Chapter 81
Vol. 9 Ch. 81
မဒမ်လီအနေနဲ့ သူမရဲ့ သားကြီးဖြစ်သူထံမှ ပင်း စစ်တက္ကသိုလ်ထဲမှာတည်ထောင်သူ ဗိုလ်ချုပ်ကြီးတွေရဲ့ သားစဉ်မြေးဆက် အများအပြားကတောင် ပညာသင်ကြားနေတယ်ဆိုတာကို ကြားသိထားခဲ့တယ်။
ဒီတော့ မဒမ်လီတစ်ယောက် သူမရဲ့မြေးဖြစ်တဲ့ လီမင်ရှီက သူမ ရေဒီယိုမှာ နားထောင်တဲ့အချိန်မှာသာ ကြားနိုင်ခဲ့တဲ့လူတွေရဲ့သားစဉ်မြေးဆက်တွေနဲ့ အတန်းဖော်တွေဖြစ်နေတယ်ဆိုတာကို တွေးကြည့်တဲ့အချိန်တိုင်းမှာ မဒမ်လီက အလွန်အမင်း ဂုဏ်ယူနေလိမ့်မယ်။
သို့သော်လည်း မဒမ်လီတစ်ယောက် ဘယ်လောက်ပဲ ဂုဏ်ယူဝံ့ကြွားနေပါစေ ထုတ်ဖော်ကြွားဝါတာမျိုးမလုပ်ရဲခဲ့ဘူး။
လီမင်ရှီ လွန်ခဲ့တဲ့နှစ် တရုတ်နှစ်သစ်ကူးချိန်အတွင်း အိမ်ကို တစ်ခေါက်ပြန်လာတဲ့အချိန်မှာ သူ့ရဲ့ကျောင်းအကြောင်းကိုမေးမြန်းခဲ့တယ်။ သို့ပေမယ့် လီမင်ရှီရဲ့ ပါးစပ်က ဂုံးခွံထက်တောင် ပိုပြီးတင်းကျပ်နေခဲ့တယ်။
သူက စစ်တပ်ရဲ့လျှို့ဝှက်ချက်ဆိုတဲ့စကားကိုသာ ပြောခဲ့ပြီးနောက်ထပ် ဘာတစ်ခုမှ မဟလိုက်တော့ဘူး။ ဒါကြောင့် သူတို့တွေ ဘာမှ ထပ်မမေးရဲတော့ဘူး။
မဒမ်လီ တစ်ယောက်တည်းကသာ သူမရဲ့မြေးဖြစ်သူက ဒုံးကျည်တပ်ဖွဲ့ထဲကို ဝင်ထားတယ်ဆိုတဲ့အကြောင်းကို သိခဲ့တယ်။ ထိုအကြောင်းကို တခြား ဘယ်သူကမှ မသိထားခဲ့ဘူး။
သူမရဲ့ ကျန်ရှိတဲ့ မြေးတွေအကြောင်းကို တွေးကြည့်မယ်ဆိုရင် သူတို့အားလုံးက စာဖတ်ဖို့ကို သဘောကျပုံမရကြဘူး။
သူတို့တွေက အထက်တန်းကျောင်းကိုပြီးခဲ့မယ်ဆိုရင်တောင် အတော်လေး ကောင်းမွန်နေပြီလို့ ပြောရလိမ့်မယ်။
သူမတို့ရဲ့မိသားစုမှ နောက်လာမဲ့ကောလိပ်ကျောင်းသားက ကျန်းကျန်းတစ်ယောက်တည်းသာ ဖြစ်လိမ့်မယ်လို့ မဒမ်လီ ခံစားရတယ်။
ကျန်းကျန်းက သူ့ရဲ့ဘဲနှစ်ကောင်ကို ဘဲခြံတံခါးဝမှာ တန်းစီခိုင်းခဲ့ပြီး သူတို့ တန်းစီပြီးနောက်မှာ ဘဲစာခွက် ပန်းကန်လုံးထဲသို့ ပုဇွန်သေတွေကို အလျှင်အမြန် ပစ်ချပေးခဲ့တယ်။
ထို့နောက် အနောက်ကို လှည့်ကြည့်လိုက်တော့ အဖွားလီက သူမကို စိုက်ကြည့်ပြီး ပြုံးနေတာကို တွေ့လိုက်ရတာကြောင့် မမေးဘဲ မနေနိုင်ခဲ့ဘူး။
“အဖွား ဘာလို့ သမီးကို ကြည့်ပြီး ရယ်နေတာလဲ”
အဘွားအိုလီက စိတ်လှုပ်ရှားနေပုံနဲ့ ပြောလာတယ်။
“အနာဂတ်မှာ မင်း ဘယ်တက္ကသိုလ်ကို လျှောက်ထားမှာလဲဆိုတာကို ငါ တွေးကြည့်နေတာ”
ကျန်းကျန်း မဒမ်လီကို ကြည့်ရင်း ဆွံ့အနေမိရတယ်။
“အဖွား သမီးက မူလတန်းကျောင်းတောင် မတက်ရသေးဘူး”
မဒမ်လီတစ်ယောက် ရုတ်တရက် ရေအေးတစ်ဇလုံနဲ့ လောင်းချခံလိုက်ရပြီး ကျန်းကျန်းဆီသို့ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လာတယ်။
“မင်း တက္ကသိုလ်ဝင်ခွင့်ရတဲ့အချိန်ကို အဖွား မြင်နိုင်ဦးမှာလားတောင် မသိဘူး”
“အဖွား ကြည့်နိုင်တယ်!”
ကျန်းကျန်းက အဖွားလီရဲ့ စိတ်ပျက်လက်ပျက် မျက်နှာထားကိုကြည့်ကာ ချော့မော့လိုက်တယ်။
“အဖွားဆီမှာ ဒီလိုသန်မာတဲ့ ခန္ဓာကိုယ်နဲ့ အရိုးတွေ ရှိတယ်.. နောက်ထပ် အနှစ်နှစ်ဆယ် ဒါမှမဟုတ် အနှစ်သုံးဆယ်လောက် အသက်ရှင်ဖို့က ပြဿနာ မရှိဘူး.. ဒါဆို အဖွားက သမီးရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စောင့်ကြည့်နေနိုင်ရုံတင်မကဘူး.. အသားမုန့်လုံး၊ ဂေါ်ဖီထုတ်မုန့်လုံး၊ ပဲမုန့်လုံး၊ သကြားမုန့်လုံးတို့ရဲ့ တက္ကသိုလ်ဝင်ခွင့်ကိုပါ မြင်သွားနိုင်လိမ့်မယ်”
အိမ်ထဲကို ငါးဇလုံသယ်ပြီးယူလာတဲ့ ကွေ့ဟွားတစ်ယောက် ခြေထောက်ချော်ပြီး ဇလုံထဲက ငါးကို ပစ်ထုတ်မိလုနီးပါးပဲ။ သူမက ကြောက်ရွံ့ထိတ်လန့်မှုတွေကြားကနေ ခိုင်မြဲစွာ မတ်တပ်ရပ်လိုက်ပြီး ကျန်းကျန်းကို ဆွံ့အ,နေတဲ့အမူအယာနဲ့ကြည့်လာတယ်။
“ငါ့ရဲ့သားတွေက မုန့်လုံးပေါင်းတွေထဲက ရုန်းထွက်နိုင်တဲ့ အနာဂတ်တစ်ခု မရနိုင်တော့ဘူးလား? မုန့်လုံးကို အဆက်လိုက် လုပ်ချင်တာလား?”
ကျန်းကျန်း မျက်တောင်ခတ်လိုက်တယ်။
“ဒါဆို ပြောင်းဖူးပေါင်မုန့်? ဘန်းမုန့်ပေါင်း? ကြက်သွန်မြိတ်အစာသွပ်ဖက်ထုပ်?”
ကွေ့ဟွားက နေ့လယ်စာကို အလျှင်မြန်ပြင်ဆင်ခဲ့တယ်။
လီမင်ပေတစ်ယောက် တစ်မနက်လုံး အပြင်ဘက်မှာ စာသွားသင်ရင်းနဲ့ ရူးသွပ်လုနီးပါးဖြစ်နေခဲ့ပြီး တံခါးထဲသို့ ဝင်လိုက်တာနှင့် ခြံဝန်းအတွင်းရှိ ငါးဟင်းနံ့ကို ရှူရှိုက်လိုက်မိတယ်။
ဒီမွှေးကြိုင်လွန်းတဲ့မွှေးရနံ့ကြောင့် သူ့ရဲ့လက်ကိုတောင် မဆေးနိုင်တော့ဘဲ အိမ်ထဲသို့ အလျှင်အမြန် ပြေးဝင်သွားခဲ့တယ်။
“မရီး ဒီနေ့ ငါးစွပ်ပြုတ်ချက်ထားတာလား?”
ကျန်းကျန်းက မွှေးကြိုင်နေတဲ့ ဆော်လမွန်ငါးကြော်ပန်းကန်ကြီးတစ်ချပ်နှင့် အိမ်ထဲသို့ ဝင်လာချိန်မှာ လီမင်ပေရဲ့ သွားရည်ယိုလိုမတတ် အကြည့်ကိုမြင်တော့ ရည်ရွယ်ချက်ရှိရှိနဲ့သူ့ရဲ့ နှာခေါင်းအောက်ကို ထိုးပေးလိုက်တယ်။
“အနံ့ခံကြည့်လိုက်.. ယောက်မက ဒါကို ဆော်လမွန်ငါးလို့ပြောတယ်.. ပုံမှန်ဆိုရင် ဒီဘက်မှာ ဒီလိုငါးမျိုးမရှိဘူးတဲ့.. သူတို့တွေက ရွှေ့ပြောင်းနေထိုင်တဲ့အချိန်မှာ လမ်းလွဲပြီးရောက်လာတာဖြစ်လောက်မယ်လို့ပြောတယ်.. လီမင်ကျုံးက ကံကောင်းပြီး သူ့ကို ဖမ်းမိခဲ့တာ”
“မွှေးလိုက်တာ!”
လီမင်ပေက တံတွေးမျိုချလိုက်ပြီး ငါးကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေတယ်။
ကျန်းကျန်းက သူ့ကို မနှစ်မြို့စွာကြည့်လိုက်တယ်။
“ဒီလောက်စားချင်နေတာကို ဘာလို့ လက်မြန်မြန်သွားမဆေးသေးတာလဲ”
လီမင်ပေက အလျှင်အမြန် သဘောတူလိုက်ပြီး ခြံအတွင်းမှာရှိ တဲ့ ရေကန်လေးဆီသို့ သွားကာ ဇလုံထဲသို့ ရေနှစ်ခွက်လောင်းထည့်လိုက်တယ်။
ထို့နောက် သူ့ဘေးမှာရှိတဲ့ ဆပ်ပြာခဲကိုကောက်ယူကာ သူ့မျက်နှာအပါအဝင် လက်နဲ့ လက်သည်းတွေကိုပါ သေသေချာချာ ဆေးကြောလိုက်တယ်။
ထို့နောက် ရေနဲ့ ပက်ဖြန်းကာ ဆေးကြောလိုက်ပြီး မျက်နှာကို မသုတ်ဘဲ အိမ်ထဲကို ခုန်တက်လာခဲ့တယ်။
ကွေ့ဟွားက ဆားအနည်းငယ်ရောထားတဲ့ ငါးဥတွေကို စားပွဲပေါ်မှာတင်လိုက်ပြီး မျက်နှာသုတ်ပုဝါတစ်ထည်ကို လှမ်းယူကာ လီမင်ပေဆီသို့ လှမ်းပေးလိုက်တယ်။
“မင်းက ဒီလောက်တောင်ကြီးနေပြီ.. ခုချိန်ထိ ကိုယ့်ကိုယ်ကို ဂရုမစိုက်နိုင်သေးဘူးလား”
လီမင်ပေ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး စားပွဲပေါ်မှာရှိနေတဲ့ ရွှေရောင်ငါးဥသုပ်ကို စိုက်ကြည့်ရင်း မေးလိုက်တယ်။
“ဒါက ငါးဥလား? ဘာလို့ ဒီလောက်တောင်ကြီးနေတာလဲ”
ကွေ့ဟွားက ပြုံးလိုက်ပြီး သူ့ကို ပြန်ပြောခဲ့တယ်။
“ဒါက အရမ်းကိုကောင်းတဲ့ဟင်းချက်ပစ္စည်းမျိုးပဲ.. လွတ်လွတ်ရေးခေတ်မတိုင်ခင်တုန်းက ပင်းချန်မှာရှိတဲ့ အဆင့်မြင့် စားသောက်ဆိုင်တွေပဲ ဒီဟင်းလျာကို တွေ့မြင်နိုင်တာ”
ဒါကိုကြားတော့ လီမင်ပေတစ်ယောက် ချက်ချင်းပဲ တူနဲ့ တစ်ကော်စာ လှမ်းယူပြီး ပါးစပ်ထဲကိုထည့်လိုက်တယ်။
ထို့နောက် မျက်မှောင်ကြုတ်ရင်း ပြောလာခဲ့လေတယ်။
“မရီး.. မရီး ဒါကိုချက်ဖို့ မေ့သွားတာလား.. ဒါက အစိမ်းပဲရှိသေးတာ ငါးနည်းနည်း အရသာရှိတယ်”
ကွေ့ဟွား ထပ်မံပြုံးလိုက်မိတယ်။
“ဒီငါးဥက အခုလိုမျိုးပဲ စားရတာ.. တကယ်လို့ ဒါကို ချက်လိုက်ရင် အရသာ ပျက်သွားလိမ့်မယ်”
ကျန်းကျန်းကတော့ အရင်ဘဝတုန်းက ဆာရှီမီကို မကြာခဏစားလေ့ရှိတာကြောင့် ငါးဥကို အစိမ်းစားရတဲ့အပေါ်မှာ ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ဘူး။
ကျန်းကျန်း တစ်ကိုက်ကိုက်လိုက်ပြီး သူမရဲ့ပါးစပ်ကို သုတ်လိုက်တယ်။
“ဆော့စ်တစ်ခုခု ရှိသင့်တယ်လို့ ခံစားရတယ်”
ကွေ့ဟွားက ကျန်းကျန်းရဲ့နဖူးလေးကို ရွှင်မြူးစွာ ပုတ်လိုက်တယ်။
“ဒီပါးစပ်လေးက စားဖို့အတွက် အတော်လေး တွေးတောနိုင်တာပဲ.. ဒါပေမယ့် ငါတို့အိမ်မှာ ဒါမျိုးတွေ အများကြီးမရှိဘူးလေ”
ကျန်းကျန်း ခေါင်းညိတ်လိုက်တယ်။
“ဒီလိုမျိုးလည်း ကောင်းတာပဲ.. ညနေကျရင် ထမင်းချက်ရအောင်.. ထမင်းနဲ့ ရောစားရင်လည်း အရသာရှိလောက်တယ်”
မစ္စလီနှင့် ဝမ်စုဖန်းက ငါးဥတွေက အစိမ်းဖြစ်ကြောင်းကြားလိုက်ရတော့ ထိုငါးဥ ပန်းကန်ပြားကိုကြည့်ကာ
ကျန်းကျန်းကို ပြောလာတယ်။
“ဒါက အစိမ်းလား.. အစိမ်းဆိုရင်တော့ မစားရဲဘူး”
ကျန်းကျန်းက ပန်းကန်ပြားကို သူတို့ဘက်သို့ အမြန်တွန်းလိုက်ပြီး တိုက်တွန်းလိုက်တယ်။
“စားကြည့်ပါဦး.. နောက်တစ်ခါကျရင် ဒီလိုငါးမျိုးကို မတွေ့နိုင်လောက်တော့ဘူးနော်”
ဝမ်စုဖန်းက နောက်ကိုပြန်ဆုတ်သွားသွားခဲ့ပြီး သူမရဲ့ ပန်းကန်လုံးထဲကို ငါးကြော်တစ်တုံး ကပြာကယာ ကောက်ထည့်လိုက်တယ်။
ထို့နောက် ငါးဥကို ကြောက်ရွံ့စွာကြည့်ပြီး ငြင်းဆိုလာခဲ့တယ်။
“ ငါးကိုပဲ စားလိုက်ဦးမယ်.. ငါးသမင်ဥအစိမ်းမစားရဲဘူး”
မဒမ်လီကတော့ သူမရဲ့ သဘောထားကို လက်တွေ့လုပ်ရပ်နဲ့ ဖော်ပြလာတယ်။
သူမက ငါးဥကို ကျန်းကျန်းရဲ့ရှေ့ကို တိုက်ရိုက်ပဲ တွန်းပို့လာခဲ့ပြီး ကြည့်တောင် မကြည့်ခဲ့ဘူး။
ကျန်းကျန်း သူမရဲ့ မိသားစုဝင်တွေကိုကြည့်ကာ နောင်တရသွားခဲ့ပေမဲ့ ထပ်ပြီးမဆွဲဆောင်တော့ဘူး။
ဆော်လမွန်ငါးဥကို အသက်ကြီးရင့်နေသူတွေအတွက် ကမ္ဘာပေါ်ရှိ ရတနာသုံးပါးထဲမှ တစ်ခုအဖြစ် လူသိများတယ်။
သူအထဲမှာ အမိုင်နိုအက်ဆစ် ဆယ့်ရှစ်မျိုးကြွယ်ဝစွာပါဝင်တဲ့အပြင် ဗီတာမင် ရှစ်မျိုးနှင့် လူ့ခန္ဓာကိုယ်မှ သူ့ဘာသာသူ မထုတ်လုပ်နိုင်တဲ့ သတ္တုဓာတ်ကိုးမျိုးတို့လည်း ပါဝင်နေခဲ့ကာ အာဟာရတန်ဖိုးအလွန့်အလွန်ကို မြင့်မားတဲ့ စားဖွယ်တစ်ခုပဲ။
မဒမ်လီနှင့် ဝမ်စုဖန်းတို့က ငယ်စဉ်ကတည်းက ဆင်းရဲဒုက္ခတွေနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။
ဒီနှစ်တွေအတွင်းမှာ သူတို့က ပိုမိုကောင်းမွန်တဲ့ဘဝတွေကို ပိုင်ဆိုင်လာခဲ့ပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်အတွင်းမှ ဆုံးရှုံးသွားတဲ့ ဓာတ်သဘောတွေကို ပြန်လည်ပြင်ဆင်ရန် ခက်ခဲတယ်။
ဒါကြောင့်ပဲ ကျန်းကျန်းက သူတို့အတွက် ဒီငါးကို ပြန်ယူလာချင်ခဲ့တာပဲ။
ကျန်းကျန်းတစ်ယောက် အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားတာကိုမြင်တော့ ကွေ့ဟွားက ခန်ပေါ်မှ ဆင်းပြီး ပြောလာတယ်။
“ငါးဥနောက်တစ်တွဲရှိသေးတယ်လေ.. ကျွန်မ အဲဒါကို ကြက်သွန်စိမ်းနဲ့ ကြက်ဥတို့နဲ့ သွားကြော်လိုက်မယ်”
ဝမ်စုဖန်းက သူမကို တားဆီးလိုက်တယ်။
“အလုပ်ရှုပ်မခံနဲ့တော့.. ဒီမှာငါးတွေလည်း ရှိနေတာပဲ.. အဲဒီငါးဥကို မင်းတို့စားဖို့ ချန်ထားရအောင်”
ကွေ့ဟွားက သူမရဲ့ ဖိနပ်ကို စီးရင်း အပြုံးတစ်ခုနဲ့ ပြောလာတယ်။
“ဒါက ရှားပါးပြီး အာဟာရ ပြည့်ဝတယ်.. အဖွားနဲ့ အမေလည်း စားကြည့်သင့်တယ်.. ဥကိုမွှေကြော်တာက မြန်ပါတယ်..နှစ်မိနစ် ၊သုံးမိနစ်ပဲ ကြာမှာ အလုပ်မရှုပ်ပါဘူး”
မဒမ်လီက ငါးကြော်ကို ကိုက်လိုက်ပြီး ဝမ်စုဖန်းကို လှမ်းပြောလိုက်တယ်။
“ဒီကလေး ဒီလောက်ထိ အရာသာရှိတာတွေ ရှာစားနိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး.. ငါးကြော်က ငါးစွပ်ပြုတ်နဲ့ မတူဘူး.. တော်တော်လေး အရသာရှိတယ်.. ဆီထည့်ရတာ တန်တယ်လို့ ပြောရမယ်”
ဝမ်စုဖန်းလည်း ခေါင်းညိတ်လာတယ်။
“ဒါက တကယ်ကိုမဆိုးဘူး..ကျွန်မတို့တွေ အခုကတော့ တစ်ခါ၊နှစ်ခါလောက် စားလို့ရနေပြီ..
အရင်တုန်းကဆိုရင်တော့ ဒီလိုမျိုးတွေ မစားနိုင်လောက်ဘူး.. မိသားစုမှာ ဒီလိုမျိုးလုပ်ဖို့ ဆီအလုံအလောက်မရှိဘူးလေ..
အခုတော့ ကျွန်မတို့မိသားစုမှာ ပဲပိစပ်တွေ အများကြီးရှိလာပြီဆိုတော့ မိသားစုထဲက လူတိုင်းက ဟင်းချက်တိုင်းမှာ ဆီအစက်နည်းနည်းလောက်ထည့်ဖို့ကို မစောင့်နိုင်ကြဘူး.. တစ်ခုခုကို ကြော်စားဖို့တောင် ဆန္ဒရှိလာကြပြီ”