← Chapters

သတ်ဖြတ်ခြင်း

Vol. 11 Ch. 1082

သတ်ဖြတ်ခြင်း

Vol. 11 Ch. 1082

“ဘုန်း...”

အဇူရာ အလင်းသည် မြေပြင်သို့ ကျရောက်ကာ အနက်ရောင် ဝတ်စုံဝတ် လူတစ်ယောက် အသွင် ပြောင်းလဲသွား၏။ သူသည် အနက်ရောင် မျက်ဝန်းနှင့် မဟူရာ ဆံနွယ်တို့ကို ပိုင်ဆိုင်ထားသည်။ သူ၏ မျက်လုံးများသည် အထင်သေးခြင်း၊ စက်ဆုပ်ခြင်းများနှင့် ပြည့်နှက်နေ၏။

“သူက ချန်းပေ့ရွှမ်းလား...”

ကောင်းကင် ဗိုလ်ချုပ်ယွမ်နှင့် အနက်ရောင်ဝတ် ရွှေအမြုတေ အဆင့်များမှာ မျက်မှောင်ကြုတ် သွားကြသည်။

“ဆရာ...”

“ဟန်နီ...”

“အကို...”

ချီရှို့အာ၊ လုယန်ရွယ်နှင့် ချန်းကောကောတို့မှာ တစ်ပြိုင်နက်တည်း ခေါ်လိုက်ကြ၏။

“ဝမ်ရှင် တန်ခိုးရှင်ချန်း...”

ခွန်ရှုနယ်မြေ၏ ကျင့်ကြံသူများမှာလည်း ငိုသံပါများဖြင့် အော်ဟစ် လိုက်ကြသည်။ ချန်းဖန်ကား သူတို့ အတွက် နတ်ဘုရား သဖွယ် ဖြစ်ပေသည်။ သူတို့သည် ချန်းဖန် ရောက်ရှိလာရုံမျှပင် လုံခြုံ စိတ်ချမှုကို ခံစား နေရပြီ ဖြစ်လေသည်။

“ချန်းပေ့ရွှမ်း... မင်း ဘယ်လို‌ရောက်လာတာလဲ”

ကောင်းကင်ဗိုလ်ချုပ်ယွမ်မှာ အနည်းငယ် ကြောက်လန့် သွားခဲ့၏။ ချန်းဖန်၌ အလွန် အစွမ်းထက်သော အစေခံ ခြောက်ယောက်ကို ပိုင်ဆိုင်ထားကြောင်း သူသိထားသည်။ ထို့ကြောင့်ပင် သူသည် ချန်းဖန်အား ရင်ဆိုင်ရန် ယုံကြည်ချက် မရှိချေ။

“မင်းက ငါ့ဇနီးနဲ့ ငါ့တပည့် နှစ်ယောက်စလုံးကို အပိုင်းပိုင်း ခုတ်ထစ်ပြီး သတ်ပစ်မယ်... သူတို့ရဲ့ နတ်ဘုရား စိတ်ဝိညာဥ်တွေကိုပါ ဓမ္မ ရတနာထဲ လှောင်ပိတ်ပြီး ငရဲမီးနဲ့ လောင်ကြွမ်းပစ်မယ်ပေါ့ ဟုတ်လား...”

ချန်းဖန်က အေးစက်သော လေသံဖြင့် မေးလိုက်၏။ လုယန်ရွယ်သည် သူနှင့် တရားဝင် လက်ထပ်ထားခြင်း မရှိသည့်တိုင် သူ၏ အမည်ခံ ဇနီး ဖြစ်ပေသည်။ သူမသည် သူ့အား ကူညီကာ ခွန်ရှုနယ်မြေကို အုပ်ချုပ်ပေးခဲ့သည်။

တစ်ချိန်တည်း၌ ချီရှို့အာမှာမူ သူ၏ တပည့် ဖြစ်ပေသည်။ သို့သော်လည်း ကောင်းကင်ဗိုလ်ချုပ်ယွမ်သည် သူမအား တက်နင်း ထားခဲ့သည်။ ခွန်ရှုနယ် တစ်ခုလုံးမှာလည်း သွေးများဖြင့် ဖုံးလွှမ်းနေ၏။ ထိုအခိုက်၌ ချန်းဖန်သည် တောင်ပိုင်း ဒေသငယ်သို့ပင် သွားကာ တိုင်ချူ နတ်ဘုရား နယ်မြေ တစ်ခုလုံးကို ရှင်းလင်းပစ်ချင်နေခဲ့ပြီ ဖြစ်သည်။

“ဟုတ်တယ်ကွာ... မင်းတောင် ငါ့ညီ ရှောင်ရွှမ်ကို သတ်သေးတာပဲ... ဒီ‌အတွက် ငါက မင်းတပည့်နဲ့ မိန်းမကို ပြန်သတ်မယ်... ဘာဖြစ်လဲ... နတ်ဘုရား ဗိုလ်ချုပ် ချင်ယွမ်သာ ခေါ်မသွားခဲ့ရင် ကျန်းချူရန် ဆိုတဲ့ မင်းရဲ့ မယားငယ်မကိုပါ ငါသတ်ပစ်လိုက်ပြီ”

ကောင်းကင်ဗိုလ်ချုပ်ယွမ်က ချန်းဖန်၏ ဒေါသကို ဆွရင်း ဆက်ပြောလိုက်၏။

“ချန်းပေ့ရွှမ်း... မင်းမှာ မိစ္ဆာ ခြောက်ကောင်ရှိတယ် ဆိုတာ ငါသိတယ်... သူတို့ တစ်ယောက်ချင်းစီက အစွမ်းထက် ခန္ဓာကိုယ်တွေကို ပိုင်ဆိုင်ထားတဲ့ အပြင် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်တွေလိုမျိုး အစွ်းထက်တယ်... ဟဟ... မင်းက အစေခံတွေ အားကိုးနဲ့ ဘဝင်မြင့် နေတယ်ပေါ့... မင်းသတ္တိရှိရင် ငါနဲ့ တစ်ယောက်ချင်း တိုက်မလား... မင်းနိုင်ရင် ငါမင်းရဲ့ တပည့်ကို လွှတ်ပေးမယ်”

“မတိုက်နဲ့ ဆရာ... သူက”

ချီရှို့အာက အော်ဟစ်လိုက်၏။ သို့သော်လည်း ကောင်းကင်ဗိုလ်ချုပ်ယွမ်က ဖိနင်းလိုက်ရာ သူမ၏ အသံက တစ်ပိုင်းတစ်စဖြင့် ရပ်သွားသည်။ သူမသည် သွေးတစ်လုတ် အန်လိုက်ရကာ စကားပင် ဆက်မပြောနိုင်တော့ချေ။

“ကောင်းပြီလေ...”

ချန်းဖန်က တည်ငြိမ်စွာပင် သဘောတူ လိုက်သည်။ ထို့နောက် သူက သူ၏ အရိပ်ထဲရှိ မိစ္ဆာ ခြောက်ကောင်အား မိုင်ရာချီ အကွာအဝေးသို့ သွားနေကြရန် ညွှန်ကြားလိုက်၏။

“ကောင်းတယ်”

ကောင်းကင်ဗိုလ်ချုပ်ယွမ်က ခေါင်းတစ်ချက် ညိတ်ကာ ရွှေရောင်ကြိုး တစ်ခုကို ထုတ်ယူလိုက်၏။ သူက ထိုကြိုးဖြင့် ချီရှို့အာကို ချည်နှောင်ကာ သူ၏ နောက်လိုက်များထံ ပစ်ပေးလိုက်သည်။

“တိုက်ကြတာပေါ့... စိတ်မပူနဲ့ ငါ ဘာပညာမှ လျှိုမထားဘူး... ငါ့ညီကို သတ်သလိုမျိုး မင်းကို ငါပြန်ပြီး သတ်ပစ်မယ်... ဟားဟား...”

ကောင်းကင်ဗိုလ်ချုပ်ယွမ်က အော်ဟစ် ရယ်မော လိုက်သည်။ တစ်ချိန်တည်း၌ ကျယ်ပြန့်သော ကမ္ဘာ တစ်ခုမှာ သူ၏ နောက်တွင် ပေါ်လာခဲ့၏။ အစစ်အမှန် နဂါးများ ကောင်းကင် ဖီးနစ်များသည် တွန်ကြူးနေကာ နတ်ဘုရား သားရဲများ၊ နတ်ဘုရားများမှာ ကောင်းကင်တွင် ပျံသန်းနေသည်။ တောင်တန်းများ အဆောက်အဦးများမှာ နေရာတိုင်း၌ တည်ရှိနေ၏။ ထိုအရာကား အစစ်အမှန် ကမ္ဘာ တစ်ခု အလားပင်။

“ဘုန်း...”

ကြောက်မက်ဖွယ် စွမ်းအင်မှာ မိုင်တစ်ရာ ပတ်ဝန်းကျင်ကို ပျံ့လွင့်သွားသည်။ ခွန်ရှုနယ်မြေ၏ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ တုန်ရီသွားကြ၏။ ထိုအရှိန်အဝါကား အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။

“တိုင်ချူ နတ်ဘုရား နယ်မြေ...”

တိုင်ချူး နတ်ဘုရား နယ်မြေ၏ တပည့်များသည် ဂိုဏ်းသို့ စတင် ဝင်ရောက်သည့် အချိန်မှ စ၍ နယ်မြေမျိုးစေ့ကို စိုက်ပျိုးရသည်။ သူတို့သည် အခြေတည် ဝိညာဥ် အဆင့်သို့ ဝင်ရောက်သော အခါ ထိုမျိုးစေ့မှ ကမ္ဘာငယ် တစ်ခု အဖြစ် အသက်ဝင်လာသည်။ ထိုကမ္ဘာငယ်သည် အစစ်အမှန် မဟုတ်သည့်တိုင် ကြောက်မက်ဖွယ် စွမ်းအင်ကို ထောက်ပံ့ပေးနိုင်ပေသည်။

“ဘုရားရေ... သူက အခြေတည် ဝိညာဥ် အဆင့် ကောင်းကင်အရှင်ပဲ...”

ခွန်ရှုနယ်မြေ၏ များစွာသော ကျင့်ကြံသူများမှာ ကြောက်လန့် သွားကြ၏။ သူတို့သည် ကောင်းကင် ဗိုလ်ချုပ်ယွမ်ကို အများဆုံးမှ ရွှေအမြုတေ ထိပ်ဆုံး အဆင့်၊ ကောင်းကင်အရှင် တစ်ပိုင်း အဆင့်လောက်ဟုသာ ထင်မှတ် ထားခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ အခြေတည် ဝိညာဥ် အဆင့် ဖြစ်နေလိမ့်မည်ဟု မစဥ်းစားခဲ့မိကြချေ။

“သူ့ဘေးမှာ ဝန်းရံနေတဲ့ အဇူရာ အလင်းတွေကိုကြည့်... အဲဒါတွေက ကောင်းကင်အရှင်တွေပဲ ပိုင်ဆိုင်နိုင်တဲ့ ဓမ္မ ဥပဒေသတွေပဲ”

ခွန်ရှုနယ်မြေ၏ လူအို ကျင့်ကြံသူကြီး တစ်ယောက်က အော်ဟစ် လိုက်သည်။

ကောင်းကင်အရှင်...

ထိုအရာကား ရှေးဟောင်းခေတ်များတွင်ပင် ထူးကဲသော ကျင့်ကြံခြင်း အဆင့် တစ်ခု ဖြစ်သည်။ ကောင်းကင်အရှင် တစ်ယောက်သည် ဓမ္မ ဥပဒေသများကို ထိန်းချုပ် နိုင်ကြကာ အမိန့် တစ်ခုဖြင့်ပင် ကမ္ဘာအား ပြောင်းလဲနိုင်စွမ်း ရှိကြသူများ ဖြစ်သည်။ ယနေ့၌ ထိုကဲ့သို့သော တန်ခိုးရှင် တစ်ယောက်မှာ ခွန်ရှုနယ်မြေ၌ ပေါ်လာခဲ့သည်။ ထိုအရာက လူတိုင်း၏ တွေးခေါ်မှုကို ရူးသွပ်စေ၏။

“ဝမ်ရှင်း တန်ခိုးရှင်ချန်း...”

ခွန်ရှုနယ်မြေ ရွှေအမြုတေ အဆင့်များ၏ မျက်နှာများမှာ ဖြူရော် သွားကြသည်။

“ဟဟ... ငါတို့ရဲ့ ကောင်းကင်ဗိုလ်ချုပ် နိုင်မှာ သေချာတယ်”

အနက်ရောင် ဝတ်စုံဝတ်လူများက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့သည် ပုံရိပ်ဖမ်း အစီအရင်များမှ တစ်ဆင့် ရန်တောင် တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။ ချန်းဖန်သည် ထင်သလောက် အစွမ်းထက်သူ မဟုတ်ချေ။ သူ၏ အဓိက အားသာချက်မှာ မိစ္ဆာ ခြောက်ကောင်သာလျှင် ဖြစ်သည်။ သူသည် အလွန်ဆုံးမှ အခြေတည် ဝိညာဥ် အစောပိုင်း အဆင့်လောက်သာ အစွမ်းထက်နိုင်သည်။

သို့သော်လည်း ကောင်းကင်ဗိုလ်ချုပ်ယွမ်ဖုန်းမှာ သာမန် အခြေတည် ဝိညာဥ် အဆင့် မဟုတ်ပါချေ။ သူသည် နတတ်ဘုရား ဗိုလ်ချုပ်များလောက် အစွမ်း မထက်သည့်တိုင် တိုင်ချူ ဘုရားကျောင်း ဂိုဏ်းချုပ်ထက် ပို၍ အစွမ်းထက်သူ ဖြစ်သည်။

“ဟဟ...”

ချန်းဖန်က ချန်းဖန်က အနည်းငယ် ရယ်မောကာ ကောင်းကင်ဗိုလ်ချုပ်ယွမ်ဖုန်းနှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သည်။  ထို့နောက် သူက မိန်းကလေးထက်ပင် ကနွဲ့ကလျဆန်စွာ လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်၏။

“မင်းက ကိုယ့်သေလမ်း ကိုယ်ရှာတာပဲ...”

ယွမ်ဖုန်းက ပိုင်နိုင်စွာ ပြုံးလိုက်သည်။ သို့သော်လည်း ကံဆိုးစွာပင် သူ၏ အပြုံးကား တစ်စက္ကန့်ပင် မခံခဲ့ချေ။

“ခရက်...”

ချန်းဖန်၏ လက်သည် သူ၏ တိုင်ချူ နတ်ဘုရား နယ်မြေကို တိတိပပပင် အလယ်မှ ထက်ပိုင်း ထိုးခွဲသွား၏။

“မဖြစ်နိုင်ဘူး...”

ယွမ်ဖုန်းနှင့် တိုင်ချူ ဘုရားကျောင်း၏ တပည့်များ အားလုံးမှာ ဆွံ့အ သွားကြ၏။

တိုင်ချူ နတ်ဘုရား နယ်မြေကား အစစ်အမှန် လောက မဟုတ်သည့်တိုင် အလွန် အစွမ်းထက်ပေသည်။ သာမန် အခြေတည် ဝိညာဥ် အဆင့်များ ပင်လျှင် ထိုအရာမှ မလွတ်မြောက်နိုင်ကြချေ။ သို့သော်လည်း ချန်းပေ့ရွှမ်းက ထိုအရာကို စက္ကူ တစ်စနှယ် ဆွဲဖြဲခဲ့၏။

သူက လူသား တစ်ယောက်လား။ သို့မဟုတ် သူ၏ ခန္ဓာကိုယ် အတွင်း၌ မိစ္ဆာ တစ်ကောင်ကောင် ဝင်ရောက် ပူးတွယ်နေသည်လား။

“တိုင်ချူ နတ်ဘုရားလက်နက် ကျင့်စဥ်...”

ယွမ်ဖုန်းက အော်ဟစ်လိုက်၏။ ထိုအခါ သူ၏ နောက်ရှိ တိုင်ချူ နတ်ဘုရား နယ်မြေမှာ သူ၏ လက်ဆီသို့ ရွေ့လျားလာကာ ခရမ်းရောင်နှင့် အနက်ရောင် ရောယှဥ်သော ဓားတစ်ချောင်း အသွင် ပြောင်းလဲလိုက်၏။

“ဝှစ်...”

ယွမ်ဖုန်းက ခုတ်ထစ်လိုက်ရာ ဓားမှာ ကမ္ဘာငယ် တစ်ခု၏ အားအင်ကို ယူဆောင်ကာ ချန်းဖန် အပေါ် ကျဆင်းလေသည်။ ထိုတိုက်ခိုက်မှုသည် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကိုပင် ကောင်းစွာ သတ်ဖြတ်နိုင်သည် အထိ အစွမ်းထက်၏။

“ခရက်...”

သို့သော်လည်း ချန်းဖန်က လက်ညိုးကို ဆန့်ထုတ်၍ တောက်ထုတ်လိုက်ရာ ယွမ်ဖုန်း၏ ဓားမှာ ထက်ပိုင်းကျိုး သွား၏။

“ဘုန်း...”

တစ်ဆက်တည်းပင် ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာလည်း နောက်သို့ အရုပ်ကြိုးပြတ် လွင့်စင်ကာ မြေပြင်သို့ ပြုတ်ကျသွား၏။ တိုက်ခိုက်မှု တစ်ခု အတွင်းမှာပင် သူ၏ များစွာသော အရိုးများကား ကျိုးကြေ သွားခဲ့ရပြီ ဖြစ်သည်။

“မဖြစ်နိုင်ဘူး... ငါ့ဓားက ကမ္ဘာတစ်ခုရဲ့ စွမ်းအားနဲ့ ဖန်တီးထားတာလေ... ဘယ်လိုလုပ်ပြီး ရွှေအမြုတေ အဆင့် ကျင့်ကြံသူက ချိုးလိုက်နိုင်တာလဲ”

ယွမ်ဖုန်းက ခေါင်းခါလိုက်သည်။ သူ၏ ခရမ်းရောင် ဆံပင်မျာသည် ရှုပ်ထွေးနေကာ သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေ၏။

“နောက်တစ်ကြိမ်...”

ယွမ်ဖုန်းက အော်ဟစ်လိုက်၏။ သူ၏ နောက်၌ ပြန့်ကျဲနေသော ကမ္ဘာငယ်သည် အလင်းတန်းများ တောက်ပလာကာ လှံပုဆိန် နတ်ဘုရား လက်နက် အဖြစ် ဖွဲ့စည်းပြန်သည်။

“ဘုန်း...”

သို့သော်လည်း နောက်တစ်စက္ကန့် အကြာ၌ လှံပုဆိန်မှာ ထက်ပိုင်းပြတ်ကာ ယွမ်ဖုန်းမှာ မြေပြင်သို့ ခွေးကျ ဝက်ကျ ပြုတ်ကျသွားပြန်သည်။

“ဘုန်း...”

ယွမ်ဖုန်းမှာ မြေပြင်သို့ ရောက်သည်နှင့် ချီရှို့အာထံသို့ ပြေးတော့သည်။ သူသည် ချီရှို့အာမှာ သူ၏ အသက်ကို ကယ်တင်နိုင်သည့် တစ်ခုတည်းသော အရာဖြစ်ကြောင်း သူသိထားပေသည်။ ချီရှို့အာဖြင့် ဆိုပါက သူသည် ချန်းဖန်အား ထိန်းချုပ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ချန်းဖန်မှာ သူ့ထက် အဆများစွာ ပိုမို လျှင်မြန်၏။

“ဘုန်း...”

မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ချန်းဖန်သည် ယွမ်ဖုန်းအား မြေပြင်ပေါ် ရိုက်ချကာ ခြေထောက်ဖြင့် တက်နင်းလိုက်၏။

“ဝှစ်...”

တစ်ချိန်တည်း၌ ဦးချို နှစ်ချောင်း၊ အမြီးနှင့် အနက်ရောင် အကြေးခွံများ ရှိသော မိစ္ဆာ တစ်ကောင်သည် ချီရှို့အာ၏ အနား၌ ပေါ်လာခဲ့၏။ ၎င်းသည် ချက်ချင်းပင် အနက်ရောင် ဝတ်စုံဝတ် လူများကို အပိုင်းပိုင်း ဆွဲဖြတ်ကာ ပါးစပ်ထဲ ထိုးထည့်လိုက်သည်။

သူကား ကိုယ်ယောင်ဖျောက်ရာ၌ ထူးချွန်သည့် ရှေးဟောင်းနတ်ဆိုး ဖိန်းလျံပင် ဖြစ်သည်။ သူသည် တိုက်ပွဲစသည့် အချိန်ကတည်းကပင် ချီရှို့အာ၏ နံဘေးသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်ပေ

“ငါ့... ငါ့ကို အသက်ချမ်းသာပေး...”

ယွမ်ဖုန်းက တုန်တုန်ရီရီဖြင့် ချန်းဖန်ထံ တောင်းပန်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူ၏ စကားမဆုံးခင်မှာပင် ချန်းဖန်က ဖနှောင့်ကို ပေါက်ကာ သူ့အား အဆုံးသတ် ပေးလိုက်သည်။

“ဝှစ်... ဝှစ်...”

ထို့နောက် မိစ္ဆာ ခြောက်ကောင်သည် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကာ ရာချီသော အနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူများထံသို့ တိုးဝင်သွားကြတော့၏။ သူတို့၏ စားသောက်ပွဲကြီးကား စတင်ခဲ့ပြီ ဖြစ်တော့သည်။

***

All Chapters