← Chapters

တိုင်ချူ နတ်ဘုရား မင်းသား

Vol. 11 Ch. 1086

တိုင်ချူ နတ်ဘုရား မင်းသား

Vol. 11 Ch. 1086

“လုပ်ကြံသူက ရှောင်ချုံးလို အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကို သတ်ဖြတ်ဖို့ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကို အလစ်ဝင်တိုက်ခဲ့တာ မထူးဆန်းတော့ဘူး... အဲဒီတုန်းက ငါက ရှောင်ချုံး အတွက် ယူကြုံးမရ ဖြစ်နေခဲ့တာ ဆို‌တော့ ဘာကိုမှ မတွေးခဲ့မိတာ...”

ချန်းဖန်က ခေါင်းခါကာ ရေရွတ်လိုက်သည်။

“အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းက လုပ်ကြံသူရဲ့ ဂိုဏ်းကို ပြန်တိုက်ခိုက်ပြီး နတ်ဘုရားဂိုဏ်းကြီး ကိုးခုကြားထဲ စစ်ပွဲ တစ်ခုကို ဖန်တီးခဲ့တယ်... ဆရာ ထန်ချင်တောင်မှ စစ်ပွဲ အတွင်း ဝင်ပြီး သူတို့ရဲ့ ဂိုဏ်းချုပ်နဲ့ တိုက်ခိုက်ခဲ့တယ်... သာမန် တပည့် တစ်ယောက် ဆုံးရှုံးတာ ဆိုရင် ဆရာက ဒီလောက် ဒေါသထွက်ပါ့ မလား”

နတ်ဘုရားဂိုဏ်းကြီး ကိုးဂိုဏ်းသည် အတူတကွ ပူးပေါင်းကာ နတ်ဘုရားလောင်းကို ပြုစု ပျိုးထောင်ခဲ့သည်။ သို့သော်လည်း အဆုံး၌ အခါ ဖန့်ချုံးက အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းနှင့် ပူးပေါင်းခဲ့သည်။ ထို့ကြောင့်ပင် ဖန့်ချုံး လုပ်ကြံခံရသော အချိန်၌ အခြား နတ်ဘုရားဂိုဏ်းကြီးများ၏ သဘောထားက ဆန်းကြယ်နေခဲ့ခြင်း ဖြစ်နိုင်သည်။

“စိတ်မပူနဲ့ ဖန့်ချုံး... ဒီဘဝမှာ ငါ အားလုံးကို ပြန်ပြီး စာရင်းရှင်းပေးမယ်”

စကားဆုံးသည်နှင့် ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဟင်းလင်းပြင်ကို ဆွဲခွဲလိုက်၏။ ထို့နောက် သူက ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲကာ နတ်ဘုရားကုန်းမြေဆီသို့ တိုးဝင် ပျံသန်း သွားတော့သည်။

စကြဝဠာ အတွင်းပိုင်းသို့ မဝင်ခင် သူ့အနေဖြင့် ကမ္ဘာပေါ်ရှိ ပုရွက်ဆိတ်များကို အရှင် ရှင်းလင်းပစ်ရဦးမည် မဟုတ်ပါလား...။

...

နတ်ဘုရား ကုန်းမြေသည် ကောင်းကင်ဘုံမှ ဥယျာဥ် တစ်ခု အလား အလင်းရောင်ဝါများ၏ ဝန်းရံမှု အလယ်၌ ခမ်းနား ထည်ဝါစွာ တည်ရှိ၏။ ပေထောင်ချီ မြင့်မားသော တောင်တန်းကြီးများသည် နဂါးများ အလား ဝန်းရံနေကာ ရေတံခွန်များမှာ ကောင်းကင်မှ စီးကျ နေ၏။ ဖီးနစ် နဂါးတို့မှာ  တောင်ပံဖြန့်ကျက်၍ ပျော်မြူးစွာ ပျံသန်းနေကြသည်။

အနီးကပ်ကြည့်ပါက အလင်းရောင်ဝါများ၏ အနောက်၌ ပုန်းကွယ်နေသော အနက်ရောင် မိစ္ဆာချီများကို တွေ့မြင်နိုင်ပေသည်။ မိစ္ဆာချီများသည် ခေါင်းခုနစ်လုံး မျောက်ဝံများ၊ သဏ္ဌာန်မဲ့ မိစ္ဆာများ အသွင် ပြောင်းလဲ နေကြ၏။ နတ်ဘုရား အလင်းနှင့် မိစ္ဆာချီတို့သည် လျှို့ဝှက်ဆန်းကြယ်သည့် ကမ္ဘာ တစ်ခုကို ဖန်တီး နေခဲ့ကြလေသည်။

တိုင်ချူဂိုဏ်း၏ နတ်ဘုရား မင်းသားသည် အလွှာ ၉၉ လွှာပါသော လေသင်္ဘော တစ်ခု၏ ထိပ်၌ ရပ်နေခဲ့၏။ သင်္ဘော၏ အလွှာ တစ်ချင်းစီသည် မရေမတွက်နိုင်သော ရတနာများကို သယ်ဆောင်ထားကာ အစီအရင်များ၊ သင်္ကေတများ၏ ကာကွယ်မှုအောက်၌ တည်ရှိသည်။ လေသင်္ဘောတစ်ခုလုံးသည် ရောင်စုံအလင်းများကို ထုတ်လွှတ်ကာ လွင့်မြောနေသော မြို့တော်တစ်ခု ပမာ ကောင်းကင်တွင် ပျံဝဲနေ၏။ တစ်ချိန်တည်း၌ ထိုလေသင်္ဘောမှာ အစွမ်းထက်သည့် မီးအလင်းများကို ပစ်လွှတ်ကာ တိုက်ခိုက်နေသည်။

“ဘုန်း...”

မီးအလင်း တစ်ခုသည် အခြေတည် ဝိညာဥ် အဆင့် မိစ္ဆာ တစ်ကောင်ကို ဖျက်ဆီး ပစ်လိုက်၏။ မရေမတွက်နိုင်သော အရိုးများမှာ ကျိုးပဲ့ကုန်ကာ အနက်ရောင် သွေးများမှာ ကောင်းကင်အနှံ့ ဖုံးလွှမ်းသွားသည်။

တိုင်ချူဂိုဏ်း၏ နတ်ဘုရား မင်းသားမှာ လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးဆေးစွာပင် ရှိနေသေးဆဲ ဖြစ်သည်။

“ဒီကောင်တွေက မိစ္ဆာချီကြောင့် ဖြစ်လာတဲ့ သားရဲလေးတွေ... သူတို့မှာ အခြေတည် ဝိညာဥ် အဆင့် စွမ်းအား ရှိတယ် ဆိုပေမဲ့ အတော်လေး အားနည်းနေတုန်းပဲ”

နတ်ဘုရား မင်းသား၏ နောက်၌ ရပ်နေကြသည့် အခြေတည် ဝိညာဥ် အဆင့် အချို့က ရယ်မော လိုက်ကြသည်။

“ဒီလိုကောင်လေးတွေ မပြောနဲ့... အစစ်အမှန် အခြေတည် ဝိညာဥ် အဆင့် သားရဲတွေတောင် ငါတို့ တိုင်ချူ ကောင်းကင် သင်္ဘောရဲ့ တိုက်ခိုက်မှုက မလွတ်မြောက်နိုင်ပါဘူး”

သူတို့သည် တိုင်ချူ နတ်ဘုရား နယ်မြေမှ ကျင့်ကြံသူများ ဖြစ်ကြပြီး ကမ္ဘာတစ်ခုကို လွှမ်းမိုးနိုင်သည့် စွမ်းအားအား ပိုင်ဆိုင်ထားကြသည်။ တိုင်ချူ ကောင်းကင် သင်္ဘောကို ကံကောင်းခြင်း သင်္ဘောဟုလည်း ခေါ်သည်။ ထိုအရာသည် တိုင်ချူ နတ်ဘုရား နယ်မြေ၏ ထိပ်တန်း စစ်သင်္ဘောများ အနက် တစ်ခု ဖြစ်သည်။ ကံကောင်းခြင်း သင်္ဘောသည် သေဆုံးပြီးသော အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်၏ ကမ္ဘာငယ်ကို အမြုတေ အဖြစ် ထားကာ အဆင့်မြင့် ဝိညာဥ် ကျောက်တုံးများကို လောင်စာ အဖြစ် အသုံးပြုသည်။ ၎င်းသည် နတ်ဘုရား စွမ်းအား ၁၇ ခုကို အသက်သွင်းကာ အခြေတည် ဝိညာဥ် အဆင့်နှင့် ညီမျှသော တိုက်ခိုက်မှုများကို ဖော်ထုတ်နိုင်ပေသည်။

“အရှေ့ဂြိုဟ်က နတ်ဘုရား တစ်ပါးက မိစ္ဆာ တစ်ကောင်ကို ဖမ်းဆီးထားတဲ့ နေရာပဲ... ဒီနေရာက မိစ္ဆာနယ်မြေတွေနဲ့တောင် ခပ်ဆင်ဆင် တူတယ်... လူသားတွေက ဒီဂြိုဟ်ကို အုပ်ချုပ်နေတဲ့ပုံ ပေါ်ပေမဲ့ တကယ်တမ်းကျတော့ မိစ္ဆာတွေကသာ အစစ်အမှန် အုပ်စိုးသူတွေပဲ.... ငါ မဟာ အခွင့်အရေးကို ရရှိပြီး ဂိုဏ်းချုပ် ဖြစ်လာတဲ့ အခါကျရင် ငါ့စစ်တပ်နဲ့ အတူ ဒီကို လာပြီး အားလုံးကို သတ်ပစ်ရမယ်” ,

တိုင်ချူ နတ်ဘုရား မင်းသားက ပြောလိုက်သည်။ သူသည် အလင်းရောင်ဝါများကို ဝန်းရံကာ ကမ္ဘာများကို ဖန်တီး၍ အတားအဆီးများကို ဖျက်ဆီးနေ၏။

ထိုအရာက တိုင်ချူ နတ်ဘုရား မင်းသားမှာ တိုင်ချူ နတ်ဘုရား နယ်မြေ ကျင့်စဥ်ကို အတွေးတစ်ချက်ဖြင့် ကမ္ဘာ တစ်ခုအား ဖန်တီးတိုင်သည် အထိ ကျင့်ကြံထားကြောင်း ဖော်ပြနေသည်။ သူသည် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေသည်။

အကြီးအကဲများမှ ရယ်မောရင်း ထောက်ခံ လိုက်ကြသည်။

“ဒါပေါ့... အရှင်က တိုင်ချူဂိုဏ်းရဲ့ နတ်ဘုရား မင်းသား ဖြစ်တဲ့ အပြင် တောင်ပိုင်း ဒေသငယ် ကောင်းကင် သတ်မှတ်ချက်ရဲ့ ထိပ်တန်း ကျင့်ကြံသူ တစ်ယောက်ပဲဟာ... အနာဂတ်မှာ ဒီနယ်မြေကို သိမ်းပိုက်နိုင်မှာ သေချာတယ်... ဂြိုဟ်တစ်ခုကို ရှင်းပစ်တာလောက်က ဘာမှ မဟုတ်သေးဘူး... အရှင်သာ ဆန္ဒရှိရင် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ဝက်ကိုတောင် ရှင်းလင်းနိုင်မှာ သေချာတယ်”

တိုင်ချူ နတ်ဘုရားနယ်မြေသည် တောင်ပိုင်း ဒေသငယ်တွင်ပင် ကြီးမားသော ဂိုဏ်းကြီး တစ်ခု ဖြစ်သည်။ သူတို့သည် အခြေတည် ဝိညာဥ် အဆင့် ရာချီကို ပိုင်ဆိုင်ထားကာ ကြီးမားသော ဂြိုဟ်ကြီး တစ်ခုကိုလည်း သိမ်းပိုက်ထားသည်။ သူတို့၌ ကံကောင်းခြင်း သင်္ဘော ကဲ့သို့သော စစ်သင်္ဘောပေါင်း များစွာလည်း ရှိပေသေးသည်။ အကယ်၍ တိုင်ချူ နတ်ဘုရား နယ်မြေသာ စစ်ခင်းရန် ဆုံးဖြတ်ပါက စွန့်ပစ်ခံဂြိုဟ်နယ်မြေ တစ်ဝက်ခန့်မှာ သွေးအိုင်ထွန်းရလိမ့်မည် ဖြစ်သည်။

ရုတ်တရက်...

“ဝှစ်...”

အဇူရာ အလင်းတန်း တစ်ခုမှာ အဝေးမှ ပျံသန်းကာ ရောက်ရှိလာ၏။ မီးခိုးရောင် ဝတ်စုံဝတ် အကြီးအကဲက အဇူရာ အလင်းကို ဖမ်းယူလိုက်သည်။ ထိုအရာကား ဓားပျံတစ်ချောင်း ဖြစ်ပေသည်။ သူသည် ဓားပျံကို နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကာ တွေ့မြင်လိုက်ရသော အရာကြောင့် အနည်းငယ် ဆွံ့အ သွားဟန် ရ၏။

“အရှင်... လူသား ကမ္ဘာက သတင်းပါ”

လူတိုင်းက သူ့အား ကြည့်လိုက်ကြသည်။ သူတို့သည် နတ်ဘုရား မင်းသားမှာ လူသား ကမ္ဘာမှ မိန်းကလေး တစ်‌ယောက်အား စိတ်ဝင်စားနေကြောင်း သိရှိထားသည်။ ထို့ကြောင့်ပင် သူသည် နတ်ဘုရား ဗိုလ်ချုပ်လင်းကို တိုင်ချူ ဘုရားကျောင်းကို စေလွှတ်ကာ ခေါ်ဆို ခိုင်းခဲ့သည်။ ထိုကိစ္စတွင် ပြဿနာ တစ်ခုခု ရှိနေသည်လား။

“ဘာသတင်းလဲ...”

တိုင်ချူ နတ်ဘုရား မင်းသားက မေးလိုက်၏။

“နတ်ဘုရား ဗိုလ်ချုပ်လင်းက နတ်မိမယ်ကျန်းကို တွေ့ရှိထားပါတယ်... ဒါပေမဲ့ တိုင်ချူ ဘုရားကျောင်းကတော့ ချန်းပေ့ရွှမ်း လို့ ခေါ်တဲ့ တစ်ယောက်ရဲ့ ရှင်းလင်းခြင်းကို ခံလိုက်ရတယ် တဲ့... အကြီးအကဲလန်လည်း အသတ်ခံ လိုက်ရတယ်”

မီးခိုးရောင် ဝတ်စုံဝတ် အကြီးအကဲက အစီရင်ခံ လိုက်သည်။

“တယ်အတင့်ရဲနေပါလား...”

နတ်ဘုရား မင်းသား၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ ထိုအခိုက်၌ ကံကောင်းခြင်း သင်္ဘောပေါ်ရှိ မည်သူမျှ အသံတစ်သံပင် မထွက်ရဲချေ။ သူတို့သည် နတ်ဘုရား မင်းသား ဒေါသထွက်နေပြီ ဖြစ်ကြောင်း သိရှိကြပေသည်။

“တိုင်ချူ ဘုရားကျောင်းတင် မကဘူး... အပိုလို နန်းတော်၊ ဝူကျိဂိုဏ်းနဲ့ နဲ့ကုန်းဂိုဏ်းတို့ တည်ထောင်ထားတဲ့ ဂိုဏ်းတွေပါ ရှင်းလင်းခံလိုက်ရတာ... လူသား ကမ္ဘာမှာ ကျန်ခဲ့တဲ့ ကျင့်ကြံသူ အကုန်လုံး သေသွားကြပြီ”

မီးခိုးရောင်ဝတ် အကြီးအကဲက ဆိုလိုက်သည်။

“ဟဟ...”

အခြား လူများ တုန်ရီနေကြချိန်၌ နတ်ဘုရား မင်းသားက ရယ်မော လိုက်၏။

“ထားလိုက်ပါလေ... အခွင့်အရေးက မကြာခင် ပေါ်လာတော့မယ် ထင်တယ်... အခြားဂိုဏ်းတွေ အားလုံးက နတ်ဘုရား ကုန်းမြေရဲ့ ဗဟိုကို သွားနေကြပြီ... ငါတို့လည်း လွဲချော်လို့ မဖြစ်ဘူး... အခုတော့ အဲဒီ ကောင်စုတ်လေးကို အသက် ချမ်းသာပေးလိုက်ဦးမယ်... ငါ မဟာ အခွင့်အရေးကို ရပြီးတာနဲ့ လူသား ကမ္ဘာကို ချက်ချင်းပြန်ပြီး အဲ့ကောင်နဲ့ စာရင်းရှင်းမယ်”

တိုင်ချူ နတ်ဘုရား မင်းသားက ခေါင်းအား ခါယမ်း လိုက်သည်။

“ဒါပေမဲ့ သူက အရှေ့ဂြိုဟ်မှာ မွေးလာတဲ့ လူတစ်ယောက်ပဲဟာ... ဘယ်လိုလုပ်ပြီး တိုင်ချူ နတ်ဘုရား နယ်မြေရဲ့ အကြီးအကဲတွေကို သတ်နိုင်ရတာလဲ... ဟဟ... ဘာပဲဖြစ်ဖြစ်... အကြီးအကဲလန် စိတ်ချလက်ချသာ သွားပါ... ငါ မင်း အတွက် ဒီဂြိုဟ်ပေါ်က လူတစ်ဝက်လောက်ကို သတ်ပြီး လက်စားချေပေးမယ်”

“ဟုတ်တယ်... အကြီးအကဲလန် အတွက် လက်စားချေရမယ်”

ထိုအခိုက်အတန့်၌ တိုင်ချူ နတ်ဘုရား နယ်မြေသာ မက အခြားဂိုဏ်းကြီးများမှာလည်း ကမ္ဘာမှ သတင်းကို လက်ခံ ရရှိကြသည်။

အပိုလို နတ်ဘုရား မင်းသားသည် ခေါင်းခါကာ ထိုသတင်းကို ဂရုစိုက်ခြင်းပင် မရှိချေ။ ဝူကျိဂိုဏ်းနှင့် နဲ့ကုန်းဂိုဏ်းတို့၏ နတ်ဘုရား မင်းသားများကမူ ချန်းပေ့ရွှမ်း ဆိုသော ကောင်အား သတ်ဖြတ်မည်ဟု ပြောဆို နေကြသည်။ သူတို့သည် တောင်ပိုင်း ဒေသငယ်ရှိ ဂိုဏ်းကြီးများမှ လာသူများ ဖြစ်ကြသည်။ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှ လူတစ်ယောက်အား အဘယ်ကြောင့် ဂရုစိုက်မည်နည်း။

အားလုံးသည် အေးဆေးစွာပင် နတ်ဘုရား ကုန်းမြေ အလယ်သို့ သွားနေကြ၏။ မဟာ အခွင့်အရေးကား မကြာခင် ပေါ်လာတော့မည် ဖြစ်သည်။ သူတို့သည် ကမ္ဘာပေါ်သို့ ပြန်ရောက်ပြီးနောက် စာရင်းရှင်းရန် အတွက် “ချန်းပေ့ရွှမ်း” ဆိုသော နာမည် တစ်ခုကိုသာ မှတ်ထားကြလေသည်။

သို့သော်လည်း သူတို့ ဂရုမစိုက်နေသာ အချိန်တွင်ပင်...

“ဝှစ်...”

နတ်ဘုရား ကုန်းမြေ ထောင့်တစ်နေရာရှိ ဟင်းလင်းပြင်မှာ အက်ကွဲကာ ရွှေရောင် အလင်း တစ်ခု ထွက်ပေါ်လာ၏။ ချန်းဖန်၏ မျက်လုံးများကား မီးအလင်းများဖြင့် တောက်ပနေ၏။ သူကား မကြာခင် ကမ္ဘာ တစ်ခုလုံးကို ‌လောင်ကြွမ်း ပြာချ ပစ်တော့မည့်ဟန် ရပေသည်။

***

All Chapters