Chapter 35
Vol. 4 Ch. 35
အရှေ့ဘက်ခန်းမှာရှိနေတဲ့ ဝမ်စုဖန်းက မဒမ်လီနဲ့ ကွေ့ဟွားတို့ပြောနေတဲ့စကားတွေကို နားထောင်နေခဲ့ပြီး အတော်ကြာသွားပြီးတဲ့နောက်မှသာ ကွေ့ဟွားတစ်ယောက်မှားယွင်းစွာ တွေးနေကြောင်း သတိပြုမိသွားခဲ့တယ်။
သူမ ခန်ပေါ်မှဆင်းလိုက်ကာ ဖိနပ်စီးလိုက်ပြီး ခုံတန်းရှည်တစ်ခုပေါ်မှာထိုင်နေတဲ့ ကွေ့ဟွားရဲ့ဘေးကိုသွားထိုင်လိုက်တယ်။
ကွေ့ဟွားရဲ့မျက်နှာက အနီရောင်အဖြစ်ပြောင်းလဲသွားပြီး မျက်နှာအသာလွှဲကာ နူးညံ့စွာခေါ်လာတယ်။
“အမေ”
ထိုနောက် သူမက ခေါင်းကိုငုံ့လိုက်ကာ စကားဆက်မပြောတော့ဘူး။
မဒမ်လီက ကွေ့ဟွားကို မျက်လုံးလှန်ကြည့်လာတယ်။
“မင်းဘာလို့ဒီလောက်တောင် တုံးအ,နေရတာလဲ.. ငါက ကလေးကိုတောင်မနှစ်သိမ့်ပေးရသေးဘူး.. မြန်မြန်လေးထမင်းသွားချက်လိုက်တော့.. ကွေ့ဟွားနဲ့ ငါ ပြောစရာရှိသေးတယ်”
ဝမ်စုဖန်း မတ်တပ်ထရပ်လိုက်ပြီး မဒမ်လီကို ပြန်ဖြေလိုက်ကာ ကွေ့ဟွားကို စိတ်မသက်မသာဖြစ်စွာနဲ့ မေးလာတယ်။
“အဲဒီလိုမျိုး တွေးမနေစမ်းနဲ့.. မင်းဆိုတဲ့ကလေးကတော့ ဒီလောက်နှစ်တွေအများကြီးကြာအောင် ငါ့ကိုအမေလို့ ခေါ်လာပြီးတော့ .. ခုမှ ငါ့ရဲ့ချွေးမ မဟုတ်တော့သလိုပဲ”
ဝမ်စုဖန်းရဲ့ ရိုးရှင်းဖြောင့်တန်းတဲ့ နှစ်သိမ့်မှုကြောင့် ကွေ့ဟွား ရယ်မောလိုက်မိတယ်။
ဝမ်စုဖန်း: “ဒီနေ့ ကလေးတွေကတော့ ငါတို့ ငယ်ငယ်တုန်းကနဲ့မတူတော့ဘူး.. အရမ်း အတွေးများလာကြတာပဲ””
သူမက မီးဖိုချောင်ထဲသို့ဝင်သွားခဲ့ပြီး အိုးထဲသို့ ရေနှစ်ခွက်ထည့်လိုက်တယ်။ ထို့နောက် ပြောင်းဖူးမှုန့်ပန်းကန်လုံးကြီး တစ်ဝက်ခန့်ထည့်လိုက်ပြီး ရေနှင့်ရောကာ ဟင်းသီးဟင်းရွက်ဆန်ယာဂုချက်ဖို့လုပ်လိုက်တယ်။
ထို့နောက် အိုးထဲမှ ချဉ်ဖတ်ကြီးတစ်ခြမ်းကို ထုတ်ယူကာ ရေနှစ်ကြိမ်လောက်ဆေးလိုက်ပြီး အပိုင်းပိုင်းဖြစ်အောင်လှီးဖြတ်လိုက်ပြီး နံနက်စာစားဖို့အတွက်ပြင်ဆင်လိုက်တယ်။
ခြံဝင်းထဲမှာတော့ မဒမ်လီနဲ့ ကွေ့ဟွားတို့က မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြတယ်။
မဒမ်လီ: “မင်းကို ပင်းချန်သို့သွားဖို့အတွက် ငါသဘောတူတယ် ဒါပေမယ့် မင်းတစ်ယောက်တည်းတော့ သွားလို့မရဘူး.. မင်း နှစ်ရက်လောက် ထပ်စောင့်လိုက်ဦး.. မင်ရှီက ဒီရက်ပိုင်းလောက်မှာဆောင်းဦးရာသီအားလပ်ရက်ရလာလိမ့်မယ်.. သူ အိမ်ပြန်လာပြီးရင် သူ့ကို မင်းနဲ့အတူသွားဖို့ ထည့်ပေးလိုက်မယ် ဒါဆို မင်းတ်ယောက်တည်းကြောက်နေစရာမလိုတော့ဘူး”
“ကောင်းပါပြီ အဖွား”
ကွေ့ဟွားက သူ့ရဲ့ကျစ်ဆံမြီးကို အနောက်ဘက်သို့ပစ်ချလိုက်တယ်။
“ကျွန်မက ဒီလောက်တောင် ကြီးနေပါပြီ.. ငါက တောင်လမ်းကို တစ်ရက်လောက် လမ်းလျှောက်ရမှာကို မကြောက်ပါဘူး.. အဖွားက ကျွန်မ ရထားစီးရမှာကို စိတ်ပူနေတာလား.. အရင်တုန်းက ကျွန်မအရင်တုန်းက မူလတန်းကျောင်းကိုလည်းရထားနဲ့ သွားခဲ့ဖူးတယ်လေ.. သူကလည်း ကျွန်မကို နှစ်အနည်းငယ်လောက် စာသင်ပေးခဲ့တာဆိုတော့ စကားလုံးတွေအားလုံးနီးပါးလောက် ဖတ်တတ်နေပါပြီ”
“မင်းက သတ္တိကောင်းတယ်ဆိုတာ အဖွားသိတယ်.. မင်ရှီက မင်းကို သတ္တိပေးရုံတင်မဟုတ်ဘူး.. မင်းက ပစ္စည်းတွေလည်းဝယ်ရဦးမယ်ဆိုတော့ မင်းတစ်ယောက်တည်း မသယ်နိုင်လောက်ဘူး”
မဒမ်လီက သူမရဲ့ မိသားစုဝင်တွေ တယောက်ပြီး တယောက် နိုးလာပြီဆိုတာကို မြင်တော့ ကွေ့ဟွားကို သူမရဲ့ အိမ်ထဲသို့ ခေါ်သွားခဲ့တယ်။
“အဖွားက ဘာတွေဝယ်ရမလဲဆိုတာ ပြောပြပေးမယ်”
အရှေ့ခန်းသို့ပြန်ရောက်တော့ မဒမ်လီက သေတ္တာကိုဖွင့်လိုက်ပြီး သူမအချိန်အတော်ကြာအောင်သိမ်းဆည်းထားခဲ့တဲ့ လက်မှတ်အမျိုးမျိုးကိုထုတ်လိုက်ပြီး ကွေ့ဟွားကိုတစ်ခုပြီးတစ်ခုပြလာတယ်။
“အပြာရောင်အဝတ်စနှစ်ခုဝယ်လိုက်.. မင်းနဲ့ မင်တုန်တို့အတွက် ဝါဂွမ်းအင်္ကျီတစ်ထည်စီ ချုပ်ရမယ်.. ပြီးရင် ကျန်းကျန်းအတွက် သူနဲ့လိုက်ဖက်တဲ့အနီရောင် အဝတ်စ ပေနည်းနည်းလောက်ဝယ်ခဲ့.. ငါတို့ရဲ့ကျန်းကျန်းက အသားဖြူတော့အနီရောင်ဝတ်ရင် ပိုပြီးကြည့်ကောင်းတယ်”
ကွေ့ဟွားက ခေါင်းညိတ်လာတော့ မဒမ်လီက ဆက်ပြောလာတယ်။
“ ဒီအဝတ်အထည်လက်မှတ်ကို ဒီမှာထားလိုက်မယ်.. မင်း ဒါကို အပြန်ကျမှဝယ်လို့ရတယ်.. ဒီအတွက် ဆိုင်တွေက နေရာတိုင်းမှာ ရှိနေတာဆိုတော့ မင်းသွားကတည်းက သယ်သွားနေစရာမလိုဘူး”
သူမက ကွေ့ဟွားကို က စက်မှုလက်မှု လက်မှတ်တွေထပ်ပေလိုက်တယ်။
“သတ္တုရေနွေးဓာတ်ဘူးနှစ်ဘူးဝယ်လာခဲ့ဦး.. ဖြစ်နိုင်ရင် အနီရောင်တစ်ခုနဲ့ အရောင်စိုတာတစ်ခုဝယ်ခဲ့.. ကြွေရည်ကရားနှစ်ခုလည်းဝယ်ခဲ့.. စကားမစပ် ကျန်းကျန်းအတွက်လည်း တစ်ဘူးဝယ်ရမယ်.. မင်းရဲ့ဦးလေး ပို့ခဲ့တဲ့ စစ်တပ်သုံး ရေနွေးကရားက ငါပဲ တစ်နေကုန်သုံးနေတာ..
အခုက သူမ ဘာကိုလိုချင်တယ်လို့ မသိတတ်သေးတာကို မကြည့်နဲ့ နောက်နှစ်ကျရင် သူမ အရွယ်ရောက်လာတော့မှာဆိုတော့ မပျော်မရွှင်ဖြစ်လာတော့မှာ..
ဒီတစ်ကြိမ် သူမအတွက် ရေဘူးလေးဝယ်ပေးရမယ်.. နောက်ပြီး မျက်နှာသစ်ဇလုံနှစ်ခုလည်းဝယ်ခဲ့.. တစ်ခုက မင်းအတွက် တစ်ခုက ကျန်းကျန်းကိုပေးလိုက်.. ဒီရက်တွေမှာ ကျန်းကျန်းက လူကြီးတွေရဲ့ မျက်နှာသစ်ဇလုံနဲ့သစ်နေရတာကိုတွေ့နေရတယ်.. သူမ မပျော်လောက်ဘူး.. ငါတို့ သူမအတွက် တစ်ခုဝယ်ပေးရမယ်”
ကွေ့ဟွားက စာရွက်နဲ့ ဘောပင်ယူပြီး မဒမ်လီ ပြောတဲ့အတိုင်း တစ်ခုပြီးတစ်ခု ချရေးနေခဲ့တယ်။
“ဘာကျန်လောက်သေးလဲ”
မဒမ်လီက အကျင့်ဖြစ်စွာနဲ့ ဆေးတံသောက်ရင်း စဥ်းစားနေခဲ့တယ်။
ဝမ်စုဖန်း ချက်ပြုတ်ပြီးနောက် အထဲကိုဝင်လာပြီး ပြောလိုက်တယ်။
“အမေ မနက်စာစားပြီးမှပဲ ကွေ့ဟွားနဲ့အသေးစိတ်ပြောတော့လေ.. အခုတော့ မနက်စာအရင်စားလိုက်ရအောင်”
ကွေ့ဟွားက ပြုံးပြီး ခန်ပေါ်မှ ဆင်းလာခဲ့တယ်။
“ကျွန်မရဲ့အမေက မနက်မိုးလင်းကတည်းကထပြီး အနောက်ဘက်အိမ်ကို ဆေးခြယ်ဖို့ ထွက်သွားတယ်.. ကျွန်မ သူ့ကိုသွားခေါ်လိုက်ဦးမယ်”
“အိုး ငါ့ရဲ့ ခမည်းခမက်က အိပ်ရာက အရမ်းအစောကြီးထသွားတာလား.. ဒါကြောင့် ငါဘာမှမကြားခဲ့ရတာကိုး”
ဝမ်စုဖန်း သူမရဲ့နှုတ်ခမ်းကို ဖိပြီးပြောလာတယ်။
“သူမ ပင်ပန်းနေမှာပဲ.. ကျွန်မတို့တွေ သူမကို အစောကြီးအလုပ်ပေးနေမိတယ်”
ထိုအချိန်မှာ ကျန်းကျန်းလည်း နိုးလာပြီး ခန်ပေါ်မှာ လှဲကာ ဝမ်စုဖန်းတစ်ယောက် သူမရဲ့ပေါင်ကိုပုတ်ကာ ပြောနေတာကိုကြည့်ပြီး အသံပြုလိုက်တယ်။
ဝမ်စုဖန်း ကျန်းကျန်းရဲ့အသံကိုကြားတော့ သူမဆီကိုအလျှင်အမြန်သွားခဲ့ပြီး သူမကို ပွေ့ချီကာအဝတ်အစားတွေ ဝတ်ပေးပြီး ခေါ်လာခဲ့တယ်။
“အမေက ပေါင်ပေ့အတွက် ကြက်ဥကိတ်မုန့်လုပ်ထားတယ်.. ပေါင်ပေ့က အဲဒါကို အကြိုက်ဆုံးပဲ ဟုတ်တယ်မလား”
ကျန်းကျန်းရဲ့ သွားလေးတွေက ထပ်မံပေါ်လာခဲ့ပြီး ခေါင်းညိတ်ကာ ဝမ်စုဖန်းရဲ့မျက်နှာကို ပျော်ရွှင်စွာ နမ်းလိုက်တယ်။
“အမေ့ကို ပေးမယ်!”
“မင်းကတော့ မင်းရဲ့အမေကို ပျော်အောင်လုပ်ဖို့သိနေတာပဲ”
ဝမ်စုဖန်း ရေနွေးနွေးလေးကို ယူကာ ကျန်းကျန်းရဲ့ မျက်နှာနှင့် လက်တွေကို ဆေးကြောပေးပြီး အနောက်ဖက်အိမ်မှ ခန်စားပွဲဆီသို့ ခေါ်သွားခဲ့တယ်။
လျို့ချွမ်ဟွားနဲ့ ကွေ့ဟွားတို့ တံခါးမှဝင်လာပြီးနောက် ဝမ်စုဖန်းက လျို့ချွမ်ဟွားကို အလျှင်အမြန် နှုတ်ဆက်လိုက်တယ်။
“ကွေ့ဟွားက ရှင်မနက်အစောကြီး အဝတ်ဘီဒိုကို ဆေးသုတ်ဖို့သွားတယ်လို့ ပြောခဲ့တာကို ကြားခားတယ်.. အရမ်း စိတ်လောနေစရာမလိုပါဘူး.. ကျွန်မတို့က ရှင့်ကို အချိန်အတိုင်းအတာတစ်ခုအထိ ကွေ့ဟွားနဲ့အတူ ဆက်နေစေချင်တာ.. ကွေ့ဟွား လက်ထပ်တော့မှာဆိုတော့ ရှင်တို့တွေ သီးသန့်စကားပြောလို့ရတာပေါ့”
လျို့ချွမ်ဟွား ပြုံးလိုက်တယ်။
“ကျွမ်မ နိုးလာပြီဆိုမှတော့ အိပ်ယာထဲမှာ ဆက်ပြီး လှဲမနေချင်တော့လို့ပါ.. ဟိုလှည့်ဒီလှည့်လုပ်နေရင် ကွေ့ဟွားအိပ်နေတာကို အနှောင့်အယှက်ပေးသလိုဖြစ်နေမှာလေ.. ဒါကြောင့် အပြင်ကိုထွက်ပြီး ပန်းတွေ သွားဆွဲနေခဲ့တာ”
ဝမ်စုဖန်းက လျို့ချွမ်ဟွားကို ဘန်းမုန့်တစ်ခုပေးကာ ကွေ့ဟွားရဲ့ ကြက်ဥကိတ်မုန့်ကို ပန်းကန်သေးသေးလေးထဲသို့ ထည့်လိုက်ပြီး နည်းနည်းချင်းစီကျွေးနေခဲ့တယ်။
လျို့ချွမ်ဟွားက ကျန်းကျန်းရဲ့မျက်လုံးထဲမှ ထက်မြက်မှုတွေနဲ့ သူမရဲ့သဘောကျနေဟန်ရှိတဲ့မျက်နှာကိုကြည့်ကာ ပြောလာတယ်။
“တုန်ဇီရဲ့အမေ.. ရှင့်ရဲ့ကလေးက ထက်မြက်တဲ့ကလေးတစ်ယောက်ပဲ.. သူမရဲ့မျက်လုံးထဲမှာ အရှိန်အဝါတွေရှိနေတယ်.. ရှင် သူ့ကို မင်း ကောင်းကောင်း ပြုစုပျိုးထောင်ပေးပြီး ကြီးပြင်းလာတဲ့အချိန်ကျရင် ကျောင်းတက်ဖို့ကို မနှောင့်နှေးစေသင့်ဘူး”
လျို့ချွမ်ဟွားက တကယ့်ကို သတိထားတတ်တဲ့သူပဲ။ သူမက လီမိသားစုအိမ်သို့ရောက်ပြီးနောက်မှာ ကွေ့ဟွားရဲ့အကြောင်းကို များများပြောမလာခဲ့ပဲ ကျန်းကျန်းအတွက်သာ ပြောလာခဲ့ကာ သူမရဲ့လေးနက်ရိုးသားမှုကိုပြသခဲ့တယ်။
လျို့ချွမ်ဟွားရဲ့စကားတွေက မဒမ်ရဲ့နှလုံးသားကို တိုက်ရိုက်ထိမှန်သွားပြီး သူမရဲ့ပေါင်ကိုပုတ်ကာ စိတ်လှုပ်ရှားစွာနဲ့ပြောလာတယ်။
“ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့လူတွေက မျက်လုံးကောင်းတယ်လို့ ပြောကြတာ မဆန်းတော့ဘူး.. ငါ့မြေးမို့လို့ ချီးကျူးနေတာ မဟုတ်ဘူး.. သူမလေးက တကယ်ကို ဉာဏ်ကောင်းတဲ့ ကလေးပဲ၊ ရှစ်လပဲရှိသေးပေမယ့် သူမကိုစကားပြောတဲ့အခါ နားလည်နိုင်ပုံရတယ်.. နောက်ပြီး ကလေးဖြစ်ပေမဲ့ အေးဆေးလွန်းတယ်.. အထူးသဖြင့် ငိုလည်းမငိုသလို ဒုက္ခလည်းမပေးဘူး”
“အန်တီက ကလေးကို အရမ်းချစ်တော့ ကျန်းကျန်းက ကောင်းချီးပေးခံထားရတဲ့ပုံပဲ”
လျို့ချွမ်ဟွားက ကျန်းကျန်းကိုကြည့်ပြီးနောက် ကွေ့ဟွားဘက်ကို လှည့်ကြည့်လိုက်တယ်။
“ကွေ့ဟွားလည်း သူ့ရဲ့ပျော်ရွှင်မှုကို ခံစားနေရတာပဲ”
“ငါတို့အားလုံးက ကလေးတွေကို ဂရုစိုက်ကြတဲ့အတွက် နာကျင်ရတာပဲလေ”
မဒမ်လီက တောရိုင်းဟင်းသီးဟင်းရွက်ယာဂုပန်းကန်လုံးကြီးကို ကောက်ယူပြီးသောက်လိုက်တယ်။
“တကယ်တော့ မင်းလည်း ကွေ့ဟွားကို ချစ်တယ်ဆိုတာ ငါသိပါတယ်.. ဒါပေမယ့် အဲဒီတုန်းက မင်းလည်း ဘာမှမလုပ်နိုင်ခဲ့ဘူးလေ.. တကယ်လို့ မင်းသာ ကလေးတွေကို မချစ်ဘူးလို့ ခံစားမိရင် ငါက ကွေ့ဟွားကို မိဘအိမ်ကိုပြန်ဖို့ မကြာခဏစေလွှတ်ခဲ့ပါ့မလား”
မဒမ်လီက လက်ထဲမှ ပန်းကန်လုံးကို ပြန်ချလိုက်ကာ ကွေ့ဟွားလက်သို့ လှည့်ကြည့်ပြီးပြောလိုက်တယ်။
“အဲဒီအချိန်တုန်းက မင်းတို့ရဲ့အိမ်ကနေ ငါဖြတ်သွားတဲ့အချိန်မှာ မင်းကိုဝယ်ချင်တဲ့ မိသားစုတစ်စုရှိနေပြီ.. သူတို့က ဂျုံမှုန့် 30 ကီလိုဂရမ်ကိုလည်း ပေးဖို့ ပြောခဲ့တယ်.. ဒါပေမယ့် မင်းရဲ့အမေက သူတို့မိသားစုမှာ အရူးသားတစ်ယောက်ရှိပြီး သေမလားရှင်မလားတိုတာတောင် မသိနိုင်ဘူးဆိုတာကို ကြားခဲ့တယ်
ငါကအဲဒီနေ့က ဆွေမျိုးတွေဆီကို အလည်သွားဖို့အတွက် ပဲပုပ်ကီလိုနှစ်ဆယ်ပဲ ပါလာခဲ့တယ်.. ငါ မင်းတို့ရဲ့အိမ်ရှေ့ကဖြတ်သွားတော့ မင်းကို ချက်ချင်းပဲ ချစ်သွားခဲ့တာ .. မင်းရဲ့အမေက ငါတို့လီမိသားစုအကြောင်းကိုကြားပြီး ကြင်နာတတ်တဲ့လူတွေဖြစ်တဲ့အကြောင်းကိုသိသွားတော့ ငါ့ဆီမှာဘယ်လောက်ပဲပါလာပါစေ မင်းကို ငါနဲ့ ခေါ်သွားဖို့ ထည့်ပေးခဲ့လိုက်တာလေ”
ကွေ့ဟွားက လျို့ချွမ်ဟွားရဲ့ ဇလုံထဲသို့ အချဉ်တည်ထားတဲ့ဟင်းရွက်တွေထည့်ပေးလိုက်တယ်။
“ကျွန်မ မှတ်မိပါတယ်.. အဲဒီနေ့က ကျွန်မအဖွားနဲ့ လိုက်လာခဲ့တော့ အမေက ငိုပြီးကျန်နေခဲ့တယ်လေ.. ကျွန်မကိုလည်း တောင်းပန်ပါတယ်လို့ ပြောနေခဲ့တယ်”
လေထုက အနည်းငယ်ဝမ်းနည်းစရာကောင်းလာတာကိုမြင်တော့ ဝမ်စုဖန်းအလျှင်အမြန် ပြုံးပြီးပြောလိုက်တယ်။
“အရင်အချိန်တွေတုန်းက အရမ်းခက်ခဲခဲ့ရတာပဲ.. ဒါပေမယ့် အခုတော့ ပိုကောင်းလာပါပြီ.. ကွေ့ဟွားလည်း ကြီးပြင်းလာပြီး လက်ထပ်တော့မယ်.. အနာဂတ်က နေ့ရက်တွေက ပိုကောင်းလာတော့မှာပါ “