နေမိစ္ဆာဂိုဏ်းမှ လင်းဟယ် နောက်တစ်ကြိမ် ပေါ်လာခဲ့ခြင်း
Vol. 11 Ch. 1087
ကမ္ဘာဂြိုဟ် အတွင်းပိုင်း၊ နတ်ဘုရား ကုန်းမြေ ထောင့်တစ်နေရာ...
“ဘုန်း...”
ရွှေရောင်အလင်းများ ဝန်းရံနေသည့် လူငယ် တစ်ယောက်သည် ရုတ်တရက် ပေါ်လာခဲ့၏။ ထိုလူငယ်ကား နတ်ဘုရား ကုန်းမြေသို့ ရောက်ရှိ လာခဲ့သော ချန်းဖန်ပင် ဖြစ်ပေသည်။
ချန်းဖန်သည် နေရာတိုင်း၌ နတ်ဘုရား အလင်းနှင့် မိစ္ဆာချီများ ကြဲပြန့်နေသည်ကို တွေ့မြင်ရသည်။ မိစ္ဆာချီများသည် မြေပြင်ထဲမှ မီးခိုးများ ပမာ ထွက်ပေါ်ကာ အားနည်းသော မိစ္ဆာများ အသွင် ပြောင်းလဲ နေကြသည်။ ထိုမိစ္ဆာများမှာ အနည်းဆုံး မူလ အဆင့်၌ ရှိနေကြပြီး အင်အား အကြီးဆုံးကောင်များမှာမူ အခြေတည် ဝိညာဥ် အဆင့် အထိ ရောက်ရှိ နေကြသည်။
ထိုနေရာကား မိစ္ဆာချီ ပင်လယ် သဖွယ် ဖြစ်ကာ ရှေးဟောင်း မိစ္ဆာအင်းထက်ပင် ဆယ်ဆခန့် ပိုမို ထူပြောသည်။ ၎င်းသည် မိစ္ဆာ ကျင့်ကြံသူများ အတွက် အစစ်အမှန် ကောင်းကင်ဘုံ သဖွယ် ဖြစ်ပေ၏။
ချန်းဖန်သည် ရွှေရောင် အလင်းများဖြင့် ဝန်းရံနေရာ များစွာသော မိစ္ဆာများ၏ အာရုံစူးစိုက်မှုကို ခံနေခဲ့ရသည်။
“ဘုန်း...”
အခြေတည် ဝိညာဥ် အဆင့် မိစ္ဆာ တစ်ကောင်ကို အစစ်အမှန် သိုင်းနတ်ဘုရား လက်သီးဖြင့် သတ်ဖြတ်ပြီးနောက် ချန်းဖန်သည် “မိစ္ဆာ ဘိုးဘေး ခြောက်ပါး” ကျင့်စဥ်ကို အသက်သွင်းကာ မိစ္ဆာ ကျင့်ကြံသူ တစ်ယောက် အသွင်သို့ ပြောင်းလဲ လိုက်သည်။
“ဝှစ်...”
မိစ္ဆာ ကျင့်စဥ်အား အသက်သွင်းပြီးနောက် ကြီးမားသော အပေါက်ကြီး ခြောက်ခုမှာ ချန်းဖန်၏ နောက်တွင် ပေါ်လာခဲ့၏။ ၎င်းတို့က မိစ္ဆာချီများကို အရူးများ သဖွယ် စတင် စုပ်ယူသည်။ တစ်ချိန်တည်း၌ ချန်းဖန်က မိစ္ဆာ ဘိုးဘေး ခြောက်ကောင်ကို အပြင်သို့ ထွက်ကာ ကျက်စားခွင့် ပြုထား၏။
“ဟီး ဟီး...”
မိစ္ဆာ ခြောက်ကောင်မှာ ပျော်မြူးစွာ အော်ဟစ်ရင်း သူတို့ဘေးရှိ မိစ္ဆာချီများကို စားသုံး နေကြသည်။ ထိုအခိုက်၌ ချန်းဖန်သည် သမုဒ္ဒရာထဲသို့ ပြန်လည် ရောက်ရှိသွားသော ငါးတစ်ကောင်နှယ် ခံစားနေခဲ့ရသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
မိစ္ဆာ ဘိုးဘေးများသည် အစပိုင်း၌ ပေအနည်းငယ်သာ ရှိသေး၏။ သို့သော်လည်း မိစ္ဆာချီများကို စုပ်ယူသည်နှင့် အမျှ ၎င်းတို့မှာ လျှင်မြန်စွာဖြင့် ကြီးထွား လာခဲ့သည်။
သုံးပေ...
လေးပေ...
ငါးပေ....
အဆုံး၌ ၎င်းတို့မှာ ဆယ်ပေမြင့်သော မိစ္ဆာကြီးများ အသွင် ပြောင်းလဲ သွားတော့သည်။
“ဒီနေရာက တကယ့်ကို မိစ္ဆာ ကျင့်ကြံသူတွေ အတွက် အထွတ်အမြတ်မြေ တစ်ခုပဲ”
ချန်းဖန်မှာ ပြောရင်း မျက်မှောင်ကြုတ် သွားခဲ့၏။
“ဟမ်... ဒီမိစ္ဆာချီတွေထဲမှာ ထူးဆန်းတဲ့ စွမ်းအင် တစ်ချို့ ရောနှော နေသလိုပဲ... ငါ့ရဲ့ မိစ္ဆာဘိုးဘေး ခြောက်ကောင်တောင် ခဏလေးနဲ့ အကန့်အသတ် တစ်ခုကို ချိုးဖျက်သွားနိုင်သလိုပဲ”
ထိုအရာကား ကောင်းမွန်လှသည်။ ချန်းဖန်သည် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်သို့ ရောက်ရှိကာ စွမ်းအင် ပန်းသုံးပွင့်ကို ဖန်တီး ထားနိုင်ခဲ့သည်။ နောက်တစ်ဆင့်မှာ အခြေတည် ဝိညာဥ် အဆင့်သို့ ဝင်ရောက်ကာ ဓမ္မ ဥပဒေသ ခန္ဓာအား ပြည့်စုံစေရန် ဖြစ်သည်။ သို့တိုင်အောင် မိစ္ဆာ ဘိုးဘေး ကျင့်စဥ်သည် ဆက်လက် တိုးတက်နေဆဲ ဖြစ်သည်။
ချန်းဖန်သည် ရပ်ကာ စဥ်းစားမိနေ၏။ မိစ္ဆာ ဖုတ်ကောင်ကား လွန်ခဲ့သော နှစ်ဘီလျံချီ၌ ရှင်သန်ခဲ့သော သတ္တဝါ ဖြစ်သည်။ ထို့အတူ မိစ္ဆာဘိုးဘေး ကျင့်စဥ်မှာလည်း မိစ္ဆာ ဘိုးဘေး ခြောက်ပါး၏ ကျန်ရစ်သော စွမ်းအားကို ကျင့်ကြံသည့် ကျင့်စဥ် ဖြစ်သည်။ မိစ္ဆာဖုတ်ကောင်နှင့် မိစ္ဆာဘိုးဘေး ခြောက်ကောင်တို့မှ ခေတ်တစ်ခုတည်းမှ ဖြစ်ပုံ ရသည်။ ထို့ကြောင့်ပင် မိစ္ဆာ ဘိုးဘေး ကျင့်စဥ်မှာ အဆင့် တစ်ခုသို့ ရောက်ရှိသွားခြင်း ဖြစ်ပေလိမ့်မည်။
“ဘုန်း...”
မိစ္ဆာဘိုးဘေး ခြောက်ကောင်မှာ ချန်းဖန်၏ နောက်သို့ ပြန်လည် ရောက်ရှိလာ၏။ သူတို့၏ မိစ္ဆာ နတ်ဘုရား အသွင်များမှာ ပို၍ ဉာဏ်ရည် ဖွံ့ဖြိုးလာပုံ ရပြီး ရှေ့ဟောင်းစွမ်းအား အချို့မှာလည်း သူတို့၏ ခန္ဓာကိုယ် အတွင်း၌ စီးဆင်းနေသည်။ သူတို့အား ကြည့်ရသည်က ရှေးဟောင်းခေတ်မှ မိစ္ဆာ ဘိုးဘေးများ အလားပင်။
“ရား...”
မိစ္ဆာ ဘိုးဘေး ခြောက်ကောင်က ဟိန်းဟောက်လိုက်ရာ ကြောက်မက်ဖွယ် စွမ်းအင် တစ်ခုမှာ မိုင်ပေါင်းများစွာ အတွင်း ပြည့်နှက် သွား၏။ ထိုအခိုက်၌ နတ်ဘုရား ကုန်းမြေပေါ်ရှိ အခြေတည် ဝိညာဥ် အဆင့် မိစ္ဆာများမှာ လှုပ်ပင် မလှုပ်ရှား ဝံ့ကြချေ။
“ဝှစ်...”
ချန်းဖန်သည် မိစ္ဆာ နတ်ဘုရား အသွင်များကို ဆက်လက် ထိန်းသိမ်းကာ နတ်ဘုရား ကုန်းမြေ တစ်လျှောက် ပျံသန်းလာခဲ့သည်။ နတ်ဘုရား မင်းသားများ ပင်လျှင် ထိုနေရာ၌ ချန်းဖန် ကဲ့သို့ အခက်အခဲ မရှိ သွားလာနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့သည် တစ်မိုင်ခန့် ခရီးဆက်နိုင်ရန်ပင် မိစ္ဆာများစွာကို တိုက်ခိုက်ရသည်။ သို့သော်လည်း ချန်းဖန်မှာမူ မိမိတိုင်းပြည်သို့ ပြန်လာသည့် ဘုရင်တစ်ပါးနှင့်ပင် တူနေသေးသည်။ မရေမတွက်နိုင်သော မိစ္ဆာများပင်လျှင် သူ့အား ရိုသေစွာ ဦးခိုက် အရိုအသေ ပေးနေကြရ၏။
ချန်းဖန်သည် မိစ္ဆာချီ အတွင်းရှိ ထူးဆန်းသော စွမ်းအားကို ပို၍ စုပ်ယူမိလေလေ မိစ္ဆာ ဘိုးဘေး ခြောက်ကောင်၏ ဓမ္မ အသွင်များမှာ ပို၍ ထင်ရှားလာလေ ဖြစ်နေခဲ့သည်။ ၎င်းတို့နှင့် အတူ ချန်းဖန်မှာလည်း ပို၍ လျှင်မြန်လာ ခဲ့သည်။ နောက်ဆုံး၌ ချန်းဖန်သည် အနက်ရောင် အလင်းတန်း တစ်ခု အသွင်သို့ပင် ပြောင်းလဲသွားကာ မိုင်ပေါင်း များစွာကို မျက်စိတစ်မှိတ် အတွင်း ကျော်ဖြတ်နေတော့၏။
“ဟိုအလင်းတန်းကို ကြည့်စမ်း... သူက ဒီလို အခြေတည် ဝိညာဥ် အဆင့် မိစ္ဆာတွေ ပြည့်နေတဲ့ နေရာမှာတောင် အရှိန်တစ်စက်မျှ မလျှော့ပဲ ပျံသန်း ဝံ့တယ်”
နတ်ဘုရား ကုန်းမြေ၏ တစ်နေရာ၌ ကျင့်ကြံသူ တစ်စုသည် အဇူရာလှေကို စီးကာ ခရီးနှင် နေကြသည်။ သူတို့သည် အဝေးရှိ အနက်ရောင် အလင်းကို ကြည့်ကာ အံ့အားသင့် နေကြ၏။
“ကြည့်ရတာ သူက အခြေတည် ဝိညာဥ် အဆင့် မိစ္ဆာ ကျင့်ကြံသူ တစ်ယောက် ဖြစ်ရမယ်... တောင်ပိုင်း ဒေသငယ် တစ်ခုလုံးမှာ မိစ္ဆာ လမ်းစဥ်ကို ကျင့်ကြံတာက ဂိုဏ်းသုံးဂိုဏ်းပဲ ရှိတယ်... သူက လော့ဖုန်း အသူရာချောက်နက်ကလား၊ ကောင်းကင်မိစ္ဆာ ချိုင့်ဝှမ်းကလား ဒါမှမဟုတ် မိစ္ဆာနေဂိုဏ်းကလား မသိဘူး”
လူအို ကျင့်ကြံသူ တစ်ယောက်က မျက်မှောင်ကြုတ် လိုက်သည်။ မိစ္ဆာနေဂိုဏ်း ဟူသော နာမည် အရောက်၌ သူ၏ အသံက အနည်းငယ် တုန်ခါသွားသည်ကို လူတိုင်း သတိထားမိလိုက်သည်။
ထိုအခိုက်၌ ချန်းဖန်မှာလည်း ထိုလူအုပ်စုကို သတိထားမိနေပြီ ဖြစ်သည်။ သူသည် ထိုလူများထံသို့ ချက်ချင်းပင် ပျံသန်း လာခဲ့၏။
“ဝှစ်...”
အနက်ရောင် အလင်းများ တဖျပ်ဖျပ် လက်နေသည့် မျက်လုံးများနှင့် အတူ ချန်းဖန်သည် ပေါ်လာခဲ့၏။ သူ၏ အနောက်၌ မိစ္ဆာ ဘိုးဘေး ခြောက်ကောင်က ပြိုင်ဘက်ကင်း မိစ္ဆာအရှင်များ သဖွယ် ဟိန်းဟောင်သံများကို ထုတ်လွှတ် နေခဲ့သည်။
“သင်က ဘယ်မိစ္ဆာဂိုဏ်းက ပါပဲ... ငါက တောင်လေ ချိုင့်ဝှမ်းက အကြီးအကဲဝူပါ... ငါက ဒီကို တပည့် ခုနစ်ယောက်နဲ့ အတူ လာခဲ့တာပါ”
လူအို ကျင့်ကြံသူကြီးက သူ၏ လေးစားမှုကို ပြသည့်နှယ် ဦးညွှတ် လိုက်သည်။
ပုံမှန်အားဖြင့် ဆိုပါက မိစ္ဆာ ကျင့်ကြံသူများကား စိတ်သဘောထား မမှန်ကန်သည့်လူများ ဖြစ်သည်။ သူသည် မိစ္ဆာ ကျင့်ကြံသူက သူတို့ လှေအား တိုက်ခိုက်မည်ကို စိုးရိမ်နေသည်။
သို့သော်လည်း ဝူရှို့သည် ကြောက်ရွံ့ခြင်း မရှိချေ။ သူသည် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်ကာ သူတို့ စီးနင်းလာသည့် အဇူရာလှေမှာလည်း တောင်လေ ချိုင့်ဝှမ်း၏ နာမည်ကျော် ချင်ယဲ့လှေပျံ ဖြစ်သည်။ ထို့အပြင် သူနှင့် အတူ ပါလာသည့် အားအနည်းဆုံး တပည့် ပင်လျှင် အခြေတည် ဝိညာဥ် အဆင့်သို့ ရောက်လုရောက်ခင် ဖြစ်သည်။ သူတို့ထဲမှ အချို့ ဆိုလျှင် ဓမ္မ ဥပဒေသ ခန္ဓာကိုယ်များကိုပင် စတင် ဖွဲ့စည်း နေကြပြီ ဖြစ်သည်။
ချန်းဖန်သည် တစ်ချက်ကြည့်လိုက်၏။ အဇူရာ လှေကား ပေဆယ်ဂဏန်းခန့် ရှည်လျားကာ အစိမ်းရောင် သစ်ရွက်နှင့်ပင် တူနေသေးသည်။ လှေ၏ နံရံပေါ်၌ သစ်သား ဒြပ်စင်၊ လေဒြပ်စင်များနှင့် သက်ဆိုင်သည့် အစီအရင်များ ရေးထွင်းထားသည်ကို တွေ့ရ၏။ ထိုလှေသည် အလွန် လျှင်မြန်သော နှုန်းဖြင့် ရွေ့လျားနေပြီး စုစုပေါင်း လူ ရှစ်ယောက်ကို သယ်ဆောင်ထားသည်။ ထိုလှေထဲရှိ ယောက်ျားလေး ကျင့်ကြံသူများမှာ အရပ်ရှာကာ မိန်းကလေး ကျင့်ကြံသူများမှာမူ လှပသူကလေးများ ဖြစ်ကြသည်။ သူတို့ အားလုံးသည် အတော်အတန် အစွမ်းထက်ကာ ချင်းယွင်ဂိုဏ်းမှ လူများနှင့် နှိုင်းယှဥ်နိုင်ပေသည်။
“ငါက မိစ္ဆာနေဂိုဏ်းက လင်းဟယ်ပါ...”
ချန်းဖန်က ပြောလိုက်သည်။ သူသည် ကြယ်ပင်လယ်ထဲရှိ ကျင့်ကြံသူ အများအပြားနှင့် တွေ့ဆုံဖူးခြင်း မရှိရာ လင်းဟယ်၏ နာမည်ကိုသာ ယူသုံးလိုက်သည်။
လင်းဟယ် ဆိုသော နာမည်ကို ကြားသည်နှင့် ထိုလူများမှာ ကြောက်လန့် သွားကြ၏။ အထူးသဖြင့် မိန်းကလေး ကျင့်ကြံသူများ ဆိုလျှင် တုန်ရီ၍ပင် သွားကြသည်။
အကြီးအကဲ ဝူရှို့ ပင်လျှင် အေးခဲသွား၏။
“မိစ္ဆာနေဂိုဏ်းက နတ်ဘုရား မင်းသား လင်းဟယ်ပဲကိုး... တွေ့ရတာ ဝမ်းသာပါတယ်”
ဝူရှို့က အားတင်းကာ ပြုံးရင်း နှုတ်ဆက် လိုက်သည်။
“ငါက ကျော်ကြားလို့လား...”
ချန်းဖန်မှာ အနည်းငယ် အံ့အားသင့် သွားသည်။ ကြည့်ရသည်က ထိုလူများမှာလည်း လင်းဟယ်ကို သိနေကြပုံ ရသည်။
“ကျော်ကြားလို့လား... ဟုတ်လား... မေးမှ မေးရက်တယ်... တောင်ပိုင်း ဒေသငယ်မှာ မိဘတွေက သူတို့ရဲ့ ကလေးကို ခြောက်လှန့်ဖို့ ခင်ဗျား နာမည်ကိုတောင် သုံးကြတယ်... ခင်ဗျားက စိတ်မထင်ရင် မထင်သလို ဂြိုဟ်တစ်ခုလုံးကိုတောင် အပြတ်ရှင်းပစ်တဲ့လူလေ.. တောင်ပိုင်း ဒေသငယ် တစ်ခုလုံးမှာ အရက်စက်ဆုံး လူကို ပြပါဆိုရင် ခင်ဗျားက လွဲပြီး ဘယ်သူမှ မရှိဘူး”
တပည့်များမှာ တွေးလိုက်ကြသည်။
“ရောင်းရင်းလင်းက မိစ္ဆာနေဂိုဏ်းရဲ့ နတ်ဘုရား မင်းသား ဖြစ်တဲ့ အပြင် တောင်ပိုင်း ဒေသငယ် ကောင်းကင် သတ်မှတ်ချက်မှာလည်း အဆင့် ၅၀ လေ... ဒီတော့ ကျွန်တော်တို့က ရောင်းရင်းလင်းရဲ့ အကြောင်းတွေကို ကြားဖူးတာပေါ့”
ဝူရှို့က ပြောလိုက်သည်။
“ရောင်းရင်းလင်း... ဒါဆို ကျွန်တော်တို့ အရင် သွားတော့မယ်နော်... နှုတ်ဆက်ပါတယ်”
ဝူရှို့က ကပျာကယာ နှုတ်ဆက်ကာ လှေအား မောင်းနှင်ရန် ပြင်လိုက်သည်။ သို့သော်လည်း ချန်းဖန်က သူတို့၏ လမ်းကို ပိတ်ဆို့ထား၏။
“နေပါဦး ခဏလောက်... ငါ့မှာ မင်းတို့ကို မေးစရာ ရှိသေးတယ်”
“မေးပါ... မေးပါ... ကျွန်တော် သိသလောက် အကုန်ဖြေပါ့မယ်”
ဝူရှို့က ဖြူရော်စွာ ပြုံးလိုက်သည်။
“တောင်ပိုင်း ဒေသငယ် ကောင်းကင် သတ်မှတ်ချက် ဆိုတာ ဘာလဲ... မင်း ပြောတော့ ငါက အဆင့် ၅၀ ဆို... ဘယ်သူတွေက ငါ့ထက် ပိုမြင့်တာလဲ”
ချန်းဖန်က မေးလိုက်သည်။
“ရောင်းရင်းလင်းက တောင်ပိုင်း ဒေသငယ် ကောင်းကင်သတ်မှတ်ချက်ကို မသိဘူးလား”
ဝူရှို့မှာ အံ့အားသင့် သွား၏။ အခြား တပည့်များမှာလည်း မျက်လုံးများ ဝိုင်းစက် သွားကြသည်။ ထိုအရာကား တောင်ပိုင်း ဒေသငယ် ကောင်းကင် နယ်မြေရှိ လူတိုင်း သိရှိထားသော အရာ ဖြစ်သည်။ အချို့က ချန်းဖန်မှာ လင်းဟယ် အမှတ်တကယ် ဟုတ်၊ မဟုတ်ကိုပင် သံသယ ဝင်သွားကြသည်။
“ဝှစ်...”
ထိုအချိန်မှာပင် ချန်းဖန်၏ နောက်တွင် ရှိသော အရိုးဖြူ မိစ္ဆာ ဘိုးဘေးမှာ လျှပ်တစ်ပြက် လှုပ်ရှားကာ အနီးအနားရှိ အခြေတည် ဝိညာဥ် အဆင့် မိစ္ဆာ တစ်ကောင်ကို ဝါးမျို ပစ်လိုက်၏။ ထို့နောက် ၎င်းက ချန်းဖန် ဘေးနားသို့ ပြန်လည် ရောက်ရှိလာကာ ရိုသေသော အမူအရာဖြင့် ပြန်လည် ရပ်၏။
“ဒါက...”
တောင်လေ ချိုင့်ဝှမ်းမှ ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ သံသယ ကင်းစင် သွားကြသည်။ တောင်ပိုင်း ဒေသငယ် တစ်ခုလုံး၌ မိစ္ဆာနေဂိုဏ်း လင်းဟယ်မှ လွဲ၍ မည်သူက ထိုမျှ ငယ်ရွယ်ကာ ရက်စက် ကြမ်းကြုတ်မည်နည်း။
ဝူရှို့က လျှောက်တွေးနေခြင်းကို ရပ်ကာ ချန်းဖန်အား အလျှင်အမြန် ရှင်းပြလိုက်သည်။ ထိုမေးခွန်းက သူတို့အား သတ်ရန် အစီအစဥ်၏ တစ်စိတ်တစ်ပိုင်း ဖြတ်နေနိုင်သည် မဟုတ်ပါလား။
“တောင်ပိုင်း ဒေသငယ် သတ်မှတ်ချက် ဆိုတာက တောင်ပိုင်း ဒေသငယ်မှာ ရှိတဲ့ လူငယ် ကျင့်ကြံသူတွေ ပါဝင်တဲ့ သတ်မှတ်ချက်ပါ... အသက် ငါးရာ အတိုင်ခင် အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ရှိတဲ့ လူတွေပဲ အဲဒီ သတ်မှတ်ချက်မှာ ပါဝင်နိုင်ပါတယ်... ပုံမှန် အားဖြင့် ဆိုရင် ဇယားရဲ့ ထိပ်ဆုံးမှာ ရှိတာက ရောင်းရင်းလင်းတို့လို နတ်ဘုရား မင်းသားတွေပါ”
“ဒါပေမဲ့ ဒီသတ်မှတ်ချက်က အစွမ်း အထက်ဆုံး သတ်မှတ်ချက်လို့တော့ မဆိုနိုင်ဘူး... ဘာပဲဖြစ်ဖြစ် အစစ်အမှန် အခြေတည် ဝိညာဥ် အဆင့် အရှင်သခင် များစွာက ဒီသတ်မှတ်ချက်မှာ ပါမနေဘူးလေ... သူတို့က ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ဖို့ တံခါးပိတ် ကျင့်ကြံနေကြတာ... ဒါ့အပြင် ဂိုဏ်းကြီးတွေရဲ့ ထိပ်တန်း နတ်ဘုရား မင်းသား အချို့ကလည်း ဒီသတ်မှတ်ချက်မှာ မပါကြဘူး မလား”
ဝူရှို့က သူ၏ စကားကို အဆုံးသတ် လိုက်၏။
“ဟုတ်လား... ဘာလို့ မပါတာလဲ”
ချန်းဖန်က မေးလိုက်၏။
“ဒီလိုပါ...”
ဝူရှို့မှာ ချန်းဖန် ကြံစည်နေသော အရာကို နားမလည်သော်လည်း စိတ်ရှည်ရှည်ဖြင့် ရှင်းပြ လိုက်သည်။ သူ၏ စကား အရဆိုလျှင် ကမ္ဘာသို့ ရောက်ရှိလာသည့် အပိုလိုဂိုဏ်းနှင့် တိုင်ချူ နတ်ဘုရားနယ်မြေတို့၏ နတ်ဘုရား မင်းသားများသည် အစွမ်းထက်ကြသည့်တိုင် သူတို့သည် သူတို့၏ ဂိုဏ်းများ၌ အစွမ်း အထက်ဆုံး လူငယ် မျိုးဆက်များ မဟုတ်သေးချေ။ ရှင်းလင်းအောင် ဆိုရပါက ထာဝရဂိုဏ်းကြီးများ၌ တစ်ဦးထက် ပိုသော နတ်ဘုရား မင်းသားများ ရှိကြပေသည်။ ဥပမာအားဖြင့် ဆိုပါက ချန်ရှန်းဂိုဏ်းတွင် လော့ချန်ရှန်း အပါအဝင် နတ်ဘုရား မင်းသား သုံးပါး အထိ ရှိသည်။ ထာဝရဂိုဏ်းကြီးများမှာ ပို၍ အစွမ်းထက်လေလေ ပိုမို များပြားသော နတ်ဘုရား မင်းသား အရေအတွက်ကို ပိုင်ဆိုင်ထားလေလေ ဖြစ်ပေသည်။
“ဒါဆို ကမ္ဘာကို ရောက်လာတဲ့ နတ်ဘုရား မင်းသားတွေက အစွမ်း အထက်ဆုံးတွေ မဟုတ်သေးဘူးပေါ့”
ချန်းဖန်မှာ မျက်မှောင်ကြုတ် သွား၏။
“သူတို့က နတ်ဘုရား မင်းသားတွေ ဆိုပမဲ့ သူတို့ရဲ့ ဂိုဏ်းတွေမှာ အားအနည်းဆုံး နတ်ဘုရား မင်းသားတွေလို့ ဆိုနိုင်ပါတယ်”
ဝူရှို့က နာမလည်စွာ ခေါင်းညိတ် လိုက်သည်။
“ရောင်ရင်းလင်း ကိုယ်တိုင်ကရော မိစ္ဆာနေဂိုဏ်းရဲ့ အားအနည်းဆုံး နတ်ဘုရား မင်းသား မဟုတ်ဘူးလား... ဘာလို့ လာမေးနေတာလဲ”
အကြီးအကဲဝူမှာ ထိုသို့ ပြန်မေးခွန်းထုတ်ချင် နေသည့်တိုင် အောင့်အီးကာ မြိုသိပ် လိုက်၏။
***