Chapter 39
Vol. 4 Ch. 39
ဒီမေးခွန်းက လီမင်တုန်ရဲ့ နှလုံးသားထဲမှာ အချိန်အတော်ကြာအောင် ချုပ်နှောင်ခံထားရတဲ့မေးခွန်းပဲ။ ဒါပေမယ့် သူ ဘယ်တုန်းကမှ နားမလည်နိုင်ခဲ့ဘူး။
အိမ်ထောင်ရေးက အချစ်ရေးကိုပဲ အခြေခံသင့်တယ်မဟုတ်ဘူးလား?
တခြားလူတွေရဲ့စီစဥ်မှုကြောင့် ဖြစ်လာမဲ့အိမ်ထောင်ရေးက တကယ်ပဲ အချစ်ကို ဖြစ်ပေါ်စေနိုင်ပါ့မလား။ တကယ်လို့ သူသာ ဒီလိုမျိုးစီစဥ်ထားတဲ့အိမ်ထောင်ရေးမျိုးနဲ့ အပေးအယူကို လက်ခံခဲ့မယ်ဆိုရင် သူက ပဒေသရာဇ်စနစ်နဲ့ အပေးအယူတွေကိုလက်ခံနေတုန်းပဲလို့ ဆိုလိုတာမဟုတ်ဘူးလား။
ဒီနွေရာသီအစကတည်းက အချစ်ရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေက လီမင်တုန်ရဲ့စိတ်ထဲမှာ တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာခဲ့ပြီး သူ့ရဲ့အိမ်ထောင်ရေးနဲ့ အနာဂတ်မိသားစုအတွက် စိတ်ရှုပ်ထွေးမှုတွေ ပြည့်နှက်နေခဲ့တယ်။
လီမင်တုန်ရဲ့မေးခွန်းကိုကြားတော့ လီမင်ရှီက သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိတယ်။
“သေချာပေါက် လက်ထပ်ရမှာပေါ့.. ကွေ့ဟွားက မင်းရဲ့ ဇနီးလောင်းလေ.. နောက်ပြီး မင်း ပြန်လာပြီးရင် သူက မင်းရဲ့ အစစ်အမှန်ဇနီးဖြစ်လာတော့မှာပဲ”
“ဒါက ခေတ်မမီတော့တဲ့ အိမ်ထောင်ရေးတစ်ခုပဲ.. ငါတို့လို အဆင့်မြင့်ပညာသင်ယူနေတဲ့လူငယ်တွေက လွတ်လွတ်လပ်လပ်အချစ်ကိုရှာဖွေပြီးမှ အမှီအခို ကင်းကင်းနဲ့ လက်ထပ်သင့်တာမဟုတ်ဘူးလား”
လီမင်တုန် ခေါင်းကုတ်လိုက်ပြီး သူ့ရဲ့အတွေးကို ဘယ်လိုဖော်ပြရမှန်း မသိဖြစ်နေခဲ့တယ်။
လီမင်ရှီ အချိန်အကြာကြီး အံ့အားသင့်နေခဲ့ပြီးမှ မတတ်နိုင်စွာနဲ့ ပြန်ပြောလိုက်တယ်။
“ဒါပေမယ့် အဆင့်မြင့်ပညာရေးက အိမ်မှာ ဇနီးတစ်ယောက်ရှိမနေရဘူးလို့ မဆိုလိုဘူးလေ.. အစ်ကိုကြီး မင်း တခြားမိန်းကလေးတစ်ယောက်နဲ့ ချစ်နေတာလား.. မင်းက ကွေ့ဟွားနဲ့ အိမ်ထောင်ရေးကို နောင်တရနေပြီး နောက်တစ်ယောက်နဲ့ လွတ်လွတ်လပ်လပ် လက်ထပ်ချင်နေတာလား”
“မဟုတ်ဘူး!”
လီမင်တုန် သူ့ရဲ့ခေါင်းကိုအပြင်းအထန်ခါရမ်းလိုက်တယ်။
“ငါ တခြားမိန်းကလေးတွေကို မကြိုက်ဘူး.. ကြိုက်တယ်ဆိုတာက ဘာကိုပြောချင်တာလဲဆိုတာကိုတောင် နားမလည်သေးဘူး၊ ဒါကြောင့် ငါ ကွေ့ဟွားနဲ့ လက်ထပ်သင့်ရဲ့လားဆိုတာကိုမသိဘူးဖြစ်နေတာ “
“မင်း ဘာလို့ လက်ထပ်ဖို့အတွက်ကို ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ.. မင်း တက္ကသိုလ်မှာ ဘာတွေလေ့လာနေခဲ့တာလဲ.. အစ်ကို မင်းခေါင်းက ဘာတွေကိုခက်ခက်ခဲခဲတွေးနေရတာလဲ”
လီမင်ရှီ မျဉ်းပြိုင်ဘားများပေါ်သို့ ခုန်တက်ပြီး လီမင်တုန်ရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။
“အဲဒီကွေ့ဟွားက ကလေးဘဝကတည်းက ငါတို့အိမ်ကို မင်းရဲ့သတို့သမီးအဖြစ်ရောက်လာခဲ့တဲ့အတွက်လား?”
“အင်း”
ကွေ့ဟွားတစ်ယောက် သူတို့ရဲ့အိမ်အတွင်းအပြင်မှ အိမ်မှုကိစ္စတွေကို တစ်နှစ်ပတ်လုံးဆောင်ရွက်ခဲ့ရတာကိုတွေးမိသွားတော့ လီမင်တုန်ရဲ့မျက်နှာက စိတ်ဆင်းရဲမှုတွေကိုဖော်ပြလာခဲ့တယ်။
“ကွေ့ဟွားက တစ်ခုခုအမှားလုပ်ခဲ့မိလို့လား”
လီမင်ရှီက ဆက်မေးလာတယ်။
“မလုပ်ဘူး.. သူမက မိန်းမကောင်းလေးပဲ”
လီမင်တုန်ပြန်ဖြေလာတယ်။
“ဒါဆို ဘာလို့လက်မခံချင်ရတာလဲ”
လီမင်ရှီ သူ့ရဲ့လက်ကို ရိုက်လိုက်တယ်။
“မင်းရဲ့သတို့သမီးက မိန်းမကောင်းတစ်ယောက်ပဲ.. မင်း ဘာလို့ သူမကိုလက်မထပ်ချင်တာလဲ.. သူမက အဖွားနဲ့လိုက်လာခဲ့တာဖြစ်ပြီး မင်းခေါ်လာခဲ့တဲ့လူမဟုတ်နေလို့လား?”
ကြည့်ရတာ မှန်နေတဲ့ပုံပဲ။ လီမင်တုန်က ချီတုံချတုံနဲ့ ခေါင်းညိတ်လိုက်တယ်။
“အဖွားရဲ့ သဘောထားနဲ့ပတ်သက်ပြီး မင်းဆီမှာ မကျေနပ်တာရှိနေလို့လား”
လီမင်ရှီရဲ့စကားကိုကြာတော့ လီမင်တုန်က တစ်ချက်တုန်ယင်သွားပြီး အသည်းအသန်ခေါင်းခါလာတယ်။
“အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့.. ငါ့ဆီမှာ အဖွားနဲ့ပတ်သက်ပြီး ဘယ်လို ပြသနာမျိုးမှမရှိဘူး”
လီမင်ရှီ သူ့ရဲ့ မျက်လုံးတွေကို လှိမ့်လိုက်မိတယ်။
“ကျွန်တော် အစ်ကို,ကိုပြောမယ်.. ကျွန်တော်တို့ရဲ့အဖွားက မျက်လုံးတွေ တောက်ပတဲ့(အမြင်ကောင်း) အဖွားအိုတစ်ယောက်ပဲ.. သူမက လူတွေကို ဘယ်တော့မှ မှားယွင်းပြီး မကြည့်မိတတ်ဘူး ..
အစ်ကို ကျွန်တော်တို့ရဲ့အမေနဲ့ ကျွန်တော်တို့ရဲ့တတိယအဒေါ်ကိုပဲ ကြည့်လိုက်.. ဘယ်တစ်ယောက်ကများ အပြင်လူတွေကို လက်မ,ထောင်ပြရအောင် မလုပ်နိုင်ခဲ့လို့လဲ?
စတုတ္ထဦးလေး သူ့ဘာသာသူရွေးချယ်ပြီး အိမ်ကိုခေါ်လာခဲ့တဲ့တစ်ယောက်ကိုကြည့်လိုက်ဦး.. မနှစ်တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာတွေးကြည့်လိုက်လေ.. နှစ်သစ်ကူးအချိန် အိမ်ကိုရောက်လာတော့ ကျွန်တော့်တို့ရဲ့အဖွားကို စိတ်မဆိုးစေခဲ့ဘူးလား? သူမက တစ်နေကုန် ဘီဒိုကိုပဲ စိုက်ကြည့်နေခဲ့တာ.. အဖွားရွေးချယ်ခဲ့တဲ့သူတွေနဲ့ ပြန်ယှဥ်ကြည့်လိုက်လေ”
“ ငါက ကွေ့ဟွားကို မကောင်းဘူးလို့ထင်နေတာ မဟုတ်ပါဘူး”
လီမင်တုန်က သက်ပြင်းချလိုက်တယ်။
“ငါက မလိုလားသလို ခံစားနေရရုံပဲ.. ငါက အချစ်ရဲ့ချိုမြိန်မှုတွေ ပူလောင်မှုတွေကိုတောင် မခံစားခဲ့ရသေးဘူးလေ.. ပြင်ဆင်ပြီးသား အိမ်ထောင်တစ်ခုထဲကို ခြေချရတော့မယ်.. တကယ်လို့ မင်းသာဆိုရင်ရော ဆန္ဒရှိမှာလား?”
လီမင်ရှီ ထိုအကြောင်းကို ခဏလောက်စဉ်းစားပြီး အလေးအနက်ခေါင်းညိတ်လိုက်တယ်။
“ကျွန်တော်ကတော့ တော်တော်လေးကောင်းမယ်လို့ထင်တယ်.. အစ်မကွေ့ဟွားက အရမ်းကောင်းပြီး လှလည်းလှပတယ်.. ကျွန်တော်တို့မိသားစုကလည်း သူမကို သဘောကျကြတယ်
အဲဒါကိုပြောမှပဲ အစ်မကွေ့ဟွားက တကယ့်ကို ကောင်းမွန်လွန်းတယ်.. အစ်ကို.. တကယ်လို့ မင်း တကယ် သူမနဲ့ လက်မထပ်ချင်ဘူးဆိုရင်လည်း မေ့လိုက်တော့.. ကျွန်တော် အိမ်ကိုပြန်ပြီးတော့ အဖွားကို ကျွန်တော် အစ်မကွေ့ဟွားကိုလက်ထပ်မယ်ဆိုပြီး ပြောလိုက်မယ်..
ဘာပဲဖြစ်ဖြစ် အသက်ကြီးတဲ့ အမျိုးသမီးက ရွှေပဲလို့တောင်ပြောကြသေးတာပဲ.. ကျွန်တော် အဲဒါကို ပြောကြည့်လိုက်မယ်.. အဓိက အချက်က ဘီဒိုပေါ်မှာ ဆွဲထားတဲ့ ပျိုနီပန်းတွေက အရမ်းကိုလှပလွန်းတယ်”
လီမင်တုန် ရယ်ရမလား ငိုရမလားဆိုတာကိုမသိတော့ဘူး။ သူက မျဉ်းပြိုင်ပေါ်မှာထိုနေတဲ့ လီမင်ရှီကို ခြေထောက်တစ်ဖက်ကိုမြှောက်ပြီး လှမ်းကန်လိုက်တယ်။
“မင်းက အဲဒီ ဘီဒိုအတွက်ကြောင့် ကွေ့ဟွားကိုလက်ထပ်ချင်နေတာလား”
“မဟုတ်ဘူး.. အဓိကက အစ်မကွေ့ဟွားက အရမ်းကိုကောင်းမွန်တဲ့သူဖြစ်နေလို့ပဲ.. ပြီးတော့ ဘီဒိုကလည်း အရမ်းကောင်းတယ်!”
လီမင်တုန်က မျဥ်းပြိုင်ဘားတွေပေါ်ကို ခုန်တက်ဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားနေတဲ့ လီမင်ရှီကိုကြည့်လိုက်ပြီး နောက်တစ်ကြိမ်ကန်ချလိုက်ပြန်တယ်။
လီမင်ရှီက မပျော်မရွှင်ဖြစ်သွားရပြီး သူ့ကိုစိုက်ကြည့်ကာ အော်ဟစ်လိုက်တော့တယ်။
“ကျွန်တော့်ကို ဘာလို့ လာကန်နေတာလဲ.. အစ်ကိုပဲ ကျွန်တော့်ကို ကွေ့ဟွားနဲ့လက်ထပ်ဖို့ ပြောခဲ့တာမဟုတ်ဘူးလား?!”
“_ျီးကိုပဲ လက်ထပ်လိုက်!”
လီမင်တုန်က သတိလက်လွတ်နဲ့ အော်ဟစ်လိုက်ပြီး လီမင်ရှီကတော့ တကယ်ကို မပျော်မရွှင်ဖြစ်နေပြီ။
“မင်းက ကိုယ်တိုင်လည်း လက်မထပ်ချင်ဘူး.. ကျွန်တော့်ကိုလည်း လက်မထပ်စေချင်ဘူး.. ဒါဆို ကွေ့ဟွားက ဘယ်နေရာကိုသွားရမှာလဲ?
အဖွားကပြောတယ်.. ကွေ့ဟွား သူ့ရဲ့မိဘတွေအိမ်ကိုပြန်တဲ့အချိန်မှာ သူ့အတွက် နေစရာနေရာတောင်မရှိဘူးတဲ့.. သူက မီးဖိုခန်းထဲမှာ သွားအိပ်ခဲ့ရတာ.. တကယ်လို့ ကျွန်တော်တို့မိသားစုထဲက ဘယ်သူမှ လက်မထပ်ဘူးဆိုရင် သူက ကျွန်တော်တို့အိမ်မှာ ဘာလို့ နေရဦးမှာတဲ့လဲ?’
“ငါ သူမကို လက်မထပ်ချင်ဘူးလို့ ပြောချင်တာမဟုတ်ဘူး”
လီမင်တုန်က သူ့ရဲ့အတွေးတွေ ပိုပြီးရှုပ်ထွေးလာသလိုမျိုး ခံစားလာရတယ်။
“ငါက အိမ်ထောင်ရေးကို အချစ်နှင့် အခြေခံပြီး တည်ဆောက်သင့်တယ်လို့တွေးနေရုံပဲ”
လီမင်ရှီတစ်ယောက် ထို “အချစ်၊အချစ်၊အချစ်” ဆိုတဲ့စကားတွေကို နားထောင်ရင်းနဲ့ အနည်းငယ် မူးဝေလာခဲ့ရပြီး လီမင်တုန်လိုမျိုး သူ့ရဲ့ ဆံပင်တွေကို ကုတ်ခြစ်လိုက်မိတယ်။
“ဒါဆိုလည်း မင်းနှစ်ယောက် ချစ်လိုက်ကြလေ.. ကွေ့ဟွားက အခု ဒီမှာရှိနေတာပဲမလား.. မြန်မြန်လေး ချစ်ကျွမ်းဝင်လိုက်ကြ.. ချစ်ပြီးသွားတဲ့အချိန်ကျရင် လက်ထပ်လိုက်ပေါ့”
လီမင်တုန်ရဲ့ အတွေးနက်နေတဲ့ အသွင်အပြင်ကို ကြည့်ပြီး လီမင်ရှီ သူ့ရဲ့မျက်နှာပေါ်မှ ချွေးတွေကို သုတ်လိုက်တယ်။
“ဘုရားရေ! အချစ်နဲ့ ပတ်သက်တာတွေကို အများကြီးတွေးတောလွန်းနေတာပဲ.. ကျွန်တော်ကတော့ ဇနီးတစ်ယောက်လက်ထပ်တဲ့အချိန် ကျွန်တော့်အတွက်သတို့သမီးကို အဖွားကိုပဲ ရှာခိုင်းလိုက်မှာ.. အဲလိုမျိုး အသုံးမဝင်တာတွေ တွေးနေမှာမဟုတ်ဘူး”
လီမင်ရှီရဲ့စကားလုံးတွေက တောက်ပတဲ့အလင်းရောင်တစ်ခုလိုပဲ။ လီမင်တုန်ရဲ့နှလုံးသားအတွင်းမှာရှိနေတဲ့ မြူခိုးတွေကို ချက်ချင်းပဲဖယ်ထုတ်လိုက်နိုင်ခဲ့တယ်။
လီမင်တုန် လီမင်ရှီရဲ့ အကြံပြုချက်ကို လေးလေးနက်နက် စဉ်းစားခဲ့ပြီး ဒါက အတော်လေးသင့်တော်ကောင်းမွန်တယ်လို့ ထင်ခဲ့တယ်။
“တကယ်လို့ ငါချစ်ကျွမ်းဝင်မယ်ဆိုရင် ငါဘယ်အရာကို အရင်ဆုံးလုပ်ရမလဲ?”
လီမင်ရှီရဲ့ မူးလဲလုမတတ်အမူအရာကို မြင်လိုက်ရတာကြောင့် လီမင်တုန်က အလျှင်အမြန် ပြန်ပြောလိုက်တယ်။
“ငါ အရင်စဥ်းစားလိုက်ဦးမယ်.. စာအုပ်ထဲမှာ ဘယ်လိုပြောခဲ့လဲဆိုတာ တွေးကြည့်ရအောင်”
“အစ်ကို .. မင်း ဘယ်လိုစာအုပ်တွေဖတ်နေတာလဲ”
လီမင်ရှီ လီမင်တုန်ရဲ့လက်ကိုအားနည်းစွာ ဆုပ်ကိုင်လိုက်ပြီး တောင်းဆိုလိုက်တယ်။
“ကျေးဇူးပြုပြီး ကျွန်တော့်ကိုပြောပြပေး!”
လီမင်တုန်က “ငါ မင်းကို နားလည်ပါတယ်” ဆိုတဲ့အကြည့်မျိုးနဲ့ စိုက်ကြည့်လာကာ ဂုဏ်ယူစွာ ပြောခဲ့တယ်။
“ မင်းလည်း သိချင်နေတာလား.. မင်းလည်း ချစ်မိသွားရင် ဘယ်လိုဖြစ်နိုင်လဲဆိုတာ သိချင်တယ်မလား? ဒါပေမယ့် ငါထင်တာတော့ မင်း နောက်ပိုင်း ကောလိပ်တက်ရတဲ့အချိန်ကျမှ ဖတ်တာပိုကောင်းမယ်”
“မဟုတ်ဘူး ကျွန်တော်က လုံးဝမသိချင်နေဘူး!”
လီမင်ရှီ သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်တယ်။
“ကျွန်တော်က အဲဒါက ဘယ်လိုစာအုပ်မျိုးလဲဆိုတာ သိချင်ရုံပဲ.. အနာဂတ်မှာ အဲဒီစာအုပ်ကိုမြင်ရင် ဝေးဝေးက ရှောင်ရအောင်လို့.. ဒါက ပေါက်ကွဲစေနိုင်တဲ့စာအုပ်ပဲ.. လူကောင်းတွေကို ရူးသွားအောင်လုပ်နိုင်တယ်!”
တစ်နှစ်ခွဲကြာအောင် ရုန်းကန်နေခဲ့ရတဲ့ အဓိကအကျဆုံးအချက်ကို ရှာဖွေတွေ့ရှိသွားပြီးနောက်မှာ လီမင်တုန်ရဲ့ စိတ်ခံစားချက်တွေက ချက်ချင်းပဲ ပွင့်လန်းလာခဲ့တယ်။
သူက မျဉ်းပြိုင်ဘားတွေပေါ်မှ စိတ်လှုပ်ရှားစွာနဲ့ခုန်ဆင်းလိုက်ပြီး လီမင်ရှီကိုပါ ဆွဲချကာ သူ့ရဲ့နှလုံးသားထဲမှ ပျော်ရွှင်မှုကိုဖော်ပြဖို့အတွက် ကစားကွင်းကို နှစ်ကြိမ်လောက် ပတ်ပြေးလိုက်တယ်။
လီမင်တုန်ဆီကနေ နှစ်ကြိမ်လောက်ပြေးဖို့ အဆွဲခေါ်ခံသွားရတဲ့ လီမင်ရှီကတော့ မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး လှုပ်တောင်မလှုပ်နိုင်တော့ဘူး။
“ကျွန်တော် ရထားပေါ်မှာ ရက်တွေအကြာကြီးနေခဲ့ရတာနော်.. အစ်ကို့ကိုအဖော်လုပ်ပြီး ဆက်မပြေးနိုင်တော့ဘူး.. ပြေးချင်ရင် တစ်ယောက်တည်းပြေးနေလိုက်တော့ .. ကျွန်တော် အိပ်ဆောင်ကို ပြန်သွားအိပ်တော့မယ်.. မနက်ဖြန် စတုတ္ထဦးလေးအိမ်ကိုလည်း သွားရဦးမှာ”
လီမင်တုန်က နှစ်ကြိမ်လောက်ရယ်မောလိုက်တယ်။
“မင်ရှီ .. ငါက ငတုံးလို့ထင်လား.. တကယ်တမ်းကျတော့ ငါ ကွေ့ဟွားနဲ့ အရင်ချစ်သွားပြီးမှ လက်ထပ်လုက်လို့ရတာပဲ..
ဒါဆို ဒါက စီစဉ်ပေးတဲ့အတိုင်းလက်ထပ်လိုက်ရတဲ့ အိမ်ထောင်ရေးမဟုတ်တော့ဘူး.. မင်းပြောတာကို ငါဘာလို့ ရှာမတွေ့နိုင်ခဲ့ရတာလဲ.. တကယ်ကို ကိစ္စတွေကိုနှောင့်နှေးအောင်လုပ်မိတာပဲ”
လီမင်ရှီ သမ်းဝေရင်းနဲ့ သူ့ရဲ့ မျက်လုံးတွေကို ပွတ်သပ်လိုက်တယ်။
“မင်းကို အရင်ကတော့ ငတုံးလို့ မထင်ခဲ့မိဘူး.. ဒါပေမယ့်အခုတော့ ကျွန်တော့်ရဲ့အစ်ကိုက အမြဲတမ်း ဥာဏ်ကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သိသွားပြီ.. မင်း တုံးအ,နေတဲ့အချိန်ဆို မင်ပေနဲ့ အတူတူလောက်ပဲ..
ကျွန်တော် ပြောမယ် အစ်ကို..မင်းမှာအချိန်တွေပိုနေတယ်ဆိုတိုင်း အဲဒီလိုစာအုပ်မျိုးတွေကို ဖတ်မနေနဲ့.. မဟုတ်ရင် ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန် အဖွားကို ပြောပြလိုက်မှာ”
“မင်း ဘာလို့ အဖွားကို အကုန်ပြောပြချင်နေရတာလဲ”
လီမင်တုန် ညီဖြစ်သူကို စိုက်ကြည့်လိုက်တယ်။
“မင်းက ဒီလောက်တောင်ကြီးနေပြီ အခုလို ရိုးသားလွန်းနေတာကိုရပ်လိုက်လို့ရမလား? နောက်ပြီး ဒီလိုအသေးအဖွဲကိစ္စတွေအတွက် အဖွားကို စိတ်မပူစေနဲ့”
“အဖွားကို မပြောနဲ့ဆိုလည်း မပြောဘူးပေါ့.. အခုအိပ်ဆောင်ကို အမြန်ပြန်ရအောင် .. ကျွန်တော် အိပ်ချင်နေပြီ”
လီမင်ရှီက နောက်တစ်ကြိမ် သမ်းဝေလိုက်ပြီး လီမင်တုန်ကို အိပ်ဆောင်သို့ ပြန်သွားဖို့ လောဆော်လိုက်တယ်။
အိပ်ဆောင်သို့ပြန်ရောက်ပြီးနောက် သူ့ရဲ့ခြေထောက်တွေကို ရေနွေးဇလုံထဲမှာ စိမ်လိုက်ပြီး ခုတင်ပေါ်မှာလှဲရင်း အိပ်ပျော်သွားတော့တယ်။