← Chapters

အတိတ်ဘဝမှ နောင်တ

Vol. 11 Ch. 1085

အတိတ်ဘဝမှ နောင်တ

Vol. 11 Ch. 1085

“ဒီအစီအစဥ်ရဲ့ အဓိက ရည်ရွယ်ချက်က ကမ္ဘာပေါ်မှာ ရှိတဲ့ လူတစ်ယောက် ဒါမှမဟုတ် လူတစ်စုကို ပြုစု ပျိုးထောင်ပေးဖို့လား”

ချန်းဖန်၏ မျက်လုံးများမှာ တဖျပ်ဖျပ် လင်းလက် တောက်ပသွားခဲ့၏။

စကြဝဠာ အတွင်း၌ အလွန် အစွမ်းထက်သော မျိုးနွယ်များသည် သူတို့၏ မျိုးဆက်များကို မရေမတွက်နိုင်သော နတ်ဘုရား သားရဲသွေးများ၊ တန်ခိုးရှင် သွေးများဖြင့် ပြုစု ပျိုးထောင်ပေးလေ့ ရှိကြသည်။ ထိုအထဲမှ များစွာသော လူများမှာ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်၊ အာကာသ အဆင့်များသို့ ရောက်ရှိကြပြီး အချို့ဆိုလျှင် တာအို ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများပင် ဖြစ်လာကြသည်။

ဥပမာ အားဖြင့် ဆိုပါက စကြဝဠာ မျိုးနွယ် သတ်မှတ်ချက် အဆင့် ၃၉ နေရာ၌ ရပ်တည်နေသော အလင်း မျိုးနွယ်သည် ဘိုးဘေး ဘုရားသခင်၏ သားတော်အား “မျိုးနွယ် အထွတ်အမြတ် နယ်မြေ” အမြုတေတွင် ထားကာ ပြုစု ပျိုးထောင်ခဲ့သည်။ သူတို့သည် ထိုသားတော်ကို မဟာ တန်ခိုးရှင်တို့၏ သွေးများအား တိုက်ကာ အမျိုးမျိုးသော နတ်ဘုရား သစ်သီးများကို ကျွေးခဲ့သည်။ သူတို့သည် သားတော် အတွက် အနီးပတ်ဝန်းကျင်ရှိ ဂြိုဟ်များမှ စွမ်းအင်များကိုပင် ဆွဲယူခဲ့သည်။

ဤသို့ဖြင့် နှစ်သုံးထောင် ကြာပြီးနောက်၌ သားတော်သည် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့နောက် သူသည် သုံးရာစု အတွင်း အာကာသ အဆင့်ကို ဆက်လက် တက်လှမ်းကာ တာအို ပေါင်းစည်းခြင်း အဆင့်အောက်၌ အစွမ်း အထက်ဆုံး သူတော်စင် တစ်ယောက် အဖြစ် ကျော်ကြားလာခဲ့သည်။ သူသည် စကြဝဠာ တစ်ခွင် လှည့်ပတ်၍ များစွာသော အာကာသ အဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ကာ သူ၏ အယူဝါဒကိုပါ ဖြန့်ကျက်ခဲ့သည်။  လူများက သူ့အား “အလင်းမျိုးနွယ်၏ အထွတ်အမြတ် မင်းသား” ဟု ခေါ်ဆို ခဲ့ကြသည်။

ချန်းဖန်သည် အတိတ်ဘဝ၌ ထိုသားတော်နှင့် တိုက်ခိုက်ခဲ့ကာ  သူ့အား အလင်းမျိုးနွယ်တို့၏ မွေးရပ်မြေဂြိုဟ်တွင်ပင် သတ်ဖြတ်ပစ်ခဲ့လေသည်။ အကယ်၍ ချန်းဖန်၏ သတ်ဖြတ်ခြင်းကိုသာ မခံရပါက ၎င်းမှာ အနာဂတ်၌ တာအို ပေါင်းစည်းခြင်း အဆင့်ကိုပင် ရောက်ရှိနိုင်လိမ့်မည် ဖြစ်သည်။

သို့တိုင်အောင် ထိုသားတော်မှာ အလင်းမျိုးနွယ် ကဲ့သို့သော အဆင့်နိမ့် မျိုးနွယ် တစ်ခု၏ ပြုစု ပျိုးထောင်ခြင်း ခံရသည့် ကျင့်ကြံသူသာ ဖြစ်ပေသည်။

ယခုအရာကား စကြဝဠာကို ဦးဆောင်နေသည့် နတ်ဘုရားဂိုဏ်းကြီးများ၏ အစီအစဥ် ဖြစ်ပေသည်။ ကမ္ဘာကြီး ဝိညာဥ်ချီ ခမ်းခြောက်သွားရသည့် အကြောင်းရင်းမှာလည်း အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်ပေလိမ့်မည်။

ချန်းဖန်သည် တွေးနေမိ၏။ နတ်ဘုရားချီ ကဲ့သို့သော ရင်းမြစ်ဖြင့် နတ်ဘုရားဂိုဏ်းကြီး ကိုးဂိုဏ်း၏ ပြုစု ပျိုးထောင်ခြင်း ခံရသော သန္ဓေသားမှာ မည်မျှအထိ ပါရမီမြင့်မား မည်နည်း။ သူကား တစ်ချိန်၌ ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ကာ နတ်ဘုရား အဆင့်ကို ကျိန်းသေ ရောက်ရှိပေလိမ့်မည်။ သူ့အား နတ်ဘုရားလောင်း ဟုပင် အမည်ကင်ပွန်း တပ်နိုင်ပေသည်။

“ကမ္ဘာရဲ့ ဝိညာဥ်ချီက ပြန်ပြီး ထူထပ်လာနေပြီ ဆိုတော့ နတ်ဘုရားလောင်းက မွေးဖွားပြီသွားပြီလို့ ဆိုလိုတယ်... ဟုတ်တယ်... ဒါက တကယ့်ကို မဟာ အခွင့်အ‌ရေးပဲပေါ့... အဲဒီ နတ်ဘုရားလောင်းကို ရတဲ့ ဘယ်အဖွဲ့အစည်း မဆို နှစ်အနည်းငယ် အတွင်း တာအို ပေါင်းစည်းခြင်း အဆင့် တစ်ပါးကို ပိုင်ဆိုင် နိုင်လိမ့်မယ်... အဲဒီနောက် သူက အတိဒုက္ခ အဆင့်ကိုပါ အခက်အခဲ မရှိ ဆက်ပြီး တက်လှမ်းနိုင်လိမ့်မယ်... ဒီတော့ကာ နောင်နှစ်ပေါင်း အနည်းငယ် အတွင်း အတိဒုက္ခ အဆင့်ကို ရောက်မယ့် သူက နတ်ဘုရားလောင်းပေါ့”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးများက မျှော်လင့်ချက် ရောင်ခြည်များဖြင့် တောက်ပနေသည်။ သူသည် မကြာခင် အမှန်တရားကို ရှာဖွေ တွေ့ရှိတော့မည် မဟုတ်ပါလား။

”ပြန်စဥ်းစားပါရစေဦး... အတိတ်ဘဝတုန်းက ဘယ်သူက နှစ်အနည်းငယ်တည်းနဲ့ အတိဒုက္ခ အဆင့်ကို တက်လှမ်းခဲ့တာလဲ...”

ချန်းဖန်က မေးစေ့အား ပွတ်သပ်လိုက်သည်။ အတန်ကြာပြီးနောက် ရုတ်တရက် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။

“နင့်မေကြီးတော်... ငါပဲ ရှိတာပါလား...”

ထိုအရာမှာ မယုံကြည်နိုင်စရာ ကောင်းသော်လည်း အမှန်တရား ဖြစ်သည်။ အတိတ်ဘဝ၌ သူ တစ်ယောက်တည်း သာလျှင် ရာစုနှစ် အနည်းငယ် အတွင်း အတိဒုက္ခ အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သူ့လောက် ကျင့်ကြံခြင်း မြန်ဆန်သည့်လူ တစ်ယောက်မှ မရှိခဲ့ချေ။ သူ့အား အခြားလူများက သမိုင်း တစ်လျှောက် အသက် အငယ်ဆုံး အတိဒုက္ခ အဆင့်ဟုပင် ခေါ်ဆိုကြပေသည်။

“ဒါဆို ငါက သူတို့ ပြုစုပျိုးထောင် ပေးတဲ့ နတ်ဘုရားလောင်းလား”

ချန်းဖန်မှာ အံ့အားသင့်နေ၏။ အတိတ်ဘဝသို့ ပြန်ကြည့်ရလျှင် သူသည် ရာစုနှစ် တစ်ခု အတွင်း ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ရောက်ရှိခဲ့ပြီး ရာနှစ်စု နှစ်ခု အတွင်းမှာပင် တာအို ပေါင်းစည်းခြင်း အဆင့်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် သူသည် အတိဒုက္ခ အဆင့်ကို ရာစုနှစ် သုံးခု အတွင်း ဆက်လက် တက်လှမ်း ခဲ့သည်။

“မဟုတ်သေးပါဘူး... ငါသာ အဲဒီ နတ်ဘုရားလောင်းသာ ဆိုရင် ဒီဘဝမှာလည်း ဆရာ ထန်ချင်က ငါ့ကို ခေါ်သွားမှာပေါ့...”

ချန်းဖန်က ခေါင်းခါလိုက်၏။ ထိုအရာက အဓိပ္ပာယ် သိပ်မရှိလှချေ။ ထို့အပြင် သူ၏ အတိတ်ဘဝ အစောပိုင်း ကာလများမှာ ခက်ခဲလွန်းလှသည်။ နတ်ဘုရားလောင်းဟု အမည်ရသော ပါရမီရှင်မှာ ထိုမျှလောက် မညံ့သင့်ချေ။

သူက နတ်ဘုရားလောင်း မဟုတ်လျှင် မည်သူက နတ်ဘုရားလောင်းနည်း။

“မဟုတ်မှ လွဲရော နတ်ဘုရားလောင်းက အတိဒုက္ခ အဆင့်တောင် မရောက်ပဲ အစောကြီး သေသွားခဲ့တာများလား...”

ချန်းဖန်က တီးတိုး ရေရွတ်လိုက်သည်။ အတန်ကြာပြီးနောက် သူ၏ မျက်လုံးများတွင် မျက်ရည်များ ရစ်ဝဲလာ၏။ သူသည် အဖြေကို ခန့်မှန်းမိနေပြီ ဖြစ်သော်လည်း မယုံရဲသေးချေ။ အကယ်၍ ထိုအရာသာ အမှန်တကယ် ဆိုပါက သူသည် နောင်တရ၍ ဆုံးတော့မည် မဟုတ်ချေ။

“အတိတ်ဘဝတုန်းက ဆရာက ငါ့ကို သူနဲ့ အတူ ခေါ်သွားပြီး ကမ္ဘာတစ်ခုထဲ ပစ်ထည့်ထားခဲ့တယ်... အဲဒီတုန်းက ငါက အရမ်းကို မိုက်မဲပြီး ဘာကျင့်ကြံခြင်း ပါရမီမှ မရှိတဲ့ လူတစ်ယောက်ပေါ့... သုံးနှစ်လောက် ကျင့်ကြံပြီးတဲ့ အခါမှာတောင် ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်မှာပဲ သောင်တင် နေခဲ့တယ်... ဝိညာဥ် ပင်လယ် အဆင့်နဲ့တောင် ဘယ်လိုမှ မနီးကပ်ခဲ့ဘူး”

“ငါ ရှောင်ချုံးနဲ့ ပြန်တွေ့တဲ့နေ့မှာ သူက ရွှေအမြုတေ အဆင့်ကိုတောင် ရောက်နေခဲ့ပြီ... သူက သုံးနှစ် အတွင်းမှာပဲ အထွတ်အမြတ် အဆင့် ရွှေအမြတေကို ဖွဲ့စည်းနိုင်ခဲ့တာ... အခြားလူတွေက သူ့ကို အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ အထူးချွန်ဆုံး တပည့်လို့တောင် သတ်မှတ်ခဲ့ကြတယ်”

“ဒါပေမဲ့ ရှောင်ချုံးက ငါ့ကို အထင်မသေးခဲ့ဘူး... သူက ငါ့ကို လက်ထပ်ခဲ့တဲ့ အပြင် ဘယ်တော့မှ ထားမသွားဘူးလို့တောင် ကျိန်ဆိုခဲ့တယ်... ဒါပေမဲ့ အဲဒီ အထိ ငါ့ရဲ့ ကျင့်ကြံခြင်းက သူနဲ့ အရမ်း အလှမ်းဝေးကွာ နေတုန်းပဲ”

“စတင် ကျင့်ကြံလို့ ငါးနှစ်ပြည့်တဲ့ နေ့မှာပဲ ရှောင်ချုံးက အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ရှိခဲ့တယ်... အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲတွေက ရှောင်ချုံးကို ရာစုနှစ် တစ်ခု အတွင်းမှာတင် တာအို ပေါင်းစည်းခြင်း အဆင့်ထိ ရောက်နိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်... ငါကတော့ ဝိညာဥ် ပင်လယ် အဆင့် မှာပဲ သောင်တင်နေခဲ့တယ်”

“တကယ်လို့ ငါ့ကိုသာ ကာကွယ်ပေးဖို့ မကြိုးစားခဲ့ရင် ရှောင်ချုံးက ရန်သူတွေရဲ့ လက်မှာ သေခဲ့မှာ မဟုတ်ဘူး... သူက အတိဒုက္ခ အဆင့်ကို အလွယ်လေး ရောက်ရှိပြီး စကြဝဠာကိုတောင် အုပ်စိုးနိုင်စွမ်း ရှိခဲ့မှာ”

ချန်းဖန်သည် ကောင်းကင်သို့ မော့ကြည့်ကာ သူ၏ အတွေးများမှာ ပိုမို ကြည်လင် လာခဲ့သည်။ အကယ်၍ အတိတ်ဘဝ၌ ရှောင်ချုံးနှင့် မတွေ့ခဲ့လျှင် သူသည် အခြား ကျင့်ကြံသူများ၊ သားရဲများ၏ လက်အောက်၌ သေဆုံး သွားလောက်ပြီ ဖြစ်သည်။ သူသည် ထိုမျှ အထိ အားနည်းခဲ့ပေသည်။

“အတိတ်ဘဝမှာတုန်းက ဆရာထန်ချင်က ရှောင်ချုံးကို အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းဆီ ခေါ်သွားခဲ့ပြီး ငါ့ကိုတော့ သူဖန်တီးထားတဲ့ ကမ္ဘာမှာ ပစ်ထားခဲ့တယ်... ဒီဘဝမှာလည်း သူက တူညီစွာပဲ ရှောင်ချုံးကို အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းဆီ ခေါ်သွားခဲ့ပြန်တယ်”

“ရှောင်ချုံး... နတ်ဘုရားလောင်းက မင်းပဲပေါ့”

ချန်းဖန်က သက်ပြင်းတစ်ချက် ချကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အတိတ်ဘဝ၌ သူသည် သူ့ကိုယ်သူ ပြိုင်ဘက်ကင်း ပါရမီ ရှိသူ၊ စကြဝဠာအား လွှမ်းမိုးရန် မွေးဖွားလာသူဟု ထင်မှတ်ခဲ့ဖူးသည်။ ထိုအရာများကား အစ ကတည်းက မှားယွင်းနေခဲ့ခြင်းသာ ဖြစ်သည်။

“အတိတ်ဘဝတုန်းက ရှောင်ချုံး ဆုံးပြီးတဲ့ နောက်ပိုင်း ဘာဖြစ်လို့ ငါ့ရဲ့ ပါရမီက ရုတ်ချည်း မြင့်မားလာရတာလဲ ဆိုပြီး အံ့သြနေခဲ့တာ... တကယ်တော့ ရှောင်ချုံးက သူ့ကိုယ်ပေါ်မှာ ရှိတဲ့ အခွင့်အရေးတွေကို ငါ့ဆီ လွှဲပေးခဲ့တာကိုး”

ချန်းဖန်က ဖြူရော်စွာ ပြုံးလိုက်၏။ သူ၏ မျက်လုံးများမှာ နောင်တ တရားများဖြင့် ပြည့်နှက်နေသည်။

“အရူးမလေး...”

ထိုအခိုက်အတန့်၌ ချန်းဖန်မှာ အရာ အားလုံးကို နားလည် သွားခဲ့ပြီ ဖြစ်သည်။ ကမ္ဘာသည် နတ်ဘုရား ပျိုးထောင်ခြင်း နယ်မြေ ဖြစ်ခဲ့ကာ နတ်ဘုရားလောင်းမှာမူ ဖန့်ချုံး ဖြစ်သည်။ ထို့ကြောင့်ပင် ဖန့်ချုံးမှာ အလွန် ပါရမီ မြင့်မားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဖန့်ချုံးသည် မသေခင် သူမ၏ စွမ်းအားကို ချန်းဖန်ထံ အထူးနည်းလမ်း တစ်ခုအား သုံး၍ လွှဲပြောင်းပေးခဲ့သည်။

ချန်းဖန်သည် ထိုလွှဲပြောင်းမှုမှ တစ်ဆင့် ဖန့်ချုံး၏ စွမ်းအား ဆယ်ပုံတစ်ပုံခန့်သာ လက်ခံ ရရှိခဲ့သသည့်တိုင် သူ၏ ကျင့်ကြံနှုန်းမှာ အလွန် လျှင်မြန်စွာ တိုးတက် လာခဲ့သည်။ သူသည် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ရာစုနှစ် တစ်ခု အတွင်း ရောက်ရှိခဲ့ကာ နှစ်ပေါင်း သုံးရာ အတွင်း အတိဒုက္ခ အဆင့် အထိ တက်လှမ်းနိုင်ခဲ့သည်။

အတိတ်ဘဝ၌ ဆရာထန်ချင်က သူ့အား ခေါ်ဆောင် သွားခဲ့ခြင်းမှာ ဖန့်ချုံး၏ တောင်းဆိုမှုကြောင့် ဖြစ်နိုင်ပေသည်။

“အရူးမလေး... နင် ဘာကြောင့် ဒီလောက်တောင် မိုက်မဲ ရတာလဲ...  ဘာလို့ ငါ့အတွက် အဲဒီလောက် ပေးဆပ်ခဲ့ရတာလဲ... ငါ နင့်ကို ဘယ်လိုပြန်ပေးရမှာလဲ”

ချန်းဖန်မှာ နာကျင်စွာ ခံစားလိုက်ရ၏။ ဘဝကား အစဥ်အမြဲ ပြောင်းလဲနေသော အရာ ဖြစ်သည်။ အကယ်၍ ဖန့်ချုံးကြောင့်သာ မဟုတ်ပါက သူ မည်သည့် ဘဝသို့ ရောက်ရှိနေမည်နည်း။ မြောက်ပိုင်း ကောင်းကင်အရှင် ဖြစ်မလာမည်ကတော့ အသေအချာပင် ဖြစ်ပေသည်။

ချန်းဖန်သည် မြေပြင်ပေါ်တွင် ထိုင်ချကာ တင်ပျဥ်ချိတ်လိုက်၏။ ထို့နောက် သူက ကောင်းကင်သို့ မော့ကြည့် လိုက်သည်။ သူသည် ကြီးမား ကျယ်ပြန့်သော စကြဝဠာကြီး ကို တွေ့မြင်ရ၏။ ထိုစကြဝဠာ၏ အလယ်၌ ဖန့်ချုံး နေထိုင်သည့် ဗဟို ဂလက်စီ ရှိပေသည်။ သူမ သည် သူနှင့် အလင်းနှစ် ဘီလျံချီသည့် အကွာအဝေး တစ်ခု၌ တည်ရှိနေခြင်း ဖြစ်ပေသည်။

ချန်းဖန်သည် မျက်တောင်ပင် မခပ်ပဲ ကောင်းကင်ကို ငေးမောကြည့်နေခဲ့၏။ ထိုအခိုက်အတန့်၌ သူသည် အရာ အားလုံးကို မေ့လျော့ နေခဲ့ပုံ ရလေသည်။

ဤသို့ဖြင့် သုံးရက် ကြာပြီးနောက်...

ချန်းဖန်သည် ခန္ဓာကို‌ပေါ်ရှိ နှင်းများကို ခါကာ ဖြည်းညင်းစွာ ထလာခဲ့၏။ သူသည် သူ့ကိုယ်သူ ပြန်ကြည့်ကာ မည်သည့် စွမ်းအင်မှ ပိုင်ဆိုင်ထားခြင်း မရှိသည့် သာမန် လူတစ်ယောက် မပါ ခံစား လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားနှင့် ရောင်ဝါများမှာ အလုံးစုံ ဆိတ်သုဥ်းနေ၏။ မည်သည့် အထောက်အထားမျှ မကျန်ခဲ့ချေ။

သူသည် အတိတ်ဘဝ၌ သာမန် လူတစ်ယောက် ဖြစ်ခဲ့ပေသည်။ ယခုတွင်လည်း သူသည် ထိုဘဝသို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ မျက်လုံးများမှာမူ အရာ အားလုံးကို ချိုးဖျက်နိုင်ဟန် ရသည့် ယုံကြည်ချက်များဖြင့် ပြည့်နှက်နေလေ၏။

“အတိတ်ဘဝမှာတုန်းက ရှောင်ချုံးရဲ့ အကူအညီနဲ့တောင် ငါဟာ အတိဒုက္ခ အဆင့်ကိုပဲ ရောက်ရှိခဲ့တယ်... ဒါပေမဲ့ ဒီဘဝမှာတော့ ငါ့အတွက် ဘယ်အရာကမှ မခက်ခဲ့တော့ဘူး... ကောင်းကင်ကို ချိုးဖျက်ရမယ် ဆိုရင်တောင် အဲဒါက ဖြစ်နိုင်တယ်”

ချန်းဖန်၏ ခန္ဓာကိုယ်မှာ အလင်း ရောင်ဝါများဖြင့် တဖြည်းဖြည်း ဝန်းရံလာ၏။ သူ၏ အသံမှာလည်း ခွန်ရှုနယ်မြေ တစ်ဝက်ကို ဖုံးလွှမ်းသည် အထိ မိုးကြိုးများ အလား ပေါက်ကွဲ လာခဲ့သည်။

“အတိတ်ဘဝက အမှားတွေနဲ့ နောင်တတွေ အတွက် အားလုံးကို ငါ ပြန် ပြင်ဆင်မယ်...”

“ငါ့ကို ချစ်တဲ့လူတိုင်း အတွက် ငါ ပြန်ပေးဆပ်မယ်...”

“ရန်သူတွေ အားလုံးကို ရှင်းလင်းမယ်..”

“တစ်လောကလုံးက ငါ့နာမည်ကို သိစေရမယ်...”

“နတ်ဘုရားတွေတောင် ငါ့ကို ကြောက်လန့် ရမယ်...”

“မြောက်ပိုင်း ကောင်းကင်အရှင် ဆိုတဲ့ ဘွဲ့နာမည်ကို နောက်တစ်ကြိမ် ပြန်ပြီး ငါ အသက်သွင်းမယ်”

***

All Chapters