နတ်ဘုရား ကုန်းမြေမှ နတ်ဆိုး
Vol. 11 Ch. 1083
တစ်ခဏ အတွင်းမှာပင် ယွင်ထျန်း နန်းတော်သည် သတ်ကွင်း အသွင် ပြောင်းလဲ သွားခဲ့သည်။ လုယန်ရွယ်၊ မီးဝိညာဥ် ဘုရင်နှင့် မိန်ချင်းဂိုဏ်းချုပ်တို့သည် ရွှေအမြုတေ ထိပ်ဆုံး အဆင့်များကို ကြက်ကလေး၊ ငှက်ကလေး သဖွယ် သတ်ဖြတ်နေသည့် မိစ္ဆာ ခြောက်ယောက်ကို ကြည့်ကာ ဆွံ့အ နေခဲ့ကြ၏။
“ဟို... ဟိုကိုကြည့်...”
မီးဝိညာဥ် ဘုရင်က မူရှောင်အား လက်ညိုး ထိုးပြလိုက်သည်။ မူရှောင်သည် ကောင်းကင်အရှင် တစ်ပိုင်း ဝတ်စုံနက် ခေါင်းဆောင်ကို ဖမ်းဆီးထားကာ ထန်းတျန်ကို ဂရုတစိုက် ခွဲနေခဲ့သည်။ ထို့နောက် သူသည် ရွှေအမြုတေကို ထုတ်ယူကာ သကြားလုံး တစ်လုံးကဲ့သို့ တဂျွတ်ဂျွတ် ဝါးစား ပစ်လိုက်သည်။ ထိုအရာကား ကြမ်းလွန်းပေသည်။
“ဒီမိစ္ဆာတွေ အကုန်လုံးက အခြေတည် ဝိညာဥ် အဆင့်တွေချည်းပဲ... သူတို့က ကောင်းကင်အရှင်ယွမ်ထက်တောင် ပိုပြီး အစွမ်းထက်ကြတယ်”
မိန်ချင်းဂိုဏ်းချုပ်က ခေါင်းအား ငုံ့ရင်း ပြောလိုက်၏။
“အားလုံးက အခြေတည် ဝိညာဥ် အဆင့်တွေ ဟုတ်လား..”
လူတိုင်းမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ ဝမ်ရှင်း တန်ခိုးရှင်ချန်းပါ ထည့်ပေါင်းပါက အခြေတည် ဝိညာဥ် အဆင့် အရေအတွက်ကား ခုနစ်ယောက်အထိ ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုအင်အားကား ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။
မီးဝိညာဥ် ဘုရင်နှင့် အခြားလူများ ဆွံ့အ နေကြချိန်မှာပင် ချန်းဖန်က အားရှို့အား ဖေးမကာ ဝိညာဥ် ဆေးလုံး တစ်ခုကို တိုက်ကျွေးလိုက်သည်။ အားရှို့သည် ဒဏ်ရာ ပြင်းထန်စွာ ရနေသည့်တိုင် ဆေး၏ အစွမ်းကြောင့် လျှင်မြန်စွာ ပြန်လည် ကောင်းမွန်လာ၏။
“ဆရာ... နောက်ဆုံးတော့ ပြန်လာပြီပေါ့”
သူမက လှဲနေရာမှ ထရပ်ကာ ချန်းဖန်အား နှုတ်ဆက်လိုက်၏။
“အင်း...”
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ယွမ်ဖုန်း၏ နတ်ဘုရား စိတ်ဝိညာဥ်ကို ထုတ်ယူ လိုက်၏။ ထိုအခိုက်၌ ယွမ်ဖုန်းမှာ အလွန် အားနည်းနေကာ လေတိုက်လျှင်ပင် ပျက်စီးသွားနိုင်သော အဖြစ်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
“ဝှစ်...”
ချန်းဖန်က ဝိညာဥ်ဆေး အပိုင်းအစ အချို့ကို ယွမ်ဖုန်း၏ နတ်ဘုရား စိတ်ဝိညာဥ်ထံ ထည့်သွင်းလိုက်သည်။ ထိုအခါတွင်မှာ ယွမ်ဖုန်း၏ အရောင်အဝါမှာ အနည်းငယ် လင်းလက် လာခဲ့သည်။
ထို့နောက်၌ ချန်းဖန်က “ဖီးနစ်မီးတောက်” နှင့် “မိစ္ဆာမီးတောက်” နှစ်ခုကို ထုတ်ယူလိုက်သည်။
“မ... မလုပ်ပါနဲ့ ကောင်းကင်အရှင်... ကျုပ်ကို ချမ်းသာပေးပါ”
ယွမ်ဖုန်းက သနားစဖွယ် တောင်းပန်လိုက်၏။ ချန်းဖန်မှာ ထိုမီးတောက် နှစ်ခုဖြင့် သူ၏ နတ်ဘုရား စိတ်ဝိညာဥ်ကကို လောင်ကြွမ်းပစ်တော့မည် ဖြစ်ကြောင်း သူသိပေသည်။
သို့သော်လည်း ချန်းဖန်က သူ့အား လျစ်လျူကာ မီးတောက်များထံ ပစ်လွှတ်ရန် ဟန်ပြင် လိုက်သည်။
“ကောင်းကင်အရှင်ချန်း... ချမ်းသာပေးပါဗျာ... ကျွန်တော့်မှာ အရေးတကြီး ပြောစရာ ရှိပါတယ်... နတ်ဘုရား ကုန်းမြေနဲ့ ပတ်သက်နေပါတယ်”
သို့သော်လည်း ချန်းဖန်မှာ စိတ်မဝင်စားချေ။ သူက အင်္ကျီလက်ထဲရှိ ကြေးမီးအိမ်ကို ထုတ်ယူကာ ယွမ်ဖုန်း၏ နတ်ဘုရား စိတ်ဝိညာဥ်ကို ထိုအထဲ ပစ်ထည့်လိုက်၏။
ထိုအရာကား မိစ္ဆာနေဂိုဏ်းမှ လင်းဟယ် ပိုင်ဆိုင်သည့် “ချင်းယု” မီးအိမ် ဖြစ်ပေသည်။ ထိုအရာသည် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူသာ ပြုလုပ်နိုင်သည့် အဖိုးတန် ရတနာ ဖြစ်ပေသည်။ ထိုမီးအိမ်ကို လူသားနှင့် မိစ္ဆာများအား ထောင်ဖမ်းရာ၌ အသုံးပြုနိုင်ပေသည်။ ယွမ်ဖုန်း၏ နတ်ဘုရား စိတ်ဝိညာဥ်သည် ထိုမီးအိမ်ထဲ၌ နှစ်တစ်သောင်း တိုင်တိုင် လောင်ကြွမ်း ခံရတော့မည် ဖြစ်ပေသည်။
ထို့နောက် ချန်းဖန်သည် လုယန်ရွယ်၊ ချန်းကောကောတို့၏ ပုခုံးများကို တစ်ဖက်တစ်ချက် ဖက်ရင်း ယွင်ထန်း နန်းတော် အတွင်း ဝင်ရောက်၏။ ချန်းဖန်၏ ပေါင်ပေါ်၌ ထိုင်ရင်း စကားများ တွတ်ထိုး ပြောတတ်သည့် ချန်းကောကောကား ဆယ်စုနှစ် တစ်ခုကြာပြီးနောက် လှပ၊ ချစ်စရာကောင်းသော မိန်းမပျိုလေး တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ခွန်ရှုနယ်မြေ တစ်ခုလုံးရှိ ကျင့်ကြံသူများသည် သူတို့၏ ဘုရင် ပြန်ရောက်လာမှုကို သောင်းသောင်းဖျဖျ ကြိုဆိုကြ၏။ သူတို့သည် ယွင်ထျန်း နန်းတော်သို့ စုစည်း ရောက်ရှိလာကြကာ ချန်းဖန်နှင့် တွေ့ဆုံကြသည်။
“အဘိုးတို့ ပျောက်သွားပြီ ဟုတ်လား...”
အပြင်ကမ္ဘာရှိ သတင်းများကို နားထောင်ပြီးနောက် ချန်းကောကောနှင့် အခြား ချန်းမိသားစုဝင်များမှာ မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။ ချန်းဟွိုက်အန်းသည် ကမ္ဘာကြီး သိသိသာသာ ပြောင်းလဲလာသည့် အချိန်မှ စ၍ သူတို့သည် လုယန်ရွယ်ထံသို့ ပို့ထားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် အပြင်ကမ္ဘာ၌ ဖြစ်သွားသော အကြောင်းအရာများကို မသိကြချေ။
များစွာသော ချန်းမိသား၏ စီနီယာများစွာက သူတို့အား ကမ္ဘာသို့ ပြန်ပို့ပေးရန် ချန်းဖန်ထံ တောင်းဆိုကြသည်။ သူတို့သည် သူတို့၏ ပိုင်နက် အင်ပါယာကို ပြန်လည် ချဲ့ထွင်လိုကြပေသည်။
ချန်းဖန်က ချက်ချင်းပင် သဘောတူ လိုက်၏။ ထို့နောက် သူက ခွန်ရှုနယ်မြေ၏ နတ်ဘုရားများကိုပါ အပြင် ကမ္ဘာသို့ လိုက်ပါကာ မြောက်ပိုင်းချုံးနှင့် ပူးပေါင်း စေလိုကြောင်း ပြောဆိုသည်။ အပြင်ကမ္ဘာရှိ ဝိညာဥ်ချီမှာ ခွန်ရှုနယ်မြေထက်ပင် ပို၍ ထူထပ်ရာ သူတို့၏ ကျင့်ကြံခြင်း အတွက် အလွန် အကျိုးရှိပေလိမ့်မည်။ ထို့အပြင် မကြာခင် ခွန်ရှုနယ်မြေ၌ ကပ်ဘေးတစ်ခု ကျရောက်လာနိုင်ပေသည်။
“ဘယ်လိုကပ်ဘေးလဲ...”
လုယန်ရွယ်က မေးလိုက်၏။
“ငါလည်း သေချာမသိဘူး...”
ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်သည်။ လုယန်ရွယ်၏ စကားအရ ဆိုလျှင် ခွန်ရှု ကဲ့သို့သော ကောင်းကင်နယ်မြေများမှာ နတ်ဘုရား ကုန်းမြေနှင့် ချိတ်ဆက်နေသည်မှာ သေချာသလောက် ဖြစ်သည်။ အကယ်၍ နတ်ဘုရား ကုန်းမြေတွင် တစ်ခုခု ဖြစ်ပါက ထိုအကျိုးဆက်ကို ကောင်းကင်နယ်မြေများပါ ခံစားရလိမ့်မည် ဖြစ်သည်။
ကောင်းကင်နယ်မြေများမှာ ကျင့်ကြံရန် အသင့်တော်ဆုံး နေရာများဟု ဆိုနိုင်သော်လည်း ဂြိုဟ်တစ်လုံး ကဲ့သို့ အကြမ်းပတမ်း မခံနိုင်ချေ။ တစ်ခုခု ဖြစ်သည်နှင့် သူတို့သည် လျှင်မြန်စွာ ပျက်စီးသွားလိမ့်မည် ဖြစ်သည်။
“နေရာပြောင်းဖို့ အတွက် ပြင်ဆင်ကြ... နောက်ပြီး ယွင်ထျန်း နန်းတော်ကိုပါ ယူသွား”
ချန်းဖန်က ပြောလိုက်သည်။
“အင်း...”
ကျန်းချူရန်က ခေါင်းညိတ်လိုက်၏။ ခွန်ရှုနယ်မြေ၏ ကျင့်ကြံသူများမှာလည်း ထိတ်လန့် နေကြသည်။ တိုင်ချူ ဘုရားကျောင်းသည် ကောင်းကင်ဗိုလ်ချုပ် တစ်ယောက်ကိုသာ ချန်ထားခဲ့သော်လည်း ထိုလူမှာ သူတို့ ခွန်ရှုနယ်မြေ၏ ဂိုဏ်းများ အားလုံးကို အနိုင်ယူခဲ့သည်။ ချန်းဖန်၏ စကားအရ ဆိုလျှင် များစွာသော အခြေတည် ဝိညာဥ် အဆင့်များမှာ ခွန်ရှုနယ်မြေနှင့် ဆက်စပ်နေသော တစ်နေရာ၌ ရှိနေသည်ဟု ဆိုသည်။ ထိုသူများသည် ခွန်ရှုနယ်မြေသို့ အချိန်မရွေး ရောက်ရှိလာနိုင်ပေသည်။
“မြန်မြန်သွားကြမယ်ဟေ့... ချူကျိုးမြို့တဲ့နော် မမေ့ကြနဲ့... အဲဒီ နေရာမှာ ကောင်းကင်အရှင်ချန်း ထားခဲ့တဲ့ အစီအရင်တွေ ရှိတယ်... အဲဒီနေရာလောက် လုံခြုံတဲ့ နေရာ ဒီဂြိုဟ်ပေါ်မှာ မရှိတော့ဘူး”
ခွန်ရှုနယ်မြေ တစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ ထိုရွှေ့ပြောင်းမှုမှာ အလွန် ရှုပ်ထွေးလှ၏။ ဘီလျံချီသည့် လူများအား နေရာပြောင်းခြင်းက မည်ကဲ့သို့ လွယ်ကူပါမည်နည်း။
***
ထိုအချိန် ခွန်ရှုနယ်မြေ မြောက်ပိုင်းရှိ နှင်းဖုံးသော နေရာ တစ်ခု၌...
“ဟူး... ဟူး...”
ချန်းဖန်သည် လက်နှစ်ဖက် နောက်ပစ်ကာ မတ်တပ်ရပ်နေခဲ့၏။ ထိုနေရာရှိ အရာ အားလုံးမှာ အေးခဲနေ၏။ မည်သည့် အသက်ရှင်သန်မှု လက္ခဏာမျှ ထိုနေရာတွင် မရှိချေ။ မြောက်ဘက် အကျဆုံးဂိုဏ်းဟု နာမည်တွင်သည့် နှင်းနတ်ဘုရား နန်းတော် ပင်လျှင် မိုင်တစ်ထောင် အကွာအဝေး၌ ပြတ်ကျန်ခဲ့ပြီ ဖြစ်သည်။
ထိုနေရာ၌ ရှိသည့် တစ်ခုတည်းသော အရာကား လေဟာနယ် မုန်တိုင်းများ ဖြစ်သည်။ ၎င်းတို့သည် အလွန် ပြင်းထန် ကြမ်းတမ်းစွာ တိုက်ခတ်နေရကား ရွှေအမြုတေ အဆင်များပင်လျှင် အသက်ရှင် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
“ဝှစ်... ဝှစ်...”
ချန်းဖန်၏ မျက်လုံးများသည် ရွှေရောင် အလင်းဖြင့် တဖျတ်ဖျတ် တောက်ပနေ၏။ သူသည် လေဟာနယ် မုန်တိုင်းများအား ကျော်ဖြတ်ကာ အလွန် ကြီးမား ကျယ်ပြောသည့် ကမ္ဘာ တစ်ခုကို ကြည့်နေခဲ့လေသည်။
ထိုကမ္ဘာသည် အလင်းများဖြင့် ဝန်းရံတောက်ပနေ၏။ ကြိုးကြာများ၊ နဂါးများမှာ ကောင်းကင်၌ ပျံသန်း နေကြကာ တောင်တန်းများ၊ မြစ်များ၊ အဆောက်အအုံများမှာ နေရာ အနှံ့ တည်ရှိ နေကြသည်။
ချန်းဖန်သည် ထိုအလင်းရောင်ဝါနှင့် ရှုခင်းများ နောက်၌ ပုန်းကွယ်နေသည့် ကြောက်မက်ဖွယ် အမှောင် မိစ္ဆာချီများကို တွေ့မြင်နေရသည်။ ချန်းဖန်၏ မျက်လုံး၌ ထိုအရာမှာ နတ်ဘုရား ကုန်းမြေ တစ်ခုထက် မိစ္ဆာ ကုန်းမြေ တစ်ခုနှင့်ပင် ပို၍ တူနေချေသေးသည်။
“ကမ္ဘာမှာ မိစ္ဆာ ကုန်းမြေ တစ်ခု ရှိနေတာလား... ဒီနေရာမှာ ရှိတဲ့ မိစ္ဆာချီတွေက ငါအတိတ်ဘဝတုန်းက သတ်ခဲ့ဖူးတဲ့ တာအို ပေါင်းစည်းခြင်း အဆင့် မိစ္ဆာရဲ့ ချီတွေထက်တောင် ပိုသန့်စင်နေသေးတယ်... အဲဒါက အရမ်းကို အစွမ်းထက်ပြီးတော့ မိစ္ဆာ ဘိုးဘေး ခြောက်ယောက်ရဲ့ စွမ်းအားနဲ့တောင် ဆင်တူတယ်"
ကြယ်ပင်လယ် အတွင်း ပြန့်ကျဲနေသည့် ဒဏ္ဍာရီများ အရဆိုလျှင် နတ်ဘုရားများသည် နတ်ဆိုး တစ်ကောင်ကို ကမ္ဘာ၌ ပိတ်လှောင်ထားသည်ဟု ဆိုသည်။ သူတို့က ထိုနတ်ဆိုးကို ဤနတ်ဘုရား ကုန်းမြေ၌ အကျဉ်းချ ထားသည်လား။
"မဟုတ်သေးဘူး… မိစ္ဆာချီက သန့်စင်တယ် ဆိုပေမဲ့ မြေအောက်ကမ္ဘာက အသက် အကြီးဆုံး ဖုတ်ကောင်တွေလို သေဆုံးခြင်းချီ အငွေ့အသက်တွေပါ ရောနေတယ်… ကြည့်ရတာ ဒီနတ်ဆိုးက အသက်ရှင်နေတဲ့ နတ်ဆိုးတော့ မဖြစ်နိုင်ဘူး… မိစ္ဆာ ဖုတ်ကောင်ပဲ ဖြစ်ရမယ်"
***