← Chapters

Chapter 77

Vol. 8 Ch. 77

Chapter 77

Vol. 8 Ch. 77

ကွေ့ဟွားတစ်ယောက် မဒမ်လီရဲ့စကားတွေကို သဘောတူပြီးတာနဲ့ အပြင်ဘက်မှ တစ်စုံတစ်ယောက် တံခါးဖွင့်လာသံကို ကြားလိုက်ရတယ်။

ဝမ်စုဖန်း အပြင်ကိုထွက်ကြည့်လိုက်တော့ ကျန်းကျန်းက သူ့ရဲ့စစ်တပ်သုံးရေဘူးလေးကို ပွေ့ပိုက်ပြီး ဝင်လာတာကို မြင်လိုက်ရတယ်။

ဝမ်စုဖန်းက မျက်နှာသုတ်ပုဝါတစ်ထည်ကို အမြန်ယူလိုက်ပြီး ကျန်းကျန်းရဲ့ ဦးထုပ်နှင့် အပေါ်အင်္ကျီပေါ်မှ နှင်းတွေကို ခါပေးလိုက်တယ်။

“ဒီလောက်ထိ နှင်းတွေ အများကြီး ကျနေတာကို ဘာလို့ အိမ်ထဲမှာ ရေဒီယို နားမထောင်နေရတာလဲ.. မင်း ဘာလို့ အပြင်ကို ထွက်လာရတာလဲ”

ကျန်းကျန်းက သူမရဲ့ ခန္ဓာကိုယ်ကို မီးဖိုဘေးမှာ အပူပေးလိုက်တယ်။ ထို့နောက် ခန်ပေါ်ကိုတက်လိုက်ပြီး အသားမုန့်လုံးအနားကို တိုးကပ်သွားလိုက်ကာ သူ့ရဲ့ ဖောင်းကားနေတဲ့ ပါးလေးကို ရွှတ်ခနဲမြည်အောင် နမ်းလိုက်တယ်။

“သမီးရဲ့ အကြီးဆုံးတူလေးကို လွမ်းလို့”

ကွေ့ဟွား ပြုံးလိုက်ပြီး အသားမုန့်လုံးကို ကျန်းကျန်းရဲ့ ရင်ခွင်ထဲသို့ခဏလောက် ထည့်ပေးလိုက်ကာ ခဏလောက်နေတော့မှ ခန်ပေါ်မှာ ပြန်တင်ပေးလိုက်တယ်။

“ကျန်းကျန်း .. မင်းရဲ့ ယောက်မအိမ်မှာပဲ ခဏနေပြီး စကားပြောနေလိုက်လေ.. မင်းရဲ့ယောက်မက ပုံပြင်ပြောပြလိမ့်မယ်”

ဝမ်စုဖန်းနဲ့ မဒမ်လီတို့က အချိန်ပိုတွေ သိပ်မရှိဘူး။ ဒါကြောင့် ကျန်းကျန်းက ဒီမှာဆက်နေပေးဖို့ ဆန္ဒရှိတယ်ဆိုတော့ သူတို့တွေ ပြန်သွားဖို့ လုပ်ခဲ့ကြတယ်။

မဒမ်လီက ထွက်သွားခါနီး အချိန်မှာတောင် စိတ်ပူပန်စွာနဲ့ ညွှန်ကြားပေးနေတုန်းပဲ။

“ညစာစားချိန်ကျရင် အဖွား မင်းကိုလာကြိုပေးမယ်နော်.. တစ်ယောက်တည်း ပြန်မလာနဲ့.. အပြင်ကို ထွက်လာတဲ့အချိန် ခေါင်းပေါ်ကို နှင်းခဲကြီး ပြုတ်ကျလာရင် ဘယ်လိုလုပ်မလဲ”

ကျန်းကျန်းက နာခံစွာနဲ့ သဘောတူခဲ့ပြီး မဒမ်လီ ထွက်သွားတာနဲ့ ပူနွေးနေတဲ့ ခန်အနီးကို ပြန်လှည့်လိုက်ကာ အသားမုန့်လုံးရဲ့ လက်လေးကိုကိုင်ရင်း ကွေ့ဟွားကို စကားပြောလိုက်တယ်။

“ယောက်မ အိမ်ထဲမှာပဲ တစ်လကျော်လောက်နေရတာ ပျင်းနေပြီလား ?”

ကွေ့ဟွားက ခန်အစွန်းမှာထိုင်နေခဲ့ပြီး ပိတ်စကို ဖွင့်လိုက်တယ်။ထို့နောက် ကတ်ကြေးကိုထုတ်ကာ အပေါ်မှာ ဆွဲထားတဲ့ မျဉ်းကြောင်းတွေအတိုင်း တိုက်ရိုက်ဖြတ်တောက်နေခဲ့တယ်။

“မပျင်းပါဘူး.. အသားမုန့်လုံးလေးက အခုမှမွေးကာစဆိုတော့ မင်းအစ်ကိုကြီးနဲ့ ငါလည်း သူ့ကိုကြည့်နေရင်းနဲ့ကို မအားလပ်နိုင်ဘူးလေ.. ညဘက်ကျမှ ကောင်းကောင်းလေး အိပ်ရတာ.. တစ်လခွဲလောက်ကြာတော့ သူလည်းကောင်းကောင်းအိပ်လာပြီ.. အဲဒီအချိန်ကျရင် မင်းအစ်ကိုကြီးနဲ့ ငါက သူ့ကို စကားပြောနေလို့ရတယ်လေ”

“အစ်မတို့ ဘယ်အကြောင်းကို ပြောနေကြတာလဲ?”

ကျန်းကျန်းက ခန်ပေါ်မှာ လှဲလျောင်းရင်း ကွေ့ဟွားဆီကို စပ်စုလိုစွာ မေးလာတယ်။

ကွေ့ဟွားက ပြုံးလိုက်ပြီး ကျန်းကျန်းကို တစ်ချက်ကြည့်လာတယ်။

“ကလေးမလေးက သိချင်တာတွေများတာပဲ”

သို့ပေမယ့် သူမက ကျန်းကျန်းကို ချိုသာစွာ ပြုံးရင်း နားလည်လွယ်တဲ့နည်းနဲ့ပြောလာတုန်းပဲ။

“မင်းအစ်ကိုက သူတို့ရဲ့ကျောင်းမှာကြုံတွေ့ခဲ့ရတာတွေကို ပြောပြတယ်လေ.. လယ်ယာစိုက်ပျိုးရေးတွေလုပ်ရတဲ့အကြောင်းကိုရောပေါ့”

“သမီး အစ်ကိုကြီးက လယ်လုပ်နေတာလား”

ကျန်းကျန်းက ကွေ့ဟွား အပ်တစ်ချောင်းထုတ်ပြီး အဝတ်စချုပ်နေတာကို ကြည့်ရင်း ထပ်မေးလိုက်တယ်။

“စိုက်ပျိုးရေးက သူတို့ကျောင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိသေးတယ်”

ကွေ့ဟွားက သူမရဲ့အဝတ်အစားတွေကို အမြန်ချုပ်ရင်းနဲ့ ကျန်းကျန်းကို ရှင်းပြလာတယ်။

“သူတို့မှာ တခြားအတန်းတွေလည်း အများကြီးရှိတယ်.. ကျန်းကျန်း ကြီးပြင်းလာပြီး ကျောင်းတက်တဲ့အချိန်ကျရင်ကျောင်းတက်ရတာ အရမ်းစိတ်ဝင်စားစရာ ကောင်းတယ်ဆိုတာကို သိလာလိမ့်မယ်”

ကျန်းကျန်း သူမရဲ့အသက်ကို တိတ်တဆိတ်တွက်ချက်လိုက်တယ်။ သူမက 1960 ခုနှစ်တွေရဲ့အစောပိုင်းမှာမွေးဖွားခဲ့ပြီး သူမ ကျောင်းနေအရွယ် မတိုင်သေးခင်အချိန်လောက်မှာ နိုင်ငံအတွင်း တော်လှန်ရေးကာလဖြစ်လာလိမ့်မယ်။ ခန့်မှန်းရသလောက် သူမက ပညာရေးမစုံတဲ့ ကလေးတစ်ယောက် ဖြစ်လာတော့မဲ့ပုံပဲ။

နေ့ရက်တွေက လျှင်မြန်စွာ ဖြတ်သန်းကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်သစ်ကူးနေ့ကို ရောက်ရှိလာခဲ့တယ်။

နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မိသားစုက အခုလိုမျိုးပြီးပြည့်စုံတဲ့ ပေါင်းစည်းမှုကို ပြုလုပ်နိုင်ခဲ့တယ်။

ထို့အပြင် လုံလောက်တဲ့အစားအစာပမာဏနှင့်ကြီးမားပြီး အဆီပေါတဲ့ ဝက်တစ်ကောင်လည်း ရှိနေသေးတယ်။

လူတိုင်းက စားသောက်ရင်းနဲ့ ပါးစပ်မှာ ဆီတွေနဲ့ ကွင်းနေခဲ့ကြတယ်။

ဆယ့်ငါးရက်မြောက်နေ့ကိုရောက်တော့ လီမူလင်းတို့မိသားစု ပင်းချန်ကို ပြန်ရမဲ့ အချိန်ကို ရောက်ရှိလာခဲ့ပြီ။

ညီအစ်ကို တစ်စုက ဒီရက်ပိုင်းမှာ နေ့စဥ်နေ့တိုင် တောင်ပေါ်တက်တာ ဒါမှမဟုတ် ရေခဲပြင်ပေါ်မှာ လျှောစီးတာတွေ လုပ်ခဲ့ကြတယ်။

ဒါကြောင့် သူတို့ ပင်းလျန်ကို ပြန်သွားရတော့မယ်ဆိုတဲ့ သတင်းဆိုးကို သိလိုက်ရချိန်မှာတော့ တောရိုင်းထဲမှာပျော်နေတဲ့ လီမင်ရှင်းတစ်ယောက် မဒမ်လီကို ပွေ့ဖက်ရင်း သေလုမတတ် အော်ဟစ်နေတော့တယ်။

“ဘာပဲဖြစ်ဖြစ်.. ဒုတိယအစ်ကိုက ပင်းချန်မှာ ကျောင်းသွားတက်တော့မှာပဲဟာ.. သူ့ကိုပဲ အဖေရဲ့သားလုပ်ခိုင်းလိုက်တော့လေ!”

လီမင်ရှင်းက သူ့ကိုယ်သူ လီမူဝူဆီမှာ လှဲချလိုက်တယ်။

“ဒုတိယဦးလေး.. ကျွန်တော် အခုကစပြီး ဒုတိယဦးလေးရဲ့သားအဖြစ်နေတော့မယ်.. ကျွန်တော့်ကို မမောင်းထုတ်နဲ့တော့.. ကျွန်တော် ဦးလေးတို့နဲ့ပဲ အတူနေသွားတော့မယ်.. ကျွန်တော် တောင်ပေါ်ကိုတက်ပြီး ယုန်တွေဖမ်းမယ်!”

သူ့ရဲ့တူငယ်လေးက သူ့ခန္ဓာကိုယ်ပေါ်မှာ တွဲလောင်းဆွဲနေတာကို မြင်လိုက်ရတော့ လီမူဝူ ရယ်ရမလို ငိုရမဖြစ်ဖြစ်သွားရပြီး တူဖြစ်သူရဲ့ ခေါင်းကို ပွတ်သပ်ရင်း အနေရခက်စွာပြောလိုက်တယ်။

“အားလပ်ရက်ရောက်ရင် မင်းရဲ့ အဖေကို ပြန်ခေါ်လာခိုင်းလိုက်လေ.. ဒုတိယဦးလေးက မင်းကို အမြဲတမ်း ခေါ်ထားလို့မရဘူး”

“ဒုတိယဦးလေး.. သားကို တကယ်မလိုချင်တာလား”

လီမင်ရှင်းက လီမူဝူဆီသို့ မျက်ရည်တွေပြည့်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ရင်း ပြောလာတယ်။

လီမူဝူတစ်ယောက် အိုးဖင်ထက်တောင် ပိုပြီးမည်းမှောင်နေပြီဖြစ်တဲ့ ညီဖြစ်သူရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး လီမင်ရှင်းကို အလျင်အမြန်ဆွဲထုတ်ကာ လီမူလင်းရဲ့ရင်ခွင်ထဲသို့ ထည့်ပေးလိုက်တယ်။

“ဒုတိယဦးလေးမှာ မင်းအဖေထက် သားနှစ်ယောက်တောင် ပိုပြီးရှိတယ်

.. တကယ်လို့ မင်းသာ မိန်းကလေးတစ်ယောက်ဖြစ်နေမယ်ဆိုရင် ငါ ချက်ချင်းပဲ လဲပေးလိုက်မှာ”

လီမင်ရှင်းက ခေါင်းကို မော့လိုက်ပြီး သူ့အဖေကို ကြည့်ရင်း မျက်ရည်တွေ ကျလာပြန်တယ်။

လီမူလင်းက သူ့ရဲ့သားကို မည်းမှောင်နေတဲ့မျက်နှာနှင့် ဆွဲထုတ်လိုက်တယ်။

“မင်းက မင်းရဲ့အဖေကို အရမ်းမုန်းတီးနေတာလား”

လီမင်ရှင်းက ဝမ်းနည်းစွာနဲ့ ပြောလာတယ်။

“သားတို့အိမ်မှာ ယုန်ကင်မရှိဘူးလေ”

လီမူလင်းက အဖေဖြစ်သူကို ယုန်ကင်လောက်တောင် ဂရုမစိုက် ၊ မလိုချင်ဖြစ်နေတဲ့ သားကို လှည်းထဲ တွန်းထည့်လိုက်ပြီး အနောက်ဘက်ကို ပြန်လှည့်ကာ မဒမ်လီကို နှုတ်ဆက်လိုက်တယ်။

“အမေ.. ကျွန်တော်တို့ အခု ထွက်သွားတော့မယ်.. နွေရာသီပိတ်ရက်မှာ ပြန်လာခဲ့မယ်”

မဒမ်လီက ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။

“နွေရာသီကျရင် ငါ သူတို့နှစ်ယောက်ကို ခေါ်ထားလိုက်မယ်.. ပြီးရင် မင်နန်တို့နဲ့ မြစ်ကြီးထဲမှာ ရေကူးခိုင်းလိုက်မယ်.. ပြီးတော့ ငါးတွေ ဘာတွေလည်း သွားဖမ်းခိုင်းလိုက်မယ်.. အဲဒါတွေကလည်း ကင်လိုက်ရင် အရသာရှိတယ်”

အခုလေးတင် မျက်ရည်တွေ တိတ်သွားပြီဖြစ်တဲ့ လီမင်ရှင်းက နောက်တစ်ကြိမ် ကျယ်လောင်စွာ ငိုကြွေးလာခဲ့ပြန်တယ်။ လီမူလင်းကတော့ သူ့ရဲ့အမေအိုကြီးကို လှမ်းကြည့်ရင်း သူမက ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တာလို့ ခံစားနေမိတယ်။

သူ့အမေနဲ့လီမူဝူတို့ကို နှုတ်ဆက်ပြီးနောက် လီမူလင်းက လီမူဝမ်းဘက်ကို လှည့်ပြီး ပြောလိုက်တယ်။

“အစ်ကိုကြီး ပင်းချန်ကို ရောက်လာရင် ကျွန်တော့်အိမ်မှာ ရက်နည်းနည်းလောက် လာနေလိုက်ပါဦး”

လီမူဝမ်းက ပြုံးပြီး ပြောလိုက်တယ်။

“ဒါဆို ငါ မင်းအိမ်ကို လာလည်မယ်”

လူတိုင်းစကားပြောလို့ ပြီးလုနီးပါးဖြစ်နေတာကိုမြင်တော့ လီမူစန်းက မဒမ်လီကို နှုတ်ဆက်လိုက်တယ်။

“အမေ..ဒါဆို ကျွန်တော် စတုတ္ထညီကို ရထားဘူတာရုံဆီကို လိုက်ပို့ပေးလိုက်ဦးမယ်”

“သွားတော့”

မဒမ်လီက သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်တယ်။

“ရထားဘူတာကို စောစောရောက်အောင်သွားကြ.. မဟုတ်ရင် ရထား မမှီဘဲနေမယ်”

လီမူလင်းတို့မိသားစု ထွက်ခွာသွားပြီးနောက် လီမိသားစုက အတော်လေး တိတ်ဆိတ်သွားခဲ့တယ်။

လီမင်နန်နဲ့ လီမင်ပေတို့ကလည်း တစ်နေကုန် တောတောင်ပေါ်သို့ သွားမနေကြတော့ဘူး။

သူတို့တွေက စားပွဲမှာထိုင်ပြီး ဆောင်းတွင်း အားလပ်ရက်အတွက် အိမ်စာတွေကို ကြိုးကြိုးစားစားလုပ်နေခဲ့ကြတယ်။

လီမူဝမ်းက မဒမ်လီနဲ့ ရက်အနည်းငယ်ကြာအောင် အတူနေခဲ့တယ်။

ခွင့်ရက်တစ်လပြည့်ပြီး ပထမရက်ကို ရောက်လာချိန်မှာတော့ လီမူဝမ်းလည်း ထွက်ခွာသွားရဖို့ ဖြစ်လာခဲ့တယ်။

မဒမ်လီက ကျန်းကျန်း သူမကို ပေးခဲ့တဲ့ ရွှေချောင်းကြီးကို ထုတ်ယူကြည့်လိုက်တယ်။ ဒီလောက်ထိကြီးမားတဲ့ ရွှေချောင်းကြီးကို ပေရှားမှာလဲလှယ်ရောင်းချလို့မရနိုင်ဘူး။

တကယ်လို့ ပင်းချန်ကိုပို့လိုက်မယ်ဆိုရင်လည်း လီမူစန်းက သိပ်ပြီး သိတတ်မှာမဟုတ်ဘူး။ ဒါ့အပြင် တခြားတစ်ဦးဖြစ်တဲ့ ကျန်းချွမ်ဟွားက မျက်လုံးကျဥ်းပြီး ပါးစပ်ကျယ်တဲ့သူပဲ။

ဒီတော့ မဒမ်လီအနေနဲ့ ထိုအကြောင်းကို သူမ သိသွားမှာကို အမှန်တကယ် စိတ်ပူနေခဲ့တယ်။

ဒီအကြောင်းကို တွေးတော့ပြီးနောက် မဒမ်လီကက ဒီကိစ္စကို ကိုင်တွယ်ဖို့အတွက် သူမရဲ့သားကြီးကသာ ပိုပြီးစိတ်ချရလိမ့်မယ်လို့ ခံစားခဲ့ရတယ်။

ထင်ထားသလိုပဲ။ လီမူဝမ်းက ရွှေချောင်းတွေကို မြင်တော့ မျက်ခုံးကိုသာ ပင့်လာခဲ့တယ်။

သူက ထိုရွှေချောင်းတွေကို သဘာဝကျစွာ ဘေးမှာချလိုက်ပြီး မဒမ်လီကို မေးလာခဲ့တယ်။

“ဒါကို ဘာနဲ့ လဲလှယ်ချင်တာလဲ”

မဒမ်လီက ဆေးတံကို မီးညှိကာ တစ်ဖွာရှိုက်လိုက်ပြီး :

“ငါ ပိုက်ဆံနည်းနည်းလောက်လည်း လဲချင်တယ်.. ပိုက်ဆံရှိရင် ကျန်းကျန်းအတွက် ပစ္စည်းတွေဝယ်လို့ရတယ်.. ဘယ်အရာတွေက ပိုကောင်းလဲဆိုတာ မင်းကပိုသိလောက်မှာပဲ..

အဆင်သင့်လုပ်ထားတဲ့ ပစ္စည်းတချို့လောက်ကိုလည်း လဲလှယ်ပြီး အိမ်ကိုပြန်ပို့လိုက်ပေါ့..

တစ်ခုရှိတာက တကယ်လို့ အပ်ချုပ်လက်မှတ်သာရှိခဲ့ရင် ပိုက်ဆံ လောက်နဲ့လဲလှယ်ပြီး အပ်ချုပ်စက်တစ်လုံးနဲ့ ချုပ်ဖို့ အဝတ်စတွေလည်း လိုချင်တယ်.. ဒါပေမယ့် အပ်ချုပ်စက်က အရမ်းကောင်းတော့ ရဖို့ မလွယ်လောက်ဘူးထင်တယ်”

“အမေ.. စိတ်မပူပါနဲ့.. ဒါပေမယ့် အမေသာ ပိုက်ဆံပြောင်းချင်ရင် တစ်လုံးတစ်ခဲတည်းတော့ ပြန်မပို့နိုင်လောက်ဘူးဘူး.. အဲဒါက သတိပြုမိဖို့ လွယ်ကူလွန်းတယ်’

လီမူဝမ်းက ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ်။

“ ကျွန်တော် အမေဆီကို လစဉ်လတိုင်း တစ်ချို့လောက် ပို့ပေးမယ်.. တစ်နှစ်၊ နှစ်နှစ်လောက်ကြာလို့ ကျွန်တော် အိမ်ကို ပြန်လာမဲ့အချိန်ထိ စောင့်ပေးဦး.. အဲဒီအချိန်ကျရင် ကျန်တဲ့ပိုက်ဆံအားလုံးကို အမေဆီ ယူခဲ့မယ်”

မဒမ်လီ ခေါင်းညိတ်လိုက်တယ်။

“မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့”

သားအမိနှစ်ယောက် ညှိနှိုင်းပြီးနောက် လီမူဝမ်းက လီမင်ရှီကိုပါ တစ်ပါတည်းခေါ်ကာ ပင်းချန်သို့ ထွက်သွားခဲ့တော့တယ်။

All Chapters