← Chapters

Chapter 61

Vol. 7 Ch. 61

Chapter 61

Vol. 7 Ch. 61

ကျန်းကျန်းကတော့ ဘာမှ မသိသလိုဟန်ဆောင်နေခဲ့ပြီး ဝမ်စုဖန်းထည့်ပေးခဲ့တဲ့ မုန့်အိတ်ကို ထုတ်ယူပြီးကာ ဘလူးဘယ်ရီသီးခြောက် လက်တစ်ဆုပ်စာကို နှိပ်ယူလိုက်တယ်။

သူမက နှစ်လုံးလောက် စားလိုက်ပြီးနောက် မဒမ်လီနဲ့ ဝမ်စုဖန်းတို့တွေ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပဲ သူတို့ရဲ့အနားမှာ ဘလူးဘယ်ရီကိုင်းတစ်ခုက မြေကြီးထဲကနေ မြန်မြန်ဆန်ဆန်ပဲ အညှောင့်တွေထွက်လာပြူး အကိုင်းကြီးတစ်ခုအဖြစ် ရှည်ထွက်လာပြီး အသီးတွေပါ သီးလာတာကို တွေ့လိုက်ရတယ်။

ပြီးနောက် ကျန်းကျန်းက မှည့်နေတဲ့ တစ်လုံးကို ခူးစားလိုက်တော့တယ်။

သူမက ဘလူးဘယ်ရီသီးကို ပါးစပ်ထဲထည့်လိုက်ပြီး အရည်ရွှမ်းနေတဲ့ဘလူးဘယ်ရီအရသာကို ခံစားလိုက်တယ်။

“အရသာရှိလိုက်တာ!”

အပင်တွေ၊ တိရစ္ဆာန်တွေကို ထိန်းချုပ်နိုင်ပြီး သူမရဲ့ အစွမ်းကြောင့် မြေကြီးကိုပါ အလိုအလျောက်လှန်ပစ်လိုက်နိုင်တာကြောင့် ဒီလိုပမာဏက အနားမှ လူကြီးနှစ်ယောက်ကို မအံ့သြစေတော့ဘူး။

ကျန်းကျန်းရဲ့ စွမ်းအားတွေဆီမှ တစ်လှိုင်းပြီး တစ်လှိုင်း လှုံ့ဆော်ခံရပြီးနောက်မှာ မဒမ်လီနဲ့ ဝမ်စုဖန်းတို့က အတော်လေး စိတ်ဓာတ်ကြံ့ခိုင်လာခဲ့ကြပြီ။ သူတို့က အစပိုင်းမှာတော့ တုန်လှုပ်ခဲ့ကြသေးပေမဲ့ အခုတော့ အနည်းငယ်ရိုးနေသလိုတောင်ဖြစ်လာကြပြီ။

ကျန်းကျန်းက ဘလူးဘယ်ရီသီးလက်တစ်ဆုပ်ကို ခူးပြီး မဒမ်လီနဲ့ ဝမ်စုဖန်းတို့ရဲ့ ပါးစပ်ထဲကိုပါ ခွံ့ပေးလာခဲ့တယ်။ပြီးနောက် ဘလူးဘယ်ရီကိုင်းတွေကို ကြည့်နေတဲ့လီမင်ကျုံးဆီကိုလည်းပစ်ပေးလိုက်တယ်။

လီမင်ကျုံးသည်လည်း သတိလက်လွတ်နှင့် သူ့ပါးစပ်ကို ဟ,မိသွားကာ မဝါးဘဲမျိုချလိုက်မိတယ်။ နောက်ဆုံးမှာတော့ သူက ကျန်းကျန်းရဲ့အနားမှာ ဘာတွေဖြစ်နေတာလဲဆိုတာကို နားလည်ဖို့ကြိုးစားရင်း နောက်တစ်ကြိမ်ထပ်ကျွေးလာမှာကိုပဲ စောင့်နေတော့တယ်။

ဆောင်းတွင်းပိုင်းတစ်ခုလုံး ဂေါ်ဖီထုပ်၊ အာလူးနဲ့ ဂေါ်ဖီထုပ်ချဉ်တွေကိုသာ စားလာခဲ့ရတဲ့အတွက် အခုလိုမျိုး လတ်လတ်ဆတ်ဆတ် ဘလူးဘယ်ရီသီးကို စားလိုက်ရချိန်မှာ ကျန်းကျန်းသာမကဘဲ မဒမ်လီနဲ့ ဝမ်စုဖန်းတို့သည်လည်း စားချင်စိတ်တွေ ဖြစ်လာခဲ့ကြတော့တယ်။

စားပြီးသွားတော့ ဝမ်စုဖန်းက လက်ကိုင်ပဝါထုတ်လိုက်ပြီး ရေအနည်းငယ် လောင်းလိုက်တယ်။ သူတို့ သုံးယောက်က လက်ဆေးပြီး ပါးစပ်ကို သုတ်လိုက်ကြပြီးနောက် မဒမ်လီက ကျန်းကျန်းတစ်ယောက် မြေကြီးကို လှန်လိုက်တဲ့အပေါ်ကို ပြန်တွေးမိသွားပြန်တယ်။

အခု သူတို့မှာ ဘာတစ်ခုမှ လုပ်စရာမရှိတော့ဘူးဘဲ။

ကျန်းကျန်းကတော့ သူမရဲ့ဗိုက်ကို ပွတ်သပ်လိုက်ပြီး မဒမ်လီရဲ့ လက်ကို ဆွဲကာ နို့နှစ်လို ချိုမြတဲ့အသံနဲ့ ပြောလိုက်တယ်။

“တောင်ပေါ်ကိုသွားဆော့ကြမယ်လေ”

မဒမ်လီ တောင်နက်ကြီးထဲကို မသိစိတ်အရ လှမ်းကြည့်လိုက်မိပြီး တုံ့ဆိုင်းသွားခဲ့တယ်။

“အဲဒီမှာ ဘာတွေများစိတ်ဝင်စားစရာရှိနေလို့လဲ တကယ်လို့ အသားမည်းတဲ့ မျက်ကန်းကြီး(ဝက်ဝံနက်ကြီး)ကို တွေ့ရင် ဘယ်လိုလုပ်မလဲ?”

“သွားကြအောင်!”

ကျန်းကျန်းကတော့ အိုမင်းနေတဲ့ မဒမ်လီရဲ့လက်ကို ဆွဲပြီး တောထဲကို သွားချင်နေခဲ့တယ်။

တောင်ပေါ်က အပူချိန်က အပြင်ဘက်မှ အပူချိန်ထက် အနည်းငယ် လျော့နည်းတယ်။ ဒါကြောင့် ဒီအချိန်မှာ တောာဟင်းရွက်တွေနဲ့ မှိုတွေက ထွက်မလာသေးဘူး။ နောက်ပြီး တောင်ပေါ်မှာ လယ်ယာစိုက်ပျိုးတာကလည်း လီမိသားစုပဲ ရှိတယ်လေ။

တကယ်တော့ ဒီကိုရီးယားထင်းရှုးတောကြီးထဲမှာ ညီညာတဲ့ မြေပြင်ကို တွေ့ဖို့ကလည်း ရှားပါးလွန်းတယ်။ ဝေးလံခေါင်ဖျားတဲ့ နေရာသာ မဟုတ်ရင် ဘယ်သူက ဒီနေရာမှာ စိုက်ပျိုးလို့ရမယ်ဆိုတာကို မသိဘဲနေခဲ့မှာလဲ။

ကျန်းကျန်းက လီမင်ကျုံးကို အပေါ်၊အောက် ခုန်နိုင်အောင် ရှေ့ကနေ သင်ကြားပြသပေးပြီး သူမရဲ့ဘေးဘက်မှ လမ်းဘေးမှာတော့ လှပတဲ့ တောရိုင်းပန်းလေးတွေက ရုတ်တရက်ပွင့်လာခဲ့ကြတယ်။

ကျန်းကျန်းက ထိုပန်းကို ငုံ့ကိုင်းရင်း ခူးလိုက်ပြီး လက်ထဲမှာ ကိုင်လာခဲ့တယ်။ လီမင်ကျုံးအတွက်ကတော့ ပထမဆုံးအကြိမ်အဖြစ် အခုလိုလှည့်ပတ်သွားရတာဖြစ်လို့ ခေါင်းတခါခါနဲ့ ပျော်ရွှင်နေခဲ့တယ်။ သူက ကျန်းကျန်းထက်တောင် ပိုပျော်နေတဲ့ပုံပဲ။

မဒမ်လီနဲ့ ဝမ်စုဖန်တို့က ထိုကလေးက ဘယ်ကို သွားနေတာလဲဆိုတာ မသိကြဘဲ ကျန်းကျန်းရဲ့နောက်ကသာ လိုက်လာကြရတယ်။ ကျန်းကျန်းက တောင်ပေါ်ထပ်ဆီကို သိပ်မတက်သွားခဲ့ဘဲ မကြာခင်မှာဘဲရပ်တန့်လိုက်တယ်။ ဒီအချိန် အနီရောင်ထင်းရှုးတောမှာ ဘယ်သူမှ မရှိတာကို အာရုံထဲကနေ စစ်ဆေးပြီးနောက် သူမ သွားလိုတဲ့နေရာကို တဲ့တဲ့သွားခဲ့တယ်။

မဒမ်လီကလည်း သူမနဲ့အတူ အနီရောင်ထင်းရှုးပင်တစ်ပင်ရဲ့နောက်ကို လိုက်သွားပြီးနောက်မှာတော့ ထိုသစ်ပင်ရဲ့နောက်မှာရှိနေတဲ့ ဂျင်ဆင်းပင်တစ်ပင်ကို တွေ့ရှိခဲ့ပြီး ကြက်သေသေသွားရတယ်။

“အာ! ဒီမှာ ဂျင်ဆင်းပင်တစ်ပင်ရှိနေတယ်.. အရွက်ခြောက်ရွက်နဲ့ဆိုတော့ ဂျင်ဆင်းပင်အိုကြီးပဲဖြစ်မယ်”

မဒမ်လီက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကာ သစ်ကိုင်းကိုနှင့်အရွက်တွေကိုဖယ်လိုက်ပြီး ဂျင်ဆင်းရွက် ထွက်နေတဲ့အနားကို သတိကြီးကြီးနဲ့ လျှောက်သွားလိုက်တယ်။

အရှေ့မြောက်ပိုင်းမှာဆိုရင် သက်တမ်းကြာနေတဲ့ဂျင်ဆင်းတူးတဲ့သူတွေရဲ့ မျိုးဆက်ဟောင်းတွေက အာရုံစူးစိုက်မှုကို ခံကြရတယ်။ ဂျင်ဆင်းကို ကျွမ်းကျွမ်းကျင်ကျင် တူးဖော်နိုင်သူတွေက တောင်နတ်ဘုရားကို အရိုအသေပေးပြီးမှသာ ဂျင်ဆင်းကိုတူးဖော်ကြလေ့ရှိတယ်။ သူတို့တွေက တုတ်တစ်ချောင်းရဲ့ တစ်ဖက်မှာ ကြိုးနီနဲ့ ပိုက်ဆံအရွက်ကြီးကို ချည်ထားပြီး တခြားတစ်ဖက်မှာတော့ ဂျင်ဆင်းကို ချည်ထားပြီးမှ ဆွဲနှုတ်ကြတယ်။

လီမိသားစုဟောင်းက ဂျင်ဆင်းကို ကျွမ်းကျင်စွာ တူးဖော်နိုင်သူတွေ မဟုတ်သလို ပူဇော်ပသစရာတုတ်တစ်ချောင်းလည်း မရှိနေခဲ့ပါဘူး။ သူမရဲ့လက်ထဲက သစ်ကိုင်းကို အစားထိုးလို့ရပေမဲ့ ကြိုးနီနဲ့ ဂျင်ဆင်းတူးစရာ ကိရိယာတန်ဆာပလာတွေကတော့ မရရှိနိုင်ဘူးလေ။

ဂျင်ဆင်းပင်ရဲ့ လေးထောင့်ပတ်လည်မှာ သစ်ကိုင်းလေးတွေက ဘောင်အဖြစ် ခတ်ထားရတာကိုလည်း သူမ မြင်ဖူးတယ်။ ဒါကြောင့် မဒမ်လီက တုတ်ချောင်းလေးချောင်း ရှာဖွေပြီး ထောင့်လေးထောင့်မှာ စိုက်လိုက်ပြီး နောက်ထပ် ဘာဆက်လုပ်ရမလဲ မသိဖြစ်နေခဲ့တယ်။

ကျန်းကျန်းက မဒမ်လီရဲ့ ထူးဆန်းတဲ့အပြုအမူတွေကြောင့် စိတ်ရှုပ်သွာခဲ့တယ်။ အနောက်မှာရှိနေတဲ့ ဝမ်စုဖန်းကလည်း စိတ်ရှုပ်သွားခဲ့တာကြောင့် သူမကို ကြည့်ပြီး မေးမြန်းလိုက်တယ်။

“အမေ ဘာလုပ်နေတာလဲ?”

“ငါငယ်ငယ်တုန်းက ဂျင်ဆင်းနှုတ်ဖို့ မင်းရဲ့ ယောက္ခထီးနဲ့ အတူ တောင်ပေါ်ကို တက်ဖူးတယ်.. ကြာတော့ကြာပြီ.. ဒါပေမဲ့ ဒီလို လုပ်ရတာကိုတော့ မှတ်မိသေးတယ်.. မဟုတ်ရင် ဂျင်ဆင်းကို တူးပြီးတာနှင့် ထွက်ပြေးရင် ဘယ်လိုလုပ်မလဲ?”

ဝမ်စုဖန်းကလည်း သူမငယ်စဉ်အချိန်တုန်းက ဂျင်ဆင်းတွေရဲ့ဒဏ္ဍာရီအကြောင်း ကြားဖူးထားခဲ့တယ်။ ဂျင်ဆင်းကနေ အနီရောင်ရင်ခံအဝတ်စလေး ဝတ်ထားတဲ့ လူရုပ်လေးအဖြစ် ပြောင်းသွားတာမျိုးကို ငယ်ငယ်တုန်းက ကြားဖူးထားခဲ့တယ်။

အရှေ့မြောက်ပိုင်းမှာဆိုရင် ဂျင်ဆင်းတူးဖို့အတွက် အပ်ချည်နီချည်ပေးရမယ်ဆိုတာက မိန်းမတွေ၊ကလေးတွေအတွက် သိကိုသိရမယ့်အရာ ဖြစ်နေပြီလို့တောင် ပြောလို့ရတယ်။ သူမက ထိုအကြောင်းကို

တွေးတောမိသွားတော့ အထိတ်တလန့်ဖြစ်သွားရကာ သူမရဲ့ အင်္ကျီအိပ်ကပ်ကို လှမ်းစမ်းကြည့်လိုက်တယ်။ သို့ပေမဲ့ ဘာကိုမှမတွေ့ခဲ့ဘူး။

ဒါကြောင့် သူမက မဒမ်လီကို ဘာလုပ်ရမှန်းမသိတော့တဲ့ အကြည့်မျိုးနဲ့သာ ကြည့်လာခဲ့တယ်။

“ဒါမှမဟုတ် ကျွန်မ အိမ်ကိုပြန်ပြီး အပ်ချည်ကြိုးနီ သွားယူလိုက်ရင်ရော?”

ကျန်းကျန်းကတော့ ဘေးနားမှာရပ်ပြီး ဆွံ့အစွာ စိုက်ကြည့်နေခဲ့တယ်။ မူလတုန်းက သူမက မဒမ်လီနဲ့ ဝမ်စုဖန်းတို့ကို သူတို့ကိုယ်တိုင် ဂျင်ဆင်းတူးစေချင်ခဲ့တယ်။ ဒါမှသာ သူတို့ကိုယ်တိုင် လုပ်ခဲ့တာလို့ ဖြစ်သွားစေမှာလေ။

ဒါပေမဲ့ အခုချိန်မှာတော့ ကျန်းကျန်းက မဒမ်လီရဲ့ ကိုယ်နေဟန်ထားကို ကြည့်ကာ သူမ ဂျင်ဆင်းကိုမတူးရဲကြောင်းကိုသိသွားခဲ့ရတယ်။ ဒီတော့ သူမရဲ့အသိစိတ်နဲ့သာ ဂျင်ဆင်းကို အသေအချာထိန်းပြီး ပေါ်ထွက်လာစေလိုက်တော့တယ်။

ဝမ်စုဖန်းတစ်ယောက် ဂျင်ဆင်းအတွက် စိုးရိမ်နေတဲ့အချိန်မှာ ဂျင်ဆင်းရွက်တွေက ရုတ်တရက်လှုပ်ရှားလာတာကြောင့် ဘာလုပ်ရမှန်း မသိဖြစ်နေရပြန်တယ်။

ထိုအခိုက်မှာဘဲ ဂျင်ဆင်းက မြေကြီးထဲက နေ တဖြည်းဖြည်းထွက်လာတာကြောင့် ချက်ချင်းကို ကြောက်လန့်သွားခဲ့ရပြန်တယ်။ ဝမ်စုဖန်းက အနောက်ကိုလှည့်လိုက်ပြီး ကျန်းကျန်းကို ကာကွယ်ဖို့အတွက် ပွေ့ဖက်လိုက်ကာ ဂျင်ဆင်းရွက်တွေဘက်ကို တုန်တုန်ယင်ယင်နဲ့ လက်ညှိုးထိုးပြခဲ့တယ်။

“အမေ ကြည့်ဦး ..ဂျင်ဆင်းက ထွက်လာပြီ.. ထွက်ပြေးတော့မလို့ လုပ်နေတာထင်တယ်”

မဒမ်လီတစ်ယောက် သူမရဲ့တုံးအတဲ့ချွေးမကို တစ်ခါတလေတော့ စိတ်တိုမိတယ်။ သူမက ဝမ်စုဖန်းရဲ့ ပါးစပ်ကို အမြန်လှမ်းပိတ်လိုက်ပြီး ခါးကို လိမ်ဆွဲလိုက်တယ်။ အဲဒီအချိန်ကျမှသာ ဝမ်စုဖန်း သတိပြန်ဝင်လာခဲ့ရတယ်။

သူမက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပါးစပ်ကို ပိတ်ကာ တိတ်တိတ်လေးသာ လှည့်ပတ်ကြည့်နေတော့တယ်။ အနားကို ဘယ်သူမှရောက်မလာတာကို တွေ့တော့ သူမရဲ့နဖူးက ချွေးတွေကို အသာသုတ်လိုက်မိတယ်။

မဒမ်လီအတွက်ကတော့ သူမရဲ့ဘဝမှာ အများကြီး ကြုံဖူးပြီးပြီဖြစ်ပေမဲ့ အခုချိန်မှာခေါင်းတွေ ချာချာလည်အောင် မူးနောက်နေခဲ့ပြီ။ ဒါကြောင့် သူမဆီမှာ အားကိုးနိုင်တဲ့ မြေးမလေးတစ်ယောက်ရှိနေတာကြောင့် ဂျင်ဆင်းက သူတို့ရဲ့မျက်စိရှေ့ကနေထွက်ပြေးနိုင်မှာမဟုတ်တာကိုတောင် မေ့သွားခဲ့တယ်။

ဂျင်ဆင်းက မြေပြင်ကနေ ထွက်ပြူလာပြီး ဂျင်ဆင်းတစ်ခုလုံးရဲ့ တစ်ဝက်လောက်က အပြင်ကိုရောက်နေခဲ့ပြီဖြစ်ကာ သူ့ရဲ့ အမြစ်ကလည်း ရုန်းထွက်လာဖို့ ကြိုးစားနေခဲ့တယ်။

ဂျင်ဆင်းရဲ့ထူထဲတဲ့အမွှေးက ဂျင်ဆင်းကိုယ်ထည်တစ်ခုလုံးမှာ အနူးညံ့ဆုံးအပိုင်းလို့ ပြောလို့ရပြီး ချိုးချေဖို့လည်း လွယ်ကူတယ်။ ဒါကြောင့် ဂျင်ဆင်းတူး ကျွမ်းကျင်သူတွေက သမင်ရိုးနဲ့ လုပ်ထားတဲ့ အပ်ချောင်းရှည်နှင့်သာ မြေကြီးထဲကနေ တူးထုတ်ကြပြီး ဂရုတစိုက် ထုတ်ယူကြတယ်။

ဒါပေမဲ့ ကျန်းကျန်းအတွက်ကတော့ ဒီကိစ္စက ပြသနာမရှိလေဘူး။

သူမက မြေဆီလွှာထဲကနေ ဂျင်ဆင်းတွေ သူ့ဘာသာ ထွက်လာဖို့ တစ်မိနစ် နှစ်မိနစ်လောက်ပဲ အချိန်ယူခဲ့တယ်။ ဂျင်ဆင်းတွေကလည်း နှုတ်ခမ်းမွေးတွေ၊ အမြီးတွေနဲ့ရှိနေပြီး ခန္ဓာကိုယ်ပေါ်မှ အမွေးတစ်ပင်လောက်တောင်ကျွတ်မသွားခဲ့ဘူး။

“အမေ!”

ဝမ်စုဖန်းက မြေကြီးပေါ်က ဂျင်ဆင်းကို စိုက်ကြည့်ပြီး ဆွံ့အသွားခဲ့တယ်။

“ဒီဂျင်ဆင်းက ဘာဖြစ်လို့ လူနဲ့တူနေရတာလဲ? ဒါက လူအဖြစ် အသွင်ပြောင်းတော့မှာလား?”

“လူအဖြစ်အသွင်ကူးပြောင်းဖို့ ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်ကူမှာလဲ”

မဒမ်လီက သေသေချာချာကြည့်လိုက်ပြီး ဂျင်ဆင်းကို လက်နဲ့ ဂရုတစိုက်ယူလိုက်တယ်။

ထို့နောက်မှာ မဒမ်လီရဲ့ မျက်နှာပေါ်မှာ အလွန်အမင်း ပျော်ရွှင်သွားတဲ့ အရိပ်အယောင်တွေပေါ်လာခဲ့တယ်။

“ဒီဂျင်ဆင်းက မပေါ့ဘူးပဲ.. အနည်းဆုံးတစ်ပေါင်လောက်ရှိနိုင်တယ်”

All Chapters