သတ်ဖြတ်ပစ်ခြင်း
Vol. 11 Ch. 1080
“ဝှစ်...”
ချန်းဖန်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားလျှက်ပင် ရန်တောင်ထိပ်သို့ ဆင်းသက်လာသည်။ တောင်ပိုင်း ဒေသငယ်မှ လာသည့် လက်ကျန် တပည့်များမှာ အလွန် ကြောက်လန့် နေကြ၏။ သူတို့သည် ချန်းဖန်ကို အစီအရင် အားကိုးဖြင့် တိုက်ခိုက်ရန် ကြိုးစားကြသေးသော်လည်း ချန်းဖန်၏ လက်တစ်ချောင်းတည်းဖြင့် သတ်ဖြတ်ခြင်းကိုသာ ခံလိုက်ကြရသည်။
ထွက်ပြေးရန် ကြိုးစားကြသော တပည့်များမှာလည်း လွတ်မြောက်ကြခြင်း မရှိချေ။ ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ကာ ရန်တောင် တစ်ခုလုံးကို ရှာဖွေ၏။ ကြယ်ပင်လယ်မှ လာသော တပည့်များမှာ ပြီးပြည့်စုံသော ကျင့်စဥ်များကို ကျင့်ကြံထားကြရာ သူတို့၏ အရှိန်အဝါမှာ ထင်ရှားစွာ ပေါ်လွင်နေပေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ချန်းဖန်သည် ကျင့်ကြံသူ ရှစ်ယောက်ကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ် ပစ်လိုက်၏။
“ချန်းပေ့ရွှမ်း... ငါတို့က အရှေ့ဂြိုဟ်ကို ဘာမှ ဒုက္ခမပေးရသေးဘူး... မင်းက ဘာလို့ ငါတို့ကို သတ်တာလဲ... နေနန်းတော်၏ မျိုးဆက် တစ်ယောက်က အော်ဟစ်လိုက်၏။
“ဟမ်.... မင်းတို့ အပိုလို နန်းတော်ရဲ့ နတ်ဘုရား ဗိုလ်ချုပ် နရန်က မြောက်ပိုင်းချုံးကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလား”
ချန်းဖန်၏ စကားကို ကြားပြီးနောက် နေနန်းတော် မျိုးဆက်၏ မျက်နှာမှာ လုံးဝ ဖြူရော် သွား၏။
“ဘုန်း....”
သူ့အား သတ်ဖြတ်ပြီးနောက် ချန်းဖန်က အခြား ကျင့်ကြံသူ တစ်ယောက် ဘက်သို့ လှည့်လိုက်ပြန်သည်။
“နေနန်းတော် မြောက်ပိုင်းချုံးကို လုပ်ခဲ့တာတွေက ငါတို့နဲ့ ဘာမှ မဆိုင်ဘူးနော်...”
ထိုကျင့်ကြံသူက ကြောက်လန့်တကြား အော်ဟစ် လိုက်၏။ သို့သော်လည်း ချန်းဖန်က ထိုအရာကို လျစ်လျူကာ သူ့အား သတ်ဖြတ် လိုက်ပြန်သည်။
“ကမ္ဘာကို မကောင်းတဲ့စိတ်နဲ့ ကျူးကျော်တဲ့ လူတိုင်း သေရမယ်...”
ကမ္ဘာကား သူ၏ မွေးရပ်မြေ ဖြစ်ပေသည်။ သို့သော်လည်း ကြယ်ပင်လယ်မှ လာသည့် လူများသည် ကမ္ဘာကို ဗိုလ်ကျ စိုးမိုး ခဲ့ကြသည်။ ထို့အပြင် သူတို့ လုပ်ဆောင်ခဲ့သော အရာများကား အမှောင်မျိုးနွယ်များနှင့် ခြားနားခြင်း မရှိချေ။ မိန်းမလှလေးများကို ပြည့်တန်ဆာ အဖြစ် ဖမ်းယူခြင်း၊ ယောက်ျားသားများကို အစေခံ အဖြစ် အတင်း အဓမ္မ စေခိုင်းခြင်း၊ စိတ်မထင်လျှင် မထင်သလို သတ်ဖြတ်ခြင်းတို့ကား သေရန် ထိုက်တန်သော ပြစ်မှုများ ဖြစ်ပေသည်။
ရန်တောင်ထိပ်၌ သွေးအိုင်များသည် စီးဆင်းနေ၏။ အထွတ်အမြတ်မြေများနှင့် စိတ်တူ သဘောတူ ပူးပေါင်းကြသည့် လူအားလုံးသည်လည်း ချန်းဖန်၏ သတ်ဖြတ်ခြင်းကို ခံကြရသည်။ အချို့ ကျင့်ကြံသူများမှာ ဒူးထောက် တောင်းပန်ခဲ့ကြသော်လည်း ချန်းဖန်က ညှာတာ မပေးခဲ့ချေ။
မူလ အဆင့်၊ ရွှေအမြုတေ အဆင့်၊ ဝိညာဥ် ပင်လယ် အဆင့် နောက်ဆုံး ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်များ ပင်လျှင် ချန်းဖန်၏ သတ်ဖြတ်ခြင်းကို ခံကြရသည်။ များစွာသော အစီအရင်များမှာ ရန်တောင်ထိပ်၌ နိုးထ ကာကွယ်ကြသော်လည်း ချန်းဖန်အား မည်သည့် အရာကမှ မတားဆီးနိုင်ခဲ့ချေ။
“ကောင်းကင်အရှင်ချန်း... တော်လောက်ပြီ ထင်တယ်နော်”
ချင်ယန်နာမှာ ထွက်ပေါ်လာ၏။ ထိုရန်ကျင်း၏ အလှပဂေးကား အနည်းငယ်ပင် ပြောင်းလဲသွားခြင်း မရှိချေ။ သူမသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ နူးညံ့သော ဆံနွယ်များမှာ ပခုံးထက်၌ လွင့်မြောနေ၏။ သူမကား ရှေးဟောင်း ဒဏ္ဍာရီများထဲမှ နတ်သမီးလေး တစ်ပါးနှင့်ပင် တူနေချေသေးသည်။
ချင်ယန်နာသည် ကြောက်ရွံခြင်း၊ မုန်းတီခြင်းတို့ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ချန်းဖန်ကို ငေးကြည့်နေခဲ့၏။ သူတို့ နှစ်ယောက်ကား မွေးဖွားခါစ ကတည်းက စေ့စပ်ထားကြသူများ ဖြစ်သည်။ သို့သော်လည်း သူမသည် အရာကို ငြင်းပယ်ခဲ့သည်။
နောက်ပိုင်း၌ ချန်းဖန်သည် တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်သည့် ချန်းပေ့ရွှမ်း အဖြစ် ရန်ကျင်းကို ရောက်ရှိ လာခဲ့သည်။ အဘိုးကြီးချင်သည် ချင်ယန်နာကို ချန်းဖန်နှင့် လက်ထပ်ခွင့်ရရန် နောက်တစ်ကြိမ် ကြိုးစားခဲ့သေး၏။ သို့သော်လည်း ချန်းဖန်က မည်ကဲ့သို့ သဘောတူတော့မည်နည်း။
“လုံလောက်တဲ့ အခါကျရင် ငါရပ်မယ်...”
ချန်းဖန်က အမူအရာ ကင်းမဲ့စွာ ဆိုလိုက်သည်။
“ဘုန်း... ဘုန်း...”
ချန်းဖန်က ဝတ်ပြုဆရာ ဆယ့်သုံးယောက်ကို ထပ်မံ သတ်ဖြတ်လိုက်သည်။ နောက်ဆုံး ချန်းရှောင် ကောင်းကင်မှ ဆင်းသက်ကာ သူ့အနားသို့ ရောက်လာသော အခါတွင်မှ ချန်းဖန်က ရပ်တန့် လိုက်သည်။
“ကျန်းချူရန် ဘယ်လောက်နေလဲ... သူကည ရွှေအမြုတေ အဆင့်ကို ရောက်နေပြီ မဟုတ်ဘူးလား”
ရုတ်တရက် ချန်းဖန်က မေးလိုက်၏။ သူသည် အထွတ်အမြတ်နယ် လေးခု စလုံးပေါင်းလျှင်ပင် ရွှေအမြုတေ အဆင့် တစ်ရာလောက်ကိုသာ တွေ့ခဲ့ရသည်။ ကျန်းချူရန် အပါအဝင် အခြားလူများမှာ မည်သည့် နေရာသို့ ရောက်ရှိသွားကြသနည်း။
များစွာသော တပည့်များမှ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ သို့သော်လည်း မည်သူမျှ မဖြေရဲကြချေ။
နောက်ဆုံးသို့ရောက်မှ ချင်ယန်နာက...
“အမချူရန်ကို တိုင်ချူဂိုဏ်းရဲ့ နတ်ဘုရား ဗိုလ်ချုပ်က နတ်ဘုရား ကုန်းမြေလို့ ခေါ်တဲ့ နေရာကို ခေါ်သွားတာပါ... ကျွန်မ ကြားရသလောက်ဆို တိုင်ချူဂိုဏ်းရဲ့ နတ်ဘုရား မင်းသားက အမ ချူရန်ကို လက်ထပ်ချင်နေတာ တဲ့”
“တိုင်ချူဂိုဏ်းရဲ့ နတ်ဘုရား မင်းသား...”
ချန်းဖန်မှာ မျက်မှောင်ကြုတ် သွား၏။ သူသည် ကျန်းချူရန်ကို ချူကျိုးမြို့သို့ ပြန်ပို့ရန် အစီအစဥ်ဆွဲထားခြင်း ဖြစ်သည်။ သို့သော်လည်း ယခု၌ ကျန်းချူရန်မှာ ဤနေရာ၌ ရှိမနေရာ ချန်းဖန်မှာ ထိုကိစ္စကို ခဏ ဘေးဖယ် ထားလိုက်သည်။
“နတ်ဘုရား ကုန်းမြေ ဘယ်နေရာမှာ ရှိလဲ ဆိုတာ နင်သိလား...”
ချန်းဖန်က ချင်ယန်နာကို ကြည့်ကာ မေးလိုက်၏။
ချင်ယန်နာက တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက် ပြန်ဖြေ လိုက်သည်။
“အဲဒါကို ဂိုဏ်းချုပ်တွေနဲ့ သူတို့ တပည့်တွေပဲ သိကြတာ... ကျွန်မ ကြားသလောက် ဆိုရင် အဲဒါက အချိန်နဲ့ ဟင်းလင်းပြင် မတူညီတဲ့ လျှို့ဝှက် နေရာ တစ်ခုမှာ ရှိတာတဲ့... ဪ... ခုမှ သတိရတယ်... ရင်လန်းက ကျွန်မကို ပြောဖူးတယ်... ကောင်းကင်နယ်မြေတွေတိုင်းမှာ နတ်ဘုရား ကုန်းမြေကို သွားဖို့ ဝင်ပေါက်တွေ ရှိတယ် တဲ့”
“ကောင်းကင်နယ်မြေတွေမှာ...”
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ ကမ္ဘာ၏ အကြီးမားဆုံး ကောင်းကင်နယ်မြေမှာ သံသယ ရှိစရာ မလိုအောင်ပင် ခွန်ရှုနယ်မြေ ဖြစ်ပေသည်။ ချန်းဖန်သည် ပြန်ရောက်ချိန်မှ စ၍ ယခုထိ လုယန်ရွယ်၊ ချီရှို့အာနှင့် ချန်းမိသားစုဝင်များထံသို့ တစ်ခါမျှ မသွားရသေးချေ။ ကြည့်ရသည်က ထိုနေရာသို့ သွားရန် သူ့အတွက် အချိန်ရောက်လာခဲ့ပြီ ဖြစ်သည်။
ထို့နောက် ချန်းဖန်သည် ရန်တောင်တွင် ဆက်လက် နေထိုင်၏။ အဇူရာ နဂါးသည် နေ့လည်ပိုင်း၌ ခွန်းလွန်၏ တပည့်များနှင့် အတူ ရောက်လာကာ ချန်းဖန်နှင့် ချန်းရှောင်တို့အား အထွတ်အမြတ် တပည့်များကို အပြစ်ပေးရန် ကူညီကြသည်။ သူတို့သည် ခြောက်နှစ်အတွင်း မည်သည့် တပည့်မှ မည်ကဲ့သို့သော ပြစ်မှုများကို ကျူးလွန်ခဲ့ကြောင်း မှတ်တမ်းများကို ကိုင်ဆောင်ထားကြသည်။
ပျံလွှားနီလေးနှင့် ခွန်းလွန် တပ်ဖွဲ့များသည် လဲ့မိသားစု၊ လုံးမိသားစုနှင့် မန်မိသားစုများ အထိ ဝင်ရောက် ရှာဖွေကာ အပြစ်ရှိသူများကို ဖမ်းယူကြသည်။ အပြစ်လုပ်ထားသူများ အနေဖြင့် သူတို့၏ အပြစ်ကြွေးကို ပြန်လည် ပေးဆပ်ရမည်က ဓမ္မတာ ဖြစ်သည်။ ထိုနေ့၌ ရန်ကျင်း၏ များစွာသော နေရာများတွင် သတ်ပွဲများ ဖြစ်ပွားခဲ့၏။
ထိုတိုက်ပွဲ အပြီးမှ စ၍ မည်သူမျှ အထွတ်အမြတ်မြေ ဆိုသော နာမည်ကို ဂုဏ်ယူ ဝံ့ကြွားစွာ မပြောရဲကြတော့ချေ။
မြောက်ပိုင်းချုံးဂိုဏ်းသည် ကမ္ဘာ၏ တစ်ခုတည်းသော အထွတ်အမြတ်မြေ ဖြစ်လာခဲ့သည်။ ချန်းဖန်မှာမူ ကမ္ဘာ၏ ထိပ်ဆုံး ကျင့်ကြံသူ အဖြစ် သတ်မှတ်ခံရ၏။
ရန်တောင်၌ လုပ်စရာ ကိစ္စရာ ကိစ္စများကို အပြီးဖြတ်ပြီးနောက် ချန်းဖန်သည် သူ၏ ခွန်ရှုနယ်မြေ ခရီးစဥ်ကို စတင် ပြင်ဆင်တော့၏။
ထိုရက်များ အတွင်း ကျန်းဟိုင်ရှင်း (အန်တီထန် ယောက်ကျား) သည် ချန်းဖန်ထံသို့ အကြိမ် အနည်းငယ် ရောက်လာကာ တွေ့ခွင့်တောင်းသည်။ သို့သော်လည်း ချန်းဖန်က သူ့အား လျစ်လျူထား၏။ အန်တီထန်မှာ ထိုအကြောင်းအရာကို သိသော်လည်း ချန်းဖန်အား အပြစ်မဆိုခဲ့ချေ။ ထို့အစား သူမသည် ကျန်းချူရန်ကိုသာ စိတ်ပူနေမိသည်။ ချင်ယန်နာ၏ စကား အရဆိုလျှင် တိုင်ချူ ဘုရားကျောင်း၏ နတ်ဘုရား မင်းသားမှာ ကျန်းချူရန်ကို သဘောကျနေသည်ဟု ဆိုသည်။ နတ်ဘုရား ကုန်းမြေ၌ သူမ အဆင်ပြေကြောင်းကို မည်သူမျှ အာမ မခံနိုင်ချေ။
“စိတ်မပူပါနဲ့ အန်တီထန်... ကျွန်တာ် ချူရန်ကို အန္တရာယ် ကင်းကင်းနဲ့ ပြန်ခေါ်လာမှာပါ”
ချန်းဖန်က ညင်သာစွာ ပြုံးရင်း သူမအား ကတိပေးလိုက်သည်။
ထိုရက်ပိုင်း အတွင်း ရန်ကျင်း၏ များစွာသော မိသားစု ခေါင်းဆောင်များမှာ ရန်တောင်သို့ ရောက်လာကာ ချန်းဖန်အား တွေ့ခွင့်တောင်းကြသည်။ ထိုအထဲ၌ ချင်တုန်းမူ ပင်လျှင် ပါဝင်၏။ သို့သော်လည်း ချန်းဖန်က သူတို့ အားလုံးကို ငြင်းပယ်လိုက်သည်။ ထိုလူများမှာ မြောက်ပိုင်းချုံး အပေါ် ဆိုးဆိုးရွားရွား မလုပ်ခဲ့ကြသည့်တိုင် အထွတ်အမြတ်မြေများနှင့် တစ်နည်းမဟုတ် တစ်နည်း ပူးပေါင်းခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့်ပင် ချန်းဖန်မှာ ထိုလူများကို တွေ့ချင်စိတ် မရှိချေ။
ချန်းဖန်သည် ရန်ကျင်း၌ နေထိုင်စဥ် အတောအတွင်း ဆင်းရဲစွာ ရုန်းကန်နေရသည့် ဝမ်မိသားစု၏ မျိုးဆက် အချို့ကို တွေ့ခဲ့ရသည်။ သူသည် ချန်းရှောင်အား ဝမ်မိသားစုမျိုးဆက်များကို ခေါ်ယူ စောင့်ရှောက်ပေးရန် ညွှန်ကြားခဲ့သည်။ အတိတ်၌ မည်မျှ ဆိုးရွားသော ပြဿနာများ တက်ခဲ့စေကာမူ ဝမ်မိသားစုမှာ သူ့မိခင်၏ မိသားစု ဖြစ်ပေသည်။ ထို့ကြောင့်ပင် ချန်းဖန်မှာ သူတို့ကို မလျစ်လျူ နိုင်ခဲ့ချေ။
အရာ အားလုံးကို အခြေတကျ ဖြစ်အောင် လုပ်ဆောင်ပေးပြီးနောက် ချန်းဖန်သည် လျှို့ဝှက်စွာပင် ထွက်ခွာ လာခဲ့၏။
သူသည် မိုင်တစ်ထောင်ခန့်ကို ဖြတ်ကျော် ပျံသန်းပြီးနောက် မကြာခင် နတ်ဘုရား သင်္ချိုင်း တောင်ကြားသို့ ရောက်ရှိ လာခဲ့သည်။ ထိုနေရာ တစ်ခုလုံးသည် နှင်းများဖြင့် ဖုံးလွှမ်းနေ၏။ များစွာသော မျောက်ဝံကြီးများ၊ သားရဲများမှာ ဟိန်းဟောက် နေကြသည်။
ချန်းဖန်သည် အလွန် ကြီးမားသော မြွေကြီး တစ်ကောင်ကိုပင် တွေ့ခဲ့ရသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဖြူစွတ်နေရာ နှင်းဖုံးနေသော တောင်ကြီး တစ်လုံး အလားပင် ထင်မှတ်ရသည်။ အကယ်၍ သေချာ မကြည့်ပါက ထိုအရာကို မြွေကြီးတစ်ကောင် ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မိကြလိမ့်မည် မဟုတ်ချေ။
ချန်းဖန်သည် နတ်ဘုရား သင်္ချိုင်း တောင်ကြား အတွင်း၌ များစွာသော သားရဲ အသေကောင်များကို တွေ့ခဲ့ရသည်။ ထိုသားရဲကားများ အနည်းဆုံး မူလ အဆင့်၊ ရွှေအမြုတေ အဆင့်များသို့ ရောက်ရှိနေကြသည့် အကောင်ကြီးများ ဖြစ်သည်။
ချန်းဖန်သည် သားရဲ အလောင်းများ အပြင် လူသား အလောင်း အချို့ကိုလည်း တွေ့ခဲ့ရသေးသည်။ သူတို့သည် ခွန်ရှုနယ်မြေသားတို့ ဝတ်ဆင်သော အဝတ်များကို ဝတ်ဆင်ထားကြသည်။ သူတို့၏ ပုံစံများကို ကြည့်ရသည်က ခုခံရန် အချိန်ပင် မရပဲ သေဆုံးသွားကြပုံ ပေါ်သည်။
လမ်းတစ်လျှောက်၌ အလောင်းများမှာ ပို၍ များပြားလာ၏။
“ခွန်ရှုနယ်မြေတော့ ဒုက္ခ ရောက်နေပြီ...”
ချန်းဖန်က ချက်ချင်းပင် အလင်းတန်း အသွင် ပြောင်းလဲကာ နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ရှိရာသို့ ပျံသန်းလေတော့သည်။
***