ဘယ်သူလဲ
Vol. 11 Ch. 1090
“သူ ဘာလုပ်နေတာလဲ...”
များစွာသော လူများမှာ ချန်းဖန်ကို နားမလည်စွာ ကြည့်လိုက်မိကြသည်။ ထိုလူငယ်သည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ အနက်ရောင် ဆံပင်များကို ပိုင်ဆိုင်ထား၏။ သူ၏ အနောက်၌ ဖြစ်ပေါ်နေသော မိစ္ဆာ နတ်ဘုရား ခြောက်ကောင်သည် သူ့အား အစွမ်းထက် မိစ္ဆာ ကျင့်ကြံသူ တစ်ယောက်မှန်း သိသာစေသည်။
“သူက ငါတို့ အားလုံး အထဲကို မဝင်အောင် တားနေတာလား...”
ကျင့်ကြံသူများစွာမှာ ချန်းဖန်ကို ကြောင်ကာ ကြည့်နေမိကြသည်။
“ဒါပေမဲ့ ဒီနေရာကို ကမ္ဘာက ပိုင်တယ်လို့ ဘာလို့ သူက ပြောတာလဲ... သူပြောသလိုဆို ဒီကမ္ဘာမှာ မွေးတဲ့လူတွေပဲ အထဲကို ဝင်ခွင့်ရှိတယ်... ငါတို့က ကျူးကျော်သူတွေ ဆိုတဲ့ သဘောပေါ့... အဲ့လိုဆို သူလည်း ကျူးကျော်သူပဲလေ... သူ မိစ္ဆာဂိုဏ်း တစ်ဂိုဏ်းက လာတယ် ဆိုတာ သိသာနေတာပဲ”
တစ်ယောက်က ခေါင်းခါ လိုက်၏။
“တောင်ပိုင်း ဒေသငယ် ကောင်းကင်နယ်မြေ တစ်ခုလုံးမှာ မိစ္ဆာဂိုဏ်းက သုံးဂိုဏ်းပဲ ရှိတယ်... သူက ဘယ်ဂိုဏ်းကလဲ”
“ဟမ့်... သူ့ဘာသူ ဘယ်ဂိုဏ်းက ဖြစ်ဖြစ်... ငါတို့လမ်းကို ပိတ်မယ် ဆိုရင်တော့ သေရမယ်”
ထိုအခိုက်၌ လှေပျံ၊ မွန်းစတား၊ စစ်သင်္ဘော စသည်ဖြင့် အမျိုးမျိုးကို စီးနင်း ထားကြသော ကျင့်ကြံသူများမှာ ချန်းဖန်ကို စူးစိုက် ကြည့်နေကြသည်။
“မင်း နောက်နေတာ မဟုတ်ရင် ခုချက်ချင်း ထွက်သွားဖို့ အကြံပေးချင်တယ်... ထာဝရဂိုဏ်းကြီးတွေရဲ့ နတ်ဘုရား မင်းသားတွေတောင် ဒီလို နန်းတော် ဝင်ပေါက်ကို ပိတ်ထားခြင်းရဲ့ အကျိုးဆက်ကို မရင်ဆိုင် ဝံ့ကြဘူး”
အခြေတည် ဝိညာဥ် အဆင့် အကြီးအကဲ တစ်ယောက်က ပြောလိုက်သည်။ ထိုအကြီးအကဲသည် အညိုရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ အနီရောင် ဗူးသီးခြောက် တစ်ခုပေါ်၌ ထိုင်နေခဲ့သည်။ အချို့က ထိုအကြီးအကဲမှာ ဝိုင်နတ်ဘုရားဂိုဏ်းချုပ် ဝူယွမ် ဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။ သူထိုင်နေသော အနီရောင် ဗူးသီးခြောက်မှာ မြစ်ပြင်ကျောက်မျက်ဟု ခေါ်သည့် ကောင်းကင် ရတနာ တစ်ခု ဖြစ်ပေသည်။
“နတ်ဘုရား မင်းသား လင်းဟယ်... ဘေးကို မြန်မြန်လေး ဖယ်ပေးလိုက်ပါဗျာ”
လင်းယွင်ကလည်း ဆိုလိုက်၏။
“လင်းဟယ်... နေမိစ္ဆာဂိုဏ်းရဲ့ နတ်ဘုရား မင်းသားလား... အခြေတည် ဝိညာဥ် အဆင့် ရာချီကို တစ်ယောက်တည်း တားရဲတာ မထူးဆန်းတော့ဘူး”
လူများမှာ အံ့သြ သွားကြသည်။
မိစ္ဆာနေဂိုဏ်း၏ လင်းဟယ်မှာ ကြယ်ပင်လယ် အတွင်း၌ အလွန် ကျော်ကြားသည်။ သူ၏ ရက်စက် ကြမ်းကြုတ်မှုမှာ ပြိုင်ဘက်ကင်းလှ၏။ နတ်ဘုရား ဗိုလ်ချုပ်များ ပင်လျှင် လင်းဟယ်ကို လေးနက်စွာ ကြည့်လိုက်မိကြသည်။
သို့သော်လည်း များစွာသော လူများမှာ မျက်မှောင်ကြုတ် နေမိဆဲ ဖြစ်သည်။ လင်းဟယ်ပြောသည် ဤနေရာအား ကမ္ဘာက ပိုင်သည်ဆိုသော စကား အဓိပ္ပာယ်က မည်သည်နည်း။ သူ ကိုယ်တိုင်သည်လည်း ကမ္ဘာမှ တစ်ယောက် မဟုတ်ချေ။ သူက သူတို့ကို ကူညီနေသည်လား။
“ဟဟ... လင်းဟယ် အင်းက ကျော်ကြားတယ် ဆိုပေမဲ့ တောင်ပိုင်း ဒေသငယ် ကောင်းကင် သတ်မှတ်ချက်မှာ အဆင့် ၅၀ နေရာမှာပဲ ရှိတာနော်... စွမ်းအား အရ ပြောရမယ် ဆိုရင်တောင် ငါက မင်းထက် ပိုပြီး အစွမ်းထက်တယ်နော်”
ဝူကျိဂိုဏ်း၏ နတ်ဘုရား ဗိုလ်ချုပ်ယွင်က ပြောလိုက်သည်။ သူသည် တိမ်နဂါး နှစ်ကောင်၏ ဝန်းရံမှု အလယ်၌ နတ်ဘုရား တစ်ပါး အလား တည်ရှိနေ၏။
“ဟမ့်... လင်းဟယ် နာမည်ဆိုးနဲ့ ကျော်ကြားတာကို ဘဝင်မြင့် မနေနဲ့... မင်း သတ္တိရှိရင် ငါနဲ့ တိုက်ရဲလား”
နဲ့ကုန်းဂိုဏ်း၏ နတ်ဘုရား ဗိုလ်ချုပ် ရွှမ်မင်က နှာခေါင်းရှုံ့ လိုက်သည်။
လင်းဟယ် ကျော်ကြားသည်ကား မှန်သည်။ သို့သော်လည်း ထိုအရာက သူ၏ ရက်စက် ကြမ်းကြုတ်မှုကြောင့်သာ ဖြစ်သည်။ စွမ်းအား အရ နှိုင်းယှဥ်ရပါက လင်းဟယ်မှာ အခြား နတ်ဘုရား မင်းသားများ၏ အောက်ဆုံးတွင်သာ ရှိသည်။ သူသည် လော့ချန်ရှန်းထက် အနည်းငယ်လေးသာ ပိုမို အစွမ်းထက်ခြင်း ဖြစ်သည်။
ထိုအခိုက်၌ ကျန်းချူရန် တစ်ယောက် သာလျှင် အလွန်အမင်း အံ့အားသင့် နေခဲ့၏။ သူမသည် ပါးစပ်ကို ပိတ်ကာ ခံစားချက်တို့ ရောပြွမ်းသော မျက်လုံးများဖြင့် ချန်းဖန်ကို ကြည့်နေခဲ့သည်။ သူက မည်ကဲ့သို့ နတ်ဘုရား မင်းသားလင်း ဖြစ်သွားသည်ကို သူမ နားမလည်ချေ။
ထိုအခိုက်တွင်ပင် တစ်ယောက်က အော်ဟစ် လိုက်၏။
“သူက မိစ္ဆာနေဂိုဏ်းက လင်းဟယ် မဟုတ်ဘူး... နတ်ဘုရား မင်းသားလင်းက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေရဲ့ တစ်နေရာမှာပဲ အသတ်ခံလိုက်ရပြီ... အဲဒီ ကိစ္စ အတွက် မိစ္ဆာနေဂိုဏ်းက အရမ်း ဒေါသထွက်နေတာ... အခုဆိုရင် သူတို့ရဲ့ မဟာ အကြီးအကဲနဲ့ အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူတွေ ခြေရာခံပြီး အရှေ့ဂြိုဟ်ကို လိုက်လာ နေကြပြီ”
“ဘာ...”
လူများမှာ အံ့အားသင့် သွားကြသည်။
“ဒါဆို လင်းဟယ်က သေပြီပေါ့... ဒီအနက်ရောင်ဝတ် မိစ္ဆာ ကျင့်ကြံသူက အတုပေါ့ ဟုတ်လား”
ချန်းဖန်က အသံလာရာသို့ လှမ်းကြည့်လိုက်ရာ မူလ တောင်ပိုင်းဂိတ်၌ တွေ့ခဲ့ရသော ချီယွင်ဂိုဏ်းရအုပ်စုကို တွေ့လိုက်ရသည်။ ကျန်းထျန်းချိုးမှာ ချန်းဖန်၏ အကြည့်ကို မရင်ဆိုင်ဝံ့သည့် အလား ခေါင်းငုံ့နေခဲ့၏။ ချန်းဟိုင်ဖန်းမှာမူ ချန်းဖန်အား လှောင်ပြောင်သော ပုံစံဖြင့် ကြည့်နေခဲ့သည်။
အနီရောင် ဗူးသီးခြောက်ထက်ရှိ ဝူယွင်က ချန်းဖန်ကို လက်ညိုးထိုး လိုက်သည်။
“မင်းက နတ်ဘုရားမင်းသားလင်း မဟုတ်ဘူးပဲ... ပြောစမ်း မင်းက ဘယ်သူလဲ... ဘာဖြစ်လို့ မင်းကိုယ်မင်း နတ်ဘုရား မင်းသားလင်း လို့ပြောရတာလဲ... ငါ့အထင် နတ်ဘုရား မင်းသားလင်းကို သတ်တဲ့သူက မင်းပဲ ဖြစ်ရမယ်”
ချန်းဖန်အား ရဲရဲပင် မကြည့်ဝံ့ခဲ့သည့် အခြေတည် ဝိညာဥ် အဆင့်များမှာလည်း ချန်းဖန်ကို စတင် လှောင်ပြောင်ကြသည်။ သူတို့သည် ချန်းဖန်ကို တစ်ခါမှ မကြောက်ဖူးသည့် အလားပင်။
“ငါက မင်းတို့ကို လင်းဟယ်လို့ ပြောလို့လား”
ချန်းဖန်က တည်ငြိမ်စွာပင် မေလိုက်သည်။
“မင်းက လင်းဟယ် မဟုတ်ဘူး ဆိုရင်လည်း ဘေးဖယ်... ဘာလို့ ငါတို့လမ်းကို လာပိတ်နေတာလဲ... မင်းက ဘယ်သူလဲ”
နတ်ဘုရား ဗိုလ်ချုပ်လင်းက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။
“ငါက ချန်းပေ့ရွှမ်းပဲ...”
ချန်းဖန်က ပြောလိုက်သည်။
“မင်းကိုး...”
နတ်ဘုရား ဗိုလ်ချုပ်လင်းမှာ အနည်းငယ် အံ့သြသွား၏။ အခြား နတ်ဘုရား ဗိုလ်ချုပ်များမှာ အစပိုင်း၌ မျက်မှောင်ကြုတ် လိုက်မိကြသော်လည်း တခဏ အကြာတွင်မူ သူတို့၏ အကြည့်များက ပုရွက်ဆိတ် တစ်ကောင်ကို ကြည့်သကဲ့သို့ ပြောင်းလဲ သွားကြသည်။ ရာချီသော အခြေတည် ဝိညာဥ် အဆင့်များမှာမူ ချန်းဖန်ကို ကြည့်ကာ ဆွံ့အ နေမိကြ၏။
“ချန်းပေ့ရွှမ်း... မင်းက အပြင်မှာ ရှိတဲ့ ငါတို့ဂိုဏ်းတွေကို ရှင်းပစ်လိုက်တဲ့ တစ်ယောက်ပေါ့... မင်းက ဘယ်က သတ္တိနဲ့ နတ်ဘုရား ကုန်းမြေကို လာပြီး ငါတို့ရဲ့ လမ်းကို ပိတ်ရဲရတာလဲ... ကြည့်ရတာ မင်းက အသက်မရှင်ချင်တော့ဘူး ထင်တယ်”
“ဟုတ်ပါ့... သူ့ကို ကြည့်ရတာ အားနည်းတဲ့ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် နှစ်ယောက်ကို သတ်နိုင်ရုံနဲ့တင် ကြယ်ပင်လယ်က လာတဲ့ဂိုဏ်းတွေကို တစ်ယောက်တည်း ရင်ဆိုင်ချင်နေတဲ့ ပုံရတယ်”
“ဟာသပဲကွာ...”
များစွာသော လူများမှာ ခေါင်းခါ လိုက်ကြသည်။
“ဟဟ... ဘာပဲဖြစ်ဖြစ် ကောင်းသားပဲ... ကမ္ဘာ မျက်နှာပြင် ရောက်ရင် သူ့ကို သတ်ဖို့ လိုက်ရှာနေစရာ မလိုတော့ဘူးပေါ့”
ဝူကျိဂိုဏ်းနှင့် အပိုလို နန်းတော်၏ အကြီးအကဲများမှာ ရယ်မော လိုက်ကြသည်။
“သူ့တင် မဟုတ်ဘူး... သူနဲ့ ပတ်သက်တဲ့လူတွေ အကုန်လုံးကိုပါ သတ်ပစ်ရမှာ... ရက်ရက်စက်စက် သတ်မပြရင် ဒီဂြိုဟ်က တိရစ္ဆာန်တွေက ငါတို့ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ သိမယ့်ပုံ မပေါ်ဘူး”
တစ်ချိန်တည်း၌ လင်းယွင်မှာ အံ့အားသင့် နေမိခဲ့၏။
သူက မိစ္ဆာနေဂိုဏ်းက လင်းဟယ် မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒေသခံ လူတစ်ယောက် ဖြစ်သွားရတာလဲ။
နတ်ဘုရား ဗိုလ်ချုပ်လင်းက ကျန်းချူရန် ဘက်သို့ လှည့်ကာ ကြည့်လိုက်သည်။
“ဒီကောင်လေးက သတ္တိတော့ တကယ်ရှိတာပဲ... ဒါပေမဲ့ သူက ကျောက်တောင်ကို ခွဲဖို့ ကြိုးစားနေတဲ့ ကြက်ဥတစ်လုံး သာသာပါပဲ... သူက ဘယ်သူတွေကို ရန်စနေတယ် ဆိုတာကိုတောင် သိပုံ မရဘူး”
ကျန်းချူရန်က ဘာမှ ပြန်မပြောပဲ ခေါင်းကိုသာ ငုံ့လိုက်သည်။ သူမသည် လက်သီးကို တင်းတင်း ဆုပ်ထား၏။ သို့သော်လည်း သူမ၏ မျက်နှာက ဖြူရော်ကာ သူမ၏ မျက်လုံးများမှာလည်’ စိုးရိမ်ပူပန်ခြင်းများဖြင့် ပြည့်နှက် နေသည်။
ထိုအခိုက်တွင်ပင် အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူ တစ်ယောက်မှာ ကောင်းကင်သို့ ပျံတက်လာကာ သူ၏ ကြီးမားသော ကြေးပုဆိန်ဖြင့် ပစ်ပေါက် တိုက်ခိုက်လိုက်၏။
“ဘုန်း...”
ကြေးပုဆိန်သည် အလွန် လျှင်မြန်စွာ လည်ပတ်ကာ အလင်း စက်ဝိုင်း တစ်ခု အဖြစ် ပြောင်းလဲ သွားသည်။ ၎င်းသည် ပေထောင်ဂဏန်းကို မျက်တောင် တစ်ခပ်စွာ အတွင်း ပျံသန်းလာကာ ချန်းဖန်၏ အရှေ့၌ ပေါ်လာခဲ့သည်။
“ဟန်ထျန်း ပုဆိန်....”
ထိုအရာကား “လုထျန်းမင်” ဟု ခေါ်သော ကျင်တင်းဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ပိုင်ဆိုင်သည့် ကောင်းကင် ရတနာ ဖြစ်သည်။ လုထျန်းမင်သည် အခြေတည် ဝိညာဥ် အစောပိုင်း အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်ရာ သူ၏ တိုက်ခိုက်မှုမှာ အရှေ့ဂြိုဟ်၏ မည်သည့် ကျင့်ကြံသူကို မဆို သတ်ဖြတ်နိုင်ပေသည်။
သို့သော်လည်း လူအများ၏ မျှော်လင့်ထားမှုနှင့် ဆန့်ကျင်စွာပင်...
“ကလန့်...”
ချန်းဖန်သည် လက်သီးကို မြှောက်ကာ ထိုးလိုက်၏။ ထိုအခါ ဟန်ထျန်း ပုဆိန်မှာ လက်သီးရာကြီး တစ်ခု ဖြစ်ပေါ်လာကာ နောက်သို့ ပြန်လည် လွင့်စဥ် သွားသည်။
“သူက ကောင်းကင်ရတနာကို လက်ဗလာနဲ့ ပိတ်ဆို့ လိုက်တာလား”
များစွာသော လူများ၏ မျက်လုံးများမှာ ပြူးကျယ် သွားသည်။
“ဒဏ္ဍာရီထဲက ခန္ဓာကိုယ် သန့်စင်တဲ့ ကျင့်ကြံသူတွေပဲ အဲဒီလို စွမ်းအားကို ပိုင်ဆိုင်နိုင်တယ်”
လင်းယွင်က ရေရွတ်လိုက်သည်။
တောင်ပိုင်း ဒေသငယ် ကောင်းကင်နယ်မြေ၌ ကျင့်ကြံသူများကို ချီသန့်စင်သည့် ကျင့်ကြံသူနှင့် ခန္ဓာကိုယ် သန့်စင်သည့် ကျင့်ကြံသူ ဟူ၍ နှစ်မျိုးခွဲထားသည်။ ခန္ဓာကိုယ် သန့်စင်သည့် ကျင့်ကြံသူ အရေအတွက်မှာ အလွန် ရှားပါးလှပြီး ထိုလမ်းစဥ်ဖြင့် အခြေတည် ဝိညာဥ် အဆင့် ဖြစ်လာကြသူများမှာ အလွန် အစွမ်းထက်ကြသည်။ သူတို့သည် တောင်ပိုင်းဒေသငယ်တွင်ပင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်အောက် အရှင်သခင်များ အဖြစ် ရပ်တည်နိုင်ကြပေသည်။
“ဟဟ... ငါကြိုးစားကြည့်ပါရစေ...”
ဝူယွမ်က အနီရောင် ဗူးသီးခြောက်၏ အဆို့ကို ဖွင့်လိုက်ရာ မြစ်တစ်စင်း ထွက်ပေါ် လာခဲ့သည်။ ပထမ၌ ထိုမြစ်မှာ အလွန် သေးငယ်သော်လည်း စီးဆင်းလာသည်နှင့် အမျှ ပိုမို ကျယ်ပြန့်လာ၏။ အဆုံး၌ ၎င်းမှာ မိုင်တစ်ရာ အထိ ရှည်လျားလာကာ နတ်ဘုရား ကုန်းမြေ တစ်ခုလုံးကို ဖုံးအုပ် သွားတော့သည်။
“သွား...”
ဝူယွင်က လက်ညိုးထိုး လိုက်ရာ ငွေရောင် မြစ်မှာ ကျယ်လောင်စွာ အော်မြည်ရင်း ချန်းဖန်ထံ တိုးဝင် သွားလေ၏။
“ဘုန်း...”
ချန်းဖန်က လက်သီးဖြင့် ဆီးကာ ထိုးလိုက်သည်။ မြစ်သည် မိုးကြိုးကဲ့သို့ ပေါက်ကွဲသံများကို သယ်ဆောင်ကာ နောက်သို့ ပြန်လည် လွင့်စဥ်သွား၏။ ချန်းဖန်၏ လက်သီးချက်သည် ပေထောင်ချီ ဧရိယာကို ဖြန့်ကျက် သွားကာ ဝူယွင်ထိုင်နေသည့် အနီရောင် ဗူးသီးခြောက် ပင်လျှင် ကွဲကြေ သွားခဲ့သည်။ ဝူယွင်မှာ အလွန် ကြောက်လန့် သွားလေရာ နောက်သို့ ကြောက်လန့်တကြား ထွက်ပြေးသွားတော့၏။
ထိုအခိုက်၌ အခြေတည် ဝိညာဥ် အလယ်ဆင့်နှင့် ထိပ်ဆုံး အဆင့် နတ်ဘုရား ဗိုလ်ချုပ်များ ပင်လျှင် စတင်ကာ မျက်မှောင်ကြုတ် လာကြပြီ ဖြစ်သည်။ ချန်းဖန်၏ လက်သီးချက်ကား သာမန် အခြေတည် ဝိညာဥ် အဆင့်များ ထုတ်လွှတ်နိုင်သည့် အရာ မဟုတ်ချေ။
“ငါ့အလှည့်ပဲ...”
ချန်းဟိုင်ဖန်းက ဆိုလိုက်သည်။
“ဝှစ်...”
သူ၏ မျက်လုံး အတွင်းမှ ငွေရောင် မီးတောက်များ ထွက်ပေါ်လာ၏။ ၎င်းတို့က ကြီးမားသော ငှက်ကြီး အသွင် ပြောင်းကာ သူ၏ အနောက်၌ ရပ်လေသည်။
“အဲဒါက ငွေရောင် ဝင်ရိုးစွန်း အစစ်အမှန် မီးတောက်ပဲ...”
တစ်ယောက်က ရေရွတ် လိုက်၏။
ထိုအရာကား ထိပ်တန်း မီးနတ်ဘုရား စွမ်းအား တစ်ခု ဖြစ်ပေသည်။ သာမန် ကျင့်ကြံသူများသည် ထိုမီးတောက်ကို မဆင့်ခေါ် နိုင်ကြချေ။ ထိုမီးတောက်ကား မြေအောက်ကိုးလွှာ မီးတောက်နှင့်ပင် နှိုင်းယှဥ်နိုင်ကာ အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူများကိုပင် လောင်မြိုက်နိုင်စွမ်း ရှိသည်။ နတ်ဘုရား ဗိုလ်ချုပ်များ ပင်လျှင် ထိုအရာကို သတိထားကာ ကြည့်မိကြ၏။
“ဝါးမျိုစမ်း...”
ချန်းဟိုင်ဖန်းက အမိန့်ပေးလိုက်ရာ ငွေရောင် မီးငှက်ကြီးမှာ အတောင်ပံများကို ခတ်ကာ ချန်းဖန်ထံ တိုးဝင် သွား၏။
“သတိထား...”
ကျန်းချူရန်က စိတ်ထဲမှ အော်ဟစ် သတိပေးလိုက်သည်။
“ဟဟ...”
သို့သော်လည်း ချန်းဖန်က ပါးစပ်ကို ဖွင့်ကာ တိုက်ရိုက်ပင် မီးငှက်ကို စုပ်ယူ ဝါးမျို ပစ်လိုက်သည်။ တစ်ဆက်တည်းပင် သူက လက်ကို ဆန့်ထုတ်က ချန်းဟိုင်ဖန်းကို ဖမ်းဆီး၍ မြေပေါ်သို့ ကိုင်ပေါက် ပစ်လိုက်သည်။
“ဘုန်း...”
ချန်းဟိုင်ဖန်းမှာ မြေပြင်ပေါ် ပုံပျက်ဆင်းပျက် ကျကာ ပုံရက်လဲသွား၏။ သို့တိုင်အောင် ချန်းဖန်က ကျေနပ်ခြင်း မရှိပဲ ဖနှောင့်ဖြင့် ပေါက်ကာ သူ၏ ခေါင်းတစ်ခြမ်းကို ဖျက်ဆီး ပစ်လိုက်သည်။ သွေးများသည် နေရာ အနှံ့ကြဲပြန့် နေခဲ့၏။
“ကဲ... ဘယ်သူလာဦးမလဲ”
လူတိုင်းမှာ ဆွံ့အ သွားကြသည်။ ကျန်းချူရန်မှာမူ သူ့အား ပါးစပ် အဟောင်းသားဖြင့် ချန်းဖန်အား ကြည့်နေခဲ့လေ၏။
***