← Chapters

Chapter 29

Vol. 3 Ch. 29

Chapter 29

Vol. 3 Ch. 29

မဒမ်လီနှင့် ဝမ်စုဖန်းတို့ လှည်းပေါ်မှ ဆင်းပြီးတဲ့နောက် လီမူဝူက လှည်းကို ခြံဝန်းအတွင်းမှ နေရာလွတ်ဆီသို့ မောင်းနှင်သွားခဲ့ပြီး ကြိုးနှင့်ချည်ထားလိုက်တယ်။

ချင်းစုန့် သစ်တောစီမံခန့်ခွဲရေးရုံးအတွင်းပိုင်းမှာ နေထိုင်ကြတဲ့လူတွေက အခြေခံအားဖြင့် သစ်ဆွဲခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြတာကြောင့် အိမ်တစ်အိမ်ချင်းစီက ကျယ်ဝန်းသောနေရာလွတ်ဧရိယာတွေရှိပြီး မြင်းများနှင့်မြည်းများချည်နှောင်ရန်အတွက် အထူးအသုံးပြုတဲ့ သစ်သားတိုင်ကြီးတွေ ရှိတတ်တယ်။

မြင်းကို ကြိုးချည်ပြီးနောက် လီမူဝူက တောဝက်သားတွေပါရှိတဲ့ တောင်းကို ထုတ်ယူလိုက်တယ်။

ဟဲတုန်မေ့နဲ့ ဝမ်စုဖန်းတို့ကတော့ စကားတစ်ပြောပြောနဲ့ အိမ်ထဲကိုဝင်လာကြတယ်။ ရင်ခွင်ထဲမှာ ဖြူဖွေးနုပျိုသော မိန်းကလေးကို ပွေ့ချီထားတဲ့ ဝမ်စုဖန်းကိုကြည့်ပြီး ဟဲတုန်မေ့က မေးလာခဲ့တယ်။

“ဒါက မနှစ်တုန်းက ဆယ့်နှစ်လပိုင်းမှာ မင်းမွေးခဲ့တဲ့ မိန်းကလေးလား? မင်း သူမကို နာမည်ပေးထားပြီးပြီလား”

“ပေးထားပြီးပြီ.. နာမည်အရင်းက လီမင်ကျန်း.. အိမ်နာမည်ကတော့ ကျန်းကျန်းတဲ့”

ဝမ်စုဖန်းက အပြုံးလေးနဲ့ပြောလိုက်တယ်။

“ကျန်းကျန်း...”

ဟဲတုန်မေ့ သူမရဲ့လျှာကို အသာခေါက်လိုက်တယ်။

“သိပ်မရင်းနီးတဲ့ ထူးခြားတဲ့အသံမျိုးပဲ”

“ အဲဒီနာမည်က သူမရဲ့ အကြီးဆုံးအစ်ကိုပေးထားခဲ့တာလေ.. မြက်နဲ့သစ်ပင်တွေက ကြီးပွားတိုးတက်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးတဲ့.. ကျွန်မရဲ့ ယောက္ခမကလည်း ဒီနာမည်က အလွယ်တကူထောက်ပံ့ပေးနိုင်တယ်ဆိုတဲ့အကြောင်းကိုကြားတော့ အဲဒီနာမည်ကိုပဲ ခေါ်တော့တာ”

ဝမ်စုဖန်းက သူမရဲ့ လက်မောင်းထဲမှ ကျန်းကျန်းကို အသာထိကာ ဟဲတုန်မေ့ဆီသို့ ညွှန်ပြလိုက်တယ်။

“ပေါင်ပေ့ .. ဒါက မင်းရဲ့အန်တီလေ”

ကျန်းကျန်းက သူမရဲ့သွားပေါက်စလေးနှစ်ချောင်းကို ဖော်ပြလာပြီး ချိုမြန်စွာပြုံးပြလာတာကြောင့် ဟဲတုန်မေ့ ရယ်မောလိုက်မိတယ်။

“သူမက လူစိမ်းတွေကို မကြောက်တတ်ဘူးပဲ.. စုဖန်း မင်းက ကလေးနဲ့ဆိုတော့ အိမ်ထဲကိုမြန်မြန်ဝင်လိုက်လေ.. ငါ မင်းအတွက် ရေထည့်ပေးဦးမယ်”

သူမက မီးဖိုချောင်ထဲသို့ အမြန်ဝင်သွားကာ သကြားရည်သုံးခွက်ဖျော်လိုက်ပြီး မဒမ်လီနဲ့ ဝမ်စုဖန်းတို့ကိုပေးလိုက်တယ်။

မဒမ်ဝမ်က သူမရဲ့လက်ပေါ်မှာ ရွံ့တွေပေနေတုန်းပဲဖြစ်တာကြောင့် စကားအနည်းငယ်ပြောပြီးတာနဲ့ သူမရဲ့လက်တွေကိုဆေးကြောဖို့ အနောက်ဖက်ခန်းဆီသို့ထွက်သွားခဲ့တယ်။

သူမ ခေါင်းမော့ကြည့်လိုက်ချိန်မှာ လီမူဝူက ခြင်းတောင်းတစ်ခုနှင့် ဝင်လာတာကို တွေ့လိုက်ရပြီး ထိုခြင်းတောင်းရဲ့အလေးချိန်က သိပ်ပြီးပေါ့ပါးနေမှာမဟုတ်ကြောင်း တွေ့လိုက်ရတာကြောင့် သူမက ပေါ့ပေါ့ပါးပါး လှမ်းမေးလိုက်တယ်။

“လာ လာ.. မင်းတို့ ဘာတွေယူလာကြသေးတာလဲ.. ဘာလို့ အပိုပစ္စည်းတွေ ယူလာနေကြတာလဲ”

လီမူဝူက ရိုးသားစွာပြုံးပြီးပြောလိုက်တယ်။

“မနေ့တုန်းက ကျွန်တော် တောင်ပေါ်သွားပြီး တောဝက်တစ်ကောင်ကို အမဲလိုက်နိုင်ခဲ့လို့ အမေတို့အတွက် မင်းကို ဝက်သားတွေယူလာပေးတာ”

“တောဝက်လား?”

အဖွားဝမ်က အံ့အားဝမ်းသာသွားရပြီး ခြင်းတောင်းအနီးကို အလျှင်အမြန် လျှောက်လာခဲ့ကာ ခြင်းအပေါ်မှာ အုပ်ထားတဲ့ သစ်ရွက်တွေကို ဖယ်ရှားကြည့်လိုက်တော့ အတွင်းဖက်မှာ ကြီးမားတဲ့ဝက်ဗိုက်သားတစ်ပိုင်းကို တွေ့လိုက်ရတယ်။ အလေးချိန်က ကီလိုဂရမ် 30 မှ 40 လောက်အထိ ရှိနေတာကိုမြင်တော့ သူမရုတ်တရက်ရယ်မောလာခဲ့ပြီး ပါးစပ်ကိုတောင် မပိတ်နိုင်ဘဲ ပြန်ပြောလာတယ်။

“မင်းဘာလို့ အသားတွေ အများကြီး ယူလာတာလဲ.. မင်းတို့ သိမ်းထားပြီး စားလို့ရတယ်လေ”

“ကျွန်တော်တို့အိမ်မှာရှိသေးတယ်.. ဒါအမေ့အတွက်ပါ”

လီမူဝူက သူ့ရဲ့လက်တွေကို ပွတ်ရင်း ခြင်းတောင်းကို မီးဖိုချောင်ထဲသို့ သယ်သွားလိုက်တယ်။ ရေလှောင်ကန်ထဲမှာ ရေတစ်ဝက်လောက်ပဲ ကျန်တော့တာကို မြင်တော့ သူက ရေပုံးတွေကိုယူပြီး သွားခတ်ဖို့ လုပ်ပြန်တယ်။ ဒါကိုမြင်တော့ အဖွားဝမ်က သူ့ကို အလျင်အမြန်ပြန်ဆွဲလိုက်တယ်။

“လာပြီး ရေသောက်လိုက်ဦး.. မင်းရဲ့အစ်ကို ပြန်လာပြီးမှ သူ့ကို ရေသွားဆွဲခိုင်းလိုက်မယ်”

“အဆင်ပါတယ် ..ကျွန်တော်က ငြိမ်ငြိမ်လေး ထိုင်မနေချင်လို့ပါ.. အမေ အခန်းထဲသွားပြီး စကားပြောနေလိုက်လေ”

မဒမ်ဝမ်က သူ့ကိုနိုင်အောင် ငြင်းခုံနိုင်ခြင်းမရှိခဲ့တာကြောင့် လီမူဝူ ရေပုံးတစ်ပုံးနဲ့ အပြင်သို့ထွက်တာကိုပဲ ကြည့်နေလိုက်ရကာ အခန်းထဲကို ပြန်ဝင်သွားချိန်မှာ မချီးမွမ်းပဲမနေနိုင်ခဲ့ဘူး။

“ရှင်တို့ရဲ့ မူဝူက အရမ်းတော်တဲ့ ယောက်ျားလေးပဲ.. အမြဲတမ်း ငြိမ်ငြိမ်လေး ထိုင်မနေတတ်ဘူး.. အခုလည်း ရေတစ်ငုံတောင်မသောက်ပဲ ရေဆွဲဖို့ထွက်သွားပြန်ပြီ”

“သူ့ကို ရှင့်အတွက် ရေသယ်ခိုင်းထားလိုက်စမ်းပါ.. ဒီကိုလာခဲ့လေ.. စကားပြောရအောင်”

မဒမ်လီက သူမရဲ့ တင်ပါးကို တစ်ဖက်သို့ ရွှေ့ကာ မဒမ်ဝမ်အတွက် နေရာဖယ်ပေးလိုက်တယ်။

မဒမ်ဝမ်က သူမရဲ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး သူမရဲ့မျက်နှာပေါ်မှ ပျော်ရွှင်မှုကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ဘူး။

“ရှင် ဘာလို့ ဝက်သားကို ဒီလောက်အကြီးကြီး ယူလာရတာလဲ.. ရှင်တို့ မိသားစုထဲမှာ လူတွေ အများကြီးရှိတာကို သိမ်းထားပြီး စားတာမဟုတ်ဘူး”

မဒမ်လီ ပြုံးလိုက်ပြီး မဒမ်ဝမ်ရဲ့လက်ကို ပုတ်လိုက်တယ်။

“ဒါက ပစ္စည်းအသစ်ရတုန်းလေး ပို့ပေးတာပဲ မလား.. အခုရက်ပိုင်း ရာသီဥတုက ပူတော့ ဒီအတိုင်း သိမ်းထားလို့လည်းအဆင်မပြေဘူးလေ.. လတ်လတ်ဆတ်ဆတ်တုန်းကလိုမျိုး အရသာရှိတော့မှာမဟုတ်ဘူး.. အခုက ဝက်သားအထောက်အပံ့တွေကလည်း မရှိဘူးဆိုတော့ ကျွန်မက တောဝက်လေးရတုန်း ဆွေမျိုးတွေအားလုံးကို မြည်းစမ်းကြည့်စေချင်လို့ ယူလာပေးတာ”

မဒမ်ဝမ်က ပျော်ရွှင်စွာရယ်မောရင်းနဲ့ ထပ်ခါတလဲလဲ ကျေးဇူးတင်နေခဲ့တယ်။ ထို့နောက် သူမရဲ့ဘေးမှာထိုင်ပြီး တုံးအအကြည့်နေတဲ့ ဟဲတုန်မေ့ကိုမြင်တော့ သူမကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။

“မြန်မြန်လေး ဝက်သားတွေကို ထုတ်ပြီး နေ့လည်စာတစ်အိုးချက်လိုက်လေ.. ပြီးတွော့ ဆန်တချို့ထုတ်ပြီး ငါ့ရဲ့ခမည်းခမက်စားဖို့အတွက် ထမင်းတစ်အိုးချက်လိုက်”

မဒမ်လီက သူမရဲ့လက်ကို အလျှင်အမြန်ဝှေ့ယမ်းလိုက်တယ်။

“ပန်ကိတ်တွေပဲလုပ်ရင် လုံလောက်ပါပြီ.. ထမင်းလို ဈေးကြီးတဲ့ တစ်ခုခုတော့ ကိုယ်တိုင်စားဖို့ ချန်ထားလိုက်ပါ”

ခဏလောက်ကြာတော့ သူမက ကျန်းကျန်း ပန်ကိတ်မစားနိုင်သေးဘူးဆိုတာကို သတိရသွားပြီး ထပ်ပြောလိုက်တယ်။

“ဆန်ရှိရင် ကျန်းကျန်းအတွက်တော့ ယာဂုတစ်ပန်းကန်လောက် လုပ်ပေးလိုက်ပါလား.. သူမက တခြားဟာတွေကို စားလို့မရသေးဘူး”

ဟဲတုန်မေ့က သဘောတူပြီး မီးဖိုချောင်ထဲသို့ အမြန်ဝင်သွားလိုက်တယ်။

ဝမ်စုဖန်းရဲ့မိသားစုက ယခုလေးတင် အိမ်တံခါးဝသို့ရောက်ရှိလာကြတာကြောင့် ဟဲတုန်မေ့က အလွန်ပျော်ရွှင်နေပုံရပေမဲ့လည်း သူမက အနည်းငယ်လောက် မစိုးရိမ်ပဲ မနေနိုင်ခဲ့ဘူး။

တကယ်လို့ သူမရဲ့ယောက်မ စုဖန်းတစ်ယောက်တည်းပြန်လာခဲ့တယ်ဆိုရင် အိမ်မှအခြေအနေတွေကို ရှင်းပြဖို့လွယ်ကူသေ့တယ်။ သို့ပေမယ့် သူမက သူမရဲ့ခင်ပွန်းသည်နဲ့ ယောက္ခမဖြစ်သူကိုပါခေါ်လာခဲ့တာလေ။

ပေရှားမှာ သားမက်ဆိုတာက ဧည့်သည်တော် ဖြစ်ပြီး ယောက္ခမ ဆိုတာက မဖော်ပြနိုင်လောက်အောင် ဂုဏ်ကျက်သရေရှိတဲ့ ဧည့်သည် ဖြစ်လိမ့်မယ်။

ဟဲတုန်မေ့က အိမ်မှာ ဆန်နဲ့ဂျုံတွေ များများစားစား မရှိတော့တဲ့အကြောင်းကို တွေးတောနေခဲ့မိတယ်။ ဧည့်သည်တွေကို ဧည့်ခံဖို့အတွက် အိမ်မှာရှိတဲ့ ကြက်ကို သတ်ရမလား စဉ်းစားနေခဲ့ပေမယ့် ကြက်တွေက ဥ,ဥနေတာ ရက်အနည်းငယ်လောက်ကြာနေပြီလို့ တွေးမိတော့ အနည်းငယ် တုံ့ဆိုင်းသွားသလို ခံစားလိုက်ရပြန်တယ်။

သူမ ဘာလုပ်ရမှန်းမသိဖြစ်နေတုန်းမှာပဲ သူမရဲ့ယောက္ခမဖြစ်သူမှ သူမရဲ့မတ်က တောဝက်သားတွေယူလာတဲ့အကြောင်း ပြောတာကိုကြားလိုက်ရတာကြောင့် အပျော်လွန်သွားရတယ်။

ဟဲတုန်မေ့ မီးဖိုချောင်ထဲသို့ ရောက်ရှိလာပြီးနောက် ခြင်းတောင်းထဲမှ ဝက်သားကို ထုတ်ယူကာ အသားတစ်ပေါင်လောက် လှီးဖြတ်လိုက်တယ်။ ထို့နောက် ရေဆေးလိုက်ပြီး မာကျောက်အရွယ် အပိုင်းလေးတွေပိုင်းဖြတ်ကာ သကြားအနည်းငယ်နဲ့ နယ်ထားလိုက်တယ်။ ပြီးနောက် အိုးကြီးထဲကိုထည့်ပြီး ကြော်လိုက်ပြီး အာလူးနဲ့ဝက်သား စတူးချက်ဖို့ လုပ်လိုက်တယ်။

အသားကို အိုးထဲမှာ မီးအေးအေးနဲ့ချက်ထားတုန်းမှာ ဟဲတုန်မေ့က နောက်ထပ်အိုးတစ်လုံးကိုယူပြီး ပဲကြီးစေ့တစ်ခွက်၊ ခြံထဲမှ ခူးလာခဲ့တဲ့ ခရမ်းသီးလေးငါးလုံးနှင့် တောင်ပေါ်မှ ခူးဆွတ်ထားသော တောရိုင်းဟင်းသီးဟင်းရွက်တွေကို ထုတ်ယူလိုက်တယ်။ ထို့နောက်ရေဆေးလိုက်ပြီး ငံပြာရည်တွေဆမ်းကာ နွေရာသီမှာ အရသာအရှိဆုံးဖြစ်တဲ့ စွပ်ပြုတ်ချက်ဖို့ လုပ်လိုက်တယ်။

သို့သော်လည်း ဟဲတုန်မေ့က ဟင်းပွဲက နည်းနေသေးသလို ခံစားနေရတုန်းပဲ။ ဒါကြောင့် သူမ ခဏလောက်စဥ်းစားကာအသားအပိုင်းအနည်းငယ် လှီးဖြတ်လိုက်ပြီး ဘေးဘက်မှ အိမ်နီးချင်းရဲ့အိမ်သို့ ယူသွားခဲ့တယ်။

ခဏအကြာမှာတော့ သူမက သခွားသီးအနည်းငယ်နှင့် တည်သီး အနည်းငယ်ကိုယူပြီး ပြန်လာခဲ့တယ်။ သခွားသီးကို အမြှောင်းလေးတွေ လှီးဖြတ်ပြီး တောရိုင်းဟင်းသီးဟင်းရွက်တွေနဲ့ရောကာ ဟင်းတစ်ပွဲပြင်ဆင်လိုက်တယ်။ တရုတ်တည်သီးကိုတော့ ကြက်ဥတွေနဲ့ ရောနှာကာ ကြော်လိုက်တယ်။ ပြီးနောက် ယောက်မရဲ့သမီးဖြစ်သူအတွက် ဆန်ပြုတ်ပြင်ဆင်လိုက်တယ်။

ဟဲတုန်မေ့က မီးဖိုချောင်ထဲမှာ အားကြိုးမာန်တက်ဖြင့် အလုပ်လုပ်နေခဲ့တယ်။ အခန်းထဲမှာတော့ မဒမ်ဝမ်က ခန်ပေါ်မှာထိုင်ကာ လက်ကိုင်ပုဝါနှင့် ကစားနေတဲ့ ကျန်းကျန်းကိုကြည့်ရင်း သူမရဲ့ မြေးတွေအကြောင်းကို မေးမြန်းလိုက်တယ်။

“သူတို့ကရော ဘာလို့ ဒီကိုမလာကြတာလဲ”

ဝမ်စုဖန်း ပြုံးပြီးပြန်ပြောလိုက်တယ်။

“ဒီနေ့ တုန်ဇီက ကောလိပ်တက်ဖို့အတွက် ပင်းချန်ကို ရထားနဲ့သွားရတော့မှာလေ.. မင်ရှီက သူ့ကို လိုက်ပို့ပေးနေတယ်.. မင်နန်နဲ့ မင်ပေတို့က အရမ်းတုံးအ,ပြီး အစားလည်း ကြီးလွန်းတော့ သူတို့ကို အိမ်မှာပဲ စောင့်ကြည့်ခိုင်းခဲ့တာ”

သူမပြောတာကိုကြားတော့ မဒမ်ဝမ်က သမီးဖြစ်သူကိုအပြစ်မတင်ပဲမနေနိုင်ဘူး။

“ မင်းတို့က တစ်နှစ်မှာ နှစ်ကြိမ် အမြဲတမ်းမလာနိုင်ဘူး.. ငါ သူတို့ကို မလွမ်းဘဲနေပါ့မလား.. ထမင်းတစ်နပ်လောက်စားတာက အဆင်ပြေတာပဲလေ..သူတို့တွေ တစ်နှစ်မှာ အကြိမ်အနည်းငယ်လောက်တောင် လာစားဖြစ်တာမှမဟုတ်ဘဲ.. နောက်တစ်ခါကျရင် ဒီလိုမျိုး မလုပ်နဲ့”

“ဒါဆို တရုတ်နှစ်ကူးရောက်ရင် သူတို့ကို ခေါ်လာခဲ့ပါ့မယ်”

ဝမ်စုဖန်း အလျှင်အမြန်သဘောတူလိုက်တယ်။

ကျန်းကျန်း လက်ကိုင်ပုဝါနဲ့ ခဏလောက်ကစားနေတာကနေ ရပ်သွားတာကိုမြင်တော့ မဒမ်လီက ခေါင်းငုံ့ကြည့်လိုက်တယ်။ သူမရဲ့မြေးဖြစ်သူက အိပ်ငိုက်နေတာကိုမြင်တွေ့လိုက်ရတာကြောင့် အလျှင်အမြန် ပွေ့ချီပြီး မျက်နှာလေးကို ပွတ်သပ်လိုက်တယ်။

“ပေါင်ပေ့ အိပ်ချင်နေတာလား.. ငါတို့ရဲ့ အဖိုးတန်လေး အိပ်ရမယ့်အချိန်ရောက်ပြီ.. ပေါင်ပေ့ အဖွားရဲ့ ရင်ခွင်ထဲမှာ အိပ်ချင်လား”

ကျန်းကျန်းက ခေါင်းခါရမ်းရင်း ခန်ပေါ်မှာအိပ်ဖို့ ရုန်းကန်နေခဲ့တယ်။

ကျန်းကျန်း ထထိုင်နိုင်တဲ့အရွယ်ကတည်းက သူမ အိပ်တဲ့အချိန်မှာ ဘယ်သူ့ကိုမှ ပွေ့ချီခိုင်းခြင်းမရှိတော့ဘူး။ သူမက ဒီလိုမျိုးကွေးပြီးအိပ်ရတာက သက်သောင့်သက်သာမရှိပဲ ပင်ပန်းတယ်လို့ ခံစားမိခဲ့တယ်။

မဒမ်လီကလည်း သူမရဲ့အကြောင်းကို သိထားတာကြောင့် သူမ ယူလာခဲ့တဲ့ စောင်ကို ဝမ်စုဖန်းအား အမြန်ယူလာခဲ့ဖို့ပြောလိုက်တယ်။ ပြီးနောက် စောင်ကိုဖြန့်ခင်းလိုက်ကာ ကျန်းကျန်းကို ဂရုတစိုက်တင်လိုက်ပြီး သူမကို ညင်သာစွာ ပုတ်ပေးရင်း အိပ်ပျော်အောင်သိပ်လိုက်တယ်။

မဒမ်ဝမ်အနေနဲ့ ကျန်းကျန်းကိုမွေးဖွားလာစဥ်တုန်းက ထိုအဖွားအိုကြီးရဲ့ ချစ်မြတ်နိုးတဲ့အကြည့်တွေကို မြင်တွေ့ခဲ့ရပေမဲ့ ဒီလိုမျိုး လျှာစောင်းထက်လွန်းတဲ့ အဖွားအိုက သူမရဲ့မြေးမကို ချော့မြူပေးတဲ့အချိန်မျိုးမှာတော့ ဒီလောက်ထိ စိတ်ရှည်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။

အဖွားလီက အသံတိုးတိုးဖြင့် သီချင်းညည်းရင်းနဲ့ သူမရဲ့လက်ဖြင့် ပုတ်ပေးနေခဲ့တယ်။ နောက်ထပ် နှစ်မိနစ် ၊ သုံးမိနစ်လောက်ကြာသွားပြီးနောက်မှာတော့ ကျန်းကျန်း အိပ်ပျော်သွားခဲ့တယ်။

“အိုး.. ဒီကလေးက ဘာလို့ ဒီလောက်တောင် အေးအေးချမ်းချမ်းရှိနေရတာလဲ”

မဒမ်ဝမ်က သူမကိုကြည့်ရင်း မနာလိုဖြစ်စွာပြောလိုက်တယ်။

“ငါတို့မိသားစုက အဲဒီချော့ထွမ်ကတော့ တစ်ရေးတစ်မောအိပ်တဲ့အချိန်မှာလည်း မြည်းလိုဆော့နေတာ.. သူက အခုသုံးနှစ်အရွယ်လောက်အထိ မရပ်မနားဆော့နေတုန်းပဲ”

သူမရဲ့ အသံကကျယ်နေတာကိုကြားတော့ မဒမ်လီက သူမရဲ့လက်ကို ကြောက်လန့်တကြားနဲ့ အမြန်ဝှေ့ယမ်းလာခဲ့တယ်။

“အသံကျယ်ကျယ်နဲ့မပြောနဲ့.. ငါ့ရဲ့မြေးမလေးက အအိတ်ဆတ်လွန်းတယ်.. ဒါမှမဟုတ် ငါတို့ ခြံထဲမှာဆင်းပြီး စကားပြောကြမယ်”

မဒမ်ဝမ် တိုးတိုးလေးစုပ်သပ်လိုက်မိတယ်။

“ရှင်တို့မိသားစုထဲက ဒီမိန်းကလေးက အဖိုးတန်လွန်းတယ်”

“ဒါပေါ့!”

မဒမ်လီက အလွန်ဂုဏ်ယူနေခဲ့တယ်။ သူမက လက်တစ်ဖက်ကို မဒမ်ဝမ်ရဲ့ရှေ့မှာ ဆန့်တန်းလိုက်တယ်။

“ဒါက မျိုးဆက်ငါးဆက်လုံးကျော်လွန်ခဲ့ပြီးမှ မိန်းကလေးတစ်ယောက်ရလာခဲ့တာလေ.. ကျွန်မတို့မိသားစုရဲ့ တုန်ဇီက သူမကို ကျန်းကျန်းလို့ ပေးခဲ့လို့ပေါ့.. မဟုတ်ရင် ကျွန်မက သူ့ကို ကျင်းကုထောင်* လို့ခေါ်ခဲ့မှာ”

(T/n_ ရွှေလမ်း / ရွှေကျောက်တုံး)

အသိစိတ်တွေကို အပြင်ဘက်သို့ထုတ်လွှတ်ထားတဲ့ ကျန်းကျန်းတစ်ယောက် မဒမ်လီရဲ့ စကားကိုကြားတော့ လန့်ဖြန့်သွားရကာ မြေမြင်ကိုပြုတ်ကျသွားတော့တယ်။

All Chapters