Chapter 68
Vol. 7 Ch. 68
သူမရဲ့ အသိစိတ်တွေ ပြန်ရောက်လာပြီးနောက် ကျန်းကျန်း မျက်လုံးတွေကိုဖွင့်လိုက်ပြီး လီမင်ကျုံးကိုပြောလိုက်တယ်
“ငါ ဝက်သားနှပ်ကို တွေ့ခဲ့တယ်”
လီမင်ကျုံး သူ့ရဲ့အသိုက်ထဲမှာ လှဲနေရင်းကနေ အတင်းအဖြင်းကိုသိလိုစွာနဲ့ လှမ်းမေးလာတယ်။
“ မင်းတို့ရဲ့အဖေက သူ့ကို ရိုက်ခဲ့တာလား.. သူ တောင်ပေါ်ကို တက်ပြီး သူ့ကို ကန်ခဲ့တာလား ရိုက်ခဲ့တာလား? နှစ်ခုလုံးလုပ်ခဲ့တာလား?”
ကျန်းကျန်း ခဏလောက်ရပ်တန့်သွားရပြီး လီမင်ကျုံးကို သံသယအပြည့်နဲ့ကြည့်လိုက်မိတယ်။
“နင် ဘာလို့ ဒီလိုကိစ္စတွေအပေါ် အရမ်းရင်းနီးနေတဲ့ပုံပေါက်နေရတာလဲ”
“အရင်တစ်ရက်တုန်းက ငါ လောင်ဝမ်တို့ ခြံရှေ့မှာ အသက်ဝင်နေတာကို မြင်ခဲ့တယ်လေ.. သူ့ရဲ့ သားက လောင်လီတို့မိသားစုထဲက သမီးနဲ့ လက်ထပ်တော့မလို့တဲ့..
ဒါပေမယ့် လောင်ဝမ်က သူငယ်ငယ်တုန်းက လောင်လီနဲ့ ရန်ဖြစ်ရင်း ခေါင်းကိုအရိုက်ခံခဲ့ရလို့ သဘောမတူဘူးတဲ့..
ဒါပေမဲ့ သူ့ရဲ့သားက လီမိသားစုရဲ့သမီးကို ခိုးယူလာခဲ့တယ်ဆိုပဲ.. သူတို့ သူ့သမီးကို ပြန်အပ်ပြီးအိမ်ကိုပြန်လာတော့ လောင်ဝမ်က သူ့ရဲ့သားကို ရိုက်နေတာကို တွေ့ခဲ့တယ်..
အဲဒီနေ့တုန်းက လောင်ဝမ်က သူ့သားကို တောက်လျှောက်ကန်နေခဲ့တာနော်.. သူတို့ကိုကြည့်ရတာ ပျော်စရာကောင်းလို့ ငါတောင် သူတို့အိမ်ရှေ့မှာ တစ်နေ့ခင်းလုံးထိုင်ကြည့်နေခဲ့သေးတယ်
အိမ်ကိုရောက်တော့လည်း သူ့သားကို ရိုက်နေခဲ့သေးတာ.. အရိုက်ခံနေရတဲ့ သားလုပ်သူကိုကြည့်ရတာ ငါတို့ရဲ့ ဝက်သားနှပ်နဲ့တောင် တူလာသေးတယ်”
လီမင်ကျုံးက စိတ်လှုပ်ရှားစွာနဲ့ ပြောပြနေခဲ့တာကြောင့် တစ်ခန်းလုံး သူ့ရဲ့အော်သံတွေနဲ့ ပြည့်နေခဲ့တယ်။
ကျန်းကျန်း သူ့ကို ပြောစရာမဲ့စွာ ကြည့်လိုက်တယ်။
“နင်က ဝံပုလွေခွေးတစ်ကောင်ဆိုတာကိုရော မှတ်မိသေးရဲ့လား.. နင့်ရဲ့ပန်းတိုင်က သစ်တောထဲမှာ အမဲလိုက်ဖို့နော်.. အရှေ့နဲ့အနောက်ကိုပတ်သွားပြီး ပျော်ပွဲရွှင်ပွဲလိုက်ကြည့်နေဖို့မဟုတ်ဘူး”
“နွေရာသီတုန်းက ငါ ယုန်တွေကို လိုက်ဖို့အတွက် တောင်ပေါ်ကိုတက်ခဲ့တယ် မဟုတ်ဘူးလား”
လီမင်ကျုံးက အလွန်မကျေနပ်စွာနဲ့ ပြောလာတယ်။
“ဒါဆို မျက်ကန်းအမည်းကောင်(ဝက်ဝံ)ကို မြင်တုန်းက မင်းဘာလို့ ထွက်ပြေးလာတာလဲ”
ကျန်းကျန်း နွေရာသီတုန်းက သူ တောင်ပေါ်မှာ မျက်ကန်းအမည်းကောင်နှင့် တွေ့ဆုံခဲ့တဲ့အကြောင်းကိုသတိရသေးတယ်။ ထိုအချိန်တုန်းက လီမင်ကျုံးက မိသားစုထဲမှာ အပြေး အမြန်ဆုံးပဲ။
“ပြေးရမှာပေါ့.. ငါ အဲဒီအကောင်ကြီးကို မတိုက်နိုင်ဘူးလေ”
လီမင်ကျုံးက ရှက်ရွံ့မှု လုံးဝမရှိခဲ့ဘဲပြောလာတယ်။
“တကယ်လို့ အဲဒီကောင်ကသာ ငါ့ကို စားလိုက်ရင် ငါ့လို တော်တဲ့ခွေးကို မင်းတို့ ဘယ်မှာသွားရှာမှာလဲ”
“နင်သာ အစားခံရရင် ငါ ဝံပုလွေတစ်ကောင်ကိုပဲ မွေးလိုက်မယ်.. သူက ဘယ်လိုလုပ်ပြီး နင့်ထက် မတော်ပဲနေမှာလဲ!”
ကျန်းကျန်း သူမရဲ့မျက်လုံးတွေကို လှိမ့်လိုက်တယ်။
လီမင်ကျုံးက ထိုစကားကိုကြားတော့ လှဲနေရာမှ အမြန်ထလာပြီး သူရဲ့အရှေ့ဘက်ခြေထောက်နှစ်ဖက်ကို ခန်အစွန်းပေါ်မှာ လှမ်းတင်ကာ ကျန်းကျန်းကို မျက်နှာချိုသွေးတော့တယ်။
“ဝံပုလွေတစ်ကောင်က ဘယ်လိုလုပ်ပြီး ငါ့လိုသစ္စာရှိနိုင်မှာလဲ.. မင်းဘာလို့မလှဲတာလဲ.. ငါ မင်းရဲ့နောက်ကျောကို ဖိပြီး နှိပ်ပေးမယ်လေ.. ဘယ်လိုလဲ”
သူ ထိုစကားကိုပြောပြီးသည်နှင့် ခြံထဲမှ ကျယ်လောင်စူးရှတဲ့ အသံတစ်ခုထွက်ပေါ်လာခဲ့တယ်။ လီမင်ကျုံးကတော့ ချက်ချင်းပဲ ခုန်ထွက်သွားပြီး အရှေ့ဘက်မှ ခုံကို လက်တင်ကာ စိတ်လှုပ်ရှားစွာ သွားကြည့်တော့တယ်။
ကျန်းကျန်း ခန်ပေါ်မှာထိုင်ပြီး တိတ်တဆိတ်လှမ်းခေါ်လိုက်တယ်။
“လီမင်ကျုံး ငါ့ဆီပြန်လာခဲ့”
လီမင်ကျုံးက သူမရဲ့ အသံကို ကြားပုံမရတော့ဘူး။ သူက ခွေးခြေခုံပေါ်မှာ တက်ထိုင်ကာ ဝက်သားနှပ်ကို ကြည့်ရင်း သွားရည်ကျနေပုံရတယ်။
ကျန်းကျန်းက အသံကျယ်ကျယ်နဲ့ ထပ်အော်လိုက်ပေမဲ့ လီမင်ကျုံးကတော့ ပြန်မလာခဲ့ဘူး။ ထိုအစား မဒမ်လီကသာ ဝင်လာခဲ့တယ်။ သူမဝင်လာချိန်မှာ ကျန်းကျန်းက ပျင်းရိနေသလို ဟန်ဆောင်နေခဲ့တာကြောင့် မဒမ်လီက မီးဖိုခန်းထဲကိုပြန်ဝင်ပြီး အေးခဲထားတဲ့ သစ်တော်သီးနဲ့ တည်သီးတို့ကို ရေစိမ်ပြီးအရည်ပျော်အောင်လုပ်ထားတဲ့ ဇလုံကို ပြန်ယူလာခဲ့တယ်။
“ပေါင်ပေ့ ပျင်းနေပြီလား”
မဒမ်လီက ဇလုံကို ခန်ပေါ်မှာတင်လိုက်ပြီး လက်သုတ်ပုဝါကို ယူကာလ ကျန်းကျန်းရဲ့လက်ကို သုတ်လိုက်တယ်။
“အဖွား မင်းအတွက် ရေဒီယိုဖွင့်ပေးမယ်”
သူမက ဘီဒိုဆီသို့ လျှောက်သွားကာ ရေဒီယိုကိုလှမ်းယူလိုက်ပြီး ရေဒီယိုပေါ်မှ တူညီတဲ့ ခလုပ်သုံးတန်းကို ကြည့်ရင်း အနည်းငယ်ရှုပ်ထွေးနေခဲ့တယ်။
“ဒါ ဘယ်လိုဖွင့်ရတာလဲ”
ကျန်းကျန်းက ချက်ချင်းပဲ ခွေးခြေခုံပေါ်သို့တက်လိုက်ပြီး ဗီရိုကို မှီကာ ခလုတ်တွေကို ကျွမ်းကျင်စွာလှည့်လိုက်တယ်။ ထို့နောက် ချန်နယ်ကို ကိုးစားပြီး ညှိကာ “ အနောက်ဘက်သို့ ခရီးသွားခြင်း” ထုတ်လွှင့်နေတဲ့ ချန်နယ်ကို ရောက်တော့ တည်ငြိမ်စွာနဲ့ ပြန်ဆင်းလာခဲ့တယ်။
ပြီးနောက်မှာတော့ အေးခဲထားတဲ့ တည်သီးတစ်လုံးကို ကောက်ယူကာ ကိုက်စားလိုက်တယ်။ အေးခဲထားတဲ့ တည်သီးတွေက ရေခဲမုန့်စားတာထက်တောင် ပိုမွှေးပြီးအရသာရှိကာ အတွင်းပိုင်းမှာ ရွှေဝါရောင်ပျားရည်လိုအနှစ်တွေက ပြည့်နေခဲ့တယ်။
သူမက ငယ်ရွယ်လွန်းသေးတာကြောင့် တစ်လုံးစားပြီးတဲ့နောက်မှာ မဒမ်လီက ဇလုံကို အဝေးသို့ ပြန်ဆွဲလိုက်တယ်။
“အများကြီးစားရင် ဗိုက်နာနေလိမ့်မယ်.. နေ့လည်စာစားဖို့အတွက် ဗိုက်ချန်ထားလိုက်ဦး”
ခြံထဲမှာတော့ လီမူဝူနဲ့ သူ့ရဲ့အဖွဲ့တွေက ဝက်ကို အလျှင်အမြန်သတ်လိုက်ပြီး သွေးတွေကိုထုတ်လိုက်ကာ ဝက်ပြုတ်ဖို့အတွက် တည်ထားတဲ့ ရေနွေးအိုးကြီးထဲမှာ ထည့်ပြုတ်လိုက်ကြတယ်။
ဒီလောက်နှစ်တွေအတွင်းမှာ လီမိသားစုက ပထမဆုံးအကြိမ်ဝက်ကိုမွေးမြူဖူးတာပဲ။ ဝက်သားပြီးရင် မိသားစုထဲမှ လူတွေ အမျှော်လင့်ဆုံးသော အရာကတော့ မွှေးကြိုင်ပြီး အရသာရှိလွန်းတဲ့ သွေးဝက်အူချောင်းကို ချက်ပြုတ်ရဖို့အတွက်ပဲ။
သွေးတွေကို ညှစ်ထုတ်ပြီးနောက် ဝမ်စုဖန်းက ဝက်သွေးတွေထည့်ထားတဲ့ ပုံးထဲကို အေးသွားတဲ့အထိ တုတ်ချောင်းရှည်တစ်ချောင်းနဲ့ ဖြည်းဖြည်းချင်း မွှေနေခဲ့တယ်။
ပြီးနောက် နုတ်နုတ်စင်းထားတဲ့ ကြက်သွန်စိမ်း၊ နုတ်နုတ်စင်းထားတဲ့ ဂျင်း၊ ငရုတ်ကောင်း၊ ဆား အစရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ပေါင်းထည့်လိုက်တယ်။ ထို့နောက် ပြုတ်ထားတဲ့ ဝက်သား အပိုင်းလေးတွေကိုပါ ထည့်လိုက်တယ်။
အကုန်ပြီးသွားချိန်မှာ ထိုအထဲကို ဆီတွေလောင်းထည့်လိုက်ပြီး အအေးခံခဲ့ပြန်တယ်။ ဒါနဲ့ဆိုရင် သွေးဝက်အူချောင်းရဲ့အစာသွပ်ဖို့ ရရှိလာခဲ့ပြီ။
ဝမ်စုဖန်းက အလုပ်ရှုပ်နေခဲ့သလို လျို့ရှို့လန်ကလည်း အပါးခိုမနေခဲ့ဘူး။
သူမက ဝက်ရဲ့အူသိမ်တွေကို ယူပြီး ဆားနှင့်အထပ်ထပ် ဆေးကြောသန့်ရှင်းခဲ့တယ်။
ပြီးနောက် ဆေးကြောထားတဲ့ အူသိမ်ကို တင်းတင်းကျပ်ကျပ် ချည်လိုက်ပြီး ထိုအူသိမ်ရဲ့အပေါ်ပိုင်းမှ ကတော့တစ်ခုကို တပ်လိုက်ကာ ဝန်စုဖန်းဆီမှ ပြင်ဆင်ထားပြီးသားအစာကိုဇွန်းနဲ့ ထည့်သွပ်ခဲ့တယ်။
သွေးဝက်အူချောင်းကို အစာအပြည့်သွပ်ပြီးနောက် အခြောက်လှန်းရန်အတွက် ခြံဝင်းအတွင်းမှ ကြိုးပေါ်မှာ ချိတ်ဆွဲထားလိုက်ကြတယ်။
ထိုအချိန်မှာ ဝက်သားကို ပိုင်းခြမ်းလုနီးပါးဖြစ်နေခဲ့ပြီ။
အသားထူထူပါဝင်တဲ့ အရိုးကြီးတွေကို ရေနွေးအိုးထဲကို ပစ်ထည့်ပြီး ပြုတ်ခဲ့ကြတယ်။
ခုနှစ်ပုံ၊ ရှစ်ပုံလောက် ကျက်ပြီးနောက် ပြန်ဆယ်လိုက်ပြီး ဂေါ်ဖီထုပ်ချဥ်နဲ့ ရောချက်ဖို့ အိုးထဲမှာ ထည့်ထားလိုက်တယ်။
ဟိုဘက်မှာလည်း ဝက်သားကိုပြုတ်နေရပြီး ဒီဘက်မှာလည်း ဝက်သားကိုစတူးချက်နေရတယ် ဆိုတာမျိုးဖြစ်နေတာကြောင့် မဒမ်လီတောင်မှ မနက်ခင်းမှာ အလုပ်ဝင်ကူနေရတယ်။ သူမက ဘန်းမုန့်ပေါင်း၊ ပန်ကိတ်ကြော်တို့ကို လုပ်ခဲ့ပြီး လီမင်တုန်တို့ အိမ်မှ မီးဖိုထဲမှာလည်း ဆန်ပြုတ်အိုးကြီးတစ်အိုးတည်ထားခဲ့တယ်။
ဝက်အသည်း၊ ဝက်နှလုံး၊ ဝက်အူမကြီးနှင့် ဝက်အစာအိမ်တို့ကိုလည်း ဒီနေ့မှာပဲ ချက်ပြုတ်စားရလိမ့်မယ်။
ဝန်စုဖန်းက ဟင်းသီးဟင်းရွက်တွေကို စတူးချက်ဖို့ အသင့်ပြင်ထားလိုက်ပြီး လိုအပ်တဲ့အသားတွေကို ရေနွေးဖျောပြီးမှာကို စောင့်နေခဲ့တယ်။ ထို့နောက် ရေထဲကိုချက်ချက်စိမ်လိုက်ပြီး ချက်ပြုတ်ဖို့ အသင့် ပြင်လိုက်တယ်။
အခန်းထဲမှာတော့ အသားနံ့တွေနဲ့ မွှေးကြိုင်နေခဲ့ပြီး အစားအသောက်လောဘကြီးတဲ့ လီမင်နန်နဲ့ လီမင်ပေတို့ကတော့ မီးဖိုချောင်ထဲမှာ ငုတ်တုတ်ထိုင်နေခဲ့ပြကာ အပြင်ကို ထွက်မလာကြတော့ဘူး။
သူတို့တွေက မီးဖိုထဲသို့ ထင်းထည့်ပေးရန် ကူညီပေးနေကြပြီး ဝမ်စုဖန်း အာရုံမစိုက်နိုင်တဲ့အချိန်မျိုးမှာဆိုရင် တူတစ်စုံကိုလှမ်းယူကာ ချက်ပြုတ်ထားတဲ့အသားတစ်ပိုင်းစီ နှိပ်စားနေခဲ့လိမ့်မယ်။
ဝက်သားနှပ်တွေကို ပါးစပ်အပြည့် ထည့်နေခဲ့ကြတာကြောင့် သူတို့ရဲ့ ပါးစပ်တစ်ဝိုက်က ဆီတွေနဲ့ဝေ့နေခဲ့ကြပြီ။
လီမင်တုန်နှင့် လီမင်ရှီတို့က တည်ငြိမ်နေကြပေမဲ့ သူတို့ကလည်း အိမ်ထဲမှာ ထိုင်မနေနိုင်ခဲ့ကြဘူး။
အိမ်ထဲမှာ ဝေ့ဝိုက်နေတဲ့ ဟင်းရနံ့တွေကြောင့် ပျော်ရွှင်နေခဲ့ကြပြီး သူတို့မှာသာ အမြီးရှိနေရင် စက်ဝိုင်းလိုမျိုး လှည့်ပတ်နေတာကို တွေ့မြင်နိုင်လိမ့်မယ်။
လီမင်ပေက မီးဖိုချောင်အပြင်ဘက်မှာ ဂနာမငြိမ်ဖြစ်နေတဲ့ လီမင်ကျုံးကိုကြည့်ပြီး လီမင်နန်ကို သွားမတို့ဘဲ မနေနိုင်ခဲ့ဘူး။
“အဲဒီခွေးငတုံးက ရူးနေတာတော့ မဟုတ်လောက်ဘူး မလား”
လီမင်နမ်က သူ့ရဲ့ပါးစပ်ထဲမှ အသားတွေကို မျိုချလိုက်ပြီး လီမင်ပေကို မနှစ်မြို့စွာ ကြည့်လိုက်တယ်။
“ခွေးကိုသွားပြီး တုံးအ,တယ်လို့ ပြောမနေစမ်းနဲ့.. တကယ်လို့ မင်းသာ ကိုယ့်ကိုယ်ကို ဂရုမစိုက်ရင် နောက်ပိုင်းမှာ ခွေးက မင်းထက် ပိုပြီး ဥာဏ်ကောင်းလာလိမ့်မယ်”
တစ်မနက်ခင်းလုံး အလုပ်များပြီးတဲ့နောက်မှာတော့ မဒမ်လီက အရှေ့ခန်းနဲ့ အနောက်ခန်း နှစ်ခုမှာ စားပွဲတစ်ခု စီခင်းလိုက်တယ်။
အနောက်ဘက်ခန်းမှာတော့ လီမူဝန်းတို့ညီအစ်ကိုတွေနှင့် ကူညီပေးဖို့ရောက်လာခဲ့ကြတဲ့ အိမ်နီးချင်းတွေကို ကျွေးမွေးဖို့ ခေါ်ခဲ့တယ်။
အရှေ့ခန်းမှာတော့ မဒမ်လီနှင့် သူ့ရဲ့ ချွေးမတွေအပြင် မြေးတွေကိုပါ အတူစားဖို့ ပြင်ဆင်ထားခဲ့တယ်။
ဝမ်စုဖန်းက ကွေ့ဟွားအတွက်ဘန်းမုန့်ပေါင်းတွေ၊ ဝက်သားနှပ်တစ်ပန်းကန်၊ဝက်သားနဲ့ အသီးအရွက်ပြုတ်ထားတဲ့ ပန်းကန်တစ်လုံးတို့ကို ပြင်ဆင်ပေးခဲ့ပြီး လီမင်တုန်ကို သွားပို့ပေးခိုင်းခဲ့တယ်။
ကျန်းကျန်းကတော့ သူမရဲ့ရှေ့မှာရှိနေတဲ့ ပန်းကန်လုံးထဲမှ ဆီပြန်ချက်ထားတဲ့ဝက်သားစတူးကို မြင်တွေ့လိုက်ရချိန်မှာ ထွက်ပြေးသွားတဲ့ ဝက်သားနှပ်အကြောင်းကို ချက်ချင်းမေ့သွားခဲ့ပြီး သနားနေခဲ့တဲ့အကြောင်းကိုတောင် သတိမရလေတော့ဘူး။
သူမက ခန်ပေါ်မှာထိုင်ရင်းနဲ့ အသားတစ်ဖတ်ကို ပါးစပ်ထဲသို့ ထည့်လိုက်တယ်။
ဒါက အဆီပါပေမဲ့လည်း အဆီရစ်တဲ့အသားမျိုးမဟုတ်ခဲ့ဘူး။ သူ့ကို အိမ်မှာဘဲ တောရိုင်းဟင်းသီးဟင်းရွက်တွေနဲ့ ကျွေးမွေးထားတာကြောင့် အနံ့ကလည်း ပိုပြီး မွှေးနေခဲ့တယ်။