နောက်တစ်ခါ ထပ်ပြောစမ်း
Vol. 11 Ch. 1081
ချန်းဖန် ရောက်ရှိသော အချိန်၌ နတ်ဘုရား သင်္ချိုင်း အတွင်းပိုင်းရှိ အစီအရင်ကား ပွင့်နေခဲ့ပြီ ဖြစ်သည်။ သွေးများသည် အလင်းတံခါး၏ ဘေးတစ်ဖက် တစ်ချက်၌ စွန်းထင်နေ၏။ ကြည့်ရသည်က ဤနေရာ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပုံ ရသည်။ ချန်းဖန်သည် ဘေးနားတစ်ဝိုက်သို့ ရှာဖွေ ကြည့်လိုက်ရာ အစီအရင် အစောင့် ဖြစ်ဟန်တူသော ကျင့်ကြံသူများ၏ အလောင်းများကို တွေ့လိုက်ရသည်။ မျက်နှာ အမူအရာများ အရ ထိုကျင့်ကြံသူများသည် မသေခင် အလွန် ကြောက်မက်ဖွယ် ကောင်းသော အရာများကို ကြုံတွေ့ခဲ့ရဟန် ရပေသည်။
“ဘယ်သူတွေ ကျူးကျော်တာလဲ...”
ချန်းဖန်က ချက်ချင်းပင် အလင်းတံခါးကို ကျော်ဖြတ်ကာ ခွန်ရှုနယ်မြေဆီသို့ ဦးတည် လိုက်တော့၏။
...
ခွန်ရှုနယ်မြေ...
ထိုသီးခြားနယ်မြေငယ်သည် ကမ္ဘာနှင့် ချိတ်ဆက်နေ၏။ ကမ္ဘာ၏ ပြောင်းလဲလာသည်နှင့် အမျှ ခွန်ရှုနယ်မြေ၏ ဝိညာဥ်ချီမှာလည်း မြင့်တက်လာခဲ့ကာ မူလ အဆင့် သားရဲများစွာ ပေါ်ထွက် လာခဲ့သည်။ ထိုနေရာ၌ ရွှေအမြုတေ အဆင့် သားရဲများပင် ရှိသည်။
ကောင်းကင်မြို့တော်...
ကောင်းကင်မြို့တော်၏ အထက်၌ တိမ်ချီများ ဝန်းရံနေသော နန်းတော် တစ်ခုသည် လွင့်မြောနေလေသည်။ နန်းတော်ထဲတွင်မူ လုယန်ရွယ်၊ ချီရှို့အာ၊ မီးဝိညာဉ် ဘုရင်နှင့် အခြားလူများသည် မျက်နှာချင်းဆိုင် ဆွေးနွေး နေကြသည်။
“လွန်ခဲ့တဲ့ သုံးရက်တုန်းက အမတေ ရောနှောခြင်းဂိုဏ်းဟာ အနက်ရောင် ဝတ်စုံဝတ် လူတစ်စုရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်... တစ်ယောက်မှ အသက်အရှင်ခဲ့ဘူး”
“လွန်ခဲ့တဲ့ နှစ်ရက်တုန်းက မိန်ချင်းဂိုဏ်းလည်း ရှင်းလင်း ခံရတယ်... သူတို့ရဲ့ ဂိုဏ်းချုပ် တစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်... ဒါပေမဲ့ သူလည်း ဒဏ်ရာ အကြီးအကျယ် ရနေတယ်”
“မနေ့တုန်းက ဖန်ရှင်းဂိုဏ်း...”
သူတို့၏ အမူအရာများမှ လေးနက် နေကြသည်။
အမတေ ရောနှောခြင်းဂိုဏ်း၊ ဖန်ရှင်း တောင်ကြား... စသည်တို့ကား ခွန်ရှုနယ်မြေ၏ တော်ဝင်ဂိုဏ်းကြီး ကိုးဂိုဏ်း ဖြစ်ပေသည်။ သူတို့၏ ဂိုဏ်းချုပ်များသည် ချန်းဖန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်တိုင် သူတို့၌ မူလ အဆင့် ရာချီ ကျန်ရှိနေဆဲ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း ထိုအထဲမှ များစွာမှာ ရွှေအမြုတေ အဆင့်ကို တက်လှမ်း နိုင်ခဲ့ကြသည်။ပျမ်းမျှအားဖြင့် ဂိုဏ်းတစ်ဂိုဏ်းချင်းစီမှာ အနည်းဆုံး ရွှေအမြုတေ အဆင့် နှစ်ဆယ်ခန့်ကို ပိုင်ဆိုင် ထားကြပေသည်။ သို့တိုင်အောင် သူတို့သည နာမည်မဲ့ အဖွဲ့အစည်း၏ တိုက်ခိုက်မှု အောက်၌ ကျဆုံးခဲ့ရသည်။
“သူတို့က ဘယ်သူတွေလဲ... ဘာလို့ ဒီလောက်တောင် ရက်စက်တာလဲ... ငါတို့က သူ့ကို ဘာစော်ကားမိလို့လဲ”
မီးဝိညာဥ် ဘုရင်၏ လက်များမှာ တုန်ရီနေ၏။ ထိုနာမည်မဲ့ အဖွဲ့အစည်း တစ်ကြိမ် လှုပ်ရှားသည်နှင့် တစ်ကြိမ် သွေးချောင်းစီးခြင်းမှာ ဖြစ်ပေါ်လာစမြဲ ဖြစ်သည်။ သူတို့သည် ကလေး သူငယ်များ၊ သာမန်လူများကိုပင် ချမ်းသာ မပေးကြချေ။
“သူတို့ အင်္ကျီ အနက်ဝတ်တယ် ဆိုတာက လွဲလို့ ဘာကိုမှ သေချာမသိရဘူး... အချို့ ကောလဟာလတွေ အရဆိုရင်တော့ သူတို့က တိုင်ချူ နတ်ဘုရား နယ်မြေက လာတာတဲ့... သူတို့က တစ်ခုခုကို လာရှာတာလို့တော့ ပြောတယ်... ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင် ငါတို့ရဲ့ အလှည့်က မကြာခင် ရောက်လာလိမ့်မယ် ထင်တယ်”
ချီချင်းဝေ့က အားနည်းသော လေသံဖြင့် ပြောလိုက်သည်။
“သူတို့ လာချင်တယ် ဆိုလည်း လာပါစေပေါ့... ခွန်ရှုနယ်မြေ တစ်ခုလုံးက ကျင့်ကြံသူတွေကို စုစည်းခိုင်းလိုက်... ငါတို့တွေ ယွင်ထျန်း နန်းတော်ကနေ အတူတူ စောင့်ကြမယ်”
လုယန်ရွယ်က အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
...
နေ့တစ်ဝက်မျှ ကြာပြီးနောက်...
“ဝှစ်...”
ချန်းဖန်သည် နေရာ ကူးပြောင်းခြင်း အစီအရင်ကို ကျော်ဖြတ်ကာ ခွန်ရှုနယ်မြေထဲသို့ ဝင်လာခဲ့၏။ တစ်ချိန်တည်း၌ ကောင်းကင်မြို့တော်ရှိ ယွင်ထျန်း နန်းတော်ကား အနက်ရောင် ဝတ်စုံဝတ်လူများ၏ ဝန်းရံမှုကို ခံနေရခဲ့ပြီ ဖြစ်သည်။
လုယန်ရွယ်နှင့် အခြား ကျင့်ကြံသူများမှာ ယွင်ထျန်း နန်းတော် အပြင်ရှိ အနက်ရောင် ဝတ်စုံဝတ်လူများကို ကြောက်ရွံ့ ထိတ်လန့်စွာ ကြည့်နေမိကြ၏။
“သူတို့ထဲမှာ မူလ အဆင့်တောင် တစ်ယောက်မှ မပါဘူး... အားလုံးက ရွှေအမြုတေ အဆင့်တွေချည်းပဲ... သူတို့က ကျင့်ကြံခြင်း အဆင့်တူတောင် ငါတို့ လူတွေထက် ပိုပြီး အစွမ်းထက်ပုံ ရတယ်... ဒုက္ခတော့ ရောက်ပြီ ထင်တယ်”
ချီချင်းဝေ့က တုန်ရီစွာဖြင့် ရေရွတ် လိုက်၏။ အခြားလူများ၏ မျက်နှာများမှာလည်း သွေးဆုတ် ဖြူရော်နေကြသည်။
သူတို့သည် ခွန်ရှုတစ်နယ်မြေလုံးရှိ ကျင့်ကြံသူများနှင့် ကောင်းကင် ရတနာ ဖြစ်သည့် ယွင်ထျန်း နန်းတော်တို့ ပူးပေါင်းကာ ရန်သူများကို တိုက်ထုတ် နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။ သို့သော်လည်း မထင်မှတ်စွာပင် ရန်သူများအား အင်အား အဆတစ်ရာခန့် များပြားကာ အစွမ်းထက်လွန်းနေသည်။
“သူတို့ကို အနိုင်ယူဖို့ မဖြစ်နိုင်တော့ဘူး”
များစွာသော ရွှေအမြုတေ အဆင့် ကျင့်ကြံသူများမှာ ခေါင်းခါ လိုက်မိကြ၏။
သူတို့နှင့် ဆန့်ကျင်စွာပင် အပြင်ဘက်ရှိ အနက်ရောင်ဝတ် ကျင့်ကြံသူများမှာမူ ဖိအား ကင်းစင် နေကြသည်။ သူတို့သည် ယွင်ထျန်း နန်းတော်ကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
“ဟမ့်... ပုရွက်ဆိတ်လေးတွေ... မင်းတို့က ကောင်းကင် ရတနာ သေးသေးလေးထဲမှာ ပုန်းနေရုံနဲ့ လုံခြုံပြီ ထင်နေတာလား”
အနက်ရောင်ဝတ် ကျင့်ကြံသူ တစ်ယောက်က နှာခေါင်းရှုံ့ လိုက်သည်။
“မြန်မြန်သတ်ကြစမ်း... ငါတို့ နှောင့်နှေးနေလို့ မဖြစ်ဘူး”
ခရမ်းရောင် ဆံပင်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူက အေးစက်သော လေသံဖြင့် အမိန့်ပေး လိုက်၏။
“ဟုတ်ကဲ့ပါ ကောင်းကင် ဗိုလ်ချုပ်...”
ကောင်းကင် ဗိုလ်ချုပ်ဟု ခေါ်သော လူ၏ အမိန့် ထွက်ပေါ်လာပြီးနောက် ခွန်ရှုနယ်မြေရှိ လူများမှာ ကြီးမားသော ဖိအားများကို စတင် ခံစား လာရသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ချက်ချင်းပင် အနက်ရောင် ဝတ်စုံဝတ် ရွှေအမြုတေ အဆင့် ရာချီမှာ ယွင်ထျန်း နန်းတော်ကို ဝန်းရံကာ တိုက်ခိုက် ကြတော့၏။
သို့သော်လည်း ယွင်ထျန်း နန်းတော်ကား ကောင်းကင် ညီမျှခြင်း ချန်ထားခဲ့သည့် ကောင်းကင် ရတနာ တစ်ခု ဖြစ်ရာ အခြေတည် ဝိညာဥ် အဆင့်၏ စွမ်းအား တစ်စွန်းတစ်စကို ပိုင်ဆိုင် ပေသည်။ ထို့ကြောင့်ပင် ၎င်းမှာ အခြေအနေ တစ်ခု အထိ ကြံကြံခံနိုင်နေဆဲ ဖြစ်သည်။
“ဘုန်း...”
နောက်ဆုံး၌ ကောင်းကင် ဗိုလ်ချုပ်ဟု ခေါ်သော ခရမ်းရောင် ဆံပင် ပိုင်ရှင်မှာ တိုက်ပွဲ အတွင်း ဝင်ရောက်လာ၏။ သူ ဝင်ရောက်လာပြီး မကြာခင်မှာပင် ယွင်ထျန်း နန်းတော်၏ အစီအရင်များမှာ အလုံးစုံ ကျိုးပျက်ကုန်တော့သည်။
“သတ်...”
အနက်ရောင် ဝတ်စုံဝတ်လူများကား အလုံးအရင်းဖြင့် ယွင်ထျန်း နန်းတော် အတွင်းသို့ ဝင်ရောက် တိုက်ခိုက် ကြတော့သည်။ ခွန်ရှုနယ်မြေ၏ ကျင့်ကြံသူများမှာ ခုခံရန် ကြိုးစားကြသော်လည်း သူတို့ထဲမှ တစ်ယောက်မှ တိုက်ပွဲစသည်နှင့် သတ်ဖြတ် ခံလိုက်ရ၏။
ချီရှို့အာမှာ မူလ အဆင့်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သူမသည် ဖီးနစ် နတ်ဘုရား သွေးကြောကို ပိုင်ဆိုင်ထားရာ ရွှေအမြုတေ အဆင့် တစ်ယောက် ကဲ့သို့ အစွမ်းထက်၏။ သို့သော်လည်း သူမသည် အနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူ ခြောက်ယောက်၏ ဝန်းရံ တိုက်ခိုက်မှု အောက်၌ ဆိုးရွားစွာပင် နောက်ဆုတ် နေခဲ့ရသည်။
“ဘာလို့လဲ... ငါတို့ ခွန်ရှုနယ်မြေက နင်တို့ကို ဘာလုပ်ခဲ့လို့လဲ... ဘာလို့ ငါတို့ကို လာသတ်ရတာလဲ”
လုယန်ရွယ်သည် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူမသည် လက်သီးကို တင်းတင်းဆုပ် ထားသော်လည်း သူမ၏ မျက်နှာမှာမူ ဖြူရော်နေ၏။
“ဘာကြောင့်လဲ ဆိုတော့ နင်တို့ ခွန်ရှုနယ်မြေရဲ့ ဧကရာဇ် ချန်းပေ့ရွှမ်းကြောင့်ပဲ... သူက ငါ့ညီရော ငါတို့ဂိုဏ်း တစ်ခုလုံးကိုပါ ရှင်းပစ်ခဲ့တယ်... အဲဒီ အတွက် ငါက နင်တို့ တစ်နယ်လုံးကို ပြတ်သတ်ပြီး လက်စားချေတာပဲ”
ခရမ်းရောင် ဆံပင်ပိုင်ရှင် ကောင်းကင် ဗိုလ်ချုပ်က ပြောလိုက်၏။ သူကား ယွမ်ရှောင်၏ အကိုပင် ဖြစ်သည်။ သူသည် နတ်ဘုရား ဗိုလ်ချုပ် အပါအဝင် အခြားလူများ နတ်ဘုရား ကုန်းမြေသို့ သွားနေခိုက် ခွန်ရှုနယ်မြေကို စောင့်ကြည့်ရန် တာဝန် ယူထားသူ ဖြစ်သည်။
သူသည် မကြာခင် ရက်ပိုင်း အတွင်းကပင် ချန်းဖန် အထွတ်အမြတ်မြေ လေးခုကို ရှင်းလင်းသည့် သတင်းများအား ကြားသိရသည်။ သူသည် အပြင်ကမ္ဘာသို့ ထွက်၍ ချန်းဖန်ကို သတ်ဖြတ်ချင်သည့်တိုင် တာဝန်နှင့် အမိန့် အရ ခွန်ရှုနယ်မြေမှ ထွက်ခွာ၍ မရသေးချေ။ ထို့ကြောင့်ပင် ချန်းဖန်၏ လက်အောက်ခံ ဖြစ်သည့် ခွန်ရှုနယ်မြေသားတို့ အပေါ် သူ၏ ဒေါသကို ပုံချလိုက်ခြင်း ဖြစ်သည်။
“ဘာ... ဝမ်ရှင်း တန်ခိုးရှင်ချန်းကြောင့် ဟုတ်လား... သူ ပြန်ရောက်နိုင်ပြီလား”
“မဖြစ်နိုင်ပါဘူး... သူ ပြန်လာမယ် ဆိုရင် အရင်ဆုံး ကောင်းကင်မြို့တော်မှာ ပေါ်လာရမှာလေ... ဒီနေရာက ကောင်းကင်လမ်းကြောင်းရဲ့ အဆုံးပဲကို”
ခွန်ရှုနယ်မြေ၏ ရွှေအမြုတေ အဆင့်များသာ အံ့အားသင့် သွားကြ၏။ လုယန်ရွယ်နှင့် ချီရှို့အာတို့မှာလည်း တစ်ယောက်ကို တစ်ယောက် လှမ်းကြည့် လိုက်မိကြသည်။
ချန်းဖန်သည် ကောင်းကင် လမ်းကြောင်းမှ တစ်ဆင့် အပြောကျယ်သော အာကာသ အတွင်း ခရီးထွက် သွားခဲ့ခြင်း ဖြစ်သည်။ သူတို့သည် နေ့စဥ်နေ့တိုင်းပင် ကောင်းကင်လမ်းကြောင်း ဝင်ပေါက်ကို စောင့်ကြည့် ခဲ့ကြသော်လည်း ဆယ်နှစ်ကြာသည့်တိုင် ချန်းဖန်မှာ ပြန်မလာခဲ့ချေ။ သို့သော်လည်း ယခု၌ ဝမ်ရှင်း တန်ခိုးရှင်ချန်းမှာ ကမ္ဘာ၌ ပေါ်လာခဲ့သည်ဟု ဆိုသည်။ သူ မည်သည့် နေရာက ပြန်လာခဲ့သနည်း။
“ချန်းပေ့ရွှမ်းရဲ့ မိသားစုဝင်တွေ ဒီနေရာမှာ ပုန်းနေတယ် ဆိုတာ ငါသိတယ်... သူတို့ကို လက်လွှဲပေးပြီး အညံ့ခံမယ် ဆိုရင် နင့်တို့ရဲ့ အသက်တွေကို ချမ်းသာပေးမယ်”
ကောင်းကင် ဗိုလ်ချုပ်က မောက်မာစွာ ပြောရင်း လုယန်ရွယ်နှင့် ချီရှို့အာတို့အား တပ်မက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“နောက်ပြီး နင်တို့ နှစ်ယောက်က ငါ့ရဲ့ ကိုယ်လုပ်တော်တွေ လုပ်ရမယ်”
“ဆုတောင်းလေ ခွေးမသားကြီး... ငါ့ဆရာက နင့်ကို ကျိန်းသေ သတ်လိမ့်မယ်”
ချီရှို့အာက အော်ဟစ် လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် ရွှေရောင် အော်ရာများဖြင့် ဝန်းရံနေ၏။ ဖီးနစ် နတ်ငှက် ကျင့်စဥ်သည် ရွှေရောင် မီးတောက်များကို ထုတ်လွှတ်ကာ သူမအား ဝန်းရံ တိုက်ခိုက်နေသည့် ရွှေအမြုတေ အဆင့်များကို နောက်သို့ တွန်းထုတ်နေသည်။
“နင်က ချန်းပေ့ရွှမ်းရဲ့ တပည့်ကိုး... ကောင်းတယ်... ငါနင့် အရိုးတွေကို ချိုးပြီး မသေမရှင် ဖြစ်အောင် လုပ်ပစ်မယ်... အဲဒီအခါကျ ချန်းပေ့ရွှမ်း မောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့”
“ဘုန်း...”
စကားဆုံးသည်နှင့် ကောင်းကင် ဗိုလ်ချုပ်ယွမ်က ကောင်းကင်သို့ ပျံတက်ကာ ချီရှို့အာကို တက်နင်း လိုက်သည်။
“အား...”
ချီရှို့အာမှာ နာကျင်စွာ အော်ဟစ် လိုက်၏။ သူမ၏ ခန္ဓာကိုယ်ရှိ အရိုး အချို့မှာ ကျိုးကြေသွားကာ သူမ၏ နောက်ရှိ ဖီးနစ် ဓမ္မ အသွင်မှာလည်း ပျောက်ကွယ်လု နီးပါး အထိ ဖြစ်သွားခဲ့သည်။
သူမသည် ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်ထားသည့်တိုင် ကောင်းကင် ဗိုလ်ချုပ်ယွမ်ထက် ကျင့်ကြံခြင်း အဆင့် နှစ်ခု တိတိ နိမ့်ကျသူ ဖြစ်သည်။ မူလ အဆင့်နှင့် အခြေတည် ဝိညာဥ် အဆင့် အကြားရှိ ကွာခြားချက်မှာ ကြီးမားလွန်းလှ၏။ ချီရှို့အာသည် တစ်စက်ပင် ပြန်လည် ခုခံရန် အခွင့်အရေး မရှိခဲ့ချေ။
“ရှို့အာကို လွှတ်လိုက်စမ်း...”
ခွန်ရှုနယ်မြေ၏ ရွှေအမြုတေ အဆင့်များမှာ ချက်ချင်းပင် ပြေးဝင်သွားကြ၏။ လုယန်ရွယ်ကလည်း ယွင်ထျန်း နန်းတော်အား ကောင်းကင် ဗိုလ်ချုပ်ယွမ်ကို တိုက်ခိုက်လိုက်သည်။
“အရှုံးသမားတွေကများ...”
ကောင်းကင် ဗိုလ်ချုပ်ယွမ်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ရွှေအမြုတေ အဆင့် ရှစ်ယောက်ကို ကန်ထုတ် လိုက်သည်။ တစ်ဆက်တည်းပင် သူက လုယန်ရွယ်၏ တိုက်ခိုက်မှုကို အလွယ်တကူ ချေဖျက် ပစ်လိုက်၏။
“ဒီနန်းတော်ရဲ့ မူလ ပိုင်ရှင်သာ ရှိနေခဲ့ရင် ငါကြောက်ချင် ကြောက်မိလိမ့်မယ်... နင့်ကို မိန်းကလေး တစ်ယောက်က တိုက်ခိုက်တာလောက်ကိုတော့... ဟားဟား...”
ကောင်းကင် ဗိုလ်ချုပ်ယွမ်က အော်ဟစ် ရယ်မောရင်း ခြေဖနှောင့်အား ဆောင့်နင်း လိုက်သည်။
“အား...”
ရွှေရောင်သွေးများမှာ ချီရှို့အာ၏ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးထွက်လာ၏။ သူမကား သေလုနီးပါး အထိ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“နင် သူ့ကို သတ်လိုက်ရင် ငါယောက်ကျားက နင့်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”
လုယန်ရွယ်က အေးစက်စွာ ပြောလိုက်သည်။
“အိုး... ချန်းပေ့ရွှမ်းက နင့်ယောက်ျားလား ကောင်းတာပေါ့... ငါ နင်နဲ့ ဒီကောင်မလေးကို ခန္ဓာကိုယ်တွေ အပိုင်းပိုင်း ဖြတ်ပြီး သတ်ပစ်မယ်... နောက်ပြီး နင်တို့ရဲ့ နတ်ဘုရား စိတ်ဝိညာဥ်တွေကို ဓမ္မ ရတနာထဲ ထည့်ပြီး ငရဲမီးရဲ့ အရသာကို ခံစားခိုင်းမယ်”
ကောင်းကင် ဗိုလ်ချုပ်ယွမ်က သဘောကျစွာ အော်ဟစ် ရယ်မောလိုက်၏။
ထိုအချိန်မှာပင် ရုတ်တရက်...
“နောက်တစ်ခါ ထပ်ပြောစမ်း...”
ကျယ်လောင်သော အော်ဟစ်သံနှင့် အတူ အဇူရာ အလင်းတန်း တစ်ခုမှာ ကောင်းကင်မှ မြေပြင်သို့ အရှိန်ပြင်းစွာ ပြုတ်ကျလာခဲ့၏။ ချန်းဖန်ကား ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။
***