အိပ်တော့နော်”
ကျန်းကျန်း မျက်လုံးတွေမှိတ်ထားလိုက်ပေမယ့် သူမရဲ့အသိစိတ်ကတော့ မြေပြင်တစ်လျှောက် ပြန့်ကျဲသွားပြီး ပိုပိုပြီးဝေးကွာလာခဲ့တယ်...
ကျန်းကျန်း ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ခံစားချက်ကို နောက်တစ်ကြိမ် ထပ်မံခံစားခဲ့ရပြန်တယ်။ ကြည့်ရတာ သူမက ကမ္ဘာမြေကြီးနှင့် ပေါင်းစည်းသွားပုံရပြီး မြေကြီးအတွင်းမှာရှိတဲ့ အပင်အမျိုးမျိုးရဲ့ အမြစ်တွေနှင့် ပင်စည်တွေကို မြင်နေရရုံသာမကပါ မြေကြီးပေါ်မှာရှိတဲ့ အပင်တွေကိုပါ ခံစားခဲ့ရတယ်။
သူမ စိုက်ခင်းတွေ တစ်လျှောက် ဖြတ်လျှောက်သွားခဲ့ပြီး မြေကြီးထဲမှ နစ်မြှုပ်နေတဲ့ ကန်စွန်းဥတွေနှင့် အာလူးတွေက တစ်လုံးကနေ နှစ်လုံး၊ နှစ်လုံးကနေ အစုလိုက်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ကာ ပြောင်းပင်တွေရဲ့အနှံတွေကလည်း မသိမသာဖြင့် နှစ်ဖက်ခွဲထွက်လာခဲ့တယ်။
ခန်ပေါ်မှာ လဲလျောင်းနေတဲ့ ကျန်းကျန်းတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပေမဲ့လည်း သူမရဲ့ အသိစိတ်အာရုံသည်ကတော့ မြေကြီးထဲမှာ ကူးခတ်နေဆဲပဲ။ သူမက တဖြည်းဖြည်းနဲ့ မြစ်ကမ်းနားသို့ရောက်သွားတဲ့အချိန်မှာ ရေထဲမှာ ကူးခတ်နေတဲ့ ငါးတွေကိုရော ကမ်းပေါ်မှာ ငါးမျှားတံကိုကိုင်ရင်း ငါးမျှားနေကြတဲ့ မင်နန်နဲ့ မင်ပေကိုရော တွေ့လိုက်ရတယ်။
ကျန်းကျန်းကတော့ သူမ သွားပေါက်လာပြီးကတည်းက ငါး မစားရသေးတာကိုတွေးမိပြီး ပါးစပ်အတွင်းမှာ သွားရေတွေနဲ့ပြည့်လာရတယ်။
ကမ်းစပ်မှာရှိနေတဲ့ လီမင်နန်နဲ့ လီမင်ပေတို့ရဲ့လက်ထဲမှ ငါးဖမ်းကြိုးတွေက ပြင်းထန်စွာအဆွဲခံလိုက်ရပြီး ညီအစ်ကိုနှစ်ယောက်က ငါးမျှားတံကို အလျင်အမြန်ဆွဲထုတ်ကာ အော်ဟစ်နေခဲ့ကြတယ်။
ကျန်းကျန်းက သူတို့ကိုကြည့်ရင်း ရယ်မောလိုက်မိကာ ရင်းနီးကျွမ်းဝင်နေတဲ့ဟုန်စုန့်တောင်တန်းဘက်သို့ ဆက်ပြီးသွားလိုက်ပြန်တယ်။
အခုအချိန်မှာ တောရိုင်းဟင်းသီးဟင်းရွက်နှင့် မှိုတွေလိုက်ရှာနေကြတဲ့ အမျိုးသမီးသုံးယောက်က ကျောက်တုံးပေါ်မှာထိုင်ရင်း သူတို့ယူလာခဲ့တဲ့ တောရိုင်းဟင်းသီးဟင်းရွက် ဖက်ထုပ်များကို ထုတ်ယူလိုက်ကြပြီး သစ်ပင်တွေမှ ခူးဆွတ်လာခဲ့ကြတဲ့ တစ်ဝက်လောက်သာ ရင့်မှည့်သေးတဲ့အသီးတွေကိုပါ ထုတ်ယူလိုက်ကြတယ်။ ထိုနောက် ဆာလောင်မှုကို ပြေပျောက်စေရန်အတွက်
တောရိုင်းအသီးအနှံကို တစ်ကိုက်ကိုက်လိုက်၊ အသီးအရွက်ဖက်ထုပ်ကို တစ်ကိုက်ကိုက်လိုက်နဲ့ စားသောက်နေခဲ့ကြတယ်။
“ရာသီဥတုတွေကြောင့်ဖြစ်လာရတာပဲ.. ဒီနှစ်မှာ မိုးက သိပ်မရွာဘူးဆိုတော့ မှိုတွေကလည်း နည်းသထက် ပိုနည်းလာနေပြီ”
ရေငတ်ပြေစေရန်အတွက် တောရိုင်း အသီးကို စားနေတဲ့ အမျိုးသမီး တစ်ဦးက ပြောလာတယ်။
“အဆင်မပြေတော့ဘူး
နောက်တစ်ယောက်က ညည်းညူလာတယ်။
“ဒါပေမယ့် ကံကောင်းဖို့ကိုပဲ မျှော်လင့်ရမှာပဲ.. မင်း မှိုတွေများများရှာနိုင်ပြီး အခြောက်ခံနိုင်မယ်ဆိုရင် အနည်းဆုံးတော့ ဆောင်းမှာ စားစရာတစ်ခုခုတော့ ရှိလိမ့်မယ်”
“မှိုတွေက ဘယ်လိုလုပ်ပြီးဆာလောင်မှုကို ဖြေဖျောက်နိုင်မှာလဲ.. ကျွန်မကတော့ အမဲလိုက်တာပိုကောင်းမယ်ထင်တယ်.. ဒီနေ့ လီမူဝူက လောင်လီတို့မိသားစုဆီကနေ အမဲလိုက်သေနတ်ငှားသွားပြီး တောင်ပေါ်ကို တက်သွားတာ တွေ့လိုက်တယ်.. သူတို့မိသားစုက ဘာတွေဖမ်းမိလာနိုင်မလဲမသိဘူး”
ကျန်းကျန်း တောင်အောက်ခြေနားမှ မှိုတွေနှင့် တောရိုင်းဟင်းသီးဟင်းရွက်တွေတော်တော်များများက ခူးဆွတ်ခံထားရတာကိုမြင်တော့ သက်ပြင်းမချပဲမနေနိုင်တော့ဘူး။ သူမရဲ့လက်လေးကို ညင်သာစွာ ညွှန်ပြလိုက်တော့ အစိမ်းရောင်အလင်းလေးတစ်ခုက မြေကြီးထဲသို့ ထိုးဖောက်ဝင်သွားခဲ့တယ်။ ထို့နောက်မှာ လတ်ဆတ်တဲ့ တောရိုင်းဟင်းသီးဟင်းရွက်များနှင့် မှိုတွေက အလျိုလျို ကြီးထွားလာကြလေတယ်။