← Chapters

Chapter 28

Vol. 3 Ch. 28

Chapter 28

Vol. 3 Ch. 28

မဒမ်လီက တံခါးကိုသော့ခတ်လိုက်ပြီး သူမရဲ့အဝတ်အစားတွေကို ဆွဲဆန့်ကာ ထပ်မံညွှန်ကြားလိုက်ပြန်တယ်။

“ငါတို့ရဲ့အိမ်က အသားတွေကို သံပုံးတွေနဲ့ ရေလှောင်ကန်ကြီးထဲမှာ အေးခဲထားခဲ့တယ်.. နောက်ပြီး ခြံအနောက်ဘက်မှာလည်း ပြောင်းနှံတွေကို ပုံထားသေးတယ်.. ဒီတော့ မင်းတို့နှစ်ယောက် ဘယ်ကိုမှ ထွက်သွားနေဖို့ မတွေးနဲ့ .. တံခါးကို သော့ခတ်ထား .. ပစ္စည်းတွေကို ဘယ်သူ့ကိုမှ မထိစေနဲ့”

လီမင်ပေရဲ့ပါးစပ်က ဝက်ဆီဖတ်နဲ့ပြည့်နေပြီး သူက ခေါင်းကို မော့မကြည့်လာခဲ့ပဲ လက်ကိုဝှေ့ယမ်းကာ ပြောလာတယ်။

“စိတ်မပူပါနဲ့ အဖွား.. ကျွန်တော့်ရဲ့(ပန်းကန်ထဲက)အသားတွေကို ပျောက်သွားမယ်ဆိုရင်တောင် အဲဒါကိုတော့ မပျောက်သွားစေရဘူး!”

မဒမ်လီက ချက်ချင်းပဲ ကျေနပ်သွားရတယ်။

“ကောင်းပြီ.. သေသေချာချာ ကြည့်ထား”

အပြင်ဘက်မှာတော့ လီမူဝူက လှည်းကို အဆင်သင့်လုပ်ထားပြီးနေပြီ။ ဝမ်စုဖန်းက ရှေ့ဖက်ခန်းထဲမှ ကျန်းကျန်း၊ ရေနွေးအိုး ၊ စောင်တစ်ထည် နှင့် တောရိုင်းအသီးအနှံ အိတ်လေးတစ်ထုပ်တို့ကို ကိုင်ပြီးထွက်လာခဲ့တယ်။ မဒမ်လီက ထိုလှုပ်ရှားသံကိုကြားတော့ သူမရဲ့ အနီးကို အလျှင်အမြန်ပြေးသွားလိုက်ပြီး ပစ္စည်းတွေကို လက်လွှဲယူလိုက်တယ်။

“ဒါတွေကို ငါ သယ်ပေးမယ်.. မင်း ကျန်းကျန်းကိုသာ သေသေချာချာလေးချီထား.. သူမကို မပြုတ်ကျစေနဲ့ဦး”

မဒမ်လီက တံခါးပေါက်နားဆီသို့ သွက်လက်ဖြတ်လတ်စွာနဲ့ လျှောက်သွားခဲ့ပြီး အနောက်ဘက်သို့လှည့်ကာ တံခါးပြန်ပိတ်လိုက်ပြီး အတွင်းပိုင်းကိုလည်း မမေ့မလျော့နဲ့ အော်ခဲ့သေးတယ်။

“အပြင်ကိုထွက်လာပြီး တံခါးလော့ပြန်ချလိုက်ကြဦး”

လီမင်နန်က ပန်းကန်လုံးကို လက်ထဲမှချလိုက်ပြီး အလျှင်အမြန်ထွက်လာခဲ့တယ်။ မဒမ်လီက သူ့ကို စကားအနည်းငယ်ထပ်ပြောချင်နေသေးသော်လည်း လီမင်နန်က တံခါးကို လက်နှစ်ဖက်ကိုတစ်ပြိုင်တည်းဆွဲပြီး ပိတ်ချသွားလေတယ်။

“ဒီညစ်ပတ်တဲ့ကောင်လေးကတော့ စကားကိုဆုံးအောင်နားမထောင်ပြန်ဘူး”

မဒမ်လီက တီးတိုးရေရွတ်ရင်း သူမရဲ့ခြေထောက်တိုတိုလေးတွေဖြင့် လှည်းဆီကိုလျှောက်သွားလိုက်ပြီး လီမူဝူရဲ့အကူအညီကိုယူကာ လှည်းဆီကိုတက်လိုက်တယ်။

ကျန်းကျန်းအနေနဲ့ သူမ ကြီးပြင်းလာချိန်မှာ ပထမဆုံးအကြိမ်အဖြစ် အခုလိုမျိုးအပြင်သို့အလည်အပတ်ထွက်ခွင့်ရရှိခဲ့တာ။ သူမက ဝမ်စုဖန်းရဲ့ ရင်ခွင်ထဲမှာထိုင်ပြီး စပ်စုလိုစိတ်တွေပြည့်နေတဲ့မျက်လုံးတစ်စုံဖြင့် ပတ်ဝန်းကျင်ရှုခင်းတွေကို လိုက်ကြည့်နေခဲ့ကြတယ်။

သူမက အတိတ်ဘဝမှာတုန်းက မြို့ပြမှာပဲ ကြီးပြင်းခဲ့ရပြီး ဖိအားဒဏ်ခံနိုင်ရည်ရှိတဲ့ ကွန်ကရစ်တွေဖြင့် ဆောက်လုပ်ထားတဲ့ အထပ်မြင့်အဆောက်အအုံတွေကိုသာ မြင်တွေ့ဖူးခဲ့တယ်။ သူမအနေနဲ့ တစ်ခါတစ်ရံမှာ လယ်တောအိမ်တချို့ ဒါမှမဟုတ် လှပတဲ့ကျေးလက်အိမ်တစ်ချို့ကို ကျေးလက်ခရီးသွားလုပ်ငန်းတွေရဲ့အစီအစဥ်တွေနဲ့ သွားလေ့ရှိတယ်။ အတန်းလိုက်စီတန်းဆောက်လုပ်ထားတဲ့ သပ်ရပ်သော အိမ်တန်းတွေနဲ့ ကျယ်ဝန်းတဲ့ နိုင်လွန်ကတ္တရာနဲ့ခင်းကျင်းထားတဲ့လမ်းတွေကိုလည်းမြင်ဖူးခဲ့တယ်။ သို့ပေမယ့် ဒီလိုမျိုး စစ်မှန်တဲ့ ကျေးလက်မြင်ကွင်းမျိုးကိုတော့ သူမ ပထမဆုံးအကြိမ်မြင်တွေ့ခဲ့ဖူးတာပဲ။

လှည်းက ကျဥ်းမြောင်းတဲ့လမ်းမတစ်လျှောက်မောင်းနှင်နေခဲ့ပြီး လမ်းရဲ့တစ်ဖက်ခြမ်းမှာတော့ ထင်းရှူးနီပင်တွေက အဆက်မပြတ်စီတန်းပေါက်ရောက်နေခဲ့ပြီး ကျန်ရှိတဲ့ လမ်းတစ်ဖက်မှာတော့ မြေသားနဲ့ဆောက်လုပ်ထားတဲ့အိမ်တွေက ပြန့်ကျဲလျှက်ရှိနေခဲ့တယ်။ အိမ်ရဲ့ ခြံတံခါးတွေကလည်း သံသယမရှိဖွင့်ထားကြပြီး တချို့ကတော့ တောင်းတွေကိုသယ်ဆောင်ကာ ထွက်လာနေကြတာကိုတွေ့နေရတယ်။ သူတို့တွေကအလျှင်အမြန်သွားလာနေကြပြီး ကြည့်ရတာ တောင်ပေါ်သို့ သွားကြမဲ့ပုံရတယ်။

သူတို့တွေ သွားရင်းနဲ့ ပိုပိုပြီး ဝေးကွာလာခဲ့ကြပြီး အိမ်လေးတွေကလည်း မြင်ကွင်းမှ ပျောက်ကွယ်လာခဲ့ကာ လှည်းလေးက လမ်းချိုးတစ်ခုဆီကိုကွေ့သွားခဲ့ပြီး ရှည်လျားပြီးကျဥ်းမြောင်းတဲ့ သစ်တောလမ်းလေးဆီသို့ရောက်ရှိလာခဲ့တယ်။ ရှုခင်းတွေကလည်း မတိုင်ခင်ကလို ဘယ်ညာနှစ်ဖက် ခွဲပြီးမရှိတော့ပါပဲ နှစ်ဖက်လုံးမှာ မြင့်မားတဲ့ သစ်ပင်ကြီးတွေသာ ကျန်ရှိနေတော့တယ်။

သို့ပေမဲ့ သစ်ပင်တွေပဲ ရှိနေမယ်ဆိုရင်တောင် ကျန်းကျန်းက စိတ်ဝင်တစားနဲ့ ကြည့်နေတုန်းပဲ။ သူမရဲ့ အတိတ်ဘဝတုန်းက သစ်ပင်တွေအကြောင်းကိုလေ့လာခြင်းမရှိခဲ့ပေမဲ့ အခုချိန်မှာတော့ သစ်ပင်ကိုကြည့်လိုက်ရုံဖြင့် ဘယ်လိုမျိုးစိတ်မျိုးလဲဆိုတာကို သိရှိနေခဲ့တယ်။

အနီရောင်ထင်းရှူးတွေ၊ ထင်းရှူးဖြူ၊ ဘုဇပတ်ပင်၊ သစ်ပွပင်နဲ့ ပေါ့ပလာပင်တွေ ၊ နောက်ထပ်မိုးမခပင်တွေက ရောနှောစွာပေါက်ရောက်နေခဲ့ကြပြီး ကြီးကျယ်ခမ်းနားတဲ့ သစ်တောပင်လယ်ကြီးကို အတူတကွ ဖွဲ့စည်းထားခဲ့ကြတယ်။

ကျန်းကျန်းက သစ်တောထဲမှာ နေရတဲ့ခံစားချက်ကို အနှစ်သက်ဆုံးဖြစ်နေခဲ့ပြီး သူမ အသက်ရှုလိုက်တိုင်းမှာ အပင်အမျိုးမျိုးဆီမှ ထုတ်လွှတ်လာတဲ့ သန်စွမ်းတက်ကြွမှုတွေကို သူမ ခံစားနိုင်နေခဲ့တယ်။

ကျန်းကျန်း ဝမ်စုဖန်းရဲ့ရင်ခွင်ထဲမှာ လမ်းရဲ့ ဘယ်နဲ့ညာနှစ်ဖက်လုံးကို ဟိုဖက်ဒီဖက်လှည့်ကြည့်နေခဲ့ကာ တစ်ခါတစ်ရံမှာ သူမရဲ့အနောက်ဖက်မှာကျန်ရစ်ခဲ့တဲ့ သစ်ပင်တွေဆီကိုပါ နောက်ပြန်လှည့်ကြည့်နေခဲ့တယ်။

ကျန်းကျန်းရဲ့ ထူးခြားတဲ့စွမ်းရည်အကြောင်းကို သိရှိထားတဲ့ မဒမ်လီနဲ့ ဝမ်စုဖန်းတို့ကတော့ သူမ တစ်စုံတစ်ခု အမှားလုပ်လိုက်မှာကို ကြောက်လန့်နေခဲ့ကြတယ်။ ဝမ်စုဖန်းက ကျန်းကျန်းရဲ့လက်လေးကိုဆုတ်ကိုင်ထားပြီး ချော့မော့နေခဲ့တယ်။

“လိမ္မာတဲ့ကလေးလေး.. တစ်စုံတစ်ယောက်က ဒီအနားကဖြတ်သွားနိုင်တဲ့အတွက် အကိုင်းတွေကို လေပေါ်မှာပျံဝဲနေအောင်မလုပ်ရဘူးနော်ဟုတ်ပြီလား”

မဒမ်လီသည်လည်း ရေဆေးထားတဲ့ တောရိုင်းအသီးအနှံတွေကို ထုတ်ယူလိုက်ပြီး ကျန်းကျန်းဆီကိုပေးလိုက်တယ်။

“ပေါင်ပေါင်း အဖွားက မင်းအတွက်အသီးအနှံတွေ ယူလာခဲ့တယ်.. ဒါကိုစားနေလိုက်နော်.. နောက်ပြီး ဒါမျိုးတွေက ဆောင်းဦးအချိန်တွေမှာပဲ ရတတ်တာနော် “

ကျန်းကျန်းက ဘလူးဘယ်ရီသီးတစ်လုံးကိုယူပြီး သူမရဲ့ ပါးစပ်ထဲသို့ထည့်ကာ မဒမ်လီကို ချစ်စရာကောင်းစွာပြုံးပြလိုက်တယ်။

မဒမ်လီကတော့ သူမရဲ့ မြေးမလေးက ချိုသာစွာ ပြုံးပြနေတာကိုမြင်လိုက်ရတော့ မရယ်မောပဲမနေနိုင်တော့ဘူး။

“ငါ့ရဲ့ပေါင်ပေ့က အရမ်းတော်တာပဲ.. သူမက အသက်ကြီးလာလေလေပိုပြီးလှပလာလေလေဖြစ်လောက်တယ်.. သူမရဲ့မျက်လုံးတွေထဲမှာ ကောင်းချီးတွေရှိနေတယ်”

“ကောင်းချီးတွေကိုလက်ခံထားရတာဖြစ်နိုင်တယ်”

ဝမ်စုဖန်းက သဘောတူလိုက်ပြီး သူမရဲ့လေသံကိုလျှော့ချကာ မဒမ်လီရဲ့နားရွက်နားကို တိုးကပ်ပြီး ပြောလိုက်တယ်။

“ကျန်းကျန်းရဲ့စွမ်းအားနဲ့ဆိုရင် ဘယ်တော့မှ ဗိုက်ဆာနေရမှာမဟုတ်ဘူး”

မဒမ်လီက ခေါင်းညိတ်လိုက်ပေမဲ့ ဝမ်စုဖန်းကို ထပ်ပြီးသတိပေးလိုက်တယ်။

“ဒီကိစ္စကို အပြင်ဘက်ကိုမပေါက်ကြားစေနဲ့.. ကျန်းကျန်း အသက်ကြီးလာပြီး စကားလုံးတွေကို နားလည်နိုင်တဲ့အချိန်ကျမှ ဘုရားရှင်ရဲ့ ညွှန်ကြားချက်တွေကို သူမ သိလာလိမ့်မယ်.. အတိတ်တုန်းက ကောက်ပဲသီးနှံတွေရဲ့နတ်ဘုရားဆီက ကောင်းချီးပေးခံရလို့ တခြားလူတွေမနာလိုဖြစ်တာကိုခံခဲ့ရတဲ့လူတွေလည်းရှိခဲ့ဖူးတယ်လေ”

“စိတ်မပူပါနဲ့ အမေ.. ကျန်းကျန်းက ကျွန်မရဲ့သမီးပါ.. ကျွန်မ သူ့ကို မချစ်ပဲနေပါ့မလား”

ဝမ်စုဖန်းက သူမကို အလျင်အမြန်အာမခံပေးလိုက်ပြီး အနည်းငယ် စိတ်ပူစွာနဲ့ပြောလိုက်တယ်။

“အမေ .. ဒီအချိန်မှာ တောရိုင်း အသီးအနှံတွေက မမှည့်သေးပေမဲ့လည်း တောင်တွေနဲ့စိုက်ခင်းနေရာတွေမှာ အများကြီး နေတတ်သေးတယ်လေ.. ဒါကြောင့် ဘယ်သူကမှ ဒါကို တွေးမိကြမှာမဟုတ်ဘူး ဒါပေမယ့် တကယ်လို့ ကျန်းကျန်းက ဆောင်းရာသီအတွင်းမှာ အသီးအနှံတွေစားချင်ပြီး ထပ်လုပ်လိုက်မိမယ်ဆိုရင် ဘယ်လိုလုပ်မလဲ”

မဒမ်လီသည်လည်း အနည်းငယ်စိုးရိမ်နေခဲ့တယ်။

“ငါတို့တွေ ဆောင်းရာသီမှာ သူမစားဖို့အတွက် ဘလူးဘယ်ရီသီးအခြောက်တွေနဲ့ ချယ်ရီသီးယိုလေးတွေ လုပ်ထားရမယ်.. သစ်တော်သီးတွေနဲ့ တည်သီးတွေလည်းအေးခဲထားရမယ်.. သူမက ထင်းရှူးစေ့နဲ့ သစ်အယ်စေ့တွေကိုလည်းကြိုက်တယ်လေ.. အဲတော့ အဲဒါတွေနဲ့ချော့မော့ထားရမယ်”

ကျန်းကျန်းတစ်ယောက် ဝမ်စုဖန်းရဲ့ပေါင်ပေါ်မှာထိုင်ရင်း သူမရဲ့မျက်နှာလေးကတော့ အနည်းငယ် လှုပ်ခတ်နေခဲ့တယ်။

ထိုအချိန်တုန်းက အနီးအနားမှာ အပြင်လူတွေမရှိတာကို မြင်ခဲ့တဲ့အတွက် သူမရဲ့ စူးစမ်းချင်စိတ်ကို မထိန်းထားနိုင်ပဲ လုပ်ကြည့်ခဲ့တာ။ ထိုကိစ္စအတွက် သူမရဲ့ မိသားစုမှ လူကြီးတွေက ဒီလောက်ထိစိုးရိမ်နေရလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့မိဘူး။

သူမပြတင်းပေါက်မှတဆင့် တံစက်မြိတ်အောက်သို့ ပစ်ချလိုက်တဲ့ တောရိုင်းအသီးအနှံပေါင်းစုံရဲ့ မျိုးစေ့တွေကို တွေးရင်း ကျန်းကျန်း နှလုံးသားထဲကနေ တခစ်ခစ် ရယ်မောလိုက်မိတယ်။ ထိုအချိန်တုန်းက သူမက အသီးတွေကို တစ်လုံးချင်းစီ ကြီးထွားရင့်မှည့်စေခဲ့ပြီး ထိုတစ်လုံးကိုစားပြီး မှ နောက်ထပ်တစ်လုံးကို ကြီးထွားစေခဲ့တာကြောင့် ဘယ်သူကမှ ရှာမတွေ့ခဲ့ကြဘူး။

လမ်းတလျှောက် စကားပြောရင်းနဲ့ လှည်းကို တစ်နာရီလောက် မောင်းနှင်လာခဲ့ပြီးကျော်လာနိုင်ခဲ့ပြီ။ မကြာခင်မှာပဲ အဝေးမှာရှိနေတဲ့ မြေအနိမ့်ပိုင်းမှ သစ်သားအိမ်တွေကို လှမ်းမြင်လာခဲ့ရတယ်။

ကျန်းကျန်းက မဒမ်လီယူလာခဲ့တဲ့ နောက်ဆုံးသော ဆောင်းချယ်ရီသီးကို သူမရဲ့ပါးစပ်ထဲသို့ထည့်လိုက်ပြီး လက်နှစ်ဘက်လုံးကို မဒမ်လီဆီသို့ဆန့်ပေးကာ မပီကလာသံလေနဲ့ပြောလိုက်တယ်။

“ ဆေး..”

“ဒီကလေးက တကယ်ကို အသန့်ကြိုက်တာပဲ”

မဒမ်လီက ရယ်မောရင်း ပြောလာပြီး ကျန်းကျန်းအတွက်သယ်လာပေးတဲ့အိတ်ထဲမှ လက်ကိုင်ပုဝါလေးကို ထုတ်ယူလိုက်ပြီး ရေနွေးအိုးထဲမှ ရေအနည်းငယ်ကို ထိုလက်ကိုင်ပုဝါပေါ်သို့ လောင်းချလိုက်ကာ သူမလေးရဲ့လက်နှင့်မျက်နှာတို့ကို ဆေးကြောပေးလိုက်တယ်။

“ဖန်းဇီ ပြန်လာတာလား”

မြည်းလှည်းမောင်းတဲ့ အဘိုးကြီးတစ်ယောက် သူ့တို့ရဲ့နောက်မှ လိုက်ပါလာရင်း နှုတ်ဆက်လာခဲ့ပြီးလီမူဝူက သူ့ရဲ့လှည်းကို ဘေးဘက်သို့ အမြန်ကပ်ပေးလိုက်ပြီး မြည်းလှည်းကို အရင်သွားစေခဲ့တယ်။

“ ဟုတ်တယ် ဦးလေးကျူး ..ထင်းဆွဲနေတာလား”

ဝန်စုဖန်းက သွက်လက်စွာ ပြန်ဖြေလိုက်တယ်။

“အင်း.. ငါ မင်းနဲ့ စကားပြောမနေတော့ဘူး.. မင်းရဲ့အိမ်ကို မြန်မြန်ပြန်လိုက်လေ.. ဟိုတလောက မင်းရဲ့ အဒေါ်ကျူးက မင်းအမေ မင်းအကြောင်းကိုပြောနေတာကို ကြားခဲ့သေးတယ်တဲ့”

အဘိုးအိုက မြည်းလှည်းကို တောင်ခြေရင်းသို့ မောင်းသွားရင်း လှမ်းပြောလာတယ်။

အဲဒီအကြောင်းကိုပြောရမယ်ဆိုရင် ဝမ်စုဖန်းက ကိုယ်ဝန်ရှိစကတည်းက သူမရဲ့အမေရဲ့အိမ်ကို မပြန်နိုင်ခဲ့ဘူး။ မွေးဖွားပြီးချိန်မှာလည်း အိမ်ရဲ့အကြောင်းကိုပြောဖို့အတွက်တောင် အလှုပ်ရှုပ်နေခဲ့ရပြီး ထိုအလုပ်တွေကိုလုပ်ရင်း အိမ်ပြန်မဲ့အကြောင်းတွေကို မတွေးနိုင်ခဲ့ဘူး။

အခု အမှန်တကယ် အိမ်ကိုပြန်ရောက်တဲ့အချိန်မှာတော့ ရင်းနှီးကျွမ်းဝင်လှတဲ့မြက်ပင်တွေနှင့် သစ်ပင်တွေ၊ နွေးထွေးလွန်းလှတဲ့ အိမ်နီးနားချင်းများနှင့် ရွာသူရွာသားတွေကိုကြည့်ကာ ချက်ချင်းပဲ စိတ်လှုပ်ရှားလာခဲ့ရတယ်။

ဒါကြောင့် သူမ တက်ကြွစွာနဲ့ ကျန်းကျန်း နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ သူမကို အဆက်မပြတ် မိတ်ဆက်ပေးနေခဲ့တယ်။

“ကျန်းကျန်း ..မင်း အဲဒီနေရာကို မြင်လား.. ဒါက ချင်းစုန့် သစ်တောရဲ့ စီမံခန့်ခွဲရေးရုံးလေ.. ပြီးတော့ အဖွားရဲ့အိမ်ကလည်း အဲဒီဘက်မှာရှိတယ်”

ကျန်းကျန်းက ခေါင်းကိုအားရပါးရညိတ်ပြလိုက်တယ်။ သူမရဲ့အမူအယာလေးကြောင့် ဝမ်စုဖန်း သူမကို နမ်းရှုံ့လိုက်မိပြန်တယ်။

“ငါတို့ရဲ့ပေါင်ပေ့က ထက်မြက်ပြီး အရာအားလုံးကို နားလည်နိုင်တာပဲ”

All Chapters