Chapter 36
Vol. 4 Ch. 36
မိသားစုက စကားစမြည်ပြောရင်း သိပ်မကြာခင်မှာပဲ မနက်စာစားလို့ ပြီးသွားခဲ့ကြတယ်။ ဝမ်စုဖန်းက မင်နန်နဲ့ မင်ပေကိုခေါ်ပြီး တောင်ပေါ်သို့ ထင်းသွားကောက်ရန် စေလွှတ်လိုက်တယ်။ လျို့ချွမ်ဟွားကတော့ အနောက်ဘက်အိမ်ဆီသို့ ဆေးသုတ်ဖို့ ပြန်သွားခဲ့လေတယ်။
ကျန်းကျန်းတစ်ယောက် နေ့လည်ခင်း နောက်တစ်ရေးနိုးလာချိန်မှာတော့ တစ်မိသားစုလုံး အိမ်ကိုပြန်ရောက်နေကြပြီ။ လျို့ချွမ်ဟွားသည်လည်း အဝတ်ဘီဒိုမှ ဆေးပန်းချီကို ရေးဆွဲလို့ ပြီးသွားခဲ့ပြီ။
ထိုစကားကိုကြားတော့ မဒမ်လီက ချက်ချင်းပဲ ခန်ပေါ်မှ အမြန်ဆင်းကာ သွားကြည့်ဖို့လုပ်တယ်။ မင်နန်နှင့် မင်ပေတို့ကလည်း အပျော်တမ်းကြည့်ဖို့အတွက် မဒမ်လီရဲ့နောက်မှ လိုက်သွားခဲ့ပြတယ်။
ကျန်းကျန်းတောင်မှ သူမရဲ့လက်လေးကို ဆန့်ထုတ်ကာ အနောက်ဘက်အိမ်ခန်းသို့ ညွှန်ပြပြီး ပြောလိုက်တယ်။
“သွား! အမေ သွားမယ်!”
မဒမ်လီက ဒါကိုမြင်တော့ ရယ်မောပြီး ပြောလာတယ်။
“ငါ့ရဲ့မြေးလေးကို ဘယ်မှာမှ ချန်ထားလို့မရဘူး.. သူမက မိသားစုထဲက အသေးအဖွဲ ကိစ္စတွေရော ကိစ္စကြီးတွေရော ပတ်သက်ချင်တာပဲ”
“ သူမလေးက ဥာဏ်ရည်ထက်မြက်လွန်းတာကိုး.. ကလေးတွေက ငယ်ရွယ်ချိန်မှာ သူ ကြီးလာရင် ဘယ်လိုဖြစ်လာမလဲဆိုတာကိုမြင်နိုင်တယ်လို့ ပြောကြတယ်လေ”
လျို့ချွမ်ဟွား ချီးကျူးလာတယ်။
မဒမ်လီက အသက်ငယ်စဥ်အရွယ်နဲ့ ကြီးလာချိန်ဆိုတဲ့စကားကို ကြားတော့ အနည်းငယ်စိုးရိမ်သွားရတယ်။ သူမက ဘေးနားမှ လီမင်ပေကို စိုက်ကြည့်ကာ ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်တယ်။
“ပြီးသွားပြီပဲ.. ငါက မင်ပေလည်း နည်းနည်းလောက်ရင့်ကျက်လာဖို့ မျှော်လင့်နေတာ.. အခုတော့ မျှော်လင့်ချက်မရှိတော့ဘူး”
လီမင်ပေက လက်ထဲတွင် တုတ်တစ်ချောင်းကိုကိုင်ကာ ထိုတုတ်နဲ့ အရှေ့နှင့်အနောက်ကို ဟိုထောက်ဒီထောက်လုပ်ရင်း လမ်းလျှောက်နေခဲ့တာ။ မဒမ်လီက ဆော့ကစားရင်း ပျော်ရွှင်နေတဲ့ မြေးဖြစ်သူကို စိတ်ပူစွာကြည့်နေခဲ့တယ်။
ကျန်းကျန်းကတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်း စိတ်ထဲမှာ အတွေးတစ်ခုသာ ပေါ်ထွက်လာခဲ့တယ်:
စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနောက်ကျတဲ့ကလေးတွေက ပိုပြီးပျော်ရွှင်ရတယ်။
လီမင်ပေက ပျော်ရွှင်နေတဲ့အချိန်မှာ မဒမ်လီထံမှ သူ့ဆီမှာ ဦးနှောက်မရှိဘူးလို့အဓိပ္ပါယ်ရတဲ့ စကားကို ရုတ်တရက် ကြားလိုက်ရတာကြောင့် ချက်ချင်းပဲ စိတ်မချမ်းသာစွာဖြင့် ပြန်ပြောလာတယ်။
“အဖွား ဘာလို့ ဒီလိုပြောရတာလဲ.. အဖွားပြောတာက ကျွန်တော့်ကို ငတုံးလို့ပြောနေသလိုပဲ”
လီမင်နန်က ချက်ချင်း ရယ်လိုက်တယ်။
“အဖွားက မင်းကို ငတုံးလို့ ခေါ်လိုက်တာပဲလေ!”
လီမင်ပေက သူ့ရဲ့လက်ထဲမှတုတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး လီမင်နန်ဆီသို့ ပြေးသွားလိုက်လေတယ်။ သို့ပေမယ့် လီမင်နန်က မျောက်တစ်ကောင်လိုမျိုး သွက်လက်စွာဖြင့် ဘယ်နဲ့ညာကိုပတ်ပြေးနေတာကြောင့် လီမင်ပေတစ်ယောက် ဖမ်းမမိနိုင်ခဲ့ဘူး။
ကျန်းကျန်းက သူမရဲ့ အကိုနှစ်ယောက် ခုန်ပေါက်ပြေးလွှားနေကြတာကို ကြည့်ရင်း ရယ်မောလိုက်မိသလို မဒမ်လီကလည်း ရယ်မောရင်းပြောလာတယ်။
“ငါက မိသားစုထဲမှာ ငတုံးတစ်ယောက်ပဲရှိတာလို့ ထင်ခဲ့ပေမဲ့ အခုကြည့်ရတာတော့ နှစ်ယောက်တောင်ရှိနေပုံရတယ်”
သူတို့မိသားစုတွေ စကားပြောရယ်မောရင်း အခန်းထဲသို့ လျှောက်သွားခဲ့ကြတယ်။ ဘီဒိုပေါ်မှာ ပျိုနီပန်း ရှစ်ပွင့်ကို ရေးဆွဲထားခဲ့တယ်။ ဘီဒိုရဲ့အပေါ်ဘက် တံခါးကြီးမှာ ပျိုနီပန်းလေးပွင့်ကို ရေးဆွဲထားပြီး အောက်ဖက်မှ သေးငယ်တဲ့ ဗီဒိုအခန်းလေးခုမှာတော့ သေးငယ်တဲ့ ပျိုနီပန်းတစ်ပွင့်စီ ဆွဲထားခဲ့တယ်။
ဘီဒိုမှာ မှန်ထည့်သွင်းမဲ့နေရာတစ်ခုကျန်ရှိနေသေးပြီး မှန်တပ်လိုက်ပြီးရင် ပန်းချီကားက မှန်ရဲ့အောက်ဘက်မှာရှိနေမှာဖြစ်ပြီး မှန်ကို အပေါ်ကနေထည့်သွင်းမြှပ်နှံလို့ရလိမ့်မယ်။
ကျန်းကျန်း ဝမ်စုဖန်းရဲ့ရင်ခွင်ထဲမှထွက်လာကာ ဘီဒိုပေါ်မှ ပျိုနီပန်းရှစ်ပွင့်ကိုကြည့်လိုက်တော့ ပျိုနီပန်းတစ်ပွင့်ချင်းစီကို မတူညီစွာ ရေးဆွဲထားတာကိုတွေ့လိုက်ရတယ်။
အထက်ဖက်မှာရေးဆွဲထားတဲ့ ပန်းလေးပွင့်က သန်မာတဲ့ဆေးရောင်တွေကိုခြယ်ထားတယ်။ ကြွယ်ဝချမ်းသာပြီး မင်္ဂလာရှိစေမဲ့ အဓိပ္ပါယ်ပဲ။
နောက်ထပ် ပန်းချီကားလေးခုကတော့ စုတ်တံလေးတွေနဲ့ အသေးစိတ်ရေးခြယ်တဲ့ ပြောင်မြောက်တဲ့နည်းလမ်းကိုအသုံးပြုပြီး ပွင့်ချပ်များကို တောက်ပတဲ့ အရောင်များဖြင့် အလွှာလိုက် ရေးခြယ်ထားခဲ့တယ်။ အသက်ဝင်ပြီး ပျော်ရွှင်စရာဘဝအကြောင်းရေးခြယ်ထားသလိုပဲ။
လျို့ချွမ်ဟွားရဲ့ ပန်းချီကားကိုမြင်တော့ မဒမ်လီက ပျော်ရွှင်စွာရယ်မောပြီး ချီးမွန်းစကားပြောလာတယ်။
“ငါအရင်တုန်းက လမ်းပေါ်မှာမြင်တွေ့ခဲ့ရတဲ့ မှန်တပ်ခန်ဘီဒိုရဲ့ ပန်းချီကားက မင်းရေးဆွဲထားတာလောက် မလှဘူး.. ဒါက အရမ်းလှတာပဲ.. မြင်တွေ့ရတာနဲ့ စိတ်ပျော်ရွှင်သွားစေတယ်”
ကျန်းကျန်း ဝမ်စုဖန်းရဲ့ ရင်ခွင်ထဲမှ ခေါင်းညိတ်လိုက်တယ်။ သူမအနေနဲ့ ယခင်ဘဝတုန်းက ပန်းချီပညာကို မသင်ယူခဲ့ဖူးပေမဲ့လည်း အရာရာပေါများကြွယ်ဝတဲ့ခေတ်မှာ အနှစ် 20 ကျော်နေထိုင်ခဲ့ပြီးပြီလေ။ ဒီတော့ အနုပညာနဲ့ပတ်သက်တဲ့ အခြေခံအမြင်ကတော့ ရှိနေတုန်းပဲ။
ကျန်းကျန်းရဲ့အမြင်အရ ကွေ့ဟွားရဲ့အမေ ပန်းချီမဆွဲတာ နှစ်ပေါင်းများစွာကြာပြီးနေတာတောင် ဒီလောက်ထိလက်ရာမြောက်အောင်ရေးဆွဲနိုင်သေတယ်။ တကယ်လို့ သူမသာ ခေတ်သစ်မှာရှိနေခဲ့မယ်ဆိုရင် ထင်ရှားတဲ့ပန်းချီဆရာတစ်ယောက်အဖြစ်တောင် လုပ်နိုင်လောက်တယ်။
လူတိုင်းထံမှ ချီးမွမ်းစကားတွေကိုကြားလိုက်ရတော့ လျို့ချွမ်ဟွား ရှက်ရွံ့သွားရတယ်။
“စုတ်တံကို မကိုင်ခဲ့တာ နှစ်ပေါင်းများစွာကြာတော့ တော်တော်လေးစိမ်းသက်နေခဲရပြီ.. ဒီပန်းချီကားက တကယ်ကို စိတ်မကျေနပ်စေပါဘူး”
လျို့ချွမ်ဟွားရဲ့ နောင်တရနေတဲ့အမူအရာကိုမြင်တော့ လျို့ချွမ်ဟွားပြုံးလိုက်မိတယ်။
“ခမည်းမခက်.. ရှင် ဒီလိုပန်းချီတွေကို ဆွဲနိုင်တာကကို အရမ်းကောင်းနေပါပြီ.. ကျွန်မက ဒါကိုတောင် တော်တော်လေးမနာလိုဖြစ်နေရပြီ.. တကယ်လို့ ရှင်သာ ဒီထက်ပိုကောင်းအောင်ဆွဲနိုင်ရင် ကျွန်မကတော့ အဲဒါကို ဖွတ်ထားမိတော့မှာ..
ပြီးရင် ဒါကို ပွဲတော်ကာလအတွင်းကိုရောက်မှ အိမ်မှာ ချိတ်ဆွဲထားမယ်.. ဘီဒိုပေါ်မှာ မထားချင်တော့ဘူး”
မဒမ်လီက ချက်ချင်းပဲဝမ်းသာအားရဝင်ပြောလာတယ်။
“ဒါဆို မင်းငါ့ဆီကနေ လုယက်လို့မရဘူး.. အဲဒီပန်းချီကို ငါ့သေတ္တာထဲမှာ သော့ခတ်ထားလိုက်မယ် မင်းတောင် လာကြည့်ခွင့်မရှိတော့ဘူး”
လျို့ချွမ်ဟွားက လီမိသားစုမှ သူမရေးဆွဲခဲ့တဲ့ ပျိုနီပန်းချီကို အလွန်နှစ်သက်ကြောင်းတွေ့မြင်ခဲ့ရတာကြောင့် ပန်းချီရဲ့အရည်အသွေးကို ထပ်မံစိတ်မ၀င်စားတော့ဘဲ ဟက်ဟက်ပက်ပက် ပြုံးလိုက်တယ်။
“ကောင်းပြီ.. ရှင်တို့ မကြိုက်သရွေ့ အဆင်ပြေပါတယ်.. ဒါဆို ဒီပန်းချီကို ခြောက်အောင် လေနဲ့ အခြောက်ခံပြီးတော့ မှန်ကို အရင်ဝယ်လိုက်ကြလေ.. တကယ်လို့ စာရွက်တွေက မှန်နဲ့ ကပ်သွားရင်မကောင်းဘူး”
မဒမ်လီ ခေါင်းညိတ်လိုက်တယ်။
နောက်နေ့မနက်ကိုရောက်တော့ လီမူဝူကို အရွယ်အစားကို တိုင်းတာခိုင်းလိုက်ပြီး မှန်ဝယ်ခိုင်းလိုက်တယ်။ လီမူဝူက လက်သမားဆရာကို ခေါ်ခဲ့ပြီး သူတို့နှစ်ယောက် တစ်နာရီခန့်ကြာအောင် ပိုင်းဖြတ် အလုပ်များခဲ့ပြီး ပန်းချီပုံတွေအားလုံးကို မြှုပ်နှံလို့ပြီးသွားခဲ့ပြီ။
ဘီဒိုက အဆင်သင့်ဖြစ်သွားပြီဖြစ်လို့ လျို့ချွမ်ဟွားလည်း အိမ်ကိုပြန်သွားခဲ့ပြီ။
ကွေ့ဟွားသည်လည်း ပင်းချန်ကိုသွားဖို့အတွက် ထပ်မံ တွေးတောခဲ့ပြန်တယ်။
မဒမ်လီက သူမအတွက်ထောက်ခံစာတစ်စောင်ဖွင့်ပေးပြီး ပင်းချန်ကိုသွားရန်အတွက် အချိန်နှင့် ရထားနံပါတ်ကို မေးမြန်းကာ စောင့်ဆိုင်းခဲ့တယ်။ ထို့နောက် သူမက လီမင်ရှီ အိမ်ပြန်ရောက်လာတာနဲ့ လီမူဝူကို ရထားလက်မှတ်ဝယ်ဖို့ ချက်ချင်းစေလွှတ်လိုက်တယ်။
ကွေ့ဟွားကတော့ အိမ်မှ မထွက်ခွာခင်မှာ မဒမ်လီပေးတဲ့ ပိုက်ဆံနဲ့ လက်မှတ်တွေပျောက်သွားမှာကိုစိတ်ပူတာကြောင့် ကိုယ်နဲ့ အနီးကပ်ဝတ်တဲ့ အ၀တ်အစားများအတွင်းမှာ ထည့်ချုပ်ထားခဲ့တယ်။
အရာအားလုံးပြင်ဆင်ပြီးနောက် သူတို့နှစ်ယောက် ရထားပေါ်သို့တက်သွားခဲ့ကြတယ်။ ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ သူတို့တွေ ပင်းချန်သို့ ရောက်ရှိလာခဲ့ပြီ။
ရထားပေါ်မှဆင်းလာပြီးနောက် လီမင်ရှီက ရထားဝန်ထမ်းထံသို့သွားကာ စိုက်ပျိုးရေးတက္ကသိုလ်ကိုဘယ်လိုသွားရမလဲဆိုတဲ့အကြောင်းကို လမ်းညွှန်ပေးဖို့ သွားရောက်မေးမြန်းခဲ့တယ်။
ဝန်ထမ်းတွေက သူတို့နှစ်ယောက်ကိုမြင်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ တခြားနေရာကနေခရီးထွက်လာခဲ့မှန်း တွေးမိပြီး ရထားဘူတာဘေးနားမှ ဘတ်စ်ကားမှတ်တိုင်ဆီကို ကြင်နာစွာနဲ့ ပို့ဆောင်ပေးခဲ့ပြီး ဘတ်စ်ကားပေါ်ကို ဘယ်လိုတက်ရမလဲဆိုတာကိုပါ ပြောပြပေးခဲ့တယ်။
လီမင်ရှီနဲ့ ကွေ့ဟွားတို့က ကျေးဇူးတင်စကားဆိုပြီးနောက် သူတို့ရှေ့မှဖြတ်သွားတဲ့ လမ်းသွားလမ်းလာများနှင့် ယာဉ်တွေကို သေသေချာချာကြည့်နေခဲ့ကြတယ်။ ခဏအကြာမှာ ကွေ့ဟွားက စိတ်လှုပ်ရှားစွာနဲ့ လီမင်ရှီရဲ့ အင်္ကျီလက်ကို လှမ်းဆွဲလာတယ်။
“ပြည်နယ်မြို့တော်ကြီး ဖြစ်နေတာ မထူးဆန်းတော့ဘူး.. ငါတို့ဘက်မှာဆို တစ်နှစ်လုံးနေလို့ ကားတစ်စီးတောင်မမြင်တွေ့နိုင်ဘူး”
နှစ်ယောက်သား စကားပြောနေတုန်းမှာပဲဘတ်စ်ကားတစ်စီးရောက်လာခဲ့တယ်။ လီမင်ရှီက ကွေ့ဟွားကို ဘတ်စ်ကားပေါ်သို့ ဆွဲတင်လိုက်ပြီး လက်မှတ်ဝယ်လိုက်တယ်။
ထို့နောက် နှစ်ယောက်သား ပြတင်းပေါက်မှ ထိုင်ခုံကိုရှာတွေ့ခဲ့ကာ စိတ်လှုပ်ရှားစွာနဲ့ ဝင်ထိုင်လိုက်ကြတယ်။ ကွေ့ဟွားက ပြတင်းပေါက်ဘေးမှာ ထိုင်ပြီး ဖြတ်သွားတဲ့လမ်းတစ်လျှောက်မှ အိမ်တွေနှင့် လမ်းသွားလမ်းလာတွေကို လိုက်ကြည့်နေခဲ့မိတယ်။ ထို့နောက် မနေနိုင်စွာနဲ့ အံသြသင့်စွာ ပြောလိုက်မိပြန်တယ်။
“နောက်ဆုံးတစ်ခေါက်တုန်းက စတုတ္ထအဒေါ် ငါတို့ရဲ့မွေးရပ်မြေကို ပြန်လိုက်လာတုန်းက လှည်းကိုမစီးချင်ဘူးဖြစ်နေခဲ့တာ အံ့သြစရာမရှိတော့ဘူး .. သူတို့မြို့ပေါ်က ကားက စီးရတာ အရမ်းအဆင်ပြေတာပဲ.. အပေါ်မှာ ထိုင်ရတာလည်း လုံးဝမနာကျင်ဘူး”
လီမင်ရှီက ခေါင်းညိတ်လာတယ် ။
“ကျွန်တော်တို့က သစ်တောဧရိယာထဲမှာ ရှိနေတာဆိုတော့ အိမ်ခြေတွေအများကြီး မရှိဘူးလေ.. ဒီတော့ ကားရှိရင်တောင် စီးမဲ့သူတွေ အများကြီးရှိမှာမဟုတ်ဘူး.. ဒီနေ့က သောကြာနေ့ ဆိုတော့ မနက်ဖြန် အတန်းမတက်ရဘူး.. အဖွားပေးလိုက်တဲ့ ဝက်ပေါင်ခြောက်နဲ့ စတုတ္ထဦးလေးဆီကို သွားကြည့်ရအောင်”
ဘတ်စ်ကားက လျင်မြန်စွာသွားနေခဲ့ပြီး ကားဂိတ်တစ်ခုကိုဖြတ်သွားတိုင်း လူတွေက နည်းပါးလာသလို ဘတ်စ်ကားကိုပထမဆုံးစီးဖူးတဲ့ ကွေ့ဟွားရဲ့ စိတ်လှုပ်ရှားမှုကလည်း အချိန်ကြာလာတာနှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။ သူမက သူမရဲ့လက်တွေကို အလိုအလျောက် လိမ်ဆွဲနေမိပြီး မင်ရှီကိုစိတ်လှုပ်ရှားစွာမေးလိုက်တယ်။
“မကြာခင်ရောက်တော့မှာလား”
လီမင်ရှီ မတ်တပ်ထရပ်ပြီး ရထားပေါ်မှာရေးထားတဲ့ ကားဂိတ်နာမည်တွေကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလာခဲ့တယ်။
“နောက်လာမဲ့ဂိတ်ဆို ရောက်ပြီ”
သူမအနေနဲ့ နောက်လာမဲ့ ဂိတ်ဆိုရင် ရောက်တော့မယ်ဆိုတာကိုသိထားပေမဲ့ လီမင်ရှီရဲ့ အတည်ပြုချက်ကို ကြားလိုက်ရတော့ ကွေ့ဟွားတစ်ယောက် ခဏတာလောက် အေးခဲသွားခဲ့ရတယ်။ သူမက သူမရဲ့ ကျစ်ဆံမြီးကို ဆွဲလိုက်ပြီး လက်ဖဝါးတွေဆီမှာလည်း ချွေးစေးတွေနဲ့ ချွဲနစ်နေခဲ့တယ်။