ငါက ကောင်းကင်အဆင့် ရွှေအမြုတေ ပိုင်ရှင် မဟုတ်ဘူး
Vol. 11 Ch. 1077
“ကြောက်ဖို့ကောင်းလိုက်တာ... ကြောက်ဖို့ ကောင်းလိုက်တာ...”
ရန်ကျင်းမြို့ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ရန်တောင် ရှိရာသို့ လှမ်းကြည့်ကာ ရေရွတ် လိုက်ကြသည်။
ချန်းပေ့ရွှမ်းသည် ရွှေအမြုတေ အဆင့်များကို ကြက်ကလေး ငှက်ကလေး သတ်ဖြတ် သကဲ့သို့ သတ်ပြကာ သူ၏ စွမ်းအားကို သက်သေပြခဲ့သည်။ သို့သော်လည်း ဝူကွေ့၏ စကြဝဠာ ပန်းချီမှာ ထိုထက်ပင် ပို၍ အစွမ်းထက်နေပုံ ပေါ်သည်။ ပန်းချီပေါ်ရှိ ဂြိုဟ်တစ်ခုသည် ရွှေအမြုတေ အဆင့် တစ်ယောက်ကို ကိုယ်စား ပြု၏။ ယခု၌ ဂြိုဟ်ပေါင်း ရာချီ ဖွဲ့စည်းထားရာ ထိုအရာက မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို ခန့်မှန်း၍ ရနိုင်ပေသည်။
ဝူကွေ့ကား ဝူကျိဂိုဏ်း၏ နတ်ဘုရား မင်းသားလောင်း ပီသလွန်း၏။ ဝူကျိဂိုဏ်း၌ သူ့ထက် ပိုအစွမ်းထက်သော ရွှေအမြုတေ အဆင့် မရှိချေ။ သူကား အနာဂတ်၌ နတ်ဘုရား မင်းသား တစ်ယောက် ဖြစ်လာမည်မှာ ကျိန်းသေပေသည်။
“သတ်...”
သို့သော်လည်း ချန်းဖန်မှာမူ ထိုအရာများကို စိတ်ဝင်စားခြင်း မရှိပါချေ။ သူက လက်အား ဓားအသွင် အသုံးပြုရင်း သူနှင့် အနီးဆုံး၌ ရှိနေသော လူငယ် တစ်ယောက်ကို သတ်ဖြတ်လိုက်၏။
“အတင့်ရဲလှချည်လား...”
ဝူကွေ့က အော်ဟစ်လိုက်သည်။ သူ လက်ညိုးကို ညွှန်သည်နှင့် သူ၏ နောက်ရှိ ပန်းချီမှာ တောက်ပလာကာ ချန်းဖန်ထံ အလင်းတန်းများကို ပစ်လွှတ်သည်။
သို့သော်လည်း ချန်းဖန်မှာ သီးခြား စကြဝဠာ တစ်ခု၌ ရပ်တည်နေပုံ ရ၏။ သူက ခြေတစ်လှမ်းတည်းဖြင့် ဝူကွေ့၏ တိုက်ခိုက်မှုကို ရှောင်တိမ်းကာ ငွေရောင် ဆံပင်ပိုင်ရှင် လူငယ် တစ်ယောက် အနားသို့ ရောက်ရှိ သွားသည်။
“မလာနဲ့...”
ထိုလူငယ်မှာလည်း ဝူကျိဂိုဏ်းမှ ဖြစ်သည်။ သူသည် ချက်ချင်းပင် ဓားပျံတစ်ခုကို ကြောက်လန့်တကြား ပစ်လွှတ်လိုက်၏။ ထိုဓားများသည် မရေမတွက်နိုင်သော အလင်းစက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကာ ကြောက်မက်ဖွယ် ဓမ္မ စွမ်းအင်ကို သယ်ဆောင်ထားသည်။ အလင်းစက် တစ်ခုချင်းစီသည်။ ရွှေအမြုတေ အဆင့်ကို ဒဏ်ရာ ရစေနိုင်သလို အတူတကွ စုပေါင်းကာ ဒိုင်းအကာအကွယ် အနေဖြင့်လည်း ဆောင်ရွက်ပေး၏။
သို့သော်လည်း ချန်းဖန်၏ လက်တစ်ချက် အဝှေ့မှာပင် ဓားပျံမှာ ပျောက်ကွယ်သွားသည်။ မည်သည့် နတ်ဘုရား စွမ်းအားကိုမှ မသုံးလျှင်ပင် ချန်းဖန်သည် ရွှေအမြုတေ အဆင့် တစ်ယောက် ကဲ့သို့ အစွမ်းထက်နေသူ ဖြစ်သည်။ သို့ဖြစ်ရာ ထိုရွှေအမြုတေ အဆင့်လေးများမှာ မည်ကဲ့သို့ သူ၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။
“ဘုန်...”
တစ်ခဏ အတွင်းမှာပင် သုံးယောက်မြောက် လူငယ်မှာ အသတ်ခံ လိုက်ရပြန်သည်။
“အား...”
ဝူကွေ့ကား ပေါက်ကွဲ မတတ် ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ လျှို့ဝှက် ကျင့်စဥ် အားလုံးကို အသက်သွင်းကာ ချန်းဖန်ထံ အကြမ်းပတမ်း ပြေးဝင်လာနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ချန်းဖန်သည် သူ၏ တိုက်ခိုက်မှုများကို အသာအယာပင် ရှောင်ရှားကာ အခြား လူငယ်များကို တိုက်ခိုက်လိုက်ပြန်သည်။ ကောင်းကင်၌ ရှိနေသည့် များစွာသော လူငယ် မျိုးဆက်များမှာ တစ်ယောက်ပြီး တစ်ယောက် ပုရွက်ဆိတ်များ သဖွယ် သတ်ဖြတ်ခံနေရ၏။ သူတို့ထဲမှ အနည်းငယ် သာလျှင် ရန်တောင် အစီအရင် အတွင်း ဝင်ပုန်းကာ လွတ်မြောက် သွားခဲ့ကြသည်။
“အမှိုက်တွေ...”
ချန်းဖန်က လက်တစ်ဖက်ကို ခါယမ်းကာ ကောင်းကင်၌ ရှိနေသည့် မူလ အဆင့်နှင့် ရွှေအမြုတေ အဆင့် ဝတ်ပြုဆရာများကို ထပ်မံ သတ်ဖြတ် ပစ်လိုက်၏။
ဝူကွေ့၏ မျက်နှာမှာ ဖြူရော်သွားသည်။ တစ်မိနစ် မပြည့်သေးခင်မှာပင် အထွတ်အမြတ်မြေများ၏ တပည့် တစ်ဝက်ခန့်မှာ သတ်ဖြတ် ခံလိုက်ရပြီ ဖြစ်သည်။ ထိုအရာကား ကြီးမားသော ဆုံးရှုံးမှု ဖြစ်၏။ ဝူကွေ့၏ နှလုံးသားကား သွေးစိမ်းရှင်ရှင်ထွက် နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ အကြီးအကဲများသာ ပြန်ရောက်လာပါ သူ အကြီးအကျယ် အပြစ်ပေးခြင်းကို ခံရတော့မည် ဖြစ်သည်။
“ကောင်စုတ်လေး... ငါ မင်းကို သတ်မယ်... မင်းရဲ့ ဂိုဏ်းရော မင်းရဲ့ မိသားစုရော မင်းရဲ့ ဂြိုဟ်တစ်ခုလုံးကိုရောပါ ငါ အပြစ်ပေးမယ်... လူသားတွေ အားလုံးက ငါ့ကျွန် ဖြစ်စေရမယ်... မိန်းမတွေကို ပြည့်တန်ဆာ လုပ်ခိုင်းမယ်... မင်းနဲ့ ပတ်သက်တဲ့ ဘယ်သူမှ အသက် မရှင်စေရဘူးလို့ ငါကျိန်တယ်”
ဝူကွေ့၏ မျက်လုံးများမှာ မီးဟုန်းဟုန်း တောက်လောင်နေ၏။ ထိုအခိုက်၌ ကမ္ဘာတစ်ခုလုံးရှိ လူများမှာ ကျိန်စာ၏ သက်ရောက်မှုကို ခံစားရသည့် အလား စိတ်မွမ်းကြပ်လာကြသည်။
“ဘာဖြစ်သွားတာလဲ...”
မရေမတွက်နိုင်သော လူများမှာ ကောင်းကင်သို့ မော့ကြည့် လိုက်မိကြသည်။ သူတို့သည် ထူးဆန်းတာ တစ်ခုခု ဖြစ်လာတော့မည်လား သိလိုနေကြ၏။
ထိုအချိန် ရန်တာင်ထိပ်၌...
“ဟမ့်...”
ချန်းဖန်က အေးစက်စက်ပင် နှာခေါင်းရှုံ့ လိုက်သည်။
“ငါ့ကို နိုင်မှ အဲဒီ စကား ဆက်ပြောကွာ... လေကြီးမနေနဲ့”
“ဟမ်...”
ဝူကွေ့၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ တစ်ချိန်တည်း၌ နောက်ရှိ ပန်းချီမှာ ပိုမို၍ တောက်ပလာသည်။
“ချန်းပေ့ရွှမ်း... မင်းကလည်း ထျန်းဟောင်ဂြိုဟ်မှာ ကောင်းကင် ရွှေအမြုတေကို ဖွဲ့စည်း လာနိုင်တယ် လို့ ငါကြားတယ်... ဒါပေမဲ့ ကောင်းကင် ရွှေအမြုတေမှ အလွှာကိုးခု ရှိတယ် ဆိုတာရော မင်းသိလား... မင်းရဲ့ အမြုတေလောက်နဲ့ ငါ့ကို ယှဥ်နိုင်မယ် ထင်မနေနဲ့... ငါဒီနေ့ မင်းကို သတ်ပြီး အရှေ့ဂြိုဟ် တစ်ခုလုံးကို သတိပေးမယ်”
ထို့နောက် ဝူကွေ့က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။
“ကလန့်...”
ဝူကျိ စကြဝဠာ ပန်းချီသည် တောင်များကို လှဲဖြိုနိုင်သည့် အလင်း တစ်ခုကို ထုတ်လွှတ်လေ၏။ ထိုအလင်းသည် အတားအဆီး အားလုံးကို ဖြတ်သန်းကာ ချန်းဖန်ထံ တိုးဝင်သွား၏။
လူတိုင်းသည် ထိုတိုက်ခိုက်မှုကို ကြည့်ကာ မြေပြင်ပေါ် လဲပြိုကုန်ကြ၏။ ထိုအရာကား အခြေတည် ဝိညာဥ် အဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သည့် တိုက်ခိုက်မှု ဖြစ်သည်။ ထိုတိုက်ခိုက်မှုနှင့် နှိုင်းယှဥ်ရပါက သွေးမျိုးဆက် ဘိုးဘေး ပင်လျှင် သတ်ဖြတ် ခံရနိုင်သည်။
“အဲဒါက ကောင်းကင် ရွှေအမြုတေရဲ့ အစစ်အမှန် စွမ်းအားလား...”
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ရေရွတ် လိုက်မိကြသည်။
ထိုနတ်ဘုရား စွမ်းအား၏ ရှေ့မှောက်၌ အခြား ဓမ္မ ရတနာများ၊ နတ်ဘုရား စွမ်းအားများ၊ တာအို ခန္ဓာများမှာ ဘာမှ မဟုတ်တော့ချေ။ ထိုအရာကား ရွှေအမြုတေ အဆင့် မဆိုထားနှင့် အခြေတည် ဝိညာဥ် အဆင့်ကိုပင် သတ်ဖြတ်နိုင်သည့် တိုက်ခိုက်မှု ဖြစ်ပေသည်။
“ချန်းပေ့ရွှမ်း ခုခံနိုင်ပါ့မလား...”
မရေမတွက်နိုင်သော လူများမှာ ချန်းဖန်ကို စိုးရိမ်စွာ ကြည့်လိုက်မိကြသည်။ ထိုအခိုက်၌ သူတို့ကား အသက်ပင် မရှူဝံ့ကြတော့ချေ။
သို့သော်လည်း ကာယကံရှင် ဖြစ်သော ချန်းဖန်မှာမူ အပြုံး မပျက် ရှိနေဆဲ ဖြစ်သည်။ သူက အေးဆေးစွာပင် လက်တစ်ဖက်ကို ခါယမ်းလိုက်၏။
“ဝှစ်...”
ထိုအရာကား ရိုးရှင်းလွန်းသည့် တိုက်ခိုက်မှု ဖြစ်သည်။ သာမန် လူတစ်ယောက် ပင်လျှင် ပြုလုပ်နိုင်သည့် အခြေခံ တိုက်ခိုက်မှု တစ်ခု ဖြစ်၏။
“ဝှစ်...”
သုံးလက်မခန့်ရှိသည့် ရွှေရောင် ဓားအလင်း ဖျော့ဖျော့ တစ်ခုသည် ကောင်းကင်၌ လင်းလက်လာသည်။ ၎င်းသည် ပျင်းရိပျင်းတွဲပင် အရာအားလုံးကို ကျော်ဖြတ်ကာ “ဝူကျိ စကြဝဠာ ပန်းချီ” ကို ထက်ပိုင်းဖြတ်သွားသည်။
အရာအားလုံးကား ချောမွေ့စွာပင် ပြီးဆုံးသွားခြင်း ဖြစ်သည်။
“ဖူး...”
နတ်ဘုရား မင်းသားလောင်း ဝူကွေ့မှာ သွေးတစ်လုတ် အန်ကာ ရန်တောင်ထိပ်ပေါ်သို့ ခွေးကျဝက်ကျ ပြုတ်ကျသွား၏။ သူ၏ ကောင်းကင် အဆင့် ရွှေအမြုတေကား စတင် အက်ကွဲ နေခဲ့ပြီ ဖြစ်သည်။ သူကား ဘဝ တစ်လျှောက်လုံး၌ ယခုကဲ့သို့ တစ်ကြိမ်မျှ ရုပ်ပျက်ဆင်းပျက် မရှုံးနိမ့်ခဲ့ဖူးချေ။
“ချန်းပေ့ရွှမ်း နိုင်သွားတာလား...”
ထိုအခိုက်၌ ရန်ကျင်းမြို့မှ ကျင့်ကြံသူများနှင့် ရန်တောင်ထိပ်မှ တပည့်များ အပါအဝင် မရေမတွက်နိုင်သော လူများမှာ ဆွံ့အ နေကြလေ၏။
ချန်းဖန်မှာမူ အေးဆေးစွာပင် ကောင်းကင်၌ လက်နှစ်ဖက်ကို နောက်ပစ်ကာ လွင့်မြောနေဆဲ ဖြစ်သည်။
“မင်းက ငါကို ကောင်းကင်အဆင့် ရွှေအမြုတေ ရှိတယ် ထင်နေတာလား... မဟုတ်ဘူးကွ”
***