Chapter 43
Vol. 5 Ch. 43
လင်းမိသားစုက နေ့လည်စာစားပြီးတဲ့နောက် သူတို့ရဲ့ပစ္စည်းတွေကို လျင်မြန်စွာ ထုပ်ပိုးလိုက်ကြပြီး တောင်ပေါ်ကို တက်သွားချင်နေခဲ့ကြတယ်။
သို့ပေမဲ့ ကျန်းကျန်းရဲ့ မျှော်လင့်တကြီးနဲ့ အကြည့်လေးကို မြင်ရတဲ့အချိန်မှာတော့ မဒမ်လီနဲ့ ဝမ်စုဖန်းတို့ နှစ်ယောက်လုံး အနည်းငယ်ကြောင်အမ်းသွားခဲ့ကြရတယ်။
ကျန်းကျန်းကို ခေါ်မသွားဘူးဆိုရင် လူတစ်ယောက်ကတော့ သူမကို ထိန်းကျောင်းဖို့ ကျန်ရစ်နေခဲ့ရမှာဖြစ်ပြီးတစ်ယောက်စာ အလုပ်လုပ်ဖို့အတွက် လုပ်အားဆုံးရှုံးရလိမ့်မယ်။ တကယ်လို့ကျန်းကျန်းကို ခေါ်သွားမယ်ရင်လည်း မဒမ်လီတစ်ယောက် ဒီဘိုးဘေးလေးဆီ တစ်ခုခုဖြစ်သွားမှာကို တကယ်ကိုကြောက်ရွံ့နေမိတယ်။
“မင်း ဘာဖြစ်လို့ ကျန်းကျန်းကို အိမ်မှာ ကြည့်မနေရမှာလဲ.. ငါတို့တွေ အလုပ်ကို နှစ်ရက်လောက်ပိုလုပ်လိုက်မယ်”
မဒမ်လီက တုံ့ဆိုင်းစွာ ပြောလိုက်တယ်။
“အမေ..အမေပဲ အိမ်မှာနေလိုက်ပါလား.. တောင်ပေါ်က အတက်အဆင်းလုပ်ဖို့ မလွယ်ကူဘူးလေ.. ပြီးတော့ အမေ့ရဲ့ခြေထောက်က နောက်တစ်ခါ ပြန်နာလာလိမ့်ရင်ဘယ်လိုလုပ်မလဲ”
ဝမ်စုဖန်းက လျင်မြန်စွာ ခြင်းတောင်းကို သူမလက်ထဲကနေ ဆွဲယူလိုက်တယ် ။
“ကျွန်မက ငယ်ရွယ်ပြီး သန်မာတဲ့လူလေ.. ကျွန်မနဲ့ တုန်ဇီရဲ့ အဖေတို့ပဲ တောင်ပေါ်ကိုတက်သွားလိုက်ပါ့မယ်”
ကျန်းကျန်းက မဒမ်လီကို ကြည့်လိုက်ပြီးနောက် ဝမ်စုဖန်းကို ပြန်ကြည့်လိုက််တယ်။ ပြီးတော့ ရုတ်တရက် စိုးရိမ်ပူပန်စိတ်ဖြစ်လာခဲ့ပြီး သူမက ခန်ကို အားနဲ့ပုတ်လိုက်လေတယ်။
မဒမ်လီနဲ့ ဝမ်စုဖန်းတို့က လှုပ်ရှားသံဖြစ်သွားတာကို ကြားတော့ သူမဘက်ကို လှည့်ကြည့်လာကြတယ်။ ထိုအချိန်မှာ ကျန်းကျန်းက သူမကိုယ်သူမ လျင်မြန်စွာ လက်ညှိုးထိုးလိုက်ပြီး ကျယ်လောင်ပြီး ရှင်းလင်းတဲ့အသံနဲ့ ပြောလိုက်တယ်။
“သွား!”
ကျန်းကျန်းရဲ့ သွားမယ်လို့ပြောလာတဲ့စကား ကြားကြားချင်းပဲ မဒမ်လီရဲ့ နှလုံးသားက နူးညံ့သွားပြီး ခန်ရဲ့ အစွန်းမှာ ထိုင်လိုက်ကာ ကျန်းကျန်းကို သူမရဲ့ လက်မောင်းထဲမှာ ပွေ့ဖက်လိုက်တယ်။
“ပေါင်ပေ့, မင်းက တောင်ပေါ်ကိုသွားချင်လို့လား?”
ကျန်းကျန်းကတော့ တုံးအချင်ယောင်ဆောင်ဖို့တောင် စိတ်မဝင်စားခဲ့ဘဲ သူမရဲ့ခေါင်းသေးသေးလေးကို ဆန်စေ့ကောက်နေတဲ့ ကြက်ကလေးလို ညိတ်နေခဲ့တယ်။
“သွား သွား သွား!”
ဝမ်စုဖန်းက သူမကို ချော့မော့ဖို့ အသီးတစ်လုံးကို လျင်မြန်စွာ လှမ်းယူလိုက်တယ်။
“ပေါင်ပေ့.. လိမ္မာရမယ်နော် လူကြီးတွေက အလုပ်လုပ်ဖို့အတွက် တောင်ပေါ်ကို တက်သွားမှာ.. မင်းနဲ့ ဆော့ကစားဖို့ မဟုတ်ဘူးနော်”
ကျန်းကျန်းအနေနဲ့ တစ်နေ့တာလုံး အိမ်မှာရှိတဲ့ ပြတင်းပေါက်ဘောင်နားလေးမှာ လဲလျောင်းနေရတာ။ တကယ်လို့ သူမကိုသာ ဘယ်သူကမှ ပွေ့ချီမထားဘူးဆိုရင် ဒီအခန်းထဲကနေ ဘယ်ကိုမှ ထွက်သွားလို့မရဘူး။
ဒါကြောင့် ကျန်းကျန်းတစ်ယောက် ဒီအိမ်ထဲမှာပဲနေရတာ ပျင်းလွန်းလို့ ရူးသွပ်တော့မလိုတောင် ဖြစ်နေပြီ။
ကျန်းကျန်းက ဝမ်စုဖန်းကို ကြည့်လိုက်ပြီး သူမရဲ့ နှုတ်ခမ်းလေးက အောက်ကို ကွေးကျသွားပြီး သူမရဲ့ မျက်လုံးတွေက အနည်းငယ် နီရဲလာခဲ့တယ်။
မဒမ်လီကတော့ သူမမြေးမလေးရဲ့ မျက်ရည်တွေကို ကြည့်ပြီးနောက် ချက်ချင်းပဲပြာယာခတ်လာခဲ့ရတယ်။ သူမက ချက်ချင်းပဲ အလောတကြီးအော်ပြောလိုက်လေတယ်။
“သွားကြမယ်!”
ကျန်းကျန်းက ချက်ချင်းပဲ ရယ်မောလိုက်ပြီး မစ္စလီကို ကြည့်လိုက်ကာ ချိုမြိန်စွာ ပြောလာခဲ့တယ်။
“ အဖွား ကောင်းတယ်!”
အဖွားကြီးလီတစ်ယောက် ကျန်းကျန်းရဲ့ စကားလုံးလေးတွေကြောင့် လုံးဝကို အရည်ပျော်ကျသွားခဲ့တယ်။ အရင်တုန်းက သူမရဲ့စိတ်ထဲမှာ ရှိနေသမျှ စိုးရိမ်ပူပန်စိတ်အားလုံးကိုလည်း မေ့ပျောက်သွားခဲ့ပြီး သူမရဲ့မြေးမလေး တောင်ပေါ်သို့ သွားကစားချင်နေတာကိုသာ သိတော့တယ်။
သူမက ကျန်းကျန်းရဲ့ ကုတ်အင်္ကျီအသေးလေးကို ပျော်ရွှင်စွာနဲ့ ချက်ချင်းပဲ ထုတ်ယူဝတ်ဆင်ပေးခဲ့တယ်။ ဝမ်စုဖန်းက လီမင်နန်နဲ့ လီမင်ပေတို့တွေ ခြံထဲမှာ လယ်ယာသုံးပစ္စည်းများကို အပြင်ကိုထုတ်ပြီးပြီး အားကြိုးမာန်တတ် သန့်ရှင်းနေချိန်ကို အခွင့်ကောင်းယူကာ ကျန်းကျန်းကို သူမရဲ့ လက်မောင်းထဲကို ပွေ့ဖက်လိုက်ပြီး တည်တည်းတဲ့မျက်နှာနဲ့ ပြောခဲ့တယ်။
“ပေါင်ပေ့.. အမေ မင်းကိုပြောမယ် အခုက တောင်ပေါ်ကို လူတွေအများကြီး တက်ကြလိမ့်မယ်.. ဒါကြောင့် အမေတို့ အရင်တစ်ခါကလိုမျိုး နောက်ထပ် လုပ်လို့မရတော့ဘူး.. အကိုင်းအခက်ကနေ အသီးသီးခိုင်းပြီး အသီးတွေကို ပါးစပ်ထဲ ဆွဲထည့်တဲ့ အရာမျိုးတွေကိုလည်း တခြားလူတွေကိုမြင်သွားလို့ မရဘူးနော်”
မဒမ်လီက ကျန်းကျန်းရဲ့ ရေနွေးအိုးကရားလေးနဲ့ အဝတ်အစားလေးတွေ ယူပြီး လာနေတုန်းမှာ ဝမ်စုဖန်းရဲ့စကားတွေကို ကြားလိုက်ရတာကြောင့် သူမက ထိတ်လန့်သွားခဲ့တယ်။
“အဲဒါက ဘယ်အချိန်တုန်းက ဖြစ်သွားတာလဲ?”
ဝမ်စုဖန်းက ကျန်းကျန်းအတွက် အဝတ်တွေကို ယူပြီး ပြောလိုက်တယ်။
“နောက်ဆုံးတစ်ခေါက် ကျွန်မ ကောက်နှံတွေ ရိတ်သိမ်းနေတုန်းကလေ.. သူမက ကျွန်မရဲ့ ကျောပေါ်မှာ ရှိနေခဲ့တာ.. ကျွန်မလှည့်ကြည့်လိုက်တော့ ဘလူးဘယ်ရီကိုင်းတွေက ကျွန်မရဲ့ ခေါင်းအနောက်မှာ ၁၀မီတာလောက်ရှည်ပြီး ဆန့်ထွက်နေခဲ့တာ.. သူမက တစ်လုံးပြီး တစ်လုံး ခူးစားနေခဲ့တာလေ.. စားပြီးသွားတော့ အကိုင်းတွေကို အနောက်ကိုပြန်ဆုတ်သွားခိုင်းလိုက်တာပဲ”
မဒမ်လီက တုန်လှုပ်သွားခဲ့တယ်။
“ဒီအစွမ်းက အံ့ဩစရာပဲ၊ ဘယ်လို မသေမျိုးက ဒီလိုအစွမ်းမျိုး ရှိနေလောက်မှာလဲ?”
“ရှေးတုန်းက….”
ဝမ်စုဖမ်းက ကျန်းကျန်းကို သူမ ကိုယ်ဝန်ဆောင်ခဲ့ရစဉ်ကာလတုန်းက မက်ခဲ့တဲ့ အိပ်မက်ကို ပြန်လည် တွေးတောမိတယ်။
“ရှေးတုန်းက အချိန်တွေကို ပြန်မပြောနဲ့တော့.. ရှေးတုန်းက အချိန်တွေကို ငါနားမလည်ဘူး”
မဒမ်လီက ကျန်းကျန်းအတွက် ပစ္စည်းတွေ အကုန်လုံးကို ထုပ်ပိုးပြီးတာကို မြင်တွေ့ခဲ့တယ်။ ဒါကြောင့် ဝမ်စုဖန်းကို ကူညီဖို့အတွက် ကျန်းကျန်းအတွက် အဝတ်အိတ်ကို ယူလိုက်ပြီး သူမရဲ့ ကျောပေါ် မှာ ပိုးလိုက်တယ်။
ထို့နောက် အပြင်မထွက်ခင် သူမနောက်တစ်ကြိမ် စဉ်းစားလိုက်တယ်။ ပြီးတော့မှ အိမ်ခန်းထဲကို ပြန်ဝင်လိုက်ပြီး နောက်တစ်ခေါက် အထဲကိုပြန်ဝင်လိုက်ပြီး ရေတစ်ဝက်လောက်ပါဝင်တဲ့ ရေပုံး တစ်လုံးကို ယူပြီး ပြန်ထွက်လခဲ့တယ်။
မင်ပေကလည်း ပစ္စည်းတွေကိုထုပ်ပိုးပြီးနောက် အထဲမှလူတွေကိုခေါ်ဖို့ ဝင်လာခဲ့တယ်။ သူက မဒမ်လီတစ်ယောက် ဘယ်ဘက်လကာမှာ အိတ်ကို သယ်ထားပြီး ညာဘက်မှာ ရေပုံးကိုကိုင်ထားတာ မြင်တော့ အလျင်အမြန် လှမ်းယူပေးပြီး ပြောလိုက်တယ်။
“အဖွား၊ ရေပုံးနဲ့ ဘာလုပ်မလို့လဲ?”
“ တောင်ပေါ်သွားတဲ့လမ်းမှာ မင်းညီမလေးစားဖို့ အသီးတွေခူးယူခဲ့!”
မဒမ်လီက သူမရဲ့လက်ကို ဝှေ့ရမ်းလိုက်တယ်။
“မြန်မြန်လုပ်တော့..တောင်ပေါ်ကို အရှေ့ကသွားနှင့်လိုက်!”
ဒီတစ်ခါတော့ ကျန်းကျန်းကို တောင်ပေါ် ခေါ်သွားဖို့အတွက် မဒမ်လီက လိုအပ်တဲ့ပြင်ဆင်မှုတွေ အားလုံးကိုပြုလုပ်ခဲ့တယ်။
သူမက လီမင်နန်နဲ့ လီမင်ပေကို လမ်းတလျှောက်မှာ ဇလုံတစ်ဝက်လောက် သစ်သီးတွေခူးခဲ့ဖို့ မှာခဲ့တယ်။
တောင်ပေါ်ကိုရောက်ချိန်မှာတော့ သစ်သီးပေါင်း ၁၀မျိုးခန့် ရှိနေခဲ့ပြီ။
မဒမ်လီက စိုက်ခင်းဆီကို ရောက်တဲ့အချိန်မှာ အဝတ်စုတ်တစ်ခုကို ထုတ်ယူခဲ့ပြီး မြေပြင်ပေါ်မှာဖြန့်ခင်းလိုက်တယ်။ ထို့နောက် ခြင်းတောင်းထဲမှ ပုံစံအနည်းငယ်ပျက်နေတဲ့ နေ့လယ်စာထမင်းဘူးလေးကို ထုတ်ကာ ထိုအပေါ်မှ ချခင်းလာတယ်။
ထို ထမင်းဘူးဟောင်းလေးကို ဖွင့်လိုက်တော့ အတွင်းပိုင်းမှာ ထင်းရှုးသီးစေ့တွေနဲ့ သမဝါယမအသင်းဆီမှ ဝယ်လာခဲ့တဲ့ ဘီစကစ်သုံးချပ်တို့က ပေါ်ထွက်လာခဲ့တယ်။
ဝမ်စုဖန်းက သစ်သီးတွေကို မဒမ်လီယူလာခဲ့တဲ့ ရေတစ်ဝက်ပါတဲ့ရေပုံးထဲမှာ ဆေးလိုက်ပြီး ကျန်းကျန်းရဲ့ ဘေးမှာရှိတဲ့ ဇလုံထဲကို ထည့်ပေးလိုက်တယ်။
ကျန်းကျန်းကတော့ သူမရဲ့အမေနဲ့ အဖွားလုပ်သမျှကို ကြည့်နေခဲ့တယ်။ ဒါက သူမကျောင်းတက်တုန်းက နွေဦးပျော်ပွဲစားထွက်တဲ့အချိန်တုန်းကနဲ့ သိပ်ပြီးမကွာခြားလှဘူး။
မဒမ်လီက ဘယ်ညာကို လှည့်ပတ်ကြည့်လိုက်ပြီး သူမကို ပြန်ကြည့်လိုက်ကာ စိတ်သက်သာရာရသွားတယ်။
လမ်းတလျှောက်မှာခူးခဲ့တဲ့ သစ်သီးအားလုံးက ဇလုံထဲမှာ ရှိနေပြီး ကျန်းကျန်းအတွက် ဘယ်လောက်ပဲ လုံလောက်နေပါစေ သူမက စိတ်မချနိုင်သေးဘူး။
ဒါကြောင့် မဒမ်လီက ကျန်းကျန်းရဲ့ ဘေးမှာ ထိုင်ချလိုက်ကာ ထင်းရှုးသီးစေ့တွေကို သူမရဲ့ပါးစပ်ထဲသို့ ခွံ့လိုက်ပြီး တီးတိုးပြောလိုက်တယ်။
“ပေါင်ပေ့ ဒီအိုးထဲက သစ်သီးတွေကိုပဲ စားလိုက်ရနော်.. တခြားနေရာကနေ ခူးလို့မရတော့ဘူး.. နားလည်တယ်မလား?”
ကျန်းကျန်းက အလျင်အမြန်ပဲ ခေါင်းညိတ်လိုက်တယ်။ သူမသာ ထပ်ပြီး တုံးအ,နေသလို ဟန်ဆောင်လိုက်ရင် သူမရဲ့အဖွားကက နောက်ထပ်အိုးတစ်လုံးနဲ့ ပြည့်တဲ့အထိ သစ်သီးတွေခူးလာမှာကို စိုးရိမ်နေခဲ့တယ်လေ။
တစ်ဖက်မှာရှိနေတဲ့ ယောကျ်ားသားသုံးယောက်ကတော့ စတင်ပြီး အလုပ်လုပ်နေကြပြီ။
လီမင်ပေရဲ့ပါးစပ်က အလွမ်အမင်း အလုပ်လုပ်တာကိုပဲမကြည့်နဲ့။ သူက ကောက်နှံတွေ ရှင်းလင်းတာ၊ မြစ်ထဲမှာ ငါးသွားမျှားတာ၊ တောင်ပေါ်မှာ အမဲလိုက်သွားတာစတဲ့ အလုပ်တွေမှာလည်း လက်ကောင်းကောင်းတစ်စုံကို ပိုင်ဆိုင်ထားတယ်။
ဘာပဲဖြစ်ဖြစ်၊ အစားအစာအတွက်သာဆိုရင် သူက ဘယ်အရာကိုပဲ လုပ်ရပါစေ စိတ်အားထက်သန်နေတတ်တဲ့သူမျိုးပဲ…….
လီမူဝူက သူ့ရဲ့သားနှစ်ယောက်ကို အာလူးတွေ အတူတူးဖော်ဖို့ ခေါ်ထားတာကြောင့် အခုချိန်မှာ သူတို့တွေက မြေကြီးကို လိုက်ဖွနေခဲ့ကြတယ်။
လီမင်နန် အာလူးပင်တွေကို သူ့ရဲ့လက်နဲ့ ဆွဲနှုတ်လိုက်တော့ အာလူးတွေ အလွန်များပြားစွာပါဝင်တဲ့ အပင်ကြီးကို ဆွဲနှုတ်မိသွားခဲ့တယ်။
လီမင်နန်က တစ်လုံးပြီးတစ်လုံး ချိတ်ဆက်နေတဲ့ အာလူးတွေကို ကြည့်ပြီး မနေနိုင်ဘဲ အော်လိုက်တယ်။
“အဖွား! လာကြည့်ပါဦး၊ ကျွန်တော်တို့ အာလူးသီးတွေကတော့ ဒုက္ခများလောက်အောင်ကို ပြွတ်သိပ်နေတာ!”
“အဓိပ္ပာယ်မရှိတာမပြောနဲ့.. အာလူးသီးတွေက များလွန်းလို့ဒုက္ခရောက်မယ်ဆိုတာ ရှိလို့လား? အများကြီး ဥထားတယ်ဆိုရင် ကောင်းတာပေါ့.. ငါတို့ နောက််ထပ် ဘယ်တော့မှ ဗိုက်ဆာတော့မှာ မဟုတ်ဘူး.”
မဒမ်လီက သူ့ဆီကိုလှမ်းကြည့်လိုက်ပြီး ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့တယ်။
“ဒါက တော်တော်ကြီးတဲ့ အပင်ပဲကြီးမှာ.. ဒီနေရာက အာလူးသီးတွေနဲ့ ပြည့်နေလောက်မယ်ထင်တယ်”
လီမင်ပေက အာလူးတွေကို သူယူလာတဲ့ ကြိမ်ခြင်းထဲသို့ ပျော်ရွှင်စွာ ပစ်ထည့်လိုက်ပြီး တောင်အောက်ကို ပို့ပေးမှာကို ခဏလောက်စောင့်လိုက်တယ်။
အခုအချိန်က ဆောင်းဦးရာသီရဲ့ အလုပ်များတဲ့ အချိန်ပဲ။ ပေရှားမှာ လယ်သမားတွေ မရှိပေမဲ့ အခြေခံအားဖြင့် အိမ်တိုင်းလိုလိုက မိသားစုအတွင်းစားသောက်ဖို့ တစ်ခုခုကို စိုက်ပျိုးကြရတယ်။
ခြံထဲက မြေအချို့ကလွဲရင် ကျန်ရှိနေတာက သူတို့ကိုယ်တိုင် ချဲ့ထွင်ထားတဲ့ မြေရိုင်းတွေပဲ။ မြေရိုင်းတွေက အိမ်နဲ့ အနီးကပ်မရှိတတ်ဘူး။ ဒါကြောင့် လှည်းရှိတဲ့သူတွေက သူတို့ဘာသာအလုပ်များနေရတဲ့အတွက် ဒီအချိန်မျိုးမှာတော့ ငှားရမ်းခြင်းမရှိကြဘူး။
လီမူဝူက သူ့ရဲ့တွန်းလှည်းကို ဆွဲလာပြီး တောင်အောက်မှာ ထားခဲ့တယ်။ ထို့နောက်သူက ဝါးထမ်းပိုးနဲ့ ကြိမ်ခြင်းတွေ အများကြီးကိုပါ ယူလာခဲ့တယ်။ ကြိမ်ခြင်းတွေ ပြည့်သွားဖို့ အချိန်အများကြီးမကြာခဲ့ပါဘူး။
လီမူဝူနဲ့ မင်နန်တို့က အာလူးခြင်းနှစ်ခုဆီနဲ့ တောင်အောက်ကိုဆင်းလာပြီး လီမင်ပေကလည်း အိတ်တစ်လုံးကို သယ်လာခဲ့တယ်။ ထို့နောက် လီမင်ပေက တောင်အောက်မှာရှိတဲ့ တွန်းလှည်းကို စောင့်ကြည့်နေတုန်းမှာ လီမူဝူနဲ့ မင်နန်တို့က နောက်တစ်ခေါက် ပြန်သယ်ခဲ့ကြပြီး မကြာခင်မှာ တွန်းလှည်းက ပြည့်လျှံသွားခဲ့တယ်။ လီမူဝူက တွန်းလှည်းကို အိမ်သို့ အမြန်ပြန်တွန်းသွားခဲ့တယ်။