← Chapters

တံခါးအား တစ်ယောက်တည်း ပိတ်ဆို့ခြင်း

Vol. 11 Ch. 1089

တံခါးအား တစ်ယောက်တည်း ပိတ်ဆို့ခြင်း

Vol. 11 Ch. 1089

“ကျန်းချူရန်...”

ချန်းဖန်၏ မျက်လုံးများမှာ တောက်ပသွား၏။ ကျန်းချူရန်ကား လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကနှင့် လုံးဝ ခြားနား သွားခဲ့ပေသည်။

ချန်းဖန်နှင့် ချူကျိုးတွင် ပထမဆုံး တွေ့ဆုံစဥ် အခါက သူမမှာ သာမန် မိန်းမလှလေး တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ပိုမို ကျက်သရေ ရှိလာသလို ပိုမို၍လည်း အေးစက် လာခဲ့သည်။ ချန်းဖန်သည် သူမ၏ ခန္ဓာကိုယ်၌ နတ်ဘုရားချီ အချို့ ရစ်သိုင်းနေသည်ကိုပင် တွေ့မြင်ရသည်။ သူမသည် အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူများ အကြား၌ ရပ်နေသည့်တိုင် ထင်ရှားစွာ ပေါ်လွင် နေခဲ့၏။

တိုင်ချူ နတ်ဘုရား မင်းသားက သူမအား သဘောကျခြင်းမှ မထူးဆန်းတော့ချေ။

“နေဦး... ကျန်းချူရန်ကလည်း ပျိုးထောင်ခြင်း ခံထားရတဲ့ နတ်ဘုရားလောင်း တစ်ယောက်များလား...”

ချန်းဖန်က ခေါင်းကို ငုံ့ကာ တီးတိုး ရေရွတ်လိုက်၏။ ကမ္ဘာပေါ်ရှိ လူသားများ၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာ ထျန်းဟောင်ဂြိုဟ်နှင့် ကျဲ့ယွမ်ဂြိုဟ်တို့ရှိ ကျင့်ကြံသူများလောက် မြန်ဆန်ခြင်း မရှိချေ။ ကမ္ဘာကြီး ပြောင်းလဲ လာပြီးနောက် များစွာသော ကျင့်ကြံသူများမှာ ရွှေအမြုတေ အဆင့်ကို ချိုးဖျက် ခဲ့ကြသည်။ သို့သော်လည်း သူတို့ အားလုံးကား မူလ အဆင့်၊ ဉာဏ်အလင်း စုဆောင်းခြင်း ထိပ်ဆုံး အဆင့်များသို့ ရောက်ရှိနေခဲ့ကြပြီး ဖြစ်သည့် ကျင့်ကြံသူအိုကြီးများ ဖြစ်သည်။

သို့သော်လည်း ကျန်းချူရန်မှာမူ ခြောက်နှစ် အတွင်း သာမန် လူတစ်ယောက် အဖြစ်မှ ‌ရွှေအမြုတေ အဆင့်ထိ ရောက်အောင် တက်လှမ်းခဲ့ခြင်း ဖြစ်သည်။ ကြည့်ရသည်က သူမသည်လည်း နတ်ဘုရားချီ၏ ပြုစု ပျိုးထောင်မှု အချို့ကို ရရှိခဲ့ဟန် တူသည်။

“ဟီးဟီး... အကိုလင်းက နတ်ဘုရားဗိုလ်ချုပ်လင်းရဲ့ ဘေးမှာ ရှိတဲ့ မိန်းကလေးကို စိတ်ဝင်စား နေတာလား... သူ့ကိုတော့ ထိလို့ မရဘူးနော်... သူက တိုင်ချူ နတ်ဘုရား နယ်မြေရဲ့ နတ်ဘုရား မင်းသား ကိုယ်တိုင် ရွေးချယ်ထားတဲ့ ဇနီးလောင်းပဲ... သူက အဲဒီ မိန်းကလေးကို တိုင်ချူ နတ်ဘုရား နယ်မြေ အထိ ခေါ်သွားမှာတဲ့”

လင်းယွင်က ရယ်မောရင်း ဆိုလိုက်သည်။

“ဟဟ...”

ချန်းဖန်က ပြုံးလိုက်၏။

“ဒါနဲ့ မင်းတို့တွေ အကုန်လုံးက သူတို့ ဝင်ပေါက် ပိတ်ထားတာကို ဒီအတိုင်း ထိုင်ကြည့် နေကြတော့မှာလား... သူတို့ ဘယ်လောက်ပဲ အစွမ်းထက်တယ် ပြောပြော အခြေတည် ဝိညာဥ် အဆင့် ရာချီ စုပေါင်း တိုက်ခိုက်တာကိုတော့ မခုခံနိုင်ပါဘူး”

“ထာဝရဂိုဏ်းတွေက အင်အားကြီးတယ် ဆိုပေမဲ့ ကျုပ်တို့လို ဂိုဏ်း‌ငယ်လေးတွေ စုပေါင်း လိုက်ရင် သူတို့ကို ယှဥ်နိုင်မှာ သေချာပါတယ်... ဒါပေမဲ့ နောက်ဆက်တွဲ ပြဿနာတွေက ရှိသေးတယ်လေ... နောက်ပြီး နတ်ဘုရား ဗိုလ်ချုပ် နရန်တို့က မဝင်ခင် အများဆုံး သုံးရက်ပဲ နေမယ်လို့ ကတိပေးသွားတယ်... သူတို့ပြီးရင် ကျုပ်တို့ အလှည့်ပေါ့ဗျာ”

လင်းယွင်က ပြုံးရင်း ပြောလိုက်သည်။

“အဲ့လိုကိုး...”

ချန်းဖန်က ခေါင်းညိတ် လိုက်၏။ ထို့နောက် သူက ကျန်းချူရန်ကို နောက်တစ်ခါ ကြည့်လိုက်သည်။ အန်တီထန်ကို ပေးထားသော ကတိ အရ သူသည် သူမအား ချူကျိုးသို့ ပြန်ပို့ရမည် ဖြစ်သည်။

“ဒါပေမဲ့ ခုချိန်မှာ သူက ငါနဲ့ လိုက်ချင်ပါ့မလား”

ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

မြင့်မား ခမ်းနားသော နန်းတော်ကြီး၏ အရှေ့တွင်မူ...

ကျန်းချူရန်သည် တိတ်ဆိတ် အထီးကျန်စွာပင် မတ်တပ်ရပ်နေခဲ့၏။ တိုင်ချူ နတ်ဘုရား နယ်မြေ၏ တပည့်များမှာ သူမအား စကားပြောခြင်း မရှိကြချေ။

သူမသည် နတ်ဘုရား မင်းသား၏ ကတော်လောင်း တစ်ယောက် ဖြစ်သည့်တိုင် မည်သည့် နောက်ခံမှ မရှိသည့်လူ တစ်ယောက်သာ ဖြစ်သည်။ စွန့်ပစ်ခံဂြိုဟ်နယ်မြေမှ ရွှေအမြုတေ အစောပိုင်း အဆင့် တစ်ယောက်သာ ဖြစ်ပေသည်။ ထို့ကြောင့်ပင် အခြေတည် ဝိညာဥ် အဆင့်နှင့် ရွှေအမြုတေ ထိပ်ဆုံး အဆင့် များစွာမှာ သူမအား အဖက်လုပ်ကြခြင်း မရှိချေ။

“ငါက အတင်းအကြပ် ခေါ်လာတဲ့ အတွက် နင် စိတ်ဆိုးနေတာလား”

နတ်ဘုရား ဗိုလ်ချုပ်လင်းမှာ လက်နှစ်ဖက်ကို နောက်ပစ်ရင်း မေးလိုက်၏။ သူ၏ မျက်လုံးများကမူ နန်းတော်၏ တံခါးဝင်ပေါက်ကိုသာ စူးစိုက်ကြည့်နေဆဲ ဖြစ်သည်။

သူသည် ရွှေရောင်သံချပ်နှင့် အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏ မျက်ခုံး နှစ်ခုကြားတွင်မူ ရွှေရောင် အလင်း တစ်ခုက တဖျပ်ဖျပ် လက်နေသည်။ သူကား အလွန် ခန့်ညားကာ ချောမောလှ၏။ ထို့အပြင် သူ၏ ဓမ္မ စွမ်းအားမှာလည်း မယုံကြည်နိုင်လောက်အောင် အစွမ်းထက်လှပေသည်။

“မဟုတ်ပါဘူး...”

ကျန်းချူရန်က ဦးညွှတ်ရင်း ပြန်ဖြေ လိုက်သည်။

“ငါကြားတာတော့ ချန်းပေ့ရွှမ်း ဆိုတဲ့ ကောင်လေးက တိုင်ချူ ဘုရားကျောင်းနဲ့ ဝူကျိဂိုဏ်းတို့ကို ဖျက်ဆီး ပစ်လိုက်တယ်တဲ့... သူက နင့် မိတ်ဆွေဟောင်း တစ်ယောက်မလား”

နတ်ဘုရား ဗိုလ်ချုပ်လင်းက ရွှေရောင် တဖျပ်ဖျပ် လက်နေသော မျက်လုံးများဖြင့် ကျန်းချူရန်ကို ကြည့်လိုက်သည်။

“ကျွန်မတို့က မိတ်ဆွေတွေ ဖြစ်ခဲ့ဖူးပါတယ်... ဒါပေမဲ့ မတွေ့ဖြစ်တာတော့ အရမ်း ကြာပါပြီ”

ကျန်းချူရန်မှ အနည်းငယ် အံ့အားသင့် သွားဟန် ရ၏။

“ကောင်းတယ်... မကြာခင် နင်က ငါတို့ နတ်ဘုရား မင်းသားရဲ့ ဇနီး ဖြစ်လာလိမ့်မယ်... အနာဂတ်မှာ နင်က သူနဲ့ အတူ တိုင်ချူ နတ်ဘုရား နယ်မြေ တစ်ခုလုံးကို စိုးမိုး နိုင်လိမ့်မယ်... တကယ်လို့ ချန်းပေ့ရွှမ်း အပေါ် ခံစားချက် ရှိနေသေးရင် ဖတ်ပစ်လိုက်တော့”

နတ်ဘုရား ဗိုလ်ချုပ်လင်းသည် ခပ်တိုးတိုးသာ ပြောနေသည့်တိုင် သူ၏ အသံမှာမူ မိုးကြိုးများ အလား ကျန်းချူရန်၏ နားအတွက်း တိုးဝက်နေခဲ့သည်။ ကျန်းချူရန်သည် လက်သီးကို တင်းတင်းဆုပ် ထားမိ၏။ သူမ၏ ခန္ဓာကိုယ်က တောင်တစ်ခု၏ ဖိအားကို ခံထားရသည့် အလား အနည်းငယ် တုန်နေခဲ့သည်။ အတန်ကြာပြီး နောက်မှ ကျန်းချုရန်က ခေါင်းကို ငုံ့ကာ အဖြေပေး လိုက်သည်။

“ကျွန်မ နားလည်ပါပြီ...”

နတ်ဘုရား ဗိုလ်ချုပ်မှာ ခေါင်းတစ်ချက် ညိတ်ကာ တံခါးဆီသို့ ပြန်လည် ကြည့်လိုက်၏။

“မင်းသမီး... မင်းက ကမ္ဘာမှာ ကြီးပြင်းလာတဲ့သူ ဆိုတော့ အစစ်အမှန် ကျင့်ကြံခြင်း နယ်မြေကို မမြင်ဖူးသေးဘူး... နောက်ပြီး ကမ္ဘာပျက် မတတ် အရှင်သခင်တွေ၊ ပါရမီရှင်တွေကိုလည်း မင်း မတွေ့ဖူးဘူး... ဒါကြောင့် ဒီလိုဂြိုဟ်သေးသေးလေးပေါ်က လူတွေ အပေါ် ခံစားချက် ရှိနေတာ ငါ နားလည်ပါတယ်”

“ဒါပေမဲ့ နောက်ကျရင် ဂြိုဟ်ပေါင်းများစွာကို လွှမ်းမိုးနိုင်တဲ့ ထာဝရဂိုဏ်းကြီးတွေ၊ လကိုတောင် ဖျက်ဆီးနိုင်တဲ့ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွေကို မင်း မြင်တွေ့လာရမှာပါ... အဲဒီ အခါကျမှ ချန်းပေ့ရွှမ်း ဆိုတဲ့ ကောင်လေးက ဘယ်လောက် သေးငယ်တယ် ဆိုတာ မင်း နားလည်လာမှာပါ”

နတ်ဘုရား ဗိုလ်ချုပ်လင်းမှာ ပေါ့ပါးစွာသာ ဆိုနေသော်လည်း ကျန်းချူရန်မှာမူ သူ၏ စကားလုံးများထဲမှ မောက်မာမှုကို ခံစားမိပေသည်။ ထိုနတ်ဘုရား ဗိုလ်ချုပ်ကား လူသားများကို ပုရွက်ဆိတ်များ၊ ယင်ကောင်များ ကဲ့သို့ သဘောထားနေခြင်း ဖြစ်သည်။

နတ်ဘုရား ဗိုလ်ချုပ်လင်းက ဆက်ပြောလိုက်၏။

“နောက်ပြီး ချန်းပေ့ရွှမ်းက ငါတို့ရဲ့ အခြေတည် ဝိညာဥ် အဆင့်တွေကို သတ်ဖြတ်ပြီး ရန်စခဲ့တယ်... သူက သူ့ရဲ့ ဂြိုဟ်ကို တပ်ဖွဲ့‌သေးသေးလေးနဲ့ ကာကွယ်နေတဲ့ အချိန် ငါတို့ တိုင်ချူ နတ်ဘုရားနယ်မြေက စွန့်ပစ်ခံဂြိုဟ်နယ်မြေ တစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ အင်အားကို ပိုင်ဆိုင်ထားတယ်”

“ဒါတောင် ငါပြောနေတာ တိုင်ချူ နတ်ဘုရား နယ်မြေ တစ်ခုတည်းပဲ ရှိသေးတယ်နော်... ချန်းပေ့ရွှမ်းက ငါတို့ဂိုဏ်းကိုတင် မက ဝူကျိဂိုဏ်း၊ နဲ့ကုန်းဂိုဏ်းတွေကိုပါ ရန်စထားပါ... တောင်ပိုင်း ဒေသငယ်မှာ အင်အား အကြီးဆုံး ဖြစ်တဲ့ အပိုလိုဂိုဏ်းကိုတောင် သူက အလွတ်မပေးခဲ့ဘူးလေ... ကမ္ဘာ့ မျက်နှာပြင်ကို ပြန်ရောက်တာနဲ့ နတ်ဘုရား မင်းသားတွေက သူ့ကို ရှင်းပစ်တော့မှာ သေချာတယ်”

ကျန်းချုရန်မှာ နတ်ဘုရား ဗိုလ်ချုပ်လင်း၏ စကားကို နားထောင်ပြီးနောက် ခေါင်းငိုက်စိုက် ကျသွားခဲ့သည်။ သူမသည် ထိုလူများမှာ ကမ္ဘာအား စက္ကန့်ပိုင်း အတွင်းမှာပင် ဖျက်ဆီးပစ်နိုင်ကြောင်း ယုံကြည်ပေသည်။

“ကောင်းပါပြီ... ကျွန်မ နားလည်ပါတယ် နတ်ဘုရား ဗိုလ်ချုပ်...”

ကျန်းချူရန်က ခေါင်းငုံ့ရင်း ဆိုလိုက်သည်။

“ကောင်းတယ်...”

နတ်ဘုရား ဗိုလ်ချုပ်လင်းက ခေါင်းညိတ် လိုက်သည်။ ထို့နောက် သူသည် ဘာမှ ဆက်မပြောတော့ချေ။ သူ့အတွက် ချန်းပေ့ရွှမ်း ကဲ့သို့သော ကမ္ဘာမှ လူများမှာ နှစ်ကြိမ် ပြောဆိုရန် မတန်ချေ။

သုံးရက် ဟူသော အချိန်ကာလသည် လျှင်မြန်စွာ ကုန်ဆုံးသွား၏။

များစွာသော ကျင့်ကြံသူများမှာ မူလ နတ်ဘုရား နန်းတော်၏ ရှေ့မှောက်သို့ လာရောက် စုစည်း လာကြသည်။ ချန်းဖန်သည် ချန်းဟိုင်ဖန်းနှင့် ကျန်းထျန်းချိုး တို့ အပါအဝင် သူ မူလ တောင်ပိုင်းဂိတ်ဂြိုဟ်၌ ဆုံတွေ့ခဲ့သော ချီယွင်ဂိုဏ်းမှ လူစုကိုပင် တွေ့မြင်ရသည်။ ထိုသုံးရက် အတွင်း အခြား ထာဝရဂိုဏ်းများမှ နတ်ဘုရား မင်းသားများ ပင်လျှင် ထပ်မံ ရောက်ရှိ လာကြသည်။

“ရောင်းရင်းလင်း... မနက်ဖြန်ကျ ဝင်လို့ ရပြီနော်... ဒီတစ်ခါတော့ နတ်ဘုရား ဗိုလ်ချုပ်တွေက တားတော့မှာ မဟုတ်ဘူး”

လင်းယွင်က ဆိုလိုက်၏။ ချန်းဖန်က တိတ်ဆိတ်စွာပင် ခေါင်းခါ လိုက်သည်။

သုံးရက်မြောက်နေ့...

“ဝှစ်... ဝှစ်...”

ထာဝရဂိုဏ်းများမှ နတ်ဘုရား ဗိုလ်ချုပ်များမှာ သူတို့၏ သင်္ဘောကြီးများကို ဘေးသို့ ရွှေ့လျားကာ နန်းတော် ဝင်ပေါက်ကို ဖွင့်ပေးလိုက်၏။

လူတိုင်းမှာ အထဲသို့ ဝင်‌ရောက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် လူတစ်ယောက်မှာ ဝင်ပေါက်ရှေ့၌ ‌ပေါ်လာခဲ့၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရာချီသော ရွှေအမြုတေ အဆင့်များကို တားဆီး လိုက်သည်။

“ဒီနေရာကို ကမ္ဘာက ပိုင်တယ်... ခွင့်ပြုချက် မရှိပဲ ဘယ်သူမှ ဝင်ခွင့် မရှိဘူး”

ထိုအခိုက်အတန့်၌ လူတိုင်းမှာ ဆွံ့အသွားကြ၏။

***

All Chapters