← Chapters

Chapter 72

Vol. 8 Ch. 72

Chapter 72

Vol. 8 Ch. 72

လီမူဝမ်းက အနောက်ခန်းဘက်ကို ရောက်တာနဲ့ လီမူလင်းရဲ့ လည်ပင်းကို သူ့ရဲ့လက်မောင်းနှင့်သိုင်းချုပ်လိုက်ပြီး သူ့ရဲ့ရင်ဘတ်နားမှာ ဖိထားလိုက်တယ်။

“ငါ မင်းကိုရိုက်မှာကိုတော့ ကြောက်သေးတယ်ပေါ့လေ.. မင်းသာ ကောင်းတဲ့အရာတွေလုပ်ခဲ့ရင် ငါက မင်းကို ရိုက်မှာတဲ့လား.. အခု မင်း ဘာတွေလုပ်ထားခဲ့လဲ..

အိမ်ကို ဆယ်နှစ်တိတိပြန်မလာခဲ့ဘူး? မင်းက မင်းရဲ့အမေကိုရော နှလုံးသားထဲမှာ ထည့်ထားသေးရဲ့လား?”

လီမူလင်းက လီမူဝမ်းရဲ့ သံမဏိလိုလက်မောင်းနှင့် တင်းတင်းကြပ်ကြပ် အချုပ်ခံထားရတာကြောင့် သူ့ရဲ့မျက်နှာက နီမြန်းလာခဲ့တယ်။

“အစ်ကိုကြီး.. ကျွန်တော် မှားမှန်းသိပါပြီ.. ကျွန်တော် စိတ်ရူးပေါက်ခဲ့မိတာပါ.. ထပ်ပြီး မလုပ်ရဲတော့ပါဘူး”

လီမူဝမ်း သူ့ရဲ့အရပ်နဲ့ တန်းတူနီးပါးလောက်ဖြစ်နေတဲ့ အငယ်ဆုံးညီလေးကို ကြည့်ရင်း သူငယ်ငယ်တုန်းက ဘယ်လိုပုံစံမျိုးလဲဆိုတကို တွေးတောလိုက်မိကာ သက်ပြင်းချလိုက်မိတယ်။

လီမူလင်းရဲ့ မျက်လုံးနားမှာ တခြားသောလက်တစ်ဖက်နဲ့ ရွယ်လျက်သားရှိနေခဲ့တဲ့ လက်သီးကလည်း အဆုံးမှာတော့ သူ့ကို မထိခဲ့ဘူး။

သူက လီမူလင်းရဲ့ လည်ပင်းကို ပြန်လွှတ်ပေးလိုက်ပြီး နီရဲနေတဲ့ မျက်လုံးတွေနဲ့ ပြောလာခဲ့တယ်။

“အကိုကြီးတစ်ယောက်အနေနဲ့ ငါ့ရဲ့တာဝန်တွေကို မကျေပွန်လို့ဖြစ်လာခဲ့ရတာပဲ.. ငါ မင်းကို ပညာကောင်းကောင်းတတ်အောင် မသင်ပေးနိုင်ခဲ့ဘူး.. အစောပိုင်းတုန်းက ငါသာ မိသားစုရဲ့တာဝန်ကို ကောင်းကောင်းကျေပွန်နိုင်ခဲ့မယ်ဆိုရင်.. တကယ်လို့ ငါသာ စစ်တပ်နဲ့လိုက်သွားခဲ့တဲ့အချိန်တုန်းက... ငါသာ....”

“အစ်ကိုကြီး!”

လီမူလင်း အလျှင်အမြန် ဖြတ်ပြောလိုက်တယ်။

“အစ်ကိုကြီးက ဂျပန်နတ်ဆိုးတွေကို တိုက်ခိုက်ဖို့အတွက် ထွက်သွားခဲ့ရတာလေ.. အစ်ကိုကြီးကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့တွေ အခု လိုမျိိုး ကောင်းကောင်း နေထိုင်နိုင်မှာ မဟုတ်ဘူး..

အခု အစ်ကိုကြီးက အိမ်နဲ့ ကီလိုမီတာ ထောင်နဲ့ချီအောင် ဝေးကွာတဲ့ စစ်တပ်မှာ ရှိနေခဲ့ရတာ.. အစ်ကိုကြီး အခုလိုမျိုး ပြောနေရမှာမဟုတ်ပါဘူး”

လီမူဝမ်းရဲ့မျက်လုံးတွေက မျက်ရည်တွေစီးကျလာတာကိုမြင်တော့ လီမူလင်းသည်လည်း မငိုကြွေးဘဲ မနေနိုင်တော့ဘူး။

“အစ်ကိုကြီး.. ကျွန်တော် မှားမှန်းသိပါတယ်.. ကျွန်တော်ကသာ မကောင်းခဲ့တဲ့လူပါ.. ကျွန်တော် အမေကို ဂရုမစိုက်ခဲ့မိဘူး.. တောင်းပန်ပါတယ်”

“အမေ့မှာ သားလေးယောက်ရှိတယ်.. အခု ငါတို့နှစ်ယောက်က အပြင်မှာရောက်နေပြီး တစ်နှစ်ပတ်လုံး အိမ်ကို ပြန်မလာနိုင်ဘူး..

အမေက ဘာမှမပြောပေမယ့် ပွဲတော်နေ့ရက်တွေကိုရောက်ရင် စိတ်မချမ်းမသာဖြစ်နေမှာမှာ သေချာတယ်.. မင်းက ပင်းချန်မှာရှိနေတာ .

အိမ်နဲ့ ဘယ်လောက်မှ မဝေးဘူး.. မင်းသာ ပြန်လာဖို့ကြိုးစားရင် ပြန်လာနိုင်တယ်..

မင်းအမေရဲ့အသက်ကို ပြန်ကြည့်လိုက်ပါဦး.. သူက အလွန်ဆုံးနောက်ထပ် နှစ်နည်းနည်းလောက်ပဲ နေရတော့မှာ”

လီမူဝမ်းက သူ့ရဲ့မျက်လုံးတွေကို လက်ဖဝါးနဲ့ ကြမ်းတမ်းစွာ သုတ်လိုက်တယ်။

“ငါ ဒီတစ်ခါ မစ်ရှင်အတွက်ပြီးမြောက်ခဲ့လို့ ပြန်ရောက်ရင် နောက်ထပ်အဆင့်တစ်ခု ထပ်တိုးသွားလိမ့်မယ်.. ဒီတော့ ကိစ္စကို အကုန် ဖြေရှင်းပြီးသွားရင် ငါ အထက်ကို ခွင့်တင်ပြီး ငါ့ရဲ့ ဇနီးသည်နဲ့ ကလေးတွေကို ပြန်ခေါ်လာခဲ့မှာ..

ငါ့ရဲ့အမေကို ဟိုမှာရှိနေတဲ့ ဇနီးနဲ့ မြေးတွေကို တွေ့ခွင့်ပေးရမယ်.. နောက်ပြီး ငါ့သားနှစ်ယောက်ကိုလည်း သူတို့ရဲ့ အမြစ်က ဘယ်ကလာတာလဲဆိုတာကို သိစေရမယ်”

လီမူလင်းက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ပြီး လီမူဝမ်းရဲ့နောက်ကနေ အိမ်ထဲကိုပြန်လာခဲ့ပြီး

မဒမ်လီကို မြင်တွေ့ရတဲ့အချိန်မှာ သူမကို ချက်ချင်း ပွေ့ဖက်ခဲ့ပြီး မျက်ရည်ဝဲစွာနဲ့ပြောလာတယ်။

“အမေ.. ကျွန်တော်မှားသွားပါတယ်”

မ၏မ်လီက မနှစ်မြို့စွာနဲ့ တွန်းထုတ်လိုက်ပြီး သူ့ကို တချက်ရိုက်လိုက်တယ်။

“ဘာကိစ္စရှိလို့လဲ မင်းရဲ့အစ်ကို မင်းကို ရိုက်လိုက်လို့လား”

“မဟုတ်ပါဘူး အစ်ကိုကြီးပြောတာကိုကြားတော့ ကျွန်တော် စိတ်မကောင်းဖြစ်ရတယ်”

လီမူလင်းက အမေဖြစ်သူကို နောက်တစ်ကြိမ် ပွတ်သပ်လိုက်ပြီး ဒူးတစ်ဝက်ထောက်ပြီး မဒမ်လီရဲ့ ပခုံးပေါ် မှာခေါင်းတင်ပြီး ရှိုက်ကာ ရှိုက်ကာနဲ့ ငိုလာတယ်။

“ ကျွန်တော်က အမေ့ကို အများကြီး နာကျင်စေခဲ့တာပဲ.. ကျွန်တော် ဆယ်နှစ်လောက်ကြာအောင် ပြန်မလာဘဲ မနေခဲ့သင့်ဘူး”

မဒမ်လီက သူ့ရဲ့ စကားကို နားထောင်ပြီး ပြန်ပြောလိုက်တယ်။

“မင်းရဲ့ အစ်ကိုက စစ်သားတစ်ယောက်ဖြစ်သွားခဲ့တော့ တွေ့ကြုံခဲ့ရတာတွေလည်း အများကြီးရှိနေမှာပဲ.. ငါ မင်းရဲ့အစ်ကိုကိုတွေ့တော့ မင်းအကြောင်းကို ပြောပြခဲ့တာ.. သူက ရိုက်နှက်တာထက် ပိုကောင်းအောင် ပြောခဲ့တဲ့ပုံပဲ”

သူမက သားဖြစ်သူရဲ့ မျက်နှာပေါ်မှ မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး အသာပုတ်ပေးလိုက်တယ်။

“ကောင်းပြီ ကောင်းပြီ.. ဒါတွေက ပြီးသွားပါပြီ.. မငိုနဲ့တော့.. မင်းလည်းလွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး တစ်နှစ်ကို နှစ်ကြိမ် အိမ်ကိုပြန်လာခဲ့တာပဲ..

မင်းရဲ့အမေက မင်းကို အပြစ်မတင်ပါဘူး.. မင်းရဲ့ သားတွေလည်း ဒီမှာရှိနေတယ်.. မင်းဆက်ငိုနေရင် မင်းရဲ့သားတွေ မင်းကို ရယ်မောလာမှာကို မကြောက်ဘူးလား”

လီမူလင်း သူ့ရဲ့မျက်လုံးထဲမှ မျက်ရည်တွေကို အလျှင်အမြန်သုတ်လိုက်ပြီး အမေဖြစ်သူကို ပြုံးပြလိုက်တယ်။

“ဒီနှစ် ကျွန်တော့်ရဲ့ အမေ့အတွက် ဝတ်စုံအသစ်ဝယ်လာခဲ့တယ်.. ကျွန်တော် အမေ့ကို ပြမယ်”

“မင်းရဲ့ ပိုက်ဆံတွေကို အများကြီးသုံးစွဲမနေနဲ့.. မင်းတို့ရဲ့ မိသားစုထဲမှာ မင်းတစ်ယောက်တည်း ပိုက်ဆံရှာနေရတာ.. အသက်ရှင်ရတာက မလွယ်ကူဘူး.. ပိုက်ဆံတွေကို အများကြီးသုံးစွဲမနေမဲ့..

ငါ့ဆီမှာ ဝတ်စရာအဝတ်အစားတွေ ရှိတယ်.. မင်းရဲ့အစ်ကိုကြီးကလည်း ငါ့အတွက် ဝယ်လာပေးခဲ့သေးတယ်”

မဒမ်လီက ထိုသို့ပြောခဲ့ပေမဲ့ သူမရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေတုန်းပဲ။

“မင်းရဲ့နှလုံးသားက သိတတ်နေရင် ရပါပြီ”

“အစ်ကိုကြီးဝယ်လာပေးတာက အစ်ကို့ကြီးဝယ်လာပေးတာဖြစ်ပြီး ကျွန်တော်ဝယ်လာတာက ကျွန်တော်ပေးတာပဲလေ”

လီမူလင်းက မဒမ်လီကိုဆွဲခေါ်ပြီး သူဝယ်လာတဲ့ အဝတ်အစားအသစ်တွေကို ပြဖို့ ခေါင်းမာနေခဲ့တုန်းပဲ။

မဒမ်လီကလည်း သားဖြစ်သူဆီကနေ နှစ်သိမ့်ပေးမှုကို ခံလိုက်ရပြီး စိတ်ပျော်ရွှင်စွာနဲ့ ဆွဲခေါ်တဲ့အတိုင်းလိုက်ပါသွားကာ သူယူလာတဲ့ အဝတ်အစားအသစ်တွေကိုယူပြီး စမ်းဝတ်ကြည့်တော့တယ်။

လီမူလင်းက သူ့ရဲ့အမေကို အဝတ်အစား စမ်းဝတ်ခိုင်းနေတုန်းမှာ မင်ရှုနဲ့ မင်ရှင်းတို့က လူကြီးတွေကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်နေခဲ့ကြတယ်။

ထို့နောက် မင်နန်နဲ့ မင်ပေတို့နဲ့အတူ တောစပ်ဆီသို့ ဆွဲခေါ်ခံလိုက်ရတယ်။

ကျန်းကျန်းကလည်း အခု အပြင်ဘက်ကို ထွက်နိုင်နေပြီဖြစ်လို့ အိမ်မှာ ပျင်းရိစွာ ကျန်နေရစ်ဖို့ကို မရွေးချယ်တာ သေချာပေါက်ပဲ။

သူမက ဝါဂွမ်းအင်္ကျီအထူကိုဝတ်ကာ ဦးထုပ်ကြီးကို အလျှင်မြန်ဆောင်းလိုက်ပြီး အနောက်က လိုက်သွားခဲ့တယ်။

ဒါပေါ့။ လီမင်ကျုံးကလည်း နောက်ကျမနေခဲ့ဘူး။ သူက ကျန်းကျန်းထွက်သွားတာကိုမြင်တာနဲ့ အိပ်နေရာကနေ ထလာပြီး အနောက်ကနေ ခုန်ပေါက်ပြီးလိုက်လာခဲ့တယ်။

“တတိယအစ်ကို.. စတုတ္ထအစ်ကို! ညီမလေးကိုစောင့်ဦး!”

ကျန်းကျန်းက သူမရဲ့ ခြေတံတိုတိုလေးတို့နဲ့ နောက်ကနေ အပြေးအလွှားလိုက်သွားခဲ့တယ်။

လီမင်ပေက အနောက်ကိုပြန်လှည့်ပြီး လက်ရမ်းပြလာတယ်။

“မင်းအိမ်ကို အမြန်ပြန်သွားလိုက် .. ငါတို့ မင်းကို ခေါ်သွားလို့မရဘူး”

ကျန်းကျန်းက မကြားချင်ယောင်ဆောင်ခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း လီမင်ပေဆီသိုပြေးသွားခဲ့တယ်။ ထို့နောက် သူ့ရဲ့လက်ကို ဆုပ်ကိုင်ကာ ခေါင်းကို မော့ပြီး သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်တယ်။

“ညီမလေးတို့ ဘယ်မှာ သွားကစားကြမှာလဲ”

လီမင်ပေကကျန်းကျန်းရဲ့ လည်ပင်းနားမှ ဂွမ်းကပ်အင်္ကျီရဲ့ ကြယ်သီးကို ကူတပ်ပေးလိုက်ပြီး အိမ်ကို ပြန်သွားခိုင်းလိုက်တယ်။

“အစ်ကိုတို့က သမင်ဖမ်းဖို့အတွက် တောင်ပေါ်ကိုတက်ဖို့ တွေးထားတာ.. အဲဒီနေရာက သွားရတာ မလွယ်ဘူး.. မင်းက အိမ်ကို မြန်မြန်ပြန်လိုက်ပြီး ဟုန်ကျုံးကိုပဲ ငါတို့နဲ့ ထည့်ပေးလိုက်လေ.. ဟုတ်ပြီလား”

လီမင်ကျုံးက သူ့ရဲ့စကားကိုကြားတော့ ချက်ချင်းပဲ မျက်လုံးလှန်လိုက်တယ်။ သူ့ကိုကြည့်ရတာ အတော်လေး အထင်အမြင်သေးနေသလိုပဲ။

လီမင်ရှုနဲ့ လီမင်ရှင်းတို့က သူ့ကိုကြည့်ပြီး ရယ်မောလိုက်ကြတယ်။ ထိုအခိုက်မှာပဲ လီမင်နမ်က ကျန်းကျန်းရဲ့လက်လေးကို လှမ်းကိုင်ကာ လီမင်ပေကိုပြောလိုက်တယ်။

“ ငါတို့တွေ ညီမလေးကို ခေါ်သွားကြတာပေါ့.. တကယ်လို့ သူမကို ပြန်လွှတ်လိုက်လို့ အဖွားဆီမှာ သွားတိုင်နေရင် ငါတို့ အရိုက်ခံရလိမ့်မယ်”

လီမင်ပေက သူ့ရဲ့အဖွားဖြစ်သူထံမှ အရိုက်ခံရမဲ့ပုံကိုတွေးတောရင်း ခေါင်းညိတ်လိုက်တယ်။

“ဒါဆို ဒီနေ့ တောင်ပေါ်ကို အဝေးကြီးထိ မသွားကြဘဲ နေရအောင်.. ငါတို့ ခဏလောက်ပဲ အနီးကပ်ကြည့်ကြမယ်”

လီမင်ရှုနဲ့ လီမင်ရှင်းတို့က ဆော့ကစားချင်နေတာကြောင့် တောင်ပေါ်သို့ အလျင်အမြန်တက်ခဲ့ကြပြီး လီမင်နန်နဲ့ လီမင်ပေတို့က လမ်းပြပေးခဲ့ကြတယ်။

တောင်ခြေရင်းနားကိုရောက်တော့ လမ်းတစ်လျှောက်လုံးမှာ နှင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့ပြီ။

လီမင်နန်က လမ်းကြောင်းကို တုတ်တစ်ချောင်းနဲ့ ထိုးကာ ရှာဖွေပေးခဲ့ပြီး လီမင်ရှုနဲ့ လီမင်ရှင်းတို့က အလယ်မှာ လျှောက်လာခဲ့ကြတယ်။ လီမင်ပေကတော့ ကျန်းကျန်းရဲ့ လက်ကို ဆုတ်ကိုင်ပေးထားခဲ့ပြီး အဆုံးမှာတော့ ဘယ်ကိုသွားလို့ သွားရမှန်းမသိဖြစ်နေတဲ့ လီမင်ကျုံးက လိုက်ပါလာတယ်။

လီမင်ရှုနဲ့ လီမင်ရှင်းတို့က ပုံမှန် တောင်ပေါ်ကို သွားနေကျသူတွေမဟုတ်ဘူး။ အထူးသဖြင့် အခုချိန်မှာ နှင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့တာကြောင့် ခြေလှမ်းလှမ်းရဖို့အတွက် ခက်ခဲနေခဲ့တယ်။

သူတို့ နှစ်ယောက်က မီတာတစ်ရာလောက် လမ်းလျှောက်ပြီးတဲ့နောက်မှာ ထပ်ပြီး လမ်းမလျှောက်နိုင်တော့ဘူး။

“မသွားနဲ့တော့ ဒီမှာ ထောင်ချောက်တွေဆင်ရအောင်”

လီမင်နန်က ပြောရင်းနှင့် မြေကြီးပေါ်မှ နှင်းတွေကို တုတ်ချောင်းနဲ့ ခြစ်လိုက်တယ်။

ထို့နောက် အနီးအနားမှာ လီမင်ကျုံးရဲ့ အရိပ်အယောင်ကို မမြင်တွေ့ရတာကို မြင်တော့ အနည်းငယ် စိုးရိမ်သွားပြီး မေးလိုက်တယ်။

“ဟုန်ကျုံး ဘယ်မှာလဲ.. သူ ပျောက်သွားတာတော့ မဟုတ်ဘူးမလား?”

ကျန်းကျန်း သူမရဲ့ အသိစိတ်ကို ဖြန့်ပျက်လိုက်တော့ မနီးမဝေးမှာရှိနေတဲ့ လီမင်ကျုံးကိုတွေ့လိုက်ရတယ်။ သူ့ရဲ့ပါးစပ်မှာလည်း ဝဖီးနေတဲ့ ယုန်ကြီးတစ်ကောင် ရှိနေတာကို တွေ့လိုက်ရတော့ သူမ ချက်ချင်း ဝမ်းသာသွားရတယ် ။

“ညီမလေး ပြန်ခေါ်လိုက်မယ်”

ထို့နောက် အသံကျယ်ကျယ်နဲ့ အော်လိုက်တယ်။

“လီမင်ကျုံး...!”

ထင်းရှူးနီတောထဲမှာ သူမရဲ့အသံကပဲ့တင်ထပ်သွားခဲ့ပြီး လီမင်ကျုံးက ချက်ချင်းပဲ သူမဆီကို ပြေးလာခဲ့တယ်။

လီမင်ပေရဲ့ မျက်လုံးတွေက အလွန်ကောင်းပြီး ဟိုးအဝေးကတည်းက လီမင်ကျုံးရဲ့ ပါးစပ်ထဲမှာ တစ်စုံတစ်ခုကို ကိုက်လာတာကို မြင်တွေ့ခဲ့တယ်။

သူက သစ်ငုတ်တိုတစ်ခုကို တွေ့ထားတာကြောင့် ထိုအပေါ်ကို တက်လိုက်ပြီး အရှေ့ကို လှမ်းမျှော်ကြည့်လိုက်တယ်။

“ဟုန်ကျုံးက ယုန်တစ်ကောင်ဖမ်းမိလာတဲ့ပုံပဲ”

လီမင်ရှုနဲ့ လီမင်ရှင်းတို့ သူ့ရဲ့စကားကိုကြားတော့ ခြေထောက်နာတာတွေ ၊ ခါးနာတာတွေ ပျောက်သွားခဲ့ပြီး လက်ထဲမှ တုတ်ကိုပြေးချကာ လီမင်ပေရဲ့ အနားကို သွားကြည့်ကြတယ်။

လီမင်ကျုံးကတော့ ယုန်ကို ပါးစပ်ထဲမှာ ကိုက်ထားပြီး သူ့ကိုမျှော်နေကြတဲ့ ညီအစ်ကို တစ်သိုက်ကို ဖြတ်ကျော်လာကာ ကျန်းကျန်းဆီသို့ တိုက်ရိုက်ပြေးလာခဲ့တယ်။

ထို့နောက် ယုန်သေကို ကျန်းကျန်းရဲ့ခြေထောက်နားကိုပစ်ချပြီး ကျန်းကျန်းဆီမှ ချီးကျူးစကားကို စောင့်မျှော်နေခဲ့တယ်။

ကျန်းကျန်း ပြုံးလိုက်ပြီး လီမင်ကျုံးရဲ့ခေါင်းကိုပွတ်သပ်လိုက်ကာ နို့သံလေးနဲ့ ချီးကျူးခဲ့တယ်။

“တော်တယ်.. ဒီနေ့ညကျရင် မင်းကို အသားတွေပေးမယ် “

လီမင်ကျုံးက ခေါင်းကိုထပ်ခါထပ်ခါညိတ်ကာ ကျန်းကျန်းဆီသို့ အသိစိတ်ကနေတဆင့် မမေ့မလျော့လှမ်းပြောလာတယ်။

“ငါ ဝက်သားနှပ် စားချင်တယ်”

ကျန်းကျန်း ဆွံ့အ,သွားရတယ်။

“စားရရင်တော့ ကောင်းတာပေါ့.. ငါ အဖွားကိုပြောတဲ့ အချိန်ထိစောင့်ဦး”

All Chapters