Chapter 58
Vol. 6 Ch. 58
ကျန်းကျန်းက ခြံပတ်လည်ကို လျှောက်သွားပြီး ဝက်တွေကို နာမည်ပေးရုံတင်မကဘူး။ မိသားစုပိုင်တဲ့ အသားစားကြက်(၁၀)ကောင်ကိုပါ ကိုယ်ပိုင်နာမည်တွေ ပေးလိုက်သေးတယ်။
နာမည်တွေကလည်း ကြက်စတူး၊ ကြက်စတူးစွပ်ပြုပ်၊ ကြက်သားနဲ့ မှိုစတူး၊ ကြက်အာလူး စတူး၊ ကြက်မုန်လာဥနီစတူး စသည်ဖြင့်ပဲ။
သူမခေါင်းထဲမှာ ဘာဖြစ်လို့ အစားအသောက်နာမည်တွေပဲ ပေါ်လာလဲဆိုတာတော့ မသိဘူး။ လီမင်နန်နဲ့ လီမင်ပေတို့နှစ်ယောက်ကတော့ ညီမဖြစ်သူရဲ့ အနောက်က လိုက်ပြီး တံတွေးတွေမျိုချနေရတော့တယ်။
သူတို့နှစ်ယောက်က အိမ်စာလုပ်ဖို့တောင်စိတ်မပါနိုင်ကြတော့ဘဲ တစ်ယောက်ကို တစ်ယောက် တံခါးပေါက်ဆီကို တွန်းထုတ်နေကြတော့တယ်။ မဒမ်လီက အနောက်ကိုလှည့်ကြည့်ချိန်မှာ သူတို့ကိုမြင်တွေ့လိုက်ရပြီး လှမ်းမေးလိုက်တော့တယ်။
“မင်းတို့ ဘာလုပ်နေကြတာလဲ?”
“သစ်သားတွေကို ဝက်ခြံဆီ သယ်ပေးမလို့!”
“ကြက်ခြံကူဆောက်ပေးမလို့”
မဒမ်လီက ချက်ချင်းပဲ ပျော်ရွှင်သွားတယ်။ သူမက မြေးမလေးဘက်ကိုလှည့်ပြီး ချီးကျူးလိုက်ပြန်တယ်။
“ဒီနာမည်တွေက တကယ်ကို ကောင်းတာပဲ၊ လူတိုင်းက အစားအသောက်ကိုလောဘကြီးတော့ နာမည်ကိုကြားရုံနဲ့ အလုပ်လုပ်ရမဲ့အကြောင်းကို သိနေကြပြီ”
ဒါပေမဲ့ သူမလှည့်လိုက်တဲ့အချိန်မှာ ကြက်ပေါက်လေး တစ်အုပ်က ကြောက်လန့်နေကြတာကို တွေ့လိုက်ရတယ်။ ကြက်တွေက အခုလေးတင် တက်ကြွစွာရှိနေကြတာလေ ။ ဒါပေမဲ့ အခုချိန်မှာတော့ သူတို့အားလုံးက ခေါင်းငိုက််စိုက်ဖြစ်သွားတာကို တွေ့လိုက်ရတာကြောင့် မဒမ်လီတစ်ယောက် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရတယ်။
“ သေသွားရင် နောက်ထပ် ပြန်ဝယ်ရတော့မှာလား ...သူတို့ အသက်ရှင်ဖို့ မခက်ခဲလောက်ဘူး မဟုတ်လား...?”
“မခက်ခဲပါဘူး”
ကျန်းကျန်းက ခေါင်းမော့လိုက်ပြီး နို့သံသံလေးနဲ့ ပြောလိုက်တယ်။
“သေချာပေါက်အသက်ရှင်မှာ”
မဒမ်လီကတော့ ခေါင်းငိုက်စိုက်ကျနေတဲ့ ကြက်တစ်အုပ်ကို မယုံကြည်စွာ ကြည့်ရင်း သူမရဲ့မြေးမလေးကို နောက်တစ်ခါထပ်ပြီး ယုံကြည်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။
သူမမြေးမလေးရဲ့ နည်းလမ်းနဲ့သာဆိုရင် ကြက်တွေကို ထပျံအောင်လုပ်ဖို့လည်း အခက်အခဲမရှိဘူးဆိုတာကို ခန့်မှန်းမိတယ်လေ။
မွေးကာစ ကြက်ပေါက်တွေကို ဂရုတစိုက် မွေးမြူရလိမ့်မယ်။ ဒါကြောင့် ဝမ်စုဖန်းက ဆန်ကွဲတချို့ယူပြီး ခဏလောက် ရေစိမ် ထားလိုက်တယ်။ ဆန်ကွဲတွေ ပျော့သွားတဲ့အချိန်ကျမှ ရေစစ်ပြီး ဇလုံအပေါက်တစ်ခုထဲမှာ ထည့်ပေးလိုက်တယ်။
ထို့နောက် ကြက်စာတွေကို အသားစားကြက်တွေကြားထဲမှာ ချပေးလိုက်ပေမဲ့ ထိုကြက်တွေက တုန်ယင်နေကြပြီး တစ်ကောင်မှ မလှုပ်ရဲခဲ့ကြဘူး။ ဝမ်စုဖန်းက စိတ်ရှုပ်သွားပြီး ရုတ်တရက် လက်ခုပ်တီးလိုက်တယ်။
“မြန်မြန်စားကြတော့”
ချက်ချင်းဆိုသလိုပဲ အမွေးပွပွ ကြက်ကလေးတွေက အလျင်အမြန် ပြေးလွှားလာကြပြီး သေလုမျောပါးနေမကောင်းဖြစ်နေတဲ့ပုံ မပေါ်ကြတော့ဘဲ ပျော်ရွှင်စွာ အစာစားလာကြတော့တယ်။
ဒီကြက်ကလေးတွေ စားနိုင်၊ပြေးနိုင်တာကို တွေ့ရတော့ မဒမ်လီ စိတ်သက်သာရာ ရသွားခဲ့တယ်။ သူမရဲ့ မြေးမလေးပြောမှန်နေတာပဲ။ ကြက်ကလေးတွေက တကယ်ကို သန်မာကြတယ်။
အိမ်မှာ ကြက်ခြံကြီးတစ်ခုရှိခဲ့ဖူးပြီး ကြက်တွေအများကြီး ဆံ့ခဲ့ဖူးပေမဲ့ အခုချိန်မှာတော့ ကြက်ပေါက်လေးတွေအားလုံးကိုထည့်မယ်ဆိုရင် အဲဒီကြက်ခြံက သေးသွားခဲ့ပြီ။
မဒမ်လီက ညဘက်တွေ ကြက်ခြံထဲမှာ ကြက်တွေကို မထားခဲ့ဘူး။ သူမက ခြင်းနှစ်ခြင်းထဲမှာ ထည့်ထားခဲ့တယ်။ ပြီးတော့ ခြင်းတွေကို မီးဖိုချောင်ထဲ ထည့်ထားလိုက်တယ်။
ကြက်လေးတွေကို နွေးထွေးသွားအောင် မီးဖိုခန်းမှာထည့်ပေးပြီး ဝက်ကလေးကိုတော့ ခြံထဲမှာပဲ မွေးမြူထားခဲ့တယ်။
လောဘကြီးတာက လူတွေကို ကြိုးစားချင်စိတ်တွေ ဖြစ်လာစေတယ်။ ဒီစကားက လီမင်နန်နဲ့ လီမင်ပေကို အစစ်အမှန် သရုပ်ဖော်ပြပေးနိုင်လိမ့်မယ်။
လီမူဝူ ဝက်ခြံဆောက်တဲ့အချိန်မှာ ဒီညီအစ်ကိုနှစ်ယောက်က အများကြီးကူညီအားထုတ်ပေးခဲ့ကြတယ်။ သစ်တွေဆွဲတာ၊ တူးဖော်ထားတဲ့ မြေကြီးတွေကို ဒယ်စောက်တွေ အိမ်ကိုပို့ပေးတာတွေ စတဲ့အလုပ်တွေကို အားကြိုးမာန်တက် လုပ်ခဲ့ကြတယ်။
ဝက်ခြံဆောက်ပြီးတဲ့နောက် မီးဖိုကိုပါ ဆောက်ပေးပြီး နှစ်ရက် သုံးရက်အတွင်းမှာပဲ အရာအားလုံး သပ်သပ်ရပ်ရပ်နဲ့ ပြီးသွားခဲ့တယ်။ တစ်နေ့လုံး ကျန်းကျန်းရဲ့မျက်လုံးအောက်မှာ အကြောက်တရားနဲ့ တုန်ယင်နေခဲ့ရတဲ့ ဝက်သားနှပ်လေးသည်လည်း နောက်ဆုံးမှာတော့ ကိုယ်ပိုင်အိမ်လေး ရသွားခဲ့ပြီ။
ဒီအသားစားကြက်တစ်အုပ်နဲ့ အိမ်မွေးဝက်ကို မွေးပြီးတဲ့နောက်မှာတော့ ဘယ်သူကမှ မမြင်တွေ့ရပေမဲ့ ကျန်းကျန်းကတော့ အလုပ်ရှုပ်နေခဲ့တယ်။
သူမက မနက်ခင်း အိပ်ရာနိုးလာချိန်မှာ မျက်နှာသစ်၊ သွားတိုက်တာတောင် မလုပ်နိုင်တော့ဘူး။ ကြက်ခြံကို ဖွင့်ကြည့်ပြီး ကြက်တွေရဲ့ နာမည်ကို အော်ခေါ်ပြီး ကြက်တွေကို ပြေးထွက်လာစေခဲ့တယ်။
ခဏကြာပြီးတာနဲ့ ကြက်လေးတွေထွက်လာချိန်မှာ ခြံထဲမှာ တန်းစီစေပြီး လုပ်ငန်းစတော့တယ်။
သူတို့တွေ စီတန်းပြီး ရပ်ပြီးသွားတာနဲ့ ကျန်းကျန်းက သူမရဲ့ နှိုးဆော်ခြင်းလုပ်ငန်းကို ကျေနပ်စွာ စတင်ခဲ့တယ်။
“မင်းတို့အားလုံး ကောင်းကောင်းစားပြီး အသားတိုးအောင် လုပ်ကြရမယ်နော်!”
ကြက်အုပ်ကြီးက တကျည်ကျည်တတျာတျာနဲ့အော်လာကြတယ်။ ကျန်းကျန်းက သူတို့ရဲ့ အသံကို စိတ်ထဲမှာ ခွဲခြားသိမြင်နိုင်အောင် ကြိုးစားကြည့်တယ်။
“ဟေး ငါ အစားခံရမှာ ကြောက်တယ်..”
“ငါကတော့ မုန်လာဥတွေနဲ့ စတူး အလုပ်မခံချင်ဘူး၊ မုန်လာဥတွေက အရသာမရှိဘူး....”
“အာလူးစတူးကရော အရသာရှိလား?”
“အရသာ ရှိတာ မရှိတာက အရေးမကြီးပါဘူး၊ အစားမခံရဖို့ပဲ အရေးကြီးတာ”
ထူးဆန်းတာက သူတို့တွေက လူတွေရဲ့စကားကို နားမလည်ပေမဲ့ ကျန်းကျန်းစကားပြောလိုက်တဲ့အချိန်မှာတော့ သူမပြောချင်တဲ့ အဓိပ္ပါယ်ကို နှလုံးသားထဲကနေ နားလည်နေကြတာပဲ။
သစ်ကြားသီးနဲ့တူတဲ့ ကြက်ခေါင်းလေးတွေက တစ်နေ့ကျရင် သူတို့တွေစတူးလုပ်ခံရမှာပဲ ဆိုတာသိနေကြတဲ့အတွက် တစ်ကောင်ချင်းစီက ကြောက်လန့်နေကြတဲ့ပုံ ပေါ်နေတော့တယ်။
ကျန်းကျန်းတစ်ယောက် သူတို့တွေ တကျီကျီပြောနေကြတာတွေကို စိတ်အတွင်းပိုင်းကနေ နားထောင်ပြီး သူမရဲ့မျက်နှာက မှုန်မှိုင်းသွားခဲ့တယ်။
ကြက်တွေကို မွေးမြူတဲ့အချိန်မှာ သူမက ကြက်တွေနဲ့ ဆက်သွယ်ပြောဆိုလို့ရပေမဲ့ ဘာလို့ ဒီလောက်တောင် အချိန်အကြာကြီးလိုအပ်ပြီး အပင်ပန်းခံနေရတာလဲ။
သူမရဲ့ မိသားစုဝင်တွေ သံသယဖြစ်လာမှာကိုကြောက်လို့သာ မဟုတ်ရင် သူမက ကြက်တွေကို တစ်မိနစ် အတွင်း သုံး၊ လေးပေါင်တိုးအောင် လုပ်ပေးလို့ ရပါတယ်။
ဒါပေမဲ့ အခုလည်း အဆင်ပြေပါတယ်။ သူတို့ကို နှစ်သိမ့်ပေးဖို့အတွက်တော့ လိုအပ်သေးတာပေါ့။
ကျန်းကျန်းက သူမ ပေးထားတဲ့ နာမည်က ဘာမှားယွင်းနေလဲဆိုတာကို သေသေချာချာ မတွေးကြည့်ဖူးဘူး။ သူတို့ကို စားဖို့ အတွက် မွေးထားတာပဲ။ ဒီတော့ သူတို့တွေက အမှန်တရားကို စောစောလက်ခံလိုက်တာ ပိုမကောင်းဘူးလား?
လီမင်ပေ နိုးလာတဲ့အချိန်မှာ မြောက်ဘက်မှာရှိတဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး သူ့ရဲ့ခေါင်းကို အပြင်ထုတ်ကြည့်လိုက်တော့ ခြံဝန်းအတွင်းမှ ကြက်အုပ်ကြီးရဲ့အလယ်မှာရပ်ပြီး သူ့ကိုယ်သူ လူကြီးလေးလိုစကားပြောနေတဲ့ သူ့ရဲ့ညီမကို တွေ့လိုက်ရတယ်။
“မဆူစမ်းနဲ့.. နင်တို့တွေ ဆူညံနေရင်လည်း အစားခံရမှာပဲ.. အစားသာ များများစားကြ.. အစား....”
မင်ပေက အသံထွက်ပြီး ရယ်လိုက်မိမှာစိုးလို့ သူ့ရဲ့ပါးစပ်ကို အုပ်လိုက်တယ်။ ရယ်ရလွန်းလို့ မျက်ရည်တောင်ကျဆင်းလာတော့ မတတ်ပဲ။
သူက အိပ်ပျော်နေတဲ့ လီမင်နန်ကို လှမ်းကန်လိုက်ပြီး အသံကိုနှိမ့်ကာ ပြောလိုက်တယ်။
“ထပြီး ကျွန်တော်တို့ မိသားစုရဲ့ တုံးအတဲ့ညီမလေးကို ကြည့်လိုက်ဦး”
လီမင်နန် သူ့ရဲ့ပွယောင်းယောင်းကြက်မောက်ဆံပင်ကေနဲ့ အိပ်ရာပေါ်ကနေ ဆင်းလိုက်ပြီး ခေါင်းကို ဆန့်ထုတ်ကာ ကြည့်လိုက်တယ်။
ထိုအချိန်မှာ ကျန်းကျန်းက သူမရဲ့ လက်ကို အနောက်ဘက်ကိုပစ်ထားခဲ့တယ်။
“နင်တို့ကို နာမည်ကောင်းကောင်းလေးတွေ ပေးထားတာနော်၊ ဝက်သားနှပ်ဆိုရင် ဘာမှတောင် မဖြစ်သွားဘူး”
“မင်း တော်လိုက်ပါတော့.. ဝက်သားနှပ်ဆိုရင် နှစ်ရက်လောက် ကြောက်သွားပြီး ဒီခြံထဲကို ဘယ်တော့မှ ထပ်လာမရပ်ရဲတော့ဘူးလေ”
ပိုပြီး ကြံ့ခိုင်ပုံရတဲ့ ကြက်က အရဲကိုးပြီး ပြောလိုက်တယ်။
ကျန်းကျန်းက လက်ကို ဝှေ့ယမ်းလိုက်ပြန်တယ်။ သူမ ဒီအကြောင်းကို ထပ်ပြီး မဖြေရှင်းချင်တော့ဘူး။
ဒါကြောင့် ခေါင်းကို လှည့်လိုက်ပြီး အနောက်ဘက်ခြံဆီကို လျှောက်သွားတယ်။
“ငါ ဝက်သားနှပ်ကို သွားကြည့်လိုက်ဦးမယ်”
လီမင်ပေက ပြတင်းပေါက်ကနေ လက်ထုတ်ပြီး ပြတင်းပေါက် အောက်ဘက်နားကိုရောက်လာပြီဖြစ်တဲ့ ပြတင်းပေါက်ဘောင်လောက်တောင် အရပ်မမြင့်သေးတဲ့ သူ့ရဲ့ညီမကို ကြည့်ကာ ညီမဖြစ်သူရဲ့ခေါင်းကို လှမ်းတောက်လိုက်တယ်။
“အရူးမလေး.. ဘယ်ကိုသွားမလို့လဲ?”
ကျန်းကျန်းက သူမရဲ့ခေါင်းကို လက်နှင့်ကာလိုက်ပြီး ခေါင်းမော့ကာ လီမင်ပေကို ကြည့်လိုက်တယ်။ ပြီးတာနဲ့ ရုတ်တရက် လည်ချောင်းသံနှင့် အော်ဟစ်လိုက်လေတယ်။
“အဖွား! စတုတ္ထအစ်ကိုက သမီးကို ရိုက်တယ်!”
မဒမ်လီက အဲဒီလှုပ်ရှားသံတွေကိို ကြားတော့ ဆေးတံကိုကောက်ယူပြီး ပြေးထွက်လာခဲ့တယ်။
လီမင်ပေတစ်ယောက် ထိတ်လန့်သွားရပြီး ပြတင်းပေါက်ဘောင်ပေါ်ကနေ ကပြာကယာ ခြေဗလာနဲ့ ပြေးထွက်သွားတော့တယ်။
လီမင်နန်ကတော့ ပျော်ရွှင်စွာနှင့် မြှောက်ပင့်ပေးနေခဲ့တယ်။
“တံခါးပေါက်က မထွက်ပြေးသွားနဲ့နော်.. မင်းရဲ့ အောက်ခံဘောင်းဘီရှည်က အပေါက်ကြီးနဲ့ .. တခြားလူတွေ မင်းဖင်ပေါ်နေတာကို မြင်သွားလိမ့်မယ်!”
လီမင်ပေတစ်ယောက် ထိုအချိန်မှာပဲ သူ့ဖင်နောက်ကို လေအေးတွေ ဖြတ်တိုက်သွားတာကို ခံစားလိုက်မိတယ်။ သူက သူ့ရဲ့ခြေဗလာကို ပြန်ငုံ့ကြည့်လိုက်ပြီး ဆွံ့အသွားခဲ့ပြန်တယ်။
သူ့ရဲ့ အဖွား အခန်းထဲကနေ ထွက်မလာသေးခင်မှာ သူက ပြတင်းပေါက်နားသွားပြီး ပြန်လည်ခုန်ဝင်လိုက်တယ်။ သိုပေမဲ့ သူ ဖိနပ်မစီးရသေးခင်မှာပဲ လီမင်နန်က သူ့ကို ဖမ်းချုပ်ထားပြီး လည်ချောင်းခြစ်ကာ အော်လိုက်တော့တယ်။
“အဖွား၊ အဖွား၊ ဒီကိုလာ! ကျွန်တော် သူ့ကို ဖမ်းမိထားတယ်!”
မဒမ်လီက အိမ်ထဲကထွက်သွားပြီးပေမဲ့ ချက်ချင်း ပြန်ဝင်လာခဲ့ကာ သူမရဲ့ဆေးတံနှင့် မင်ပေရဲ့ ဖင်ကို နှစ်ချက်ရိုက်လိုက်တယ်။
ကျန်းကျန်းကတော့ အိမ်ထဲက စူးခနဲအော်သံကြားတာကြောင့် သူမရဲ့ နောက် ကျောကိုဆန့်ပြီး ကျေနပ်စွာ လှမ်းကြည့်နေခဲ့တယ်။
**
အိမ်မွေးဝက်အနည်းငယ် မွေးပြီးတဲ့နောက်မှာ အိမ်က ရုတ်တရက် ပိုပြီးအသက်ဝင်လှုပ်ရှားလာခဲ့ပြီ။
မတိုင်ခင်အချိန်တုန်းက ကွေ့ဟွားကလည်း ကိုယ်ဝန်ရှိနေပြီ ဖြစ်တဲ့အတွက် မဒမ်လီက သူမကို အလေးအပင်တွေ မ,မခိုင်းတော့ဘူး။
ဒီတော့ ဝက်တွေကို ပြုစုကျွေးမွေးရတာက လီမင်နန်နဲ့ လီမင်ပေတို့ရဲ့ကိုယ်ပိုင် အလုပ်ဖြစ်သွားတော့တယ်။ သူတို့နှစ်ယောက်က မနက်ပိုင်းတွေမှာ အိပ်ရာထပြီးတာနှင့် ဝက်စာတွေချက်ကြရတယ်။ ဝက်တွေကို အစာကျွေးပြီးတဲ့နောက် သူတို့ကပဲ ဝက်ခြံကို သန့်ရှင်းရေးလုပ်ကြရပြန်တယ်။
ပြီးသွားရင်တော့ သူတို့က အရှေ့ခန်းထဲ ပြေးပြီး ရေချိုးကြတယ်။ ထို့နောက်မှာ အဝတ်အစားလဲပြီး ကျောင်းမသွားခင် ပန်ကိတ်အကြီးနှစ်ခုလောက်ကို စားခဲ့ကြတယ်။
အရှေ့ခြံမှာရှိတဲ့ ကြက်တွေကတော့ ကျန်းကျန်းက တာဝန်ယူထားခဲ့တယ်။ သူမက ဝမ်စုဖန်းကို တစ်နေ့ကို ကြက်စာ(၃)ကြိမ် လုပ်ပေးဖို့ တိုက်တွန်းလေ့ရှိတယ်။ ကြက်စာတွေရပြီဆိုတာနှင့် သူမက ဇလုံကို သယ်ပြီး ကြက်ခြံဘက်ကိုခြေချကာ အော်ပြောလိမ့်မယ်။
“အစာအစားကြရအောင် “
ဒါက သူမကိုယ်တိုင် ယူထားတဲ့ တာဝန်ပဲ။