Chapter 71
Vol. 8 Ch. 71
ရွှေချောင်းတွေနှင့်ပြည့်နေတဲ့ သေတ္တာကို မြေပြင်ပေါ်သို့ ပြန်လည်နှစ်မြုပ်ခဲ့ပြီးနောက် ကျန်းကျန်း ဒုတိယသေတ္တာရဲ့ အဖုံးကို ထပ်မံဖွင့်လိုက်ပြန်တယ်။ သူမက အပေါ်ထပ်မှာရှိတဲ့ပစ္စည်းတွေကို ဘေးသို့ ပစ်ချလိုက်ပြီး အောက်မှာရှိတဲ့ လက်ဝတ်ရတနာတွေကို တစ်ခုပြီးတစ်ခု ထုတ်ယူကြည့်လိုက်တယ်။
ဒီလက်ဝတ်ရတနာတွေကို ဟိုအချိန်တုန်းက သူခိုးဓားပြတွေက ခိုးယူလုယက်ခဲ့တာဖြစ်နိုင်ပြီး ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေခဲ့တာ မဟုတ်ဘူးလို့ ခန့်မှန်းရတယ်။
ပထမဆုံး သာမန်လောက်သာကောင်းမွန်တဲ့ ကျောက်စိမ်းလက်ကောက်တွေရှိနေပြီး နောက်မှာတေား အလွန်ကြည့်ကောင်းပြီး အဖိုးထိုက်တန်ပုံရတဲ့ ကျောက်စိမ်းလက်ကောက်တွေကို တွေ့လာရတယ်။
ထိုရတနာပစ္စည်းတွေအားလုံးကို အမျိုးမျိုးသော အရာတွေဖြင့် စုပြုံရောထွေးပြီး ထည့်ထားခဲ့တယ်။
ကျန်းကျန်း အရာအားလုံးကို ထုတ်ယူပြီး ဂရုတစိုက်စစ်ဆေးကြည့်လိုက်တယ်။ ကံကောင်းစွာနှင့် သူမ ခန့်မှန်းထားသလို ဆိုးဆိုးရွားရွား မပျက်စီးနေခဲ့ဘူး။
အချင်းချင်း ထိုခိုက်မိပြီး ပျက်စီးသွားတဲ့ ကျောက်စိမ်းပစ္စည်း နှစ်ခုမှလွဲရင် ကျန်ရှိနေတဲ့ အဖြူရောင် ကျောက်စိမ်းရတနာ အားလုံးကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့တယ်။
ကျန်းကျန်း လက်ခုပ်တီးလိုက်တော့ အနီးအနားရှိ သစ်ပင်တစ်ပင်က အရွက်တွေ များပြားစွာထွက်လာခဲပြီး ချက်ချင်းပဲ ရင့်ရော်ကာ ကြွေကျလာခဲ့တယ်။
သူမ ထိုသစ်ရွက်တွေကိုယူပြီး လက်ဝတ်ရတနာတွေ နောက်တစ်ကြိမ် အချင်းချင်း မတိုက်မိနိုင်စေဖို့အတွက် သေတ္တာရဲ့ထောင့်တွေမှာ သေသေချာချာကာရံလိုက်တယ်။
ကျန်းကျန်း သေတ္တာရဲ့အဆုံးသတ်နားမှ ငွေလက်ကောက်တစ်စုံကိုလည်း တွေ့ရှိခဲ့တယ်။ ထိုငွေသားလက်ကောက်တွေက နေကို မမြင်ရတာ နှစ်အတော်ကြာနေခဲ့တဲ့ပုံရတယ်။
ဒီလက်ကောက်တွေက အရောင်တောက်ပြောင်မှုတွေမရှိတော့ပေမဲ့လည်း ထိုလက်ကောက်ပေါ်မှ တန်ဆာဆင်ထားပုံဖော်ထားတဲ့ပုံတွေက အလွန်သိမ်မွေ့ပြီလှပလွန်းတယ်။
သေတ္တာက မြေကြီးထဲကို ပြန်လည်နစ်မြုပ်သွားခဲ့ပြီး မြေပြင်က နဂိုအနေအထားကို ပြန်လည်ပြောင်းလဲသွားခဲ့ကာ အပေါ်ကနေ တင်းတင်းကြပ်ကြပ် ပြန်ပိတ်သွားခဲ့တယ်။
ကျန်းကျန်းက သူ့ရဲ့ဘေးနားမှ ကျားရဲ့ခေါင်းကို ပွတ်သပ်ရင်း ပျော်ရွှင်စွာပြောလိုက်တယ်။
“ငါ အိမ်ပြန်တော့မယ်.. နောက်မှ ထပ်တွေ့ပြီး ကစားကြတာပေါ့”
ကျားက ကျန်းကျန်းရဲ့ လက်ကို သူ့ရဲ့ခေါင်းနဲ့ပွတ်သပ်လိုက်ပြီး အဆူးတွေပါတဲ့လျှာကို ထုတ်လာခဲ့တယ်။ သို့ပေမယ့် ခဏကြာတော့ သူက အမြန်ပြန်ဆုတ်သွားပြီး ကျန်းကျန်းကို ရိုးသားဖြူစင်စွာကြည့်ရင်း ကျန်းကျန်းဆီကနေ ထွက်ခွာသွားခဲ့တယ်။
သူမရဲ့ အသိစိတ်က ဖြတ်ခနဲ လင်းလက်သွားပြီးနောက် ကျန်းကျန်း သူမရဲ့ အိမ်နောက်ဖေး ဆီကို ပြန်လည်ရောက်ရှိသွားခဲ့တယ်။
ကျန်းကျန်း သူမရဲ့ အိတ်ကပ်ထဲမှ ရွှေချောင်းနှင့် ငွေလက်ကောက်တွေကို ထိကိုင်ကြည့်လိုက်ပြီး အိမ်ဘက်ကို ပြန်လည် ပြေးသွားခဲ့ကာ မဒမ်လီဆီမှ အရှေ့ဘက်အိမ်ဆီသို့ ဆွဲခေါ်ခြင်းကို ခံလိုက်ရတော့တယ်။
“ပေါင်ပေ့.. မင်း ဘယ်ကိုသွားနေတာလဲ.. ဒီမှာ အဖွား မင်းအတွက် ရတနာရှစ်မျိုးဂျုံယာဂုချက်ပေးထားတယ်”
ဒဒမ်လီက မျက်နှာသုတ်ပုဝါကို အလျှင်အမြန်ဆွဲယူပြီး ကျန်းကျန်းရဲ့ လက်ကိုသုတ်ပေးလိုက်တယ်။ ထို့နောက် ကျန်းကျန်းကို အရှေ့ဘက်အိမ်ဆီသို့ ခေါ်သွားခဲ့တယ်။
ကျန်းကျန်းကတော့ လျို့ဝှက်ဆန်းကျယ်တဲ့အမူအယာနဲ့ တံခါးကို ပြန်ပိတ်ပြီး အတွင်းဘက်မှာ သော့ချိတ်ကိုပါ ချိတ်လိုက်တယ်။
ပြီးမှ သူမ ယူလာတဲ့ ရွှေချောင်းနဲ့ ငွေလက်ကောက်တွေကို အိတ်ကပ်ထဲမှ ထုတ်ယူပြီး ခန်ပေါ်မှာ တင်လိုက်တယ်။ ထို့နောက် မဒမ်လီဆီကို ဖြူစင်အပြစ်ကင်းစွာ ကြည့်ပြီး ပြောလာတယ်။
“အဖွား သမီး တောင်ပေါ်ကနေ ဒါလေးတွေ တူးလာခဲ့တယ်.. ကြည့်ကောင်းတယ်မလား?”
ဒါကိုမြင်တော့ မဒမ်လီတစ်ယောက် လန့်ဖျပ်သွားခဲ့ရတယ်။ သူမက ရွှေချောင်းကို ကောက်ယူပြီး ပါးစပ်ထဲကို ထည့်ကာကိုက်ကြည့်လိုက်တယ်။
ကျန်းကျန်းကတော့ ထိုမြင်ကွင်းကိုကြည့်ရင်း သူမရဲ့သွားတွေတောင်နာကျင်သွားရသလိုပဲ။
“အဖွား.. အဖွားမှာ ဒီသွားနည်းနည်းလေးပဲ ရှိတာလေ.. အဖွား အဲဒါကို ကိုက်ပြီး ထပ်ကျိုးသွားလို့ မဖြစ်ဘူးနော်”
မဒမ်လီက သူမရဲ့ပါးစပ်ထဲက ရွှေချောင်းကို အမြန် ပြန်ထုတ်ပြီး သူမရဲ့အဝတ်ပေါ်ကို နှစ်ကြိမ်လောက်သုတ်လိုက်တယ်။
“မင်း ဒါတွေကို တူးနေတုန်းက တစ်ယောက်ယောက် မြင်သွားသေးလား”
“မမြင်ပါဘူး”
ကျန်းကျန်း အပြစ်ကင်းစွာ ပြုံးလိုက်တယ်။
“သမီး တစ်ယောက်တည်း သွားခဲ့တာ.. လီမင်ကျုံးကိုတောင် ခေါ်မသွားခဲ့ဘူး”
ဖျာပေါ်မှာ လဲလျောင်းနေတဲ့ လီမင်ကျုံးတစ်ကောင်ကတော့ ကျန်းကျန်းရဲ့ ခန္ဓာကိုယ်ပေါ်မှ ကျားတစ်ကောင်ရဲ့ အနံ့ကို ရှူရှိုက်လိုက်မိတာကြောင့် ထိတ်လန့်တုန်လှုပ်လွန်းလို့ တုန်ယင်သွားရတယ်။
သူ့ရဲ့ခေါင်းကို ရှေ့ဘက်ခြေနှစ်ချောင်းကြားမှာ ဖု့းအုပ်ထားပြီး ခေါင်းကို ပြန်မဖော်လာတော့ဘူး။
မဒမ်လီကတော့ သူမရဲ့ခါးမှာသော့ကိုထုတ်လိုက်ပြီး ဗီရိုကိုဖွင့်နေခဲ့တယ်။ ပြီးနောက် အတွင်းမှ အဝတ်တစ်ထည်ကိုထုတ်ကာ လက်ကောက်တွေနှင့် ရွှေချောင်းတို့ကို ထုတ်ပိုးလိုက်ပြီး အတွင်းသုံးလွှာနှင့် အပြင်ဘက်သုံးလွှာထုပ်ပိုးလိုက်တယ်။ ပြီးမှ သေတ္တာထဲကို ပြန်ထည့်ပြီး သော့ပြန်ခတ်လိုက်တယ်__
“ငါက မင်းကို အေးအေးဆေးဆေး ကစားဖို့ဆိုပြီး လွှတ်ပေးလိုက်ပေမဲ့ မင်းကတော့ ဒါတွေကို ပြန်ကောက်ယူလာခဲ့တယ်..
ဒါတွေက တကယ်ကို ပစ္စည်းကောင်းတွေပဲ.. ဒါပေမဲ့ မင်း ဒီအကြောင်းကို တခြားသူတွေကို ပြောပြလို့မရဘူး.. နားလည်ရဲ့လား?”
“သမီး နားလည်ပါတယ်”
ကျန်းကျန်း ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်တယ်။
“အဖွားပြောတာကို နားထောင်ပြီး တိတ်တိတ်လေးနေရမယ်!”
“အမှန်ပဲ.. ဒါပေမဲ့ ဒီတစ်ကြိမ်မှာလည်း ပေါင်ပေ့က တကယ်ကံကောင်းလာခဲ့တါပဲ”
မဒမ်လီက ပျော်ရွှင်စွာနဲ့ တံခါးကိုဖွင့်ပြီးထွက်သွားခဲ့တယ်။
“အဖွား မင်းအတွက် ကြက်တစ်ကောင်ကို သတ်ပေးမယ်”
ကျန်းကျန်း မဒမ်လီရဲ့ပေါင်ကို ချက်ချင်းပဲ အပြေးအလွှားပွေ့ဖက်လိုက်တယ်။
“မလုပ်ပါနဲ့.. အဖွား ကြက်တွေက ဥဥနေတုန်းပဲလေ”
“ အိမ်မှာကြက်ဖနှစ်ကောင် ရှိနေသေးတယ်မဟုတ်ဘူးလား.. တစ်ကောင်ကိုသတ်ပြီး နောက်တစ်ကောင်က ကြက်မတွေဥ,ဥနိုင်ဖို့အတွက် နင်းဖို့ ချန်ထားလိုက်မယ်
နောက်နှစ် နွေဦးရာသီကိုရောက်ရင် ကြက်ပေါက်လေးတွေနဲ့ အစားအစာလဲလှယ်မဲ့သူတွေ ရောက်လာဦးမှာပဲ”
မဒမ်လီက တံခါးကိုဖွင့်လိုက်ပြီး ကြက်ခြံရှေ့မှာ ထိုင်ကာ တွေးတောရင်း ပြောလာတယ်။
“တစ်မနက်လုံး အော်နေတဲ့ကောင်ကို သတ်လိုက်ရအောင်.. သူက လူတွေအေးအေးဆေးဆေး မနေနိုင်လောက်အောင် အော်နေတာ”
ကြက်ခြံထဲက ကြက်သားနှပ်က ချက်ချင်းပြေးထွက်လာခဲ့ပြီး သူ့ရဲ့ လည်ပင်းကို ဆန့်တန်းက် ပြောလာတယ်။
“အဲဒါ ငါပဲ.. ငါပဲ!”
သူတို့ရဲ့အိမ်မှာ ကြက်တွေအများကြီးရှိပေမဲ့ အသိစိတ်ကျန်ရှိနေသေးပြီး ကျန်းကျန်းနဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့သူက ဒီကြက်သားနှပ်တစ်ကောင်ပဲ ကျန်ရှိနေတော့တယ်။
ကျန်းကျန်းအနေနဲ့ ကြက်သားနှပ်နဲ့ နေ့တိုင်း စကားပြောနေရတာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေးထားခဲ့တာလေ။ ဒါကြောင့် ကမန်းကတန်းပြောလိုက်တယ်။
“သမီးက အဲဒီကြက်တစ်ကောင်ကိုပဲ ကြိုက်တာ.. သူ့ကို ချန်ထားပေးပါဦး! “
“ကောင်းပြီ”
မဒမ်လီက သူမရဲ့မြေးမလေး စကားကို အမြဲနားထောင်တတ်တယ်။
“ဒါဆိုလည်း အဲဒီကြက်ကိုပဲ သတ်ပစ်မလား”
“တရုတ်နှစ်သစ်ကူးကို စောင့်ရအောင်လေ.. သမီး ဒီနေ့ ဝက်အရိုးနှပ်စားချင်တယ်”
ကျန်းကျန်း ခဏလောက်စဉ်းစားပြီး ပြောလိုက်တယ်။
“ဒီလိုပုံစံမျိုးရှိတဲ့ အရိုးလေ”
“အဲဒါကို နံရိုးလို့ခေါ်တယ်”
မဒမ်လီက နှင်းတောထဲမှာမြှပ်ထားတဲ့ နံရိုးအပိုင်းကြီးကို ကောက်ယူလိုက်ပြီး ခြံဝန်းအတွင်းမှ စဥ့်တီတုံးပေါ်မှာ ခုတ်ထစ်ပြီး အပိုင်းပိုင်းလှီးဖြတ်လိုက်တယ်။
မဒမ်လီ ဝက်နံရိုးကိုအိုးထဲမှာထည့်ရင်း အိမ်ထဲသို့ ဝင်သွားတာကိုမြင်မှ ကြက်သားနှပ်က
ကျန်းကျန်းရဲ့ရှေ့ကိုပြေးလာပြီး လည်ပင်းကိုဆန့်ရင်း ပြောလာတယ်။
“ငါရဲ့ရည်မှန်းချက်က အရသာကောင်းမွန်တဲ့ စံပြကြက်သားနှပ်ဖြစ်ဖို့ပဲ! ကြက်သားဖောက်တဲ့သူ မဖြစ်ချင်ဘူး!”
ခြံထဲမှာ ဘယ်သူမှမရှိတာကိုမြင်တော့ ကျန်းကျန်းက ကြက်သားနှပ်ကို သနားစရာကောင်းတဲ့ အကောင်လေးကိုကြည့်သလို ကြည့်လိုက်တယ်။
“နင့်ရဲ့အသိုက်ထဲမှာရှိတဲ့ ကြက်မအုပ်စုကိုမြင်လား .. သူတို့အားလုံးက အခု နင့်ရဲ့ မိန်းမတွေပဲ! သွားသွား နင့်ရဲ့ ဇနီးတွေကို သွားတွေ့ချည်”
“အောက်.. အီး အီး...”
ကြက်သားနှပ်က သူ့ရဲ့တောင်ပံကို တဖျပ်ဖျပ်ခတ်ကာ လျင်မြန်စွာ ပြေးသွားခဲ့တယ်-
“ဒါပေမယ့် ငါ့ရဲ့ ရည်မှန်းချက်က အကောင်အထည် မပေါ်သေးဘူးလေ...”
မကြာခင်မှာပဲ ကြက်လှောင်အိမ်ထဲမှ တအွတ်အွတ်အော်သံတွေ ထွက်လာတာကိုကြားတော့ ကျန်းကျန်းတစ်ယာက် သူမရဲ့ နားရွက်တွေကို ဖုံးကာထားလိုက်မိတယ်။
“ကြက်သားနှပ်.. နင်ကတော့ အယောင်ဆောင်ထားတဲ့ ကြောင်သူတော်ပဲ!”
လီမူဝမ်းက အိမ်ကိုပြန်ရောက်နေခဲ့တာကြောင့် လီမူစန်းသည်လည်း သူ့ရဲ့အလုပ်မှ စောစောစီးစီး ထွက်ခွာခွင့်တောင်းခဲ့ပြီး လူနာပြက္ကဒိန်ရဲ့ ဆယ့်နှစ်လမြောက်၊ ဆယ့်ငါးရက်နေ့မှာပဲ အိမ်သို့ပြန်ရောက်လာခဲ့တယ်။
ကျန်းချွမ်ဟွားတစ်ယောက် အိမ်ထဲကိုဝင်လာတဲ့အချိန်မှာပဲ စစ်ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ လီမူဝမ်းကို မြင်တွေ့လိုက်ရပြီး လီမိသားစုက တကယ့်ကိုလုပ်နိုင်စွမ်းရှိတာပဲလို့ ယုံကြည်သွားခဲ့ကာ မျက်နှာပေါ်မှာ အပြုံးတစ်ခုကို ဆင်မြန်းပြီး သူ့အနားကို လျင်မြန်စွာ ချဉ်းကပ်ခဲ့တယ်။
“ဒါက အကိုကြီးပဲဖြစ်ရမယ်.. ကျွန်မ မူဝမ်းဆီကနေ အစ်ကိုကြီးရဲ့အကြောင်းကို မကြာခဏ ကြားခဲ့ဖူးတယ်.. လူကိုယ်တိုင်တော့ အခုမှ ပထမဆုံးတွေ့ဖူးတာဘဲ”
မစ္စစ်လီရဲ့ပါးစပ်မှ လီမူလင်းတို့ ဇနီးမောင်နှံအကြောင်းကို ကြားသိခဲ့ပြီးဖြစ်ပေမဲ့လည်း လီမူဝမ်းရဲ့ အသိဥာဏ်နဲ့ သင်ကြားပေးခံထားရတဲ့စိတ်ဓာတ်တို့ကြောင့် သူ့ရဲ့ခယ်မကို အရှက်ရစေမဲ့ကိစ္စမျိုးကို မလုပ်နိုင်ခဲ့ဘူး။
သူက ခေါင်းကိုညိတ်ကာ ပြုံးပြလိုက်ပြီး ထရပ်လိုက်ကာ သူ့ရဲ့စစ်ယူနီဖောင်းကုတ်အင်္ကျီကို ဝတ်ဆင်လိုက်တယ်။
“မူလင်း.. ငါနဲ့ လမ်းခဏလောက်လျှောက်ကြတာပေါ့”
သူ့အစ်ကိုကြီးရဲ့ မည်းမှောင်နေတဲ့မျက်နှာကို မြင်လိုက်ရတာနဲ့ လီမူလင်းရဲ့ ခြေထောက်တွေက ပျော့ခွေသွားခဲ့ရပြီး လီမူဝမ်ရဲ့ နောက်ကနေ ခက်ခက်ခဲခဲ လိုက်သွားရင်း တုန်ယင်နေတဲ့အသံနဲ့ ပြောလိုက်တယ်။
“အကိုကြီး.. ကျွန်တော်တို့ အခန်းထဲမှာပဲ စကားသွားပြောလို့ မရဘူးလား? ကျွန်တော်တို့ ဘယ်ကို သွားမလို့လဲ?”
လီမူဝမ်းက သူ့ကိုပြန်ကြည့်ပြီး မည်းမှောင်စွာ ပြုံးလိုက်တယ်။
“အနောက်ခန်းထဲကို သွားလိုက်”
လီမူဝမ်းရဲ့စကားကိုကြားတော့ လီမူလင်းတစ်ယောက် သူ အရိုက်နှက်ခံရခြင်းမှ မလွတ်မြောက်နိုင်တော့ကြောင်းကို နားလည်သွားခဲ့တယ်။
သူတို့ ငယ်ငယ်တုန်းက သူဆိုးသွန်းခဲ့တဲ့အချိန်တိုင်း သူ့ရဲ့ အစ်ကိုကြီးက သူ့ကိုရိုက်တော့မယ်ဆိုရင် အနောက်ဘက်မှ အခန်းဆီကို သွားခိုင်းလေ့ရှိတယ်။
လီမူလင်းတစ်ယောက် ကြောက်လန့် တုန်ယင်စွာနဲ့ အစ်ကိုဖြစ်သူကို အသနားခံလိုက်မိတယ်။
“အကိုကြီး.. ကျွန်တော် မှားသွားမှန်းသိပါပြီ”