← Chapters

Chapter 79

Vol. 8 Ch. 79

Chapter 79

Vol. 8 Ch. 79

ဒီနေ့မှာ ရာသီဥတုက သာယာနေခဲ့ပြီး လူကြီးတွေ အားလုံးကအလုပ်ကို သွားနေခဲ့ကြကာ ကလေးတွေရဲ့ တစ်ဝက်လောက်ကတော့ ကျောင်းကိုသွားနေခဲ့ကြတယ်။

လေးနှစ်၊ငါးနှစ်အရွယ် ကလေးတွေကလည်း မြစ်ထဲမှာ တစ်ယောက်တည်း ဆော့ကစားနေဖို့အဆင်မပြေဘူး။ ဒါကြောင့် အခုချိန်မှာ လူတွေအများကြီးကို မတွေ့ရဘူး။

လီမင်ကျုံးက ဒီနှစ်တွေမှာ အတော်လေး အရွယ်ရောက်လာပြီဖြစ်ကာ အရပ်လည်းရှည်လျှားလာကာ သန်မာလာခဲ့ပြီး လူအများအပြားကို ခြောက်လှန့်နိုင်နေခဲ့ပြီ။

သို့ပေမယ့် ကျန်းကျန်းကတော့ လီမင်ကျုံးရဲ့ကြီးထွားလာတဲ့အထဲမှာ သူ့ရဲ့ ဦးနှောက်တော့ မပါဘူးလို့ ထင်မြင်မိတယ်။

သူ့ရဲ့ နှိုင်းယှဥ်မရနိုင်တဲ့ အမဲလိုက်စွမ်းရည်ကလွဲရင် တုံးအတာထက် ပိုပြီး တုံးအ,လာသလိုပဲ။

သူတို့တွေ မြစ်ကမ်းနားကို ရောက်တော့ ကျန်းကျန်းက နေရာကောင်းတစ်ခုကို ရှာတွေ့လိုက်တဲ့အချိန်မှာပဲ လီမင်ကျုံးက ဗွမ်းခနဲ မြည်သံနဲ့အတူ ရေတွေ တဖြန်းဖြန်းစင်တဲ့အထိ မြစ်ထဲကိုခုန်ဆင်းသွားတော့တယ်။

ကျန်းကျန်းက ဒါကို မရှောင်နိုင်ခဲ့ဘဲ ရေနဲ့ဖြန်းပက်ခံလိုက်ရလေတယ်။ သူမ ဘောင်းဘီရှည်ကို အပေါ်သို့ ခေါက်တင်နေရင်းကနေ ခေါင်းပေါ်မှ ရေတွေကို သုတ်လိုက်ရကာ လီမင်ကျုံးဆီကို လှမ်းအော်တော့တယ်။

“ခွေးငတုံးကောင်! ငါ့ဆီပြန်လာခဲ့စမ်း!”

လီမင်ကျုံးက နောက်ကိုပြန်လှည့်ကြည့်လာခဲ့ပြီး ကျန်းကျန်းရဲ့ပုံစံကိုမြင်တော့ သူ့ရဲ့ဖြူဖွေးနေတဲ့ သွားကြီးတွေကို ဖော်ပြကာ သူ့ရဲ့ ရှေ့လက်နှစ်ချောင်းကို ဆန့်ထုတ်ရင်း ရေကူးပြေးဖို့ လုပ်ခဲ့တယ်။

ကျန်းကျန်းက လီမင်ကျုံးကြောင့် ဒေါသတကြီး ရယ်မောလိုက်ပြီး သူမရဲ့ဖိနပ်ကို ချွတ်ကာ ရေထဲသို့ ဆင်းပြီး လိုက်သွားချင်ခဲ့ပေမဲ့ မဒမ်လီက သူမကို အလျင်စလို ပွေ့ဖက်လိုက်တယ်။

“ဒီအချိန်က ရေတွေ သိပ်မနွေးသေးဘူး.. အေးခဲနေတုန်းပဲ.. မင်း ဘာလုပ်မလို့လဲ.. မြန်မြန်လေး ဖိနပ်ပြန်စီးလိုက်”

ကျန်းကျန်း ရဲ့ ဖြူဖွေးနူးညံ့တဲ့ ခြေဖဝါးလေးတွေက ရေထဲကို ဆင်းနေခဲ့ပြီ။ သူမက မဒမ်လီကို ပြုံးပြရင်း ပြန်ပြောလိုက်တယ်။

“အဖွား .. ရေက သိပ်မအေးပါဘူး.. သမီး ဝေးဝေးကိုမသွားဘူး.. ဒီနားလောက်မှာပဲ ငါးနဲ့ပုဇွန်တွေ ဖမ်းလိုက်မယ်”

မဒမ်လီလည်း လွှတ်ပေးလိုက်ပြီး ကျန်းကျန်းရဲ့ လက်ထဲကို ပိုက်ကွန်လေးတစ်ခု ထည့်ပေးလိုက်ကာ ရေပုံးကြီးကိုလည်း သူမရဲ့ဘေးနားမှာ ချထားပေးလိုက်တယ်။

ကျန်းကျန်းက ပိုက်အသေးလေးကို ကိုင်ကာ ရေထဲသို့ ဖြန့်ထုတ်လိုက်တယ်။ မိနစ်ပိုင်းလောက်ကြာချိန်မှာ ပိုက်ကို ရေထဲမှ ပြန်လည်ဖော်ထုတ်လိုက်တော့ ပုစွန်တွေက ပိုက်ထဲမှာ ခုန်ပေါက်လျှက်သား ပါလာခဲ့တယ်။

မဒမ်လီက ရေပုံးထဲသို့ ရေအနည်းငယ်ထည့်လိုက်ပြီး ခုန်ပေါက်နေတဲ့ ပုဇွန်တွေကိုကြည့်ကာ အနည်းငယ် အံ့သြသွားရတယ်။

“ပုဇွန်တွေကို ဘာလို့ ဒီလောက်တောင်ကြိုက်ရတာလဲ.. အခွံခွာလိုက်၊ ခေါင်းကို ဖယ်လိုက်နဲ့ .. တကယ်စားရမဲ့အသားက ဘယ်လောက်မှ မများဘူး”

“ဒါက အရသာရှိတယ်.. အဖွား ဒါကို ရေနဲ့ပြုတ်ပေးရင် ရပြီ”

ကျန်းကျန်း စကားပြောရင်းနဲ့ နောက်ထပ်ပုစွန်တွေ ထပ်ဖမ်းပြီး ပုံးထဲကို ထည့်လိုက်တယ်။

မဒမ်လီ ခေါင်းငုံ့ပြီး ကြည့်လိုက်တော့ သေချာတာပေါ့။ လက်တစ်ချောင်းစာလောက်ရှည်တဲ့ ပုစွန်ကွေးတွေ နှစ်ဆယ်၊သုံးဆယ်လောက်လောက်ကို တွေ့လိုက်ရတယ်။

အလေးချိန်ပေါင်အတော်လေး များလာချိန်မှာ မဒမ်လီက စားဖို့ လုံလောက်လောက်ပြီလို့ ပြောချင်ခဲ့ပေမဲ့ သူမ မပြောရသေးခင်မှာပဲ ကျန်းကျန်းက ထရပ်ကာ လီမင်ကျုံးဘက်ကို စိတ်လှုပ်ရှားစွာနဲ့ လှမ်းကြည့်လာတယ်။

ကျန်းကျန်းက ရေစပ်နားမှာရပ်ရင်း ဆယ်မီတာကျော်အကွာလောက်မှာရှိနေတဲ့ ရေထဲကိုလှမ်းကြည့်နေခဲ့တယ်။

အခုချိန်မှာ ကျန်းကျန်းရဲ့ အသိစိတ်ထိန်းချုပ်မှုက ပြီးပြည့်စုံတဲ့အဆင့်သို့ရောက်ရှိသွားပြီဖြစ်ကာ ထမင်းစားနေချိန်တွေ၊ စကားပြောနေချိန်တွေမှာတောင် သူမရဲ့အသိစိတ်က မျက်လုံးတစ်လုံးလိုမျိုးဖြစ်လာခဲ့ပြီး အလိုအလျောက်အလုပ်လုပ်နေနိုင်ခဲ့တယ်။

အခုချိန်မှာ သူမရဲ့အသိစိတ်က မီတာဆယ်ဂဏန်းအကွာအဝေးဆီမှာ လှည့်ပတ်နေခဲ့ပြီး မြက်ပင်တွေနှင့် သစ်ပင်တွေအားလုံးကိုတောင် စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း မြင်တွေတွေ့နိုင်နေခဲ့တယ်။

ဒီအချိန်မှာ ကျန်းကျန်း မြင်တွေ့နေရတာက လီမင်ကျုံးက ဆယ်ပေါင်ခန့်ရှိတဲ့ ငါးကြီးတစ်ကောင်နှင့် လုံးထွေးနေခဲ့တယ်။ ပုံမှန်အားဖြင့်ဆိုရင် လီမင်ကျုံးက တောဝက်တွေကိုတောင် တိုက်ခိုက်နေနိုင်ပြီဖြစ်ကာ တောဝက်တွေဆီကို အပြေးအလွှား တိုက်ရဲနေပြီ။

အခုချိန်မှာ လီမင်ကျုံးက သူ့ရဲ့ပါးစပ်ကို ဖွင့်နိုင်ဖို့ နည်းလမ်းမရှိဘူး။ သို့ပေမယ့် သူက တစ်ကြိမ်ပြီးတစ်ကြိမ် အပေါ်ကို တက်ပြီး လေကို ရှူရှိုက်ဖို့ ကြိုးစားနေခဲ့ကာ အားအင်တွေ လျော့နည်းနေသလို ခံစားရးနေရတယ်။ သို့ပေမယ့် လီမင်ကျုံးကတော့ လက်လျှော့ဖို့အတွက် ဆန္ဒမရှိသေးဘူး။

ကျန်းကျန်း အံ့သြသင့် စိတ်လှုပ်ရှားရတဲ့ အကြောင်းရင်းက လီမင်ကျုံးဖမ်းနေတဲ့ ငါးက ပေရှားမှာ တွေ့ရခဲတဲ့ ဆော်လမွန်ငါးဖြစ်နေတာကို သတိပြုမိသွားလို့ပဲ။

ကျန်းကျန်းတို့ မိသားစု မကြာခဏ ငါးလာဖမ်းနေတဲ့မြစ်က သူမတို့ရဲ့အိမ်နှင့် အနီးမှာရှိတဲ့ ယန်ချွေ့မြစ်ပဲ။ ပေရှားကို ဖြတ်သန်းပြီးတဲ့နောက်မှာ ယန်ချွေ့မြစ်က ထန်ဝန် မြစ်ဆီသို့ စီးဆင်းသွားကာ နောက်ဆုံးမှာ စုန့်ဟွားမြစ်ကြီးထဲကို စီးဆင်းသွားလိမ့်မယ်။

ဒီဆော်လမွန်ငါးက ပင်လယ်ထဲကနေ ကူးခတ်ရင်း ရောက်လာပေမဲ့ ဘယ်လိုလုပ်ပြီး ယန်ချွေ့မြစ်အထိ ရောက်ရှိလာတာလဲဆိုတာ သူကိုယ်တိုင်ပဲ သိလိမ့်မယ်။

ဆော်လမွန်ငါးဆိုတာက မြစ်ထဲမှာပေါက်ဖွားသော်လည်း ပင်လယ်ပြင်ဆီမှာ ကြီးပြင်းလေ့ရှိတယ်။ ပင်လယ်ထဲမှာ လေးငါးနှစ်လောက်ကြာအောင် နေထိုင်ပြီးနောက် အရွယ်ရောက်လာတဲ့အချိန်မှာ သူ့ရဲ့မွေးရပ်မြေသို့ရေကူးပြီး ပြန်လာခဲ့ကာ ထိုမြေရပ်မြေမှာပဲ ဥတွေပေါက်ဖွားလိမ့်မယ်။

ဆောင်းဦးရာသီကိုရောက်ရင် ဆော်လမွန်ငါးတွေကို ဟေးလုံကျင်း၊ ဝူစူးလီ၊ထူမင်မြစ်တွေမှာ မကြာခဏတွေ့မြင်နိုင်လိမ့်မယ်။

သို့ပေမယ့် ဆော်လမွန်တွေရဲ့တစ်ဝက်လောက်က မြစ်အောက်ပိုင်းတွေမှာသာ တွေ့ရှိနိုင်ပြီး အခုလိုမျိုး အထက်ပိုင်းကိုရောက်တဲ့အထိ ဆန်တက်ကူးခတ်နိုင်တာက အနည်းငယ် မျှလောက်သာ ရှိလိမ့်မယ်။

စုန့်ဟွားမြစ်ကြီးရဲ့ မြစ်လက်တက်ငယ်လေးတစ်ခုအနေဖြင့် ယန်ချွေ့မြစ်မှာ နှစ်ပေါင်းများစွာအတွင်း ဆယ်လမွန်ငါးတွေကို တွေ့ရခဲတာ အမှန်ပဲ။

ဒီဆော်လမွန်ငါးက တခြားငါးတွေထက် ပိုပြီးရေကူးတာ မြန်လို့လားတော့မသိနိုင်ဘူး။

ဆော်လမွန်ငါးတွေရဲ့ ပမာဏ အမြောက်အမြားက မြစ်ထဲသို့တောင် ပြန်မရောက်လာနိုင်ကြဘူး။ ဒါပေမဲ့ ဒီငါးကတော့ အလျှင်အမြန်ကူးခတ်လာခဲ့ပြီး မြစ်လက်တက်ဘက်သို့ ရောက်တဲ့အထိတောင် ခက်ခက်ခဲခဲ ကူးခတ်လာခဲ့တယ်။

ကျန်းကျန်းရဲ့ မျက်လုံးတွေက ငါးရဲ့ ဖောင်းကားနေသော ဗိုက်ကိုထိုးဖောက်ကြည့်ရင်း တံတွေးမြိုချလိုက်မိတယ်။

ဆော်လမွန်နဲ့ပတ်သက်ရင် ကျန်းကျန်းဆီမှာ သူမရဲ့အတိတ်ဘဝတုန်းက အတန်းဖော်တွေနဲ့ ရုရှားစားသောက်ဆိုင်မှာ စားသောက်ခဲ့ဖူးတဲ့ ညစာစားပွဲရတဲ့ အတွေ့အကြုံအပေါ်မှာ ထင်မြင်ချက်တွေ စွဲထင်ကျန်နေသေးတုန်းပဲ။

တခြားအရာတွေကိုတော့ များများစားစား မမှတ်မိတော့ဘူး။ ဒါပေမယ့် အလွန်သေးငယ်တဲ့ ပန်းကန်ပြားလေးထဲမှာ ထည့်ထားတာကို ယွမ် (600)တောင် ပေးခဲ့ရတယ်လေ။ ထိုအချိန်တုန်းက သူမ အလွန်စိတ်ဆင်းရဲသွားခဲ့ရပြီး ထို ငါးဥတွေကိုတောင် တစ်ဥချင်း ရေတွက်ခဲ့မိတယ်။ သူမအနေနဲ့ ငါးဥအစား ရွှေကိုပဲ စားခဲ့သင့်တယ်လို့တောင် ခံစားခဲ့ရတယ်။

အခုချိန်မှာ ထိုရုရှားအစားအစာကို စားခဲ့ရတာ အလွန်ကြာနေပြီဖြစ်လို့ ကျန်းကျန်းအနေနဲ့ ဆော်လမွန်ငါးဥရဲ့ အရသာကို မမှတ်မိတော့ပေမယ့် အလွန်အမင်း စျေးကြီးလွန်းတဲ့ ဈေးနှုန်းနဲ့ ရွှေဝါရောင်တောက်ပပြီးကြည်လင်နေတဲ့ ငါးဥပုံစံကတော့ ကျန်းကျန်းရဲ့ မှတ်ဉာဏ်ထဲမှာ ကျန်ရှိနေတုန်းပဲ။

“ကျန်းကျန်း.. မင်း ဘာတွေကြည့်နေတာလဲ”

ကျန်းကျန်းက အဝေးတစ်နေရာကို စိုက်ကြည့်နေတာကို မြင်လိုက်ရတော့ မဒမ်လီ အနည်းငယ် စိတ်ရှုပ်သွားရတယ်။

ကျန်းကျန်းက လီမင်ကျုံးရဲ့ ဦးတည်ရာဘက်ကို လှမ်းကြည့်ရင်း လီမင်ကျုံးကို အသိစိတ်ထဲကနေ ကူညီပေးလိုက်တယ်။

“လီမင်ကျုံးက ငါးကြီးတစ်ကောင်ကို ရှာတွေ့ခဲ့တယ်.. ဆယ်ပေါင်လောက်ရှိလောက်မယ်”

ဆယ်ပေါင်လောက်ရှိတဲ့ငါးဆိုတဲ့အသံကိုကြားတော့ မဒမ်လီလည်း တက်ကြွလာခဲ့တယ်။

“ဘယ်လိုငါးမျိုးလဲ.. ငါးကြင်းဖြူလား ဒါမှမဟုတ် ငါးကြင်းလား?”

ကျန်းကျန်းအနေနဲ့ သူမရဲ့ ဒီဘဝမှာ ဆော်လမွန်ငါးတစ်ကောင်ကို ပထမဆုံးမြင်ဖူးတာဖြစ်လို့ ခဏလောက်ရပ်ပြီး ပြောလိုက်တယ်။

“မသိဘူး.. သမီးလည်း ခုမှမြင်ဖူးတာ”

လီမင်ကျုံးက ပါးစပ်ကိုဖွင့်ကာ ဆော်လမွန်ဆီသို့ ကူကယ်ရာမဲ့နေတဲ့ အမူအရာနဲ့ ကူးခတ်နေတာကိုမြင်တော့ ကျန်းကျန်း သူမရဲ့ လက်ချောင်းကို ကွေးညွတ်လိုက်တယ်။

ချက်ချင်းပဲ ဆော်လမွန်ငါးက ကျန်းကျန်းရှိရာဘက်သို့ အလိုအလျောက် ကူးခတ်လာတော့တယ်။

လီမင်ကျုံးက ခွေးတစ်ကောင်ဖြစ်ပေမဲ့လည်း ကျန်းကျန်းရဲ့အကြောင်းကို လီမိသားစုထက် ပိုသိတယ်။ ငါးရဲ့ ကူးခတ်နေတဲ့ အနေအထားကို မြင်တော့ ကျန်းကျန်းက သူ့ကို ကူညီပြီး လှုပ်ရှားလိုက်တယ်ဆိုတာကို သိသွားခဲ့တယ်။

သို့ပေမယ့် သူသာ ဂရုမစိုက်မိရင် ငါး ထွက်ပြေးသွားမှာကို စိတ်ပူတာကြောင့် ငါးကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း လိုက်လာနေဆဲပဲ။

ငါးက ကမ်းစပ်ကိုကူးခတ်လာခဲ့ပြီး ကျန်းကျန်းကလည်း ပိုက်ကွန်ကိုအသင့်ထုတ်ကာ ရေထဲမှာချထားခဲ့တယ်။

ဆော်လမွန်ငါးက ပိုက်ထဲကိုဝင်သွားပြီးနောက် ပိုက်က ချက်ချင်းပဲ ရေထဲကိုနစ်မြှပ်သွားခဲ့တယ်။ မဒမ်လီက ထိုအခြေအနေကိုမြင်တော့ အမြန်ကူညီပေးခဲ့တယ်။

ဆော်လမွန်ငါးကို ပိုက်ထဲမှ ဆွဲထုတ်ကာ ရေပုံးထဲသို့ပစ်ချလိုက်တော့ ပုံးထဲမှာရှိနေတဲ့ ပုစွန်တစ်ဝက်လောက်က ပိသွားရကာ ကြေမွသွားတော့တယ်။

ဆော်လမွန်က အသားစားငါးအမျိုးအစားဖြစ်ပြီး သူ့ရဲ့ဗိုက်ထဲမှာ ငါးတွေပုစွန်တွေကို ဝါးမြိုထားခဲ့တယ်။ သို့ပေမယ့် အခုချိန်မှာတော့ ရေပုံးထဲမှာ ကွေးညွတ်ခံထားရတာကြောင့် ပုစွန်တွေကို စားဖို့မပြောနဲ့ လှုပ်တောင်မလှုပ်နိုင်တော့ဘူး။

မဒမ်လီ သူမရဲ့ မျက်လုံးတွေကို မှေးကျဥ်းကာ အချိန်အတော်ကြာအောင် အမျိုးအစား ခွဲခြမ်းကြည့်နေခဲ့ပေမဲ့ ဘာငါးအမျိုးအစားလဲဆိုတာကို မသိနိုင်ခဲ့ဘူး။

“ဒီလိုငါးမျိုးကို တစ်ခါမှ မမြင်ဖူးဘူး.. စားလို့ရမလား”

“ရပါတယ်.. သူ့ရဲ့အသားက ကြည့်ရုံနဲ့ကို အတော်လေးထူမဲ့ပုံပဲ”

ကျန်းကျန်းက ရေပုံးကြီးကို သယ်သွားချင်ခဲ့ပေမဲ့ မဒမ်လီကဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မှာတဲ့လဲ။ သူမက အလျှင်အမြန်ပဲ ရေပုံးကိုကိုင်လိုက်ကာ အဆုံးမှာ နှစ်ယောက်အတူ ဆွဲလာခဲ့ကြတယ်။

သူတို့ အိမ်တွေအနီးကိုရောက်လာချိန်မှာ လမ်းမှာ တွေ့တဲ့လူတိုင်းက လှမ်းမေးခဲ့ကြတယ်။

“အန်တီလီ.. မြစ်ဘက်ကို သွားခဲ့တာလား၊ ဘာတွေဖမ်းမိခဲ့လဲ”

မဒမ်လီက အပြုံးတစ်ခုနဲ့ ပြန်ဖြေခဲ့တယ်။

“ငါးလာဖမ်းတာလေ.. အိမ်ကိုပြန်ရောက်ရင် ငါ့ရဲ့ မြေးချွေးမလေးကို သူမရဲ့ခန္ဓာကိုယ်အားပြည့်အောင် စွပ်ပြုတ်လုပ်ပေးမလို့”

ယန်ချွေ့မြစ်မှာ ငါးဖမ်းလို့ရတာကို ဘယ်သူကမှ အရေးတယူမလုပ်ကြဘူး။ အထူးသဖြင့် ဩဂုတ်လက ငါးတွေ မြူးတဲ့ရာသီဖြစ်ပြီး မြစ်ထဲကိုသွားကြည့်ရင် ငါးတွေအစုလိုက်ပွက်နေတာကိုတောင် ရံဖန်ရံခါတွေ့နိုင်တယ်။ ဒါကြောင့် ဘယ်သူကမှ ဂရုမစိုက်ကြဘူး။

All Chapters