← Chapters

Chapter 54

Vol. 6 Ch. 54

Chapter 54

Vol. 6 Ch. 54

လီမိသားစုက အရသာရှိတဲ့သိုးသားနှပ်နဲ့ သိုးသားဂေါ်ဖီထုပ်ထက်ထုပ်ကို စားပြီးနောက် လီမင်တုန်ရဲ့ လက်ထပ်ပွဲကလည်း နီးသထက် နီးကပ်လာခဲ့ပြီ။

ဒါပေမဲ့ ရက်နီးလာလေလေ လီမင်တုန်က နေ့ရက်တွေ ပိုပြီး ရှည်လျားလာသလို ခံစားလာရလေလေပဲ။ သူက အိမ်မှာ တစ်နေကုန် စာအုပ် ဖတ်တာတွေကိုပဲ လုပ်မနေနိုင်ခဲ့ဘူး။

ဘာမှလုပ်စရာမရှိတဲ့အချိန်မျိုးမှာဆိုရင် ကွေ့ဟွားရဲ့နောက်ကနေ ပတ်လိုက်လိုက်နေတတ်တယ်။ ကွေ့ဟွား မျက်နှာသစ်နေရင် သူက ဘေးကနေ တဘက်ကမ်းပေးလိမ့်မယ်၊ ကွေ့ဟွား ကြမ်းပြင်ကို တံမြက်စည်းလှည်းရင် သူကဘေးက အမှိုက်ကော် ကိုင်ပြီး စောင့်နေလိမ့်မယ်၊ ကွေ့ဟွား အဝတ်တွေချုပ် နေရင်တော့ သူက ဘေးကနေ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေလိမ့်မယ်။

ဒီလိုအချိန်မျိုးတွေက ကွေ့ဟွားက စိတ်လှုပ်ရှားနေတတ်ပြီးရှက်ရွံ့စွာနှင့် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်လာတတ်တယ်။

တစ်မိသားစုလုံးအတွက် ရယ်စရာ ဖြစ်စေတာကတော့ လီမင်တုန်က ကွေ့ဟွားအနားမှာပဲတစ်နေ့လုံးနီးပါး ကပ်တွယ်နေတာကိုပဲ။ လက်ထပ်ခါနီး လူငယ်စုံတွဲတွေအတွက်တော့ အခုလိုမျိုးက ပုံမှန်ပါပဲ။

ဒါပေမဲ့ မိသားစုထဲမှာ အလုပ်မရှိဆုံးဖြစ်တဲ့ ကျန်းကျန်းကတော့ လက်တစ်ဆုပ်စာလောက်ရှိတဲ့ ဘလူးဘယ်ရီသီးတွေကို ထိုင်စားရတာပြီးရင် နောက်ထပ် စိတ်အဝင်စားဆုံးက မင်တုန်နဲ့ ကွေ့ဟွားတို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ မျက်နှာတွေကိုလိုက်ကြည့်နေရတာကိုပဲ။

ကျန်းကျန်းက ဘလူးဘယ်ရီသီးခြောက်ကို ပါးစပ်ထဲ ထည့်လိုက်ပြီး ပျော်ရွှင်မှုတွေနဲ့ ငယ်ရွယ်နုပျိုမှုတွေ ပြည့်နေတဲ့ လူငယ် စုံတွဲကို ကြည့်လိုက်တယ်။

သူတို့နှစ်ယောက်က လူတွေ ကြည့်မနေချိန်မှာ တစ်ယောက်ကို တစ်ယောက် ခိုးကြည့်ခဲ့ကြတယ်။ ပြီးသွားရင် ခေါင်းတွေကိုပြန်ငုံ့ပြီး အရူးလေးတွေလို ပျော်ရွှင်ကြည်နူးနေကြကာ တုံးအအနိုင်ပြီး ချစ်စရာလေးကောင်းတဲ့ စုံတွဲလေးဖြစ်နေခဲ့တယ်။

သူမက အတင်းအဖြင်းတွေကိုကြိုက်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ ရှည်လျားတဲ့ဆောင်းရာသီမှာ အိမ်ထဲမှာဘဲနေရတာက တကယ်ကိုမိန်းကြပ်စရာကောင်းတယ်။ဒီတော့ အချစ်ရုပ်ရှင်ကို တိုက်ရိုက်ကြည့်ရှုနေရတာက အပျင်းပြေစေတယ်လေ။

ကျန်းကျန်းက သူတို့ကိုကြည့်ရင်း ပျော်နေခဲ့ပေမဲ့ လီမင်တုန်ကတော့ စိတ်ဓာတ်ကျနေခဲ့တယ်။ ဘယ်သူမှသာ ကြည့်မနေဘူဆိုရင် သူက စကားပြေရင်းနဲ့ ကွေ့ဟွားရဲ့ လက်ကလေးကို တိတ်တဆိတ်ဆုတ်ကိုင်ထားလို့ရတယ်လေ။

ဒါပေမဲ့ အခုတော့ ကျန်းကျန်းက သူတို့နှစ်ယောက်နောက်ကို တစ်ချိန်လုံး လိုက်နေတာကြောင့် လီမင်တုန်က သူ့ရဲ့လက်ကို ဆန့်ဖို့လုပ်ခဲ့ရင်တောင် ကွေ့ဟွားက သူ့ရဲ့လက်ကို ရိုက်ချတတ်တယ်။ ဒီလိုဆိုမှတော့ နေ့လယ်ခင်း ကျန်းကျန်းအိပ်တဲ့အချိန်ကျမှသာ သူတို့နှစ်ယောက်တည်းနေဖို့ အချိန်ရှိတော့တယ်လေ။

ကံကောင်းစွာနဲ့ လီမင်တုန်တစ်ယောက် လမင်းကြီးကို မျှော်ကြည့်ပြီး ကြယ်တွေကို ရေတွက်ရင်းနဲ့ပဲ နေ့ရက်တွေက မြန်မြန် ဆန်ဆန်ပဲ ကုန်ဆုံးလာခဲ့တယ်။ မင်္ဂလာပွဲမတိုင်ခင် ရက်အနည်းငယ်လိုသေးတာကြောင့် မင်္ဂလာလက်မှတ်ထိုးစာချုပ်ဝယ်ဖို့နဲ့ မင်္ဂလာချိုချဉ်တချို့ပါဝယ်ဖို့အတွက် လီမင်တုန်က ကွေ့ဟွားကို ခေါ်သွားခဲ့တယ်။

ကျန်းကျန်းအတွက် ဝမ်းနည်းစရာ အကောင်းဆုံးကတော့ ကွေ့ဟွားပြန်လာတဲ့အချိန်မှာ သူမရဲ့ ထူထဲပြီးနက်မှောင်တဲ့ ကျစ်ဆံမြီးအထူကြီးအစား သပ်သပ်ရပ်ရပ်ဖြတ်ထားတဲ့ရှေ့ဆံမြိတ်နှင့် ဆံပင်တိုလေးတွေက အစားထိုးသွားတာကိုပဲ။

ကျန်းကျန်းကတော့ စိတ်ဆင်းရဲစွာနှင့် သူမရဲ့ရင်ဘတ်ကိုပဲ ထုနေမိတော့တယ်။

ဒါပေမဲ့ မတတ်နိုင်ခဲ့ဘူးလေ။ အခုခေတ်မှာ သမီးအကြီးတွေကပဲ ဆံကျစ်မြီးကျစ်နိုင်ကြပြီး လက်ထပ်ပြီးကာ ငယ်ရွယ်တဲ့ချွေးမလေးတွေကတော့ အများအားဖြင့် ဆံပင်ညှပ်ထားရတတ်တယ်။ လုပ်ကိုလုပ်ရမယ်လို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ မရှိပေမဲ့ လိုက်နာနေကြတဲ့ ဓလေ့ထုံးစံတစ်ခုပဲ။

သူတို့နှစ်ယောက်ရဲ့ မင်္ဂလာရက်ကို နှစ်သစ်ကူးနေ့မှာဘဲ သတ်မှတ်လိုက်ကြတယ်။ ဖိတ်စာရရှိတဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကလည်း စောစောစီးစီးရောက်ရှိလာကြတယ်။ ဝမ်စုဖန်းရဲ့ မိဘဘက်က ဆွေမျိုးတွေနဲ့ လီမူဝူရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းအနည်းငယ်လည်း ပါဝင်သေးတယ်။ ဒါကြောင့် သူတို့အိမ်ရဲ့ အခန်းလေးခန်းလုံးက လူတွေ ပြည့်နှက်သွားခဲ့ရတယ်။

မကြာခင်နေ့ရက်မှာပဲ လီမင်နန်နဲ့ လီမင်ပေတို့ရဲ့ တံခါးဝမှာ ဗျောက်အိုးတွေ ချိတ်ဆွဲလိုက်မှုနဲ့အတူ မင်္ဂလာပွဲကို စတင်ခဲ့တော့တယ်။

လီမင်တုန်နဲ့ ကွေ့ဟွားတို့နှစ်ယောက်လုံးက ထူထဲတဲ့ဂျက်ကက်အသစ်တွေကို ဝတ်ဆင်ထားကြပြီး သူတို့ကို လူတွေအကုန်လုံးက ဝိုင်းရံထားကြတာကြောင့် အနည်းငယ် ရှက်နေခဲ့ကြတယ်။

သူတို့ မင်္ဂလာပွဲအတွက် သဘာပတိအဖြစ်ဦးစီးပေးတဲ့သူကတော့ လီမူဝူရဲ့အလုပ်သမားအသင်းထဲမှ အဖွဲ့ဝင် တစ်ယောက်ပဲ။ သူက လက်ခုပ်တီးလိုက်ပြီး အားလုံးကို ငြိမ်သက်ပေးဖို့ အချက်ပြလိုက်တယ်။ ပြီးတော့ အသံကျယ်ကျယ်နဲ့ စတင်ပြောလာခဲ့တယ်။

“ဥက္ကဋ္ဌမောက်က ကျွန်တော်တို့ကို သင်ပေးခဲ့တယ်.. လင်နဲ့ မယားဆိုတာ တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးရမယ်၊ လေးစားမှုရမယ်၊ ကူညီကြရမယ်၊ အထောက်အပံ့ပေးရမယ်၊ သဟဇာတဖြစ်ပြီး ညီညွတ်ရမယ်၊ သားကောင်းသမီးကောင်းတွေ မွေးထုတ်ကြရမယ်၊ သားသမီးတွေကို ပြုစုပျိုးထောင်ရမယ်၊

နောက်ပြီး ကိုယ့်မိသားစု ပျော်ရွှင်မှုအတွက်အပြင် လူ့အဖွဲ့အစည်းအသစ် ထူထောင်ဖို့အတွက် အတူတကွ လုပ်ဆောင်ရပါမယ်တဲ့..

ဒီနေ့တော့ ကျွန်တော်တို့က ရဲဘော် လီမင်တုန်နဲ့ ဝူကွေ့ဟွားတို့ရဲ့ တူညီတဲ့တော်လှန်ရေးပန်းတိုင်ဆီကို အတူတကွလျှောက်လာကြတာကို မြင်တွေ့ရတဲ့အတွက် ဂုဏ်ယူမိပါတယ်…….”

ကျန်းကျန်းကတော့ သူမတို့ခေတ်ကာလနှင့် လုံးလုံးကွဲပြားနေတဲ့ သူမရှေ့က မင်္ဂလာပွဲကို ကြည့်နေခဲ့တယ်။ လီမင်တုန်နဲ့ ကွေ့ဟွားတို့က လက်ထဲမှာ အနီရောင်စာအုပ်လေးကိုင်ထားကြပြီးပြီး ဥက္ကဋ္ဌမောက်ရဲ့ စကားအကိုးအကားတွေကို မျက်နှာသေနဲ့ လိုက်ရွတ်ဖတ်နေကာ ဥက္ကဋ္ဌမောက်ကို ဦးညွှတ်လိုက်တယ်။

ပြီးတော့မှ ဝမ်စုဖန်းနဲ့ လီမူဝူတို့ဘက်ကို ဦးညွှတ်အလေးပြုလိုက်ကြတာကို သူမ တွေ့ခဲ့ရတယ်လေ။

ဒီဘတ်ခေတ်မှာ မင်္ဂလာပွဲဆိုတာက လုပ်ရိုးလုပ်စဉ် အခမ်းအနား တစ်ခုပါပဲ။ မင်္ဂလာပွဲကို လာတဲ့သူတွေက တော်လှန်ရေး သီချင်းနှစ်ပုဒ်အတူတူဆိုပေးကြတယ်။ မင်္ဂလာပွဲပြီးတဲ့ အခါမှာတော့ ဝမ်စုဖန်းနဲ့ လီမူဝူတို့က ပရိသတ်တွေအတွက် ပြင်ဆင်ထားတဲ့ ချိုချဉ်တွေနဲ့ ဆေးလိပ်တွေကို ထုတ်လာခဲ့ကြတယ်။

လျို့ရှို့လန်က ကူညီပေးဖို့ ရောက်လာတဲ့ တခြားမိသားစုမှချွေးမနှစ်ယောက်ကို မီးဖိုထဲမှာ ကူလုပ်ဖို့ ခေါ်သွားခဲ့တယ်။ မီးဖိုပေါ်မှာ သိုးသားနှပ်အိုးက အငွေ့တထောင်းထောင်းထနေပြီး ဂေါ်ဖီထုပ်ချဉ်ကိုလည်း အရိုးကြီးတွေနဲ့ အိုးထဲမှာ စတူးချက်ထားတာကြောင့် အနံ့ကလည်း မွှေးကြိုင်နေခဲ့တယ်။

သိုးသားစွပ်နှပ်တစ်အိုး၊ အရိုးကြီးနဲ့ ဂါ်ဖီထုပ်ချဉ်စတူး တစ်အိုး၊ ဂေါ်ဖီထုပ်ဝက်သား ကြာဇံကြော်တစ်အိုး၊ အာလူးတုံးလေးတွေနှင့်ချက်ထားတဲ့တဲ့ ဝက်ဗိုက်သားစတူးတစ်အိုးတို့ဖြင့် ထမင်းဝိုင်းရဲ့ဟင်းလျာလေးခွက်လုံးမှာ အသားတွေ အလျှံအပယ်ရှိနေခဲ့တယ်။

ဟင်းပွဲတွေကို စားပွဲပေါ်မှာတည်ခင်းလိုက်တဲ့အချိန်မှာ မင်္ဂလာပွဲဝိုင်ကို သောက်ဖို့ ရောက်လာကျတဲ့ ပရိသတ်တွေအားလုံးရဲ့ မျက်လုံးကလည်း ချက်ချင်းပဲ ထိုထမင်းဝိုင်းဆီကိုသာ အကြည့်ရောက်သွားခဲ့တော့တယ်။

အမျိုးသားတွေအတွက် ပြင်ထားတဲ့ စားပွဲဝိုင်းကို လီမူဝူက ဧည့်ခံပြီး အမျိုးသမီးတွေအတွက် စားပွဲဝိုင်းမှာတော့ မဒမ်လီက ဝင်ထိုင်ကာ ဟင်းတွေသုံးဆောင်ကြဖို့ လူတိုင်းကို နှုတ်ဆက်ပြောဆိုနေခဲ့တယ်။

ဝမ်စုဖန်းကတော့ ပန်းကန်းအသေးတစ်လုံးနဲ့ထည့်ထားတဲ့ သိုးသားစွပ်ပြုပ်ကို ကျန်းကျန်းရဲ့ရှေ့မှာ ချပေးလိုက်တယမ။

မင်္ဂလာပွဲကို ရောက်ရှိလာကြတဲ့ ဆွေမျိုးမိတ်သင်္ဂဟအားလုံးကလည်း လီမိသားစုဟောင်းမှာ မနှစ်တုန်းက မြေးမလေးတစ်ယောက်ရရှိခဲ့တယ်ဆိုတာကို ကြားသိထားခဲ့ကြတယ်။

ကလေးလေးက တကယ်ကိုထူးခြားတယ်လို့လည်းပြောကြတယ်။ တချို့က ကလေးကို မြင်ဖူးထားခဲ့ကြပြီး တချို့ကလည်း မမြင်ဖူးခဲ့ကြတာကြောင့် ကျန်းကျန်းကို လာကြည့်ခဲ့ကြတယ်။

ကျန်းကျန်းကတော့ သူတို့ရဲ့ စူးစမ်းမှုတွေကို ဂရုမစိုက်ဘဲလျစ်လျူရှုထားခဲ့လေရဲ့။ သူမကို လာကြည့်တဲ့သူတွေကို ပျော်ပျော်ရွှင်ရွှင် ရယ်မောပြပြီး တစ်ယောက် ယောက်က သူမကို ထိကိုင်ဖို့ဟန်ပြင်လာရင်တော့ ခေါင်းကို လှည့်ကာ မဒမ်လီရဲ့ လက်မောင်းနောက်မှာ သွားပုန်းလိမ့်ယ်။ သူမရဲ့ ပါးဖောင်းဖောင်းလေးက သူတို့ အလွယ်တကူညှစ်ဖို့အတွက် ရှိနေတာ မဟုတ်ဘူးလေ။

မင်္ဂလာပွဲက အချိန်အတော်ကြာအောင်စည်ကားသိုက်မြိုက်နေခဲ့ပြီး မှောင်ရိပ်သန်းလုနီးမှ ပရိသတ်တွေ ပြန်ကြတယ်။

ဝမ်စုဖန်းက မြေကြီးပေါ်က ဆေးလိပ်ဖင်စီခံတွေ၊ ကွာစေ့ခွံတွေကို လှည်းကျင်းလိုက်ပြီးနောက် ခန်ကို နှစ်ကြိမ်လောက်တိုက်ချွတ်ကာ အနောက်ခန်းနဲ့ တံခါးတွေကို ဖွင့်ပြီး လေအေးအေးလေးကို မိနစ်အနည်းငယ်လောက် ဝင်စေတယ်။ ထိုအခါမှသာ စွဲမြဲကျန်ရစ်နေတဲ့အနံ့အသက်တွေ ကင်းစင်သွားတော့ခဲ့တယ်။

သူတို့အားလုံး တစ်နေကုန် ပင်ပန်းခဲ့ကြပေမဲ့ ညပိုင်းအတွက် ဟင်းလျာအသစ်ထပ်ချက်နေဖို့တော့ မလိုအပ်ခဲ့ဘူး။ လျို့ရှို့လန်က နေ့လယ်တုန်းက ဟင်းလျာလေးမျိုးကို အိုးထဲသို့ထည့်ပြီး ကြောင်အိမ်ထဲ မှာ သိမ်းထားခဲ့တယ်။

ညဘက်ကိုရောက်တဲ့အထိ ဟင်းက ပူနွေးနေသေးပေမဲ့ ကျန်းကျန်းက ကြက်ဥပေါင်းတစ်ပန်းကန်လောက် ပေါင်းပေးဖို့ တတွတ်တွတ် ပြောနေတာကြောင့် ပြုလုပ်ပေးခဲ့တယ်။

ဒါ ကျန်းကျန်းအနေနဲ့ သူမမွေးလာကတည်းက ပထမဆုံးအကြိမ်အဖြစ် အခုလိုစည်ကားသိုက်မြိုက်နေတဲ့ ပွဲမျိုးကို ကြုံတွေ့ဖူးတာပဲ။ လူကြီးတွေ အလုပ်ရှုပ်နေစဉ်မှာလည်း သူမက တေးဂီတသံကို လိုက်နားထောင်နေခဲ့တယ်။

အမျိုးသမီးတွေနဲ့ သူတို့ရဲ့မိဘတွေက ခဏလောက်စကားစမြည် ပြောနေတဲ့အချိန်တွေမှာ သူတို့က ကျန်းကျန်း အရင်တုန်းက မမြင်ဖူး၊မကြားဖူးတဲ့အကြောင်းတွေကို ပြောနေခဲ့မယ်ဆိုရင်လည်း ကျန်းကျန်းက မျက်လုံးအဝိုင်းသားနှင့် နားထောင်နေလိမ့်မယ်။

သူမက မဒမ်လီရဲ့ လက်မောင်းထဲမှာ အိပ်ငိုက်လာပြီး မျက်လုံးတွေ မဖွင့်နိုင်တော့တဲ့အချိန်မှာတောင် သူမက အိပ်ရာဝင်ဖို့ တွန့်ဆုတ်နေတုန်းပဲ။

ဒါကြောင့် သူမအိပ်ပျော်သွားပြီးတော့မှ ဝမ်စုဖန်းက အရှေ့ခန်းကို ပွေ့ချီသွားပေးခဲ့ရတယ်။

လီမင်တုန်နဲ့ ကွေ့ဟွားတို့က လူတွေအများကြီး ရှိနေတဲ့ နေ့လယ်တုန်းကတော့ ဘာမှ မခံစားခဲ့ရဘူး။ ဒါပေမဲ့ ညဘက်ကိုရောက်လာတော့ မိသားစုထဲမှာ လူအနည်းပဲ ကျန်ခဲ့တော့တယ်။ သူတို့တွေ ဘေးချင်းကပ်ထိုင်ပြီး စားသောက်ကြတဲ့အချိန်ကိုရောက်မှ သူတို့က လက်ထပ်ပြီးစ ဇနီးမောင်နှံတွေဖြစ်ကြောင်းကို သတိပြုမိသွားကြတော့တယ်။

အနောက်ဘက်အိမ်က လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက မီးဖိုပေးထားပြီး ခန်ကိုလည်း အပူပေးထားတာကြောင့် အိမ်က အတော်လေးနွေးထွေးနေခဲ့ပါတယ်။

လီမူလင်းရဲ့ မိသားစု ပင်းချန်က ရောက်ရှိလာချိန်မှာ မဒမ်လီက သူတို့ကို အနောက်ဘက်အိမ်ရဲ့အခန်းထဲ အိပ်ဖို့မပြင်ပေးခဲ့တော့ဘဲ တောင်ဘက်က အခန်းမှာသာ ပြင်ဆင်ပေးခဲ့တယ်။ သူတို့ အိပ်တဲ့အချိန်မှာ လွတ်လပ်နေစေဖို့အတွက် ခန်းဆီးကိုလည်း ချထားပေးခဲ့သေးတယ်။

ညစာစားပြီးနောက် ငယ်ရွယ်တဲ့ စုံတွဲလေးက ရှက်သွေးဖြာနေတဲ့ မျက်နှာတွေနဲ့ ဘေးချင်းယှဉ်ထိုင်လိုက်ကြတယ်။ သူတို့က အနည်းငယ် အိပ်ချင်နေကြပြီ ဖြစ်ပေမဲ့ အနောက်ခန်းထဲကို သွားအိပ်ဖို့ ရှက်ရွံ့နေကြပြီး ဘယ်သူကမှ ထုတ်မပြောကြဘူး။

မဒမ်လီကလည်း အသစ်စက်စက် စုံတွဲကို ကြည့်လိုက်ပြီး ဝမ်စုဖန်းကို သူမရဲ့အနားသို့ ဆွဲခေါ်လိုက်ပြီး အသံတိုးတိုးနဲ့ မေးလိုက်တယ်။

“

မင်း သူတို့ကို ဘာလုပ်ရမလဲဆိုတာ ပြောထားသေးလား?”

အသက်(၄၀)အတွင်းမှာ ရောက်နေပြီဖြစ်တဲ့ ဝမ်စုဖန်က မဒမ်လီရဲ့စကားကြောင့် ရုတ်တရက် မျက်နှာနီမြန်းသွားရတယ်။

သူမက မဒမ်လီကို ရှက်ရွံ့စွာ ကြည့်လိုက်ပြီး တိုးတိုးပြန်ပြောတယ်။

“ကျွန်မ ဘာပြောသင့်သလဲ?”

All Chapters