Chapter 31
Vol. 4 Ch. 31
ကလေးရှစ်ယောက်က ခန်စားပွဲဝိုင်းမှာ ဝိုင်းထိုင်နေကြပြီး သူတို့ရဲ့ ခေါင်းတွေကိုငုံ့ကာ ပါးစပ်ထဲသို့ ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်းနေကြတယ်။ ဟဲတုန့်မေ့က ကျန်းကျန်းကိုပွေ့ချီပြီး သူတို့ရဲ့အနားမှာ ဝင်ထိုင်လိုက်တယ်။
ကျန်းကျန်း စားပွဲကို တစ်ချက်ကြည့်လိုက်တော့ အာလူးနဲ့ ဝက်သားနှပ်အိုးသေးသေးလေးက အရည်တောင် မကျန်တော့ဘူး။ လက်ရှိမှာ ကလေးအများစုက ခရမ်းသီးကိုစားရဖို့အတွက် အသည်းအသန်ဆွဲလုနေခဲ့ကြတယ်။
ဝမ်မိသားစုက ဟင်းချက်တဲ့နေရာမှာ ဆီထည့်ဖို့အတွက် တွန့်ဆုတ်နေလေ့ရှိပြီး အများအားဖြင့် ရေနဲ့သာ ချက်လေ့ရှိတယ်။ ဒီနေ့က ဧည့်သည်တွေရှိနေတဲ့အတွက် ဟဲတုန့်မေ့က ဆီထည့်ပြီးချက်ထားခဲ့တာ။
ယောက်ျားလေး ငါးယောက်ကတော့ ဝံပုလွေရိုင်းတွေလိုမျိုး အတုံးကြီးတွေကို ပါးစပ်ထဲသို့ အပြည့်သိပ်ထည့်လိုက်ကြပြီး မိန်းကလေး သုံးယောက်ကတော့ သိသိသာသာကို တုံ့ဆိုင်းနေခဲ့ကြတယ်။ ခဏကြာမှာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ရှိတဲ့ တစ်ယောက်က သူမရဲ့တူကိုဆန့်ထုတ်တဲ့အချိန်ကျမှသာ ကျန်တဲ့နှစ်ယောက်ကလည်း သူတို့ရဲ့ ခေါင်းကိုငုံ့ပြီး ပန်ကိတ်ကိုစားဖို့ သတ္တိရှိလာကြတယ်။ ထိုအချိန်မှာပဲ ဟဲတုန့်မေ့က ရေရွက်လာခဲ့တယ်။
“ကောင်းပြီ.. မင်းတို့တွေက ဒီလောက်အများကြီးစားပြီးဘာလုပ်မှာလဲ.. မင်းတို့က သစ်တွေကိုလည်း ဆွဲနိုင်မှာမဟုတ်ဘူး.. ဗိုက်အဆာပြေပြီး ငတ်လို့မသေအောင် စားပြီးသွားရင်တော်ရောပေါ့’
ကျန်းကျန်းတစ်ယောက် ထိုမြင်ကွင်းကို ကြည့်ရင်းနဲ့ လက်ထဲမှာကိုင်ထားတဲ့ သခွားသီးကိုတောင် စားဖို့ မေ့သွားခဲ့ရတယ်။
လီမိသားစုထဲမှာက ခက်ခဲကြမ်းတမ်းတယ်ဆိုပေမဲ့ သူတို့တွေအစားအသောက်ပြတ်လတ်ခါနီးမှာ ကျန်းကျန်းက ကောက်ပဲသီးနှံများကို ရင့်မှည့်အောင် လုပ်ခဲ့ပြီး ရက်အနည်းငယ်ကြာတိုင်းမှာ ငါးဖမ်းနိုင်သလို ယုန်တွေနှင့် ငှက်တွေကိုတောင် ဖမ်းဆီးနိုင်ခဲ့တယ်။
ကြည့်ရတာ သူတို့တွေက သာမန်လူတွေထက် အများကြီး ပိုကောင်းပုံရတယ်။
နောက်ပြီး မဒမ်လီကလည်း သူမရဲ့မြေးတွေအားလုံးကို အတူတကွကောင်းမွန်စွာဆက်ဆံပေးခဲ့တယ်။ ဒါကြောင့် ကျန်းကျန်းအနေနဲ့ အခုခေတ်ကာလက သမီးတွေထက် သားတွေကို ဦးစားပေးတဲ့ခေတ်ဖြစ်ကြောင်းကို မေ့လျော့နေလုနီးပါးပဲ။
မိန်းကလေး သုံးယောက်ထဲမှ အသက်အကြီးဆုံးက ဆယ်နှစ်လောက်ပဲရှိသေးပြီး အငယ်ဆုံးက သုံးနှစ်ပဲလောက်သာရှိဦးမယ်။ သူမက ချော့ထွမ်နဲ့ ရှေ့ဆင့်နောက်ဆင့်မွေးထားခဲ့တာ။
နောက်ဆုံးတော့ ထိုကလေးတွေက သူမကိုယ်တိုင်မွေးဖွားထားတဲ့ကလေးတွေပဲလေ။ ဟဲတုန်မဲ့က အစားအသောက်အတွက် စိတ်ဆင်းရဲနေပေမယ့် နောက်ထပ် ဆက်မပြောတော့ဘဲ ကျန်းကျန်းကို သူမရဲ့အကြီးဆုံးသမီး ချွမ်နီရဲ့ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်ပြီး ညွှန်ကြားလိုက်တယ်။
“မင်းရဲ့ ညီမလေးကို ဥယျာဥ်ထဲကိုခေါ်သွားပြီး ခဏလောက်ဆော့ပေးနေလိုက်.. ငါ မင်းရဲ့အဖွားတို့ဘက်မှာ ဟင်းသီး ဟင်းရွက်တွေ ဆေးကြောပြီး ထည့်ပေးဖို့ လိုသေးလား သွားကြည့်လိုက်မယ်.. ပြုတ်မကျသွားအောင် သေချာဂရုစိုက်နော်.. သူက မင်းအဒေါ် မိသားစုရဲ့ ရွှေတုံးကြီးပဲ”
ကျန်းကျန်းတစ်ယောက် “ရွှေတုံးကြီး” ဆိုတဲ့ စကားလုံးကို ကြားတော့ ပါးစပ်ထဲမှာရှိနေတဲ့ သခွားသီးကိုတောင် သီးသွားလုနီးပါးပဲ။ သူမ လက်ထဲမှ သခွားသီးကို ဟဲတုံမေ့ကိုပေးလိုက်တော့ ဟဲတုံမေ့က သခွားသီးကို ယူပြီး မီးဖိုချောင်ထဲသို့ ဝင်သွားကာ တည်သီးလက်ကျန်အပိုင်းလေးတစ်ပိုင်းကို ပြန်ပြီး ယူလာပေးတယ်။
ချွမ်နီက ကျန်းကျန်းကိုချီသွားပြီး ရှန်နီနဲ့ လျို့နီတို့ကိုခေါ်ကာ ဥယျာဥ်ထဲသို့ ထွက်လာခဲ့တယ်။ ဝမ်မိသားစုရဲ့ဥယျာဉ်က ထူအိမ်ရဲ့ အနောက်ဘက်အဆုံးမှာ တည်ရှိပြီး ဆာလောင်မှုကိုဖြေသိမ့်နိုင်စေဖို့အတွက် ပြောင်းတွေ၊ ခရမ်းသီး၊ အာလူး၊ ကန်စွန်းဥနှင့် ဂေါ်ဖီထုပ်များကဲ့သို့သော အပင်တွေကို စိုက်ပျိုးထားတယ်။
ချွမ်နီ ထိုင်ချလိုက်ပြီး သူ့တို့စိုက်ခင်းထဲမှအရာတွေကိုကြည့်ကာ ခြံစည်းရိုးတစ်လျှောက်ဆီမှ အိမ်နီးချင်းတွေ စိုက်ထားတဲ့တည်သီးပင်တွေကို မနာလိုစွာ ကြည့်လိုက်မိတယ်။
လျို့နီက သူမရဲ့လက်ချောင်းကို ပါးစပ်ထဲသို့ထည့်လိုက်ပြီး လောဘတကြီးနဲ့တံတွေးမြိုချလိုက်တယ်။
“အဲဒါ စားချင်တယ်!”
ရှန်နီ သက်ပြင်းချလိုက်တယ်။
“ဒါကို စိုက်ခဲ့ရင်တောင် စားလို့ရလောက်ပါ့မလား.. အဲဒီအချိန်ကျရင်လည်း တျဲတန့် (သံကြက်ဥ)နဲ့ ချော့ထွမ်(အနံံဆိုးဘောလုံး)တို့က အကုန်လုံးကိုစားပစ်ဦးမှာပဲမလား.. ဒါ့အပြင် အဖွားကလည်း ဒါမျိုးကို စိုက်ပျိုးခွင့်ပေးမှာမဟုတ်ဘူး.. ဒါတွေက အရမ်းလည်း ဗိုက်အဆာမပြေစေဘူးလေ..ဒါက နေရာလွတ်ကို ဖြုန်းတီးတာလို့ ပြောလိမ့်မယ်..
နောက်ပြီးဒီမျိုးစေ့တွေက အညှောက်ထွက်ဖို့ မလွယ်ကူလောက်ဘူးထင်တယ်.. ဘေးအိမ်က စိုက်ထားတဲ့ အပင်ကသူ့ရဲ့ဆွေမျိုးတွေ တခြားနေရာက ယူလာခဲ့တာလို့ ကြားဖူးတယ်”
ချွမ်နီက လျို့နီရဲ့ဆံပင်တွေကို ပွတ်သပ်ပေးလိုက်တယ်။
“အဲဒါတွေ အရသာမရှိပါဘူး.. နောက်ထပ်တစ်လလောက်စောင့်ပေးနော်.. မင်းတောင်ပေါ်က ဘာတွေလိုချင်လဲတွေးထားလိုက်.. အဲဒီအချိန်ကျရင် မင်းရဲ့အစ်မက မင်းအတွက် လိုက်ရှာပေးမယ်”
ကျန်းကျန်း သူမရဲ့လက်ထဲမှ မစားရသေးတဲ့ တည်သီးအပိုင်းကိုကြည့်လိုက်ပြီး အဝါရောင်သန်းနေတဲ့ မျက်နှာတွေနဲ့ ညီအစ်မသုံးယောက်ကို ပြန်ကြည့်လိုက်တယ်။ သူမ အစေ့တစ်စေ့ကို ဂရုတစိုက်နဲ့ထိန်းချုပ်ကာ ခြံစည်းရိုးရဲ့ဘေးနားမှာ မြစ်တွယ်ပြီး အညှောက်ထွက်အောင်လုပ်လိုက်တယ်။
ထို့နောက် ခရမ်းပင်တွေနဲ့ အုပ်မိုးအရိပ်ကျနေတာကို အကာအကွယ်ယူပြီး ထိုအပင်ကို အလျှင်အမြန်ကြီးထွားစေလိုက်ကာ တခဏချင်းမှာပဲ တောက်ပတဲ့ အနီရောင်တောက်နေတဲ့ တည်သီးသုံးလုံးက အပင်ရဲ့ ထိပ်ဖျားမှာ ချိတ်ဆွဲလာခဲ့ကြတယ်။
ချွမ်နီတို့ညီအစ်မသုံးယောက်က ခြံစည်းရိုးဘက်ကို စိုက်ကြည့်နေကြဆဲဖြစ်ပြီး ခြံစည်းရိုးရဲ့ အောက်ခြေဘက်မှာ အပင်ပေါက်ပြီး အသီးမှည့်သုံးလုံးရှိနေပြီဆိုတာကို ဘယ်သူကမှ သတိမပြုမိခဲ့ကြဘူး။ ကျန်းကျန်းတစ်ယောက် ကူကယ်ရာမဲ့စွာနဲ့ ရှန်နီရဲ့ခေါင်းပတ်ပတ်လည်မှာ လိပ်ပြာလေးတစ်ကောင်ပျံဝဲစေဖိုကိုသာ ထိန်းချုပ်နိုင်ခဲ့တယ်။
ရှန်နီက လိပ်ပြာကိုမြင်လိုက်ရတော့ တည်သီးအကြောင်းကို ချက်ချင်းမေ့သွားခဲ့ပြီး လိပ်ပြာကိုဖမ်းဖို့အတွက် အနောက်ကပြေးလိုက်သွားခဲ့တယ်။ ခြေလှမ်းအနည်းငယ်ကြာလောက်လှမ်းပြီးနောက် သူမက စိုက်ခင်းမြေဘက်သို့ရောက်သွားပြီဖြစ်လို့ ချွမ်နီက အလျင်စလိုနဲ့လိုက်အော်ခဲ့တယ်။
“ပျိုးပင်တွေကို မနင်းနဲ့နော်.. အမေက နင့်ကိုရိုက်လိမ့်မယ်”
ရှန်နီ ရုတ်တရက် ရပ်သွားခဲ့တယ်။ သူမက ခေါင်းကို အမြန်လှည့်ကာ ခြံထဲသို့ လှမ်းကြည့်လိုက်ပြီး အိမ်ပြင်မှာဘယ်သူမှမရှိတာကိုမြင်မှ ခရမ်းပင်တွေထဲကို အလျင်အမြန်တိုးဝင်သွားခဲ့ပြီး အပင်တွေနောက်မှာ ရှိနေတဲ့ တည်သီးသုံးလုံးကို အလျှင်အမြန်ဆွတ်ခူးကာ သူ့ရဲ့အင်္ကျီတွေထဲကို ဝှက်ပြီးမှ ပြန်ထွက်လာခဲ့တယ်။
ဒါကိုမြင်တော့ ချွမ်နီက ကျန်းကျန်းကို အလျှင်အမြန်ပွေ့ချီလိုက်ပြီး ရှန်နီနဲ့ လျို့နီတို့ကိုအနောက်ဘက်မှ အခန်းဆီသို့ ဆွဲခေါ်သွားခဲ့ကာ ရှန်နီကို တီးတိုးလေးမေးလိုက်တယ်။
“ဘာကိစ္စရှိလို့လဲ.. ဘာလို့ဒီမှာ တည်သီးတွေရှိနေရတာလဲ”
“ညီမလည်း မသိဘူး”
ရှန်နီက ချွမ်နီနဲ့ လျို့နီတို့ကို တည်သီးတစ်လုံးစီဝေမျှလိုက်ပြီး အသံတိုးတိုးနဲ့ပြောလိုက်တယ်။
“ခရမ်းပင်တွေနောက်မှာ ပေါက်နေတာပဲ.. ဘေးအိမ်က အစေ့တွေကိုစိုက်တုန်းက ညီမတို့အိမ်ဘက်ကို ပြုတ်ကျသွားတာထင်တယ်?”
“မရောက်လောက်ဘူးမလား?”
ချွမ်နီ အကွာအဝေးကို ခန့်မှန်းကြည့်လိုက်တယ်။
“ဒီလောက်အဝေးကြီးကို လေမတိုက်ရင်မရလောက်ဘူးထင်တယ်”
ရှန်နီက မျက်လုံးလှန်လိုက်တယ်။
“ဘယ်လောက်ပဲဝေးဝေး ထားလိုက်တော့.. စားစရာရှိတာကို မြန်မြန်စားအောင်.. အမေ မလာခင် ကုန်အောင်စားမှရမယ်”
သူမက ပြောပြီးတာနဲ့ သူမရဲ့လက်ထဲမှ တည်သီးတစ်လုံးကို ကိုက်ချလိုက်တယ်။ ချိုချိုချဥ်ချဉ်တည်သီးရဲ့ အရည်တွေက သူမရဲ့ ပါးစပ်ထဲသို့ စီးဝင်သွားခဲ့ပြီး ရှန်နီ မထိန်းနိုင်ပဲ မျက်လုံးတွေကို မှေးစင်းကာ ပြောလိုက်မိတယ်
“အရသာရှိလိုက်တာ”
ချွမ်နီက သူမရဲ့လက်ထဲမှ တည်သီးကို အဝတ်အစားတွေပေါ်မှာ နှစ်ကြိမ်သုတ်လိုက်ပြီး ပါးစပ်ထဲသို့ထည့်ဖို့လုပ်ပြီးမှ ရပ်တန့်ကာ ပြန်သိမ်းလိုက်တယ်။ ရှန်နီနဲ့ ချွမ်နီတို့က မျက်နှာကို ပြန်မော့လိုက်ချိန်မှာ သူမ မစားတာကိုမြင်တော့ လှမ်းမေးလာကြတယ်။
“အစ်မ ဘာလို့မစားတာလဲ.. အမေက ခဏနေရင် ရောက်လာတော့မှာနော်”
“ငါ နင်တို့နှစ်ယောက်အတွက် သိမ်းထားလိုက်ရမလားလို့”
ချွမ်နီက တုံ့ဆိုင်းစွာပြောလာတယ်။
“တကယ်တော့ ငါ ဒီလိုအရာတွေကို သိပ်မကြိုက်ဘူး”
“အစ်မ အရိုက်ခံချင်နေတာလား”
ရှန်နီက မျက်လုံးလှန်လိုက်ပြီး ချွမ်နီရဲ့လက်ထဲမှ တည်သီးကိုဆွဲယူကာ သူမရဲ့ပါးစပ်ထဲသို့ ထည့်ပေးလိုက်တယ်။
“မြန်မြန်စားလိုက်.. ငါတို့ကို ငဲ့မနေနဲ့.. အစ်မက ငတုံးလား.. ခိုးစားပါတယ်ဆိုမှအမြီးပေါ်အောင် ဖော်ထားချင်နေသေးတယ်.. မိသွားရင် အရိုက်ခံရမယ်ဆိုတာ မသိဘူးလား”
ညီမဖြစ်သူရဲ့ ဆူပူခြင်းကို ခံလိုက်ရပေမဲ့ ချွမ်နီက ဒေါသမထွက်ရုံသာမကပဲ ပျော်ရွှင်နေခဲ့သေးတယ်။ သူမက တည်သီးကို အကိုက်နည်းနည်းလောက်ဖြင့် ကုန်အောင်စားပြီးနောက် အိမ်အနောက်ဘက်မှာ ပြင်ဆင်ထားတဲ့ ရေနဲ့လောင်းချလိုက်ကြတယ်။ ထို့နောက် ညီအစ်မသုံးယောက် သူတို့ရဲ့ လက်နှင့် မျက်နှာတွေကို ဆေးကြောလိုက်ကြတယ်။
သူတို့ခန္ဓာကိုယ်ပေါ် သဲလွန်စတွေမရှိတော့တာ သေချာအောင်လို့ တစ်ယောက်ကိုတစ်ယောက် စစ်ဆေးလိုက်ကြပြီးမှ သက်ပြင်းချလိုက်ကြတယ်။ ထိုအချိန်မှာ တည်သီးအပင်လေးကလည်း မြေကြီးထဲသို့ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး မြေအောက်သို့ ပြန်ဝင်သွားခဲ့တယ်။
ဟဲတုန်မေ့ တောရိုင်းဟင်းသီးဟင်းရွက်တွေကို ဆေးကြောပြီး အိမ်ထဲသို့ သွားပို့ပေးပြီးနောက် သူမကကောင်လေးတစ်ချို့ကို အပြင်ထွက် ကစားစေခဲ့ကာ ပန်းကန်ခွက်ယောက်တွေနှင့် တူတွေကို သန့်ရှင်းရေးလုပ်လိုက်တယ်။
ထို့နောက် သူမ ကျန်းကျန်းကို ပြန်သတိရသွားခဲ့တာကြောင့် အိမ်အပြင်ကို ကြည့်လိုက်တော့ ဘယ်သူကိုမှ မတွေ့တာကိုတွေ့လိုက်ရတဲ့အတွက် ဟင်းသီးဟင်းရွက် ဥယျာဉ်ထဲသို့ အမြန်ပြေးထွက်ကာ အပြေးအလွှားလိုက်ရှာခဲ့ပြီးနောက်ဆုံးမှာတော့ လူအများစုကို အိမ်ထဲမှာ တွေ့ရှိခဲ့တယ်။
သူမက ကျန်းကျန်းကိုချွနးမ်ရီရဲ့ လက်ထဲမှ လှမ်းယူလိုက်ပြီး ချွမ်နီကိုစိုက်ကြည့်လိုက်တယ်။
“ငါ နင့်ကိုခြံထဲမှာ ကစားဖို့မပြောခဲ့ဘူးလား.. ငါ နင့်ကို လိုက်ရှာနေတာ ကြာပြီ.. ငါက ကလေးကိုပျောက်သွားပြီလို့တောင်ထင်နေတာ ..ငါနင့်ကိုမပြောခဲ့ဘူးလား.. နင်တို့သုံးယောက်လုံးကို ရောင်းလိုက်မယ်ဆိုရင်တောင် ဒီမိန်းကလေးလောက် အဖိုးမတန်ဘူးလို့”
ရှန်နီက ဟဲတုန်မေ့ကို မယုံကြည်နိုင်စွာ ကြည့်ပြီး မေးလိုက်တယ်။
“အမေ ကျွန်မတို့ကို ဘာလို့ မွေးခဲ့သေးတာလဲ? အဒေါ်က သူမရဲ့သမီးကို အရမ်းချစ်တယ်လေ.. အမေက ကျွန်မတို့ကို ဘာလို့ မချစ်တာလဲ?”